Thursday, October 30, 2008

ဓာတ်ပန်းချီ - သစ်ခွ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပေါ့… အိမ်မှာနေတော့လည်း ပျင်း၊ စာရေးဖို့ဆိုလည်း ပျင်း၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ချင် တစ်ယောက်ထဲ ဓာတ်ပုံလေးရိုက်မယ်စိတ်ကူးပြီး စင်ကာပူရဲ့ အမျိုးသား သစ်ခွဥယျာဉ်ရှိရာ Botanic Garden ကို မာစီးဒီးစ် စီးပြီး ထွက်လာပါသည်။ အဲ… အထင်တော့ စွတ်ကြီးမသွားပါနဲ့ SMRT Bus လိုင်းက မာစီးဒီးစ်ဘတ်စ်တွေသုံးလို့ပါ… မဟုတ်ရင်တော့ Volvo နဲ့သွားတယ်နော်… :P

ရောက်သွားတော့ နေ့လည် ၁နာရီကျော်.. နေကပြင်းပြင်း လူက ပျင်းပျင်းနဲ့ ကင်မရာကိုထုတ် ဟိုချိန်ဒီချိန်လုပ်တော့ သစ်ပင်ရိပ်အောက်မှာ ပျော်ပွဲစားထွက်လာသော ပျိုမေတို့က ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့… သူတို့ကိုတော့ Shutter အနာခံပြီး မရိုက်သေးဘူး ဆိုတဲ့ အတွေးနဲ့ ပြုံး… ဘာအရင် လက်စမ်းရင်ကောင်းမလဲဆိုပြီး တွေ့ရာ ပန်းကိုချိန် စပြီးရိုက်တော့… ဒီပုံလေးတွေ ထွက်လာတာပေါ့… တကယ်တော့ အပျော်တမ်းရိုက်လို့သာ စီးပွားဖြစ်သာရိုက်ရင် တော့လား….

(ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး… :D)


ပန်းနုရောင် အဖွဲ့ကတစ်မျိုး


နေရောင်ခြည်အောက်မှာ သီချင်းဆိုနေတဲ့အဖွဲ့က တစ်ဖုံ


တစ်ပွင့်ထဲလှနေတဲ့ စိန်ပန်းလေးက တစ်သွယ်


အစိမ်းရောင်တံတိုင်းကြီး အခြားခံနေရတဲ့ သူတို့နှစ်ယောက်ကျော်ဖြတ်ပြီးတော့...


သားငယ်ကိုချော့မြူနေတဲ့ မိခင်ကို တွေ့လိုက်ရပါတယ်...


ဆက်ငေးနေရင် ပူပြင်းတဲ့နေရောင်အောက်မှာ မခံနိုင်တော့တာနဲ့ သွားလိုရာ အရပ်ကိုသာ အမြန်ရောက်အောင်သွားခဲ့တော့... ဟောဒီ အပေါက်ဝကိုရောက်ခဲ့ပြီ...



အထဲကိုမ၀င်ဖြစ်သေးပဲ ကနေတဲ့ ချစ်စရာ အမျိုးသမီးလေးကို ဟောဒီလို ကြည့်...


အထဲကိုရောက်ပြီး ပန်းကလေးတွေကလှလွန်းလို့ ပြောစရာ စကားလုံးတောင် ရှာမရလို့ .. ပုံလေးတွေကိုသာကြည့်ပါတော့နော်...




ဟော... ပန်းကလေးတွေကို ကြည့်လို့ မောလာတော့ ဟောဒီအဆောက်အဦးထဲဝင်ပြီး နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့နာမည်တွေပေးထားတဲ့ ပန်ပွင့်လေးတွေကြည့် ရင်း အပန်းဖြေပါတယ်...


အဲသည်လိုနဲ့... နေစောင်းလို့ ညနေရောက်... အိမ်ပြန်ချိန်သို့ရောက်လာပြီ...


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီ စာအုပ်ဖတ်နေတာ...


သူတို့နှစ်ယောက်ကလည်း ကြည်နှုးနေလိုက်တာ...


ဟောဒီလိုမိသားစုလိုက်လည်း တွေ့လိုက်ရဲ့



ငါ့မှာတော့ တစ်ယောက်ထဲ....


ဘာလို့ ဒီလို တံခါးတွေပိတ်နေရတာလဲ...


အပြန်ပြေးလာပြီး နမ်းပါတော့ကွယ်...


(တက်ဂ် ခံထားရတဲ့ အချစ် အကြောင်း ဘယ်လိုမှ ရေးလို့ မပြီးလို့ ဓာတ်ပုံတွေနဲ့ ဆားထပ်ချက်လိုက်ပါတယ်... )

Read More...

Tuesday, October 21, 2008

ပထမဆုံးများ

စာမရေးဖြစ်တာလည်းကြာပြီ… ပြန်ရေးမယ်ဆိုတော့လည်း ရေးချင်မိတာလေးတွေရှိပေမယ့် ကိုအောင်သာငယ်က တက်ဂ်ထားတာ ကြာပြီဖြစ်တဲ့ ပထမဆုံးများ ဆိုတာကို ရေးပေးဖို့ သတိရတာနဲ့ ရေးလိုက်တာပါ… တကယ်တော့ ကျွန်တော့်ရဲ့ အကျင့်တစ်ခုကြောင့်လည်း ရေးရတာ ကြာနေတာပါ။

အင်း… ကိုယ့်အကြောင်းကိုယ်ပြောရမှာတော့ တစ်မျိုးပဲ… ဖတ်တဲ့လူတွေက စိတ်ထဲမှာ ခပ်ကြောင်ကြောင် တစ်ယောက်လို့ပဲတွေမလားပဲနော်။

ကိုအောင်သာငယ်တက်ဂ်ပြီးတော့ လူတိုင်းလူတိုင်းက ရေးကြတော့ မရေးချင်ပဲ ဖြစ်နေမိပါတယ်။ ပြီးတော့ ကိုယ်မှတ်မိတာကို အချက်အလက်ပုံစံထက် အကြောင်းအရာ ပုံစံရေးချင်တာလည်းပါပါတယ်။ နောက်ပြီး မတန်ခူးကလည်း အချစ်ဆိုသည်မှာ ဆိုပြီးတော့ ရေးခိုင်းထားသေးတော့ ဒီအကြောင်းအရင်ဖြတ်လိုက်မှ ရမယ်ဆိုပြီး… ပျင်းပျင်းနဲ့ပဲ အချက်အလက်ပုံစံပဲရေးလိုက်ပါတယ် ကိုအောင်သာငယ်။ ကျေနပ်မယ်လို့လည်း မျှော်လင့်ပါတယ်။

ပထမဆုံးတက်ဖူးတဲ့ ညောင်ဦးက သပြေညိုလို့ခေါ်တဲ့ မူကြိုကျောင်းပါ။ အဲဒီကျောင်းအကြောင်း သိပ်သတိမရတော့ပေမယ့် လူကြီးတွေ မူကြိုတက်တုန်းက အကြောင်း အခုအချိန်အထိ စကားစပ်မိရင်ပြောတုန်းပါပဲ။ အဲဒါကလည်း ကျွန်တော် ပထမဆုံးကြိုက်ဖူးတဲ့ ကောင်မလေးနဲ့ ပတ်သက်နေလို့ပါ။ အဟဲ.. နဲနဲများ အံ့သြသွားလား။ မူကြိုကတည်းက အစွမ်းအစနဲ့ကွ…

မူကြိုတက်နေတုန်းက ဦးလေးတွေ၊ အစ်ကို တစ်ဝမ်းကွဲတွေက
“ပီတိ… ကျောင်းတက်တာ ရည်းစားမရှိဘူးလားကွ…” ဆိုပြီး စ လေ့ရှိပါတယ်။
တစ်ရက်ကျတော့ ရည်းစားဆိုတာ ဘာမှန်းမသိသေးတဲ့ ကျွန်တော်ကပြန်ဖြေတာက
“ရှိတယ်… ”
“ဟုတ်လားကွာ… နာမည်က ဘယ်သူလဲကွ…”
“သော်သော်ထွန်း…”
“ဟာ တယ်ဟုတ်ပါ့လား… သော်သော်ထွန်းကို ဘာလို့ကြိုက်တာလဲ…”
“သူက ကျောင်းလာတာ မျက်နှာမှာ အပြာတွေ၊ အစိမ်းတွေ ချယ်လာတယ်၊ နောက်ပြီး နှုတ်ခမ်းနီတွေလည်း ဆိုးလာတယ်လေ…”

လူကြီးတွေက အဲဒီစကားကိုမှတ်ထားပြီး ကျွန်တော် အသက်နှစ်ဆယ်ကျော်အရွယ်အထိ ပြောလို့မပြီးသေးပါဘူး။ ညောင်ဦးကိုအလည်ပြန်ဖြစ်ရင်လည်း ထပ်ပြီး ပြောကြဦးမှာပါပဲ… အဲဒီအကြောင်းကို အမှတ်တရ ပြောမယ်သူကတော့ ဦးလေးဖြစ်တဲ့ အဖေအောင်ပါပဲ။

မူကြိုပြီးတော့ ပထမဆုံးတက်ရတဲ့ ကျောင်းကတော့ အ.မ.က ၃ ညောင်ဦး ပါ။ ကျွန်တော်ကျောင်းစတက်တဲ့ အချိန်တုန်းက ကျောင်းက ဆရာတော် ဦးပဒုမ ကျောင်းထိုင်တဲ့ ဘုန်းကြီးကျောင်းတိုက်ထဲမှာပါ။ ဆရာတော်က မိဘဆွေမျိုးတွေနဲ့ ရင်းနှီးတော့ ကျောင်းတက်နေတဲ့အချိန်တိုင်း မောင်ပီတိ ကို သွားခေါ်စမ်း ဆိုပြီး ဘုန်းကြီးကျောင်းသားတွေကို အခေါ်လွှတ်၊ ပြီးတော့ ဘုရားဆွမ်းတော်ကပ်ထားပြီးတဲ့ ကိတ်မုန့်၊ သစ်သီးတွေကို ခေါ်ပြီးကျွေးတတ်ပါတယ်။ မုန့်ပေးပြီးတာနဲ့ ဘုရားကို ရှိခိုးခိုင်း၊ ဆရာတော့်ကို ၀တ်ပြုပြီး ဆရာတော်ကို လက်အုပ်ချီ နောက်ကို ခြေလှမ်း ၃လှမ်းဆုတ်၊ ပြီးမှ နောက်ပြန်လှည့်ကာ ခြေခံမကြားရအောင်လျှောက်ခိုင်းပါတယ်။ ဘုန်းကြီး နဲ့ စကားပြောပုံပြောနည်းတွေကိုလည်း သင်ကြားပေးပါတယ်။ ငယ်ငယ်တုန်းကတော့ ဘာကြောင့် အဲလိုမုန့်ခေါ်ကျွေးတယ်ဆိုတာကို သိပ်နားမလည်ခဲ့ပါဘူး။ တခါတလေ စာသင်နေတုန်းလာခေါ်တတ်တော့ အတန်းထဲက သူငယ်ချင်းတွေ ၀ိုင်းကြည့်ကြတော့ ရှက်ခဲ့ပါတယ်။ တကယ်တော့ ဆရာတော်က ချစ်လို့ မုန့်ကျွေးတာပါသလို ဗုဒ္ဓဘာသာဝင်တစ်ယောက် တတ်သိသင့်တဲ့ သံဃာတော်များနဲ့ စကားပြောဆိုဆက်ဆံနည်း၊ ယဉ်ကျေးသိမ်မွေ့အောင် နေထိုင်နည်း တစ်စိတ်တစ်ပိုင်းကို သင်ကြားပေးတာလည်းပါပါတယ်။
တစ်နေ့က မှ မေမေနဲ့ ဖုန်းပြောရင်း သတင်းပေးပါတယ်။ ဆရာတော်ကြီး သက်တော် ၉၀ ကျော်မှာ ပျံလွန်တော်မူသွားပြီဆိုတာလေ…

ပထမဆုံး အတန်းပိုင်ဆရာမကတော့ ဒေါ်သိန်းသိန်းပါ။ ဆရာမကလည်း ကျွန်တော့်ကို တော်တော်လေးချစ်ပါတယ်။ အတန်းထဲမှာရော အပြင်မှာပါ ဂရုတစိုက်ရှိပါတယ်။ သူငယ်တန်းကနေ ပထမတန်းတက်ပြီးတော့တောင် မုန်းစားကျောင်းဆင်းချိန်မှာတောင် ဆရာမ အတန်းနားသွားပြီး ဆရာမ လို့ သွားသွားအောင်ခဲ့တာ မှတ်မိပါသေးတယ်။ ဆရာမ ဒေါ်သိန်းသိန်းကလည်း ကျွန်တော့်ကို အမှတ်တရရှိလှပြီး အခုအချိန်အထိ မေမေနဲ့ ညောင်ဦးမှာ တွေ့ဖြစ်ရင်တောင် ပီတိကြီး ဘာလုပ်နေလဲ၊ ဘယ်ရောက်နေလဲ လို့ အမြဲမေးလေ့ရှိပါတယ်။

သူငယ်တန်းတက်နေတုန်းကပဲ ပထမဆုံး သူငယ်ချင်းရခဲ့ပါတယ်။ သူ့နာမည်ကတော့ အောင်ဆွေဦးပါ။ နေတာကလည်း တစ်ရပ်ကွက်ထဲမှာပါပဲ။ လေးတန်းကျပြီးတော့ သူတို့အိမ်က အဆင်မပြေတော့တာနဲ့ ကျောင်းထွက်အလုပ်ခဲ့တာ ညောင်ဦးမှာပဲ ကာဂိတ်မှုးလုပ်တယ်လို့ကြားမိတာပါပဲ။ အိမ်မှာက မေမေပဲ ညောင်ဦးကိုပြန် ရောက်ဖြစ်တာများတော့၊ မေမေကိုတွေ့တိုင်း ပီတိ ဘယ်ရောက်နေလဲ ဆိုတာ မေးနေဆဲပါပဲတဲ့….

ပထမဆုံးမိန်းကလေးသူငယ်ချင်း ဘယ်သူလဲဆိုတာကိုတော့ သေချာမမှတ်မိတော့ပါဘူး။ အဟဲ အဲလောက် မိန်းကလေးသူငယ်ချင်းများတာနော်…

ပထမဆုံးဖတ်တဲ့ စာစောင်ကတော့ ရွှေသွေးပါ။ ငယ်ငယ်ကတည်းက စာဖတ် ၀ါသနာပါတဲ့ မိဘတွေက ကျွန်တော်တို့အတွက် ကလေးစာစောင်တွေ အပတ်စဉ် ၀ယ်ပေးလေ့ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ မေမေ့ကို ဖတ်ခိုင်းလို့ရပေမယ့် နည်းနည်းကြီးလာတော့ မေမေက ကိုယ့်ဘာသာဖတ်တော့လို့ ပြောပြီးကတည်းက ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ၊ တို့ကျောင်းသား အစ ပုံပြင်စာအုပ်တွေ အလယ်၊ စစ်နှင့် ငြိမ်းချမ်းရေး အဆုံး အိမ်မှာရှိတဲ့စာအုပ် အားတဲ့ အခါတိုင်း ရှာဖွေဖတ်တော့တာပါပဲ။ တကယ်တော့ စာအုပ်တွေဖတ်ရတာ စာမေးပွဲနီးလေး ဖတ်လို့ကောင်းလေပါပဲ။ စာမေးပွဲပြီးတော့ ကြိုက်သလောက်ဖတ်တော့ဆိုရင် သိပ်မဖတ်ချင်တော့ပြန်ပါဘူး… ငယ်ငယ်တုန်းက တော်တော်စာကျက်ပျင်းခဲ့တယ်… :D

အဲလိုစာကျက်ပျင်းခဲ့လို့လည်း ငယ်စဉ်အတန်းတွေမှာ ဘာဆုမှ မရခဲ့ပါဘူး။ အဲလိုဆုမရလို့လည်း မိဘတွေက အတင်းအကျပ် စာကျက်ရမယ်၊ ဘာဆုရရမယ်လို့ မခိုင်းခဲ့ဖူးပါဘူး။ ငါးတန်းရောက်ပြီးတော့မှ သေချာ ကျပ်မတ်ပြီး စာကျက်ခိုင်းပါတော့တယ်။ အဲဒီနောက်ပိုင်းမှ ဆုတွေဘာတွေ ရလာပါတယ်။

အဲအကြောင်းပြောရင်၊ မေမေတို့က ငယ်ငယ်တုန်းက သေချာစာကျက်ခိုင်းလို့ သားဆုမရခဲ့တာလို့ ပြောလို့ရှိရင်… မေမေကပြန်ပြီပြောပါတယ်။
“သားတွေ သမီးတွေ ရဲ့ ဒဿနတွေက အမေ့ထက် ပိုပြီး ကောင်းနေတော့ ဘယ်လို စာကျက်ခိုင်းရမှန်းတောင် မသိတော့ဘူး…”
“ဘာဖြစ်လို့လဲ အမေရဲ့…”
“သားငယ်ကို စာကျက်ခိုင်းမိပါတယ်… အမေရယ် ကလေးဘ၀မှာ အဲဒီ ပထမ ဒုတိယ တွေရဖို့ လုံးပမ်းနေရတာနဲ့ ကလေးဘ၀ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားတော့မှာပေါ့ တဲ့…”
“ဟားဟား… ဟုတ်လား…”
“အေးလေ … သားငယ် မမှတ်မိဘူးလား…”
“ဟီး… မှတ်မိပါတယ်…”

တကယ်လည်း အဲဒီလို ဆုတွေမရခဲ့ပဲ တကယ်ပဲ ကလေးဘ၀မှာ လွတ်လပ်ပျော်ရွှင်ခဲ့ရလို့ ကျေနပ်မိပါတယ်။ ကြီးလာတော့လည်း အဲဒီဆုတွေထက် ပျော်ရွှင်တာက သတိရ စရာပိုကောင်းပြီး တန်ဖိုး(ကျွန်တော့်အတွက်) ပိုရှိနေလို့ပါပဲ။

ပထမဆုံး ဆိုခဲ့တဲ့ သီချင်းကတော့ Boney M ရဲ့ Rivers of Babylon သီချင်းကို သစ္စာမေတ္တာရွှေမန်းသဘင်က မြန်မာမှုပြုထားတဲ့ “ရွှေ ညီအကို လာပြီလေ… ပြည်သူတွေ ဖျော်ဖြေရန်… ” ဆိုတဲ့ သီချင်းပဲ… ငယ်ငယ်တုန်းကတော့ လူကြီးတွေ တောင်းဆိုလို့ ခဏခဏ ရှိတ်ဆွဲပြီး ဆိုပြရတာ အမော… အဟဲ.. အခုတော့ မျိုးကျော်မြိုင်ရဲ့ အဝေးကြီး လောက်ပဲ ဆိုတတ်တော့တယ်။ ဒါတောင် ရေချိုးခန်းထဲမှာပဲ ဆိုတတ်တယ်နော်… :D

ဘတ်စ်ကားကိုတော့ ရန်ကုန်ကို ငယ်ငယ်က အလည်လာတုန်း စပြီး စီးဖူးတယ်ဲ။ ဗိုက်ပူ ချက်ပလက်ခေါင်းတို ကို ဗိုလ်ချုပ်ဈေးကနေပြီး ရေကျော်အထိ စီးခဲ့တာပါ။ မှတ်မိတာကတော့ ဘတ်စ်ကားစပယ်ယာက လွယ်အိတ်လွယ်ထားပြီး၊ ပိုက်ဆံပေးရင် လက်မှတ်ပြန်ပေးပါတယ်။ နောက်ပြီး ဘတ်စ်ကားခက ၃၅ပြား။

ပထမဆုံးရေးခဲ့တဲ့ ရည်းစားစာကိုတော့ မမှတ်မိတော့ဘူး။ မှတ်မိတာကတော့ ရည်းစားစာအစမှာ “အတွက်” ဆိုတာနဲ့ စခဲ့တာကိုတော့ မှတ်မိတယ်။ ရည်းစားစာ သိပ်မရေးဖူးတော့ သိပ်မမှတ်မိပါ ဖြစ်မှာပေါ့… :P ဟဲဟဲ… ရေးတာထက်စရင် ပြောလိုက်ရတာကို ပိုပြီးအားရလို့….

ပထမဆုံးရောက်ဖူးတဲ့ အခြားမြို့ဆိုရင် ချောက်မြို့ဖြစ်မယ်ထင်တာပဲ။ ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံရပ်ခြားအနေနဲ့ဆို ထိုင်းနိုင်ငံပါ။ ကော့သောင်းကနေ ရနောင်းကို ကူးပြီးရောက်ဖူးတာလေ။ ရန်ကုန်ကနေ လေယာဉ်နဲ့ ထွက်ခဲ့ရပြီးရောက်တဲ့ နိုင်ငံဆိုရင်တော့ စင်ကာပူပေါ့။ လေယာဉ်စီးရတာကိုတော့ ကျွန်တော်တို့ ညောင်ဦးမှာနေတဲ့လူတွေက ရင်းနှီးပါတယ်။ ရန်ကုန် ညောင်ဦး ခရီးသွားရင် လေယာဉ်နဲ့ဆို ၁ နာရီ ခွဲကျော်ကျော်ဆိုရောက်တော့ လေယာဉ် နဲ့သွားဖြစ်တာများလို့ပါ။ ကားနဲ့များရင်တော့ တစ်ရက်လောက်သွားရတာကိုး။

ပထမဆုံးသောက်ဖူးတဲ့ဆေးလိပ်ကတော့ ဘာဆေးလိပ်လည်းတော့မသိပါဘူး။ အဖေသောက်လို့ ကျန်နေတဲ့ ဆေးလိပ်တိုကို ပထမဆုံး ခိုးသောက်ဖူးတာပါပဲ။

ကိုအောင်သာငယ်လို ခပ်ကြီးကြီးတော့ မပစ်ဖူးဘူးဗျ။ ပထမဆုံး ပြီးတော့ အခုအချိန်အထိ ပစ်ဖူးတာ လေသေနတ်ပဲ။ ဒါတောင် ငှက်တွေဘာတွေ ဖြစ်ဖူးတာမဟုတ်ဘူးနော်၊ ဘုရားပွဲမှာ ပိုက်ဆံပေးပြီး နို့ဆီဗူးခွံကိုပစ်တာ။

ပီတိ ၃၁ ဘယ်လိုစ ဆိုပြီးတော့ စပြီးရေးခဲ့တဲ့ ဒီဘလော့ ကိုရဲမွန်၊ ပန်ဒိုရာ၊ ဂျစ်တူး တို့နဲ့ ဘလော့ရေးရင်းခင်လာတဲ့ မိတ်ဆွေတွေရဲ့ အားပေးမှုကြောင့် ဒီလို စာလေးတွေ ဆက်ပြီး ရေးဖြစ်နေတာပါပဲ။ အချိန်ပေးပြီး လာစာဖတ်တဲ့ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးပါပဲ။
ပထမဆုံးရေးဖြစ်တဲ့ ကဗျာက I miss you ဆိုတဲ့ အင်္ဂလိပ်လိုကဗျာပါ။ မြန်မာလိုကတော့ ဘာကြောင့်? ဆိုတဲ့ ကဗျာမဟုတ် စာမဟုတ်ပါပဲ။ ကဗျာကိုတော့ ခံစားချက် ဒါမှမဟုတ် ပေါက်ကွဲချင်တဲ့ အခါ ချရေးမိတတ်ပါတယ်။

ဒီလောက်ပဲရေးတာကောင်းပါတယ်။ တချို့ပထမဆုံး အဖြစ်တွေက သတိရစရာမကောင်းသလို ပြောလို့လည်းမကောင်းဘူးလေ… ဥပမာ ပထမဆုံး အသည်းကွဲတဲ့ ခံစားမှုမျိုးပေါ့…

ဟုတ်ဘူးလား?

Read More...

Saturday, October 11, 2008

ဖြစ်သလို - ဓာတ်ပုံ

ဖြစ်သလို ပို့စ် မှာရေးခဲ့တဲ့ အစားအသောက်တွေကို စားဖြစ်တဲ့အတဲ့အခါ ဓာတ်ပုံရိုက်ပြီး တင်မယ်လို့ စိတ်ကူးထားပါတယ်။ အခုအောက်ကပုံတွေကတော့ သိပ်မစုံသေးပါဘူး။ ဒါပေမယ့် ရိုက်ထားတာ ရှိတဲ့ပုံတွေကိုပဲတင်လိုက်ပါတယ်။

အသစ် ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထပ်တင်ထားပါတယ် (19 Oct 2008)

စားဖြစ်တာများတဲ့ မနက်စာ

ဗလာကြာဇံကြော်၊ ကြက်ဥကြော် နဲ့ ကော်ဖီ




Golden Mile Food Court က နေ့လည်စာများ

နာမည်ကြီးပြီး တန်းအကြာကြီးစီရတတ်တဲ့ ချီလီမီး (ငရုတ်ချဉ်ရည်ခေါက်ဆွဲ)


စာရေးတုန်းကမပါခဲ့တဲ့ လျောင်ဝမ်မြန့် လို့ခေါ်တဲ့ mini-pot noodle


အစာပလာစုံလင်လှတဲ့ ကော်ရည်ခေါက်ဆွဲ (lor mee)


ဒီလို တန်းအကြာကြီးစီရတဲ့

ယောင်းမတောင်တိုအောင် အသံစုံထွက်ပြီးကြော်တဲ့ ချာကွေ့တယောင်း (ဆန်ခေါက်ဆွဲကြော်)


တရုတ်ကြီး ဒီလို ခုန်ခုန်ပြီး ကြော်တဲ့


မလေးခေါက်ဆွဲကြော်


ဂျပန်လိုခေါင်းပေါင်းတွေဆောင်းပြီး (အဲဒီနေ့ကတော့ တစ်ယောက်ပဲဆောင်းပါတယ်) ရောင်းတဲ့


ဂျပန်စာ - Chicken Teriyaki


ဒါကတော့ Peninsula Plaza မှာ စားဖြစ်တဲ့ စမူဆာ နဲ့ လက်ဖက်ရည်


တနေ့က အိမ်မှာ ကိုယ်တိုင်ချက်စားဖြစ်တဲ့ ကြက်သား ပဲငပိချက်


အောက်ကပုံတွေကတော့ 742 North Bridge Road မှာရှိတဲ့ House of Briyani ဆိုင်က ဒန်ပေါက်ထမင်းတွေဖြစ်ပါတယ်။ အဲဒီဆိုင်က အင်္ဂါနေ့ မှ စနေနေ့ မနက် ၁၁နာရီမှ ည ၇ နာရီအထိ ဖွင့်ပါတယ်။ တနင်္ဂနွေနေ့ နဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။


အာဖကန်နစ္စတန် ထမင်းနဲ့ ဆိတ်သား ဒန်ပေါက်



တူရကီ ထမင်းနဲ့ ကြက်သားဒန်ပေါက်

Read More...

Thursday, October 9, 2008

အတွေး ချာချာလည်

ညငယ်ချိန်တုန်း လမ်းလျှောက်ဆင်းတော့
မြောင်းငယ်ရေ ငြိမ်သက်သက်ပေါ်
အဝေးက မီးရောင်က တဖြတ်ဖြတ်နဲ့…

အတွေးများက ရောင်ပြန်ဟပ်နေမိတယ်။

အသက် ဂဏန်းတစ်လုံးရှိစဉ်တုန်းက
စားသောက်၊ ဆော့ကစား၊ ကျောင်းသွားခဲ့တာ
ဆုတံဆိပ်တွေထက် မက်မောတဲ့
ပျော်ရွှင်မှုနဲ့ ဖြတ်သန်းခဲ့တယ်။

ကျောင်းနေကြာလာ သက်ဆယ်ကျော်တော့
ကစားမက်ပြီး ဆုတွေကိုလည်း လိုချင်တတ်လာ
အပျင်းများနဲ့ ကြိုးစားခဲ့တော့
ဖြစ်သင့်တာထက် လျော့နည်းခဲ့တာ
စိတ်မပျက်မိ ခပ်ပေါ့ပေါ့ပဲနေခဲ့တယ်။

အသက်နှစ်ဆယ်ကျော် စဉ်းစားတတ်လာ
စိတ်ဝင်စားရာ အလုပ်ဝင်လုပ်
ပညာတိုးပေမယ့် ၀င်ငွေကဆိုးတော့
ဘာမှမဟုတ်တဲ့ငါ အဖြစ်ရှိအောင်လုပ်မယ်ကြံကာ
အဝေးကိုထွက် ပညာရှာလာခဲ့တယ်လေ…

အခု ရှေ့ဂဏန်းပြောင်းတာ နှစ်နှစ်ကျော်ကြာ
အိပ်မက်နောက်လိုက်ကာ လုပ်ချင်တာလုပ်ခဲ့တာ
ဘာမှတော့ ဖြစ်မလာသေး
အဝေးကအိမ်မှာ တစ်ခုခုလိုတယ်လို့ ခံစားမိရင်း
အခုရော ဘာဖြစ်ချင်နေတာလဲ ထပ်ခါတွေးတော့….

အဲဒီ ဘာဖြစ်ချင်နေတာလဲကပဲ ရောင်ပြန်ဟပ်နေတယ်လေ…

Read More...

Friday, October 3, 2008

ဓာတ်ပန်းချီ - မြို့ပြ





တင်ခဲ့ဖူးတဲ့ ဓာတ်ပုံများ ။ ။ ဓာတ်ပန်းချီ

Read More...

Ratings