Thursday, September 25, 2008

မှတ်မိသေးလား

မိုးရာသီဆိုတော့ ရန်ကုန်မိုးက နေ့စဉ်ရက်ဆက် မပြတ်ရွာသွန်းနေတယ်။ တိုက်ခန်းထဲ အနေကြာတော့ စိတ်ထိုင်းမှိုင်းပြီး လေးလံနေပါတယ်။

လန်းဆန်းပေါ့ပါးသွားအောင် မိုးတိတ်သွားတဲ့ ညနေခင်းမှာ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ရာသီက အုံ့မှိုင်းမှိုင်း မလင်းတလင်း မိုးရွာပြီးစမို့ လမ်းပေါ်မှာ ရေစီးကြောင်းလေးတွေ တောင် စီးဆင်းနေသေးတယ်။

ကလေးနှစ်ယောက် မီးဂျလယ်လေးတွေ ကိုယ်စီတွန်းပြီး ပြုံးရွှင်နေတာ မြင်တွေ့လိုက်တော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ဆီ စိတ်က ရောက်သွားပါတယ်။ ဖြစ်ရပ်ကလေးကိုလည်း တရိပ်ရိပ်မြင်ယောင်လာပါတယ်။

ဖြတ်သန်းခဲ့တဲ့နှစ်တွေ အကုန်မြန်လိုက်တာနော် မနေ့တနေ့ကလို့ထင်ယောင်မိတယ်။ တစ်နေ့တစ်နေ့ရယ်နဲ့ တရွေ့ရွေ့ရက်တွေကုန်ခဲ့တာကိုး။

အခုမြင်တွေ့ရတဲ့ ကလေးတွေက လွန်ခဲ့တဲ့ နှစ် အစိပ်က သားငယ်အရွယ်ပါပဲ။ လက်တစ်ဖက်က အမေ့လက်ကိုဆွဲလို့ တဖက်က မီးဂျလယ်ကိုတွန်းလာတယ်။ ဆိုင်က ၀ယ်ပြီးပြီးချင်း တွန်းကစားလာတာထင်ရဲ့ ဖယောင်းတိုင်မီးတော့မပါဘူး။

ဒီနေ့ တော်သတင်းလပြည့်ကျော် ၁ ရက်နေ့၊ ၀ါကျွန်ဖို့ တစ်လလျော့လျော့လိုသေးတာပဲ။ လမ်းပေါ်မှာ ရွှံ့ဗွက်တွေနဲ့ ဘယ်လိုမှ မီးဂျလယ်တွန်းလို့ကောင်းတဲ့ အခြေအနေမဟုတ်ပေဘူး။ ဆန္ဒစောလှတဲ့ ကလေးတွေ ပူဆာတော့လည်း မိခင်တွေက လိုက်လျောရတယ်ထင်ပါရဲ့။

ကျွန်မ သားငယ်ကို မလိုက်လျောခဲ့မိဘူး။ အခုသတိရတဲ့အချိန် စိတ်မကောင်းတောင် ဖြစ်မိပါတယ်။

ဝါကျွတ်ပွဲမှာ ကလေးတွေကစားဖို့ ကားပုံ၊ ဘင်္ဘောပုံ၊ ကရ၀ိတ်ပုံ ပုံစံမျိုးစုံလုပ်ရောင်းကြတယ်။ ကျွန်တော်မတို့ ကလေးအရွယ်က ရောင်းသူမရှိဘူး။ မိဘတွေကိုယ်တိုင် သားသမီးတွေအတွက် လုပ်ပေးကြရပါတယ်။ ကျွန်မတို့ မိဘဖြစ်တော့ ရောင်းသူရှိနေပါပြီဆိုတော့ ၀ယ်ပေးလိုက်ရုံပါပဲ။

ကစားစရာ ပြုလုပ်ပုံကို သိသလောက်ပြောရရင် ၀ါးနဲ့အ၀တ်စကြိုးကိုသုံးပါတယ်။ ၀ါးကို စိပ်ခွဲပြီး၊ ကားပုံ၊ သင်္ဘောပုံ၊ ကရ၀ိတ်ပုံ ဖရိန်ခွေတယ်။ ကြိုးအဖြစ်သုံးတာက အ၀တ်ဟောင်းကို ၁ စင်တီမီတာ အကျယ်လောက် ဆုတ်ဖြဲ၊ ထမင်းရည်ကော်တင်ပြီး သုံးတယ်။

ပုံကြမ်းပေါ်မှာ မှန်ရောင်စက္ကူ၊ ၀ါ စိမ်း နီ ပြာ ကို ကပ်ရတာပါပဲ။ ဆီစိမ်စက္ကူကတော့ ဈေးမြင့်လို့ မသုံးနိုင်ကြပါဘူး။ ရှေ့ပိုင်းနည်းနည်းပဲသုံးတယ်။ အလယ်မှာ ဖယောင်းတိုင်ထွန်းဖို့ သံဖြူပြားလေးကို လိပ်ပြီး မြဲအောင်ချည်ထားပါတယ်။ ဘီးအဖြစ်ကတော့ ဘူးခွံအဖုံး၊ အပိတ် တို့ကိုသုံးပါတယ်။

သီတင်းကျွတ်လပြည့်မတိုင်ခင်ကတည်းက နေရောင်ပျောက်စ ညနေဆည်းဆာရောက်ရင် လမ်းမပေါ်မှာ မီးရောင်တလက်လက်နဲ့ ရောင်စုံကားလေးတွေ သင်္ဘောလေးတွေ ဆွဲလို့ ကလေးတွေ ပျော်ရွှင်စွာ သွားလာနေကြတယ်။ တစ်ချို့က မီးဂျလယ်တွန်းတယ်၊ တုတ်နဲ့ တွန်းရတဲ့ မီးဂျလယ်က တွန်းသွားရင် မီးထွန်းတဲ့နေရာက ချာချာလယ်တယ်၊ တစ်ချို့က မီးပန်းပစ်လွှတ်ကြတယ်။ ဗျောက်အိုးဖောက်လေ့ရှိပေမယ့်၊ မဖောက်ရ ကန့်သတ်ထားတာမို့ ကြိုကြား ကြိုကြားလောက် ဖောက်သံကြားရတယ်။

ရောင်စုံကစားစရာ ကိုယ်စီနဲ့ ကလေးတွေ စကားတပြောပြော တသောသောနဲ့ လရောင်အောက်မှာပျော်လေ့ရှိကြတဲ့ သီတင်းကျွတ်ပွဲအခါပေါ့။ လပြည့်မတိုင်ခင် ၂ရက် ၃ရက် နဲ့ လပြည့်ည အလွန်ဆုံး ၄ရက်လောက် ရောင်စုံကစားစရာတွေနဲ့ ကလေးတွေကစားကြပါတယ်။

လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်က ၀ါကျွတ်ပွဲကစားစရာဈေးပြောရရင် အရွယ်အစားလိုက်ပြီး ဈေးနှုံးကွာပါတယ်။ ကားလေးတွေက ၁၀ကျပ်၊ ၁၅ကျပ်၊ သင်္ဘောက ၁၅ကျပ်၊ ၂၀ကျပ်၊ ကရ၀ိတ်က ၂၅ကျပ် တန်ဖိုးရှိပါတယ်။ ကရ၀ိတ်က ဈေးအမြင့်ဆုံးပါ၊ ကြီးလည်းအကြီးဆုံးပါ။

သားငယ်က ကရ၀ိတ်လိုချင်တယ်လို့ ပူဆာပါတယ်။ နှစ်ည သုံးည ကစားပြီးရင် ချောင်ထိုးထားရမယ့် ကစားစရာကို ၂၅ကျပ် အကုန်ခံရမှာ ကျွန်မ တွန့်နေမိတယ်။

လွန်ခဲ့တဲ့ နှစ်အစိတ်က ၂၅ကျပ်ငွေကို အတော်ချိန်ဆပြီးမှ သုံးလေ့ရှိကြပါတယ်။ ငွေတန်ဖိုးရှိခဲ့ပါတယ်။ အထက်တန်းပြဆရာတစ်ဦး လစားကမှ ၄၀၀ ကျော်ရတာပါ။

သားငယ်က လူပါး၊ အမေ့ကိုပူဆာလို့ မရတော့၊ သူ့ရဲ့ အမေတိုး (ကျွန်မရဲ့ယောင်းမ) ကိုပူဆာပါတယ်။ ပူဆာတာမှ အနားကပ်ပြီး မခွာတန်း တငြိငြိနဲ့ နှုတ်ခမ်း စူပွစူပွ ပြောနေတော့ နားငြီးတာနဲ့ သားငယ်လိုချင်တဲ့ ကရ၀ိတ်ကြီးဝယ်ပေးလိုက်ရတော့တာပေါ့။

သားငယ် ကြိုးစားပူဆာခဲ့ရတဲ့ ကရ၀ိတ်ကြီးကို ၀ါကျွတ်ပွဲပြီးတော့ ကျွန်မတို့ စနစ်တကျ လှေကားအောက်မှာ သိမ်းထားပါတယ်။ နောက်နှစ်တွေမှာ စက္ကူအသစ်ပြန်ကပ်ပေးပြီး သားငယ်ကို ၀ါကျွတ်ပွဲ ဆက်လက် ဆင်နွှဲ စေပါတယ်။ သားငယ် ဘယ်နှနှစ်ဆက်လက် ဆင်နွှဲခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး။

တစ်နှစ်က ၀ါကျွတ်ပွဲနီးချိန် တူကမွေးတဲ့ မြေးတော်သူတစ်ဦး အိမ်ရောက်လာပြီး ကရ၀ိတ်ကြီးလိုချင်တယ်ဆိုတော့ ကျွန်မ ရက်ရက်ရောရောပေးလိုက်တော့တယ်။

အဲဒီနှစ် သားငယ် တက္ကသိုလ် ကျောင်းသားကြီးဖြစ်နေပါပြီ။

အဲဒီ ကရ၀ိတ်ကြီးကို သားငယ် မှတ်မိသေးလား….

မေမေ
၁၈၊ ၉၊ ၂၀၀၈

6 comments:

ပုံရိပ် / Pon Yate said...

ပုံရိပ်လည်း အဲဒီ မီးဂျလယ်(မီးဂျလယ်လို့ ခေါ်တာ မသိဘူး။ ဘယ်လိုခေါ်ခဲ့ မှန်းလဲ သတိမရတော့ဘူး။)သိပ်ကြိုက်တာ။

Moe Cho Thinn said...

ပီတိက ကရ၀ိတ်နဲ့ ဆော့တာကိုး။ တို့က ယုန်လေးပဲ တွန်းရတယ်။ :(

တန်ခူး said...

တို့ မောင်လေးဆို အဲလို အထူးအဆန်းမှ… ကရ၀ိတ်တို့ … နှစ်ထပ်သင်္ဘောတို့ … တို့ တွေကတော့ တွန်းရရင်ပြီးရော… ချိုသင်းလိုပဲ… ယုန်လေးနဲ့ ရွာရိုးကိုးပေါက်လျှောက်နေတာ… ပြောရင်းနဲ့ လွန်ခဲ့တဲ့ အနှစ်၃၀လောက်က ဂါဝန်ဖားဖားနဲ့ ကလေးမလေးကို မြင်ယောင်သေး….

လင်း said...

အခုတော့ သီတင်းကျွတ်ရင် မီးဂျလယ် ဘယ်ပူဆာတော့မလဲနော်။ ဟိဟိ မေမေ မိန်းမလိုက်တောင်းပေးဘဲ ပူဆာတော့မှာပေါ့။ ဟုတ်တယ်မလား? ဒီသီတင်းကျွတ် စားရဖို့ ရှိလား

ဂျစ်တူး - gyit_tu said...

ကရိဝိတ်ကြီးတောင် တွန်းလို့ရတာကိုး ။ ဂျစ်တော့ မချိုသင်းတို့လို ယုန်လေးပဲ တွန်းခဲ့တာ များတယ် ။

ဒါနဲ့ ငယ်ငယ်ကတော့ အဒေါ်နားကပ်ပြီး မရမချင်း နှုတ်ခမ်းဆူ ပူဆာတယ် ။ ခုကျတော့ရော ... အဟဲ ဟဲ ?

PTi said...

ငယ်ငယ်ကတော့ သီတင်းကျွတ်ဆိုရင် တော်တော်နဲမအိပ်ပဲ ဆော့ခဲ့တာကို သတိရမိပါတယ် ပုံရိပ်ရေ...

အမမိုးချိုသင်းက ယုန်ကလေးကလည်း ဆော့လို့ကောင်းတာပဲလေ...

ဟုတ်တယ် မတန်ခူး .. ကျွန်တော်လည်း အထူးအဆန်းမှ ကြိုက်တာ... ငယ်ငယ်တုန်းက တို့ဘ၀ရယ် ပျော်စရာကောင်းလို့အောက်မေ့တယ် လို့တောင် သီချင်းအော်ဆိုရမလိုဖြစ်နေပြီနော်...

အဟဲ မလင်းကလည်း.. မလင်းတို့ ရှေ့ကားတွေပိတ်နေတယ်လေ... သီတင်းကျွတ်ရင်တော့စားရမှာပေါ့... သူများမင်္ဂလာဆောင်တွေမှာ လိုက်စားမှာလေ... ဟိ

အဟဲ... အခုတော့လား .. ပြောပြတော့ဘူး ဂျစ်တူးရယ်...

Ratings