Saturday, November 1, 2008

အချစ်ဆိုသည်မှာ…

၁၉၉၄ ခုနှစ် နှစ်ဆန်းပိုင်း…

“မမ… ပြောစရာရှိလို့…”
“ဟင်… ပြောလေ…”

မနက်ခင်း ကွန်ပျူတာသင်တန်းဆင်းပြီးချိန်တွင် စိတ်ထဲမှာ တိတ်တခိုး စွဲလန်းမိနေတဲ့ သင်တန်းနည်းပြ မမ နဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင် ပြောလိုက်မိသည်။

“ … ”
“ ပြောစရာရှိတယ်ဆို… ပြောလေ…”
“ဟို… မမ ကို ချစ်တယ်…”
ဘာမှ စကားမခံ တုံးတိကြီးပြောလိုက်သည်။ မမကတော့ မျက်နှာ ခပ်တည်တည် ဖြစ်သွားပြီး ခေါင်းကို အောက်ငုံ့ထားသည်။

“ဟို… စိတ်မဆိုးပါနဲ့နော်… ကျွန်တော် မမ ကို တကယ်ချစ်လို့ပါ… မနေနိုင်လို့ ပြောလိုက်တာပါ နော်…”
“စိတ်တော့မဆိုးပါဘူး… တစ်နေ့ မင်း ဒီလိုပြောမယ်လို့တော့ သိထားပါတယ်…”
“အဲတော့ … မမ က ကျွန်တော့် ပြန်ချစ်တယ်ပေါ့နော်…”
“ဘာဆိုင်လို့လဲ… ”
ရှက်နေတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်သည်။

“အမယ်…. မသိတာကြလို့ … ချစ်တယ် မဟုတ်လား… မှန်မှန်ပြော… အယ်……... ကြည့် ရှက်နေတဲ့ ပုံစံကိုက ချစ်စရာကောင်းနေတာ…”
“ကဲ…… ကောင်လေး… မမကို စ မနေနဲ့… မင်းအသက်ဘယ်လောက်ရှိပြီလဲပြောပါဦး…”
“၁၉ နှစ်လေ … ဘာဖြစ်လို့လဲ… ”
“၁၉ နှစ်ဆိုတာ လူကြီးမဖြစ်သေးဘူး… အဲဒီ အချစ်အကြောင်းတွေပဲ စဉ်းစားမနေနဲ့လေ… ပညာသင်စရာရှိတာ ကြိုးစားသင်ပေါ့… နော်”

“ဟာ… မမကလည်း ၁၈နှစ်ကျော်ရင်လူကြီးလေဗျာ… ရည်စားထားတာ အသက်ကန့်သတ်ချက်ရှိတယ်လို့ မကြားဘူးပါ… မမက အသက်နဲနဲကြီးတော့ လူလည်ကျတာ… ပြန်ချစ်မလား မချစ်ဘူးလား ဒါပဲပြော… ”


“ဟင်းးးး”
“ကြည့် … မမက စိတ်ရှုပ်နေရင်လည်း ချစ်စရာကောင်းတာပဲ…”
“ကဲ ကောင်လေး……”
“မကဲနဲ့… ဖြေလေ မမရယ်… မမ မဖြေရင် မမလက် ကို မလွတ်တော့ဘူး….”
“ဟဲ့ဟဲ့ ကောင်လေး… လူတွေရှိတယ်လေ… ခက်တော့တာပဲ….”
“ကဲ ဖြေတော့….”
“ဒီကောင်လေးနဲ့တော့ ခက်တော့တာပဲကွယ်…”
“မခက်ပါဘူး မမရယ်.. ဖြေလိုက်နော် ချစ်တယ်လို့ … နော်…”
“အင်း…..”
ခေါင်းလေငုံ့လို့ ရှက်ပြုံးလေးနဲ့ ဖြေလိုက်ပုံက စွဲမက်ဖွယ် တစ်သက်စာ မမေ့နိုင်တော့ဘူး။

------ထ------

သင်တန်းချိန်မရှိလည်း မမမှာ မနက်စောစော စာသင်ချိန်ရှိတယ်ဆို ကျွန်တော်တစ်ယောက် လာစောင့်နေတတ်သည်။

“မောင်ရေ… မတို့ကျောင်းတွေ ရှေ့လဆိုဖွင့်တော့မှာ…” သင်တန်းချိန်ပြီးလို့ နှစ်ယောက်အတူ မနက်စာစားချိန်မှာ မမကပြောလိုက်သည်။

“အင်း… ကောင်းတာပေါ့… ကျောင်းတက်ရမှာ ပျော်စရာကြီးလေ… မောင်လည်း မတို့ကျောင်းကို လာလည်မှာပေါ့…”

“လာလည်လို့တော့ ရပါတယ်ကွာ… ဒါပေမယ့် ကျောင်းက အဝေးကြီးရယ်… ဒဂုံမြို့သစ်ရဲ့ ဟိုးဘက်အထိသွားရမှာ…”

“ဝေးလည်း လာလည်မှာပဲ….”

“ဟင်း…. အပြောနဲ့အလုပ် ညီမညီ ကြည့်သေးတာပေါ့နော်…” မျက်စောင်းထိုးပြီး ပြန်ဖြေသည့် မမ ကိုက ချစ်ဖို့ကောင်းနေပါတယ်။
------ထ------

“ဟေးးး …. မောင်… စောင့်နေရတာကြာသွားပြီလား… ”
ဒဂုံတက္ကသိုလ်ရဲ့ အဆောင် ၁၀ နှစ်ထပ်စာသင်ဆောင် အပေါ်မှာ ထိုင်စောင့်နေတုန်း မရဲ့ အသံကြားလိုက်ရသည်။
“ … ”
“ဆောရီးနော်… အီးစီ အစည်းအဝေး ရှိလို့ သွားနေရတာ။ မောင်လာမယ်လို့တော့ ထင်သားပဲ…”
“မ ကို လာမယ်လို့ ပြောထားတာ… လာမှာပေါ့…”
“ကဲလာ ကန်တင်းသွား နေ့လည်စာစားမယ်လေ… နော်.. ပြီးရင် မ အတန်းတက်ရဦးမယ်…. ဒီနေ့ ကျူတိုရီတယ် ရှိလို့နော်… ”
“ရတယ် မ… စားပြီးရင် မောင်ပြန်မယ် နော်…”
“မောင့်မှာ မရဲ့ တွေ့ဖို့ အဝေးကြီးလာရတယ်နော်… နေကလည်း အရမ်းပူတယ်…”
“ရပါတယ် မရယ်… မနဲ့တွေ့ချင်လို့တာလေ… တွေ့တော့ အမောပြေသွားပြီ….”
“………”
------ထ------

“ဟေး….. မ ရေ… မောင်လာပြီဟေ့…….”
မတို့ အတန်းရှေ့ရောက်သွားချိန်မှာ မရဲ့သူငယ်ချင်းတွေ ၀ိုင်းအော်ကြသည်။ မက စာကူးနေတုန်း ခဏနော် ဆိုပြီး လက်ပြကာ စာဆက်ပြီး ကူးနေသည်။ မကို ပြုံးပြလိုက်ပြီး အတန်းရှေ့မှာပဲ မတ်တပ်ရပ်ပြီး စောင့်နေလိုက်သည်။

“မောင်…”
“…..”
“မောင်… ဘာတွေ တွေးနေတာလဲ… ”
“အော်… မ ပြီးသွားပြီလား…”
“အင်း.. ပြီးသွားပြီ… လာ.. ကန်တင်းမှာထမင်းသွားစားမယ်လေ… စာတွေက များလာပြီကွာ… နားမလည်တာတွေကို ကျူရှင်တက်တဲ့သူငယ်ချင်းတွေဆီက ပြန်ကူးနေတာလေ…”
“သြော်… တက္ကသိုလ်ဆိုတော့လည်း စာများမှာပေါ့နော်… မောင်ကတော့ ကျောင်းတက်ချင်လှပြီ… ဆယ်တန်းဖြေပြီးနားနေရတာက အကြာကြီးပဲ… ”
“…”
“ကံကောင်းလို့ ကွန်ပျူတာ သင်တန်းတက်ဖြစ်တာ … နော်”
“အင်း…”
“တက်ဖြစ်လို့လည်း မနဲ့တွေ့တာပေါ့… ဟုတ်ဘူးလား…”
“အမယ်.. ဘာများပြောနေဘာလိမ့်လို့… မောင်က စကားတတ်လိုက်တာ… ”
“မတတ်ပါဘူးကွာ… မနဲ့ စကားပြောချင်လို့လာတာပဲ … စကားပြောတတ်ရမှာပေါ့… ဟုတ်ဘူးလား…”
“အင်း… စားပြီးရင်လည်း အတန်းရှိသေးတယ်… ”
“အဲဒီအတန်းကို ဖျက်လိုက်ကွာ…နော်.. မောင်လာရတာ အဝေးကြီးရယ်.. ပြီးတော့ တပတ်မှ နှစ်ရက်လောက်ပဲ တွေ့ရတာလေ… နော်.. မ”
“မဖြစ်လို့ပါ မောင်ရယ်…နော်… နောက်တပတ်ကျရင် တွေ့မယ်… နော်…”
“ … ”
------ထ------

ဒဂုံတက္ကသိုလ်က မ တို့ အတန်းရှေ့ရောက်သွားတော့ သူငယ်ချင်းတွေနဲ့ ရီမောစကားပြောနေတဲ့ မ ကို တွေ့လိုက်သည်။ ကျွန်တော်ကို တွေ့လိုက်တော့ အတန်းရှေ့ထွက်လာပြီး စကားပြောသည်။

“မောင်… ရောက်လာတယ်… နေကောင်းသွားပြီလား… ”
“အင်း.. ကောင်းသွားပြီ.. မနဲ့တွေ့လိုက်လို့…”
“မောင်ကလေ နောက်ပြီ… မ က အကောင်းမေးတာပါ… ဟိုတနေ့က နေမကောင်းဘူးလို့ပြောတော့ ဒီတပတ်မလာတော့ဘူးထင်နေတာ…”
“အော် တွေ့ချင်တော့ လာတာပေါ့ မရယ်…”
“တကယ်လား….”
“တကယ်ပေါ့ ကွ… ဘာလဲ ပြောတာ မယုံဘူးလား…”
“မယုံလို့ မဟုတ်ပါဘူးကွာ… မေးကြည့်တာပါ….”

ကျွန်တော့်လက်ကို ဆွဲပြီး မမက

“မောင်… လာလေ.. ဟိုနားက ခုံလေးမှာ သွားထိုင်မယ်လေ…”
“ကန်တင်းသွားမယ်လေ… မောင် ထမင်းမစားရသေးဘူး”
“မသွားတော့ဘူး မောင်ရယ်… ခဏနေ လူစုံရင် မတို့သူငယ်ချင်းတွေ မီမီ့ မွေးနေ့ကို သွားကြမှာလေ… မောင်နဲ့ မသိတော့ ခေါ်ရမှာ အဆင်မပြေလို့နော်…” တောင်ပန်သောမျက်နှာလေးနဲ့ မမက ပြောလိုက်သည်။

“ဟုတ်လား…. အတန်းတွေကပြီးသွားပြီလား… ”
“အတန်းတွေကိုတော့ ဖျက်ရမှာပေါ့…”
“ သြော်… ”
ရင်ထဲမှာ စစ်ခနဲ့တော့ ခံစားလိုက်ရသည်။

“ဟို… မီမီက မ တို့ အဖွဲ့ထဲကလေ… အဲတော့ မသွားရင် ဘယ်လိုမှ မကောင်းဘူးကွ… နော်…”
“ဟုတ်ကဲ့… အဲဒါဆို မောင်သွားတော့မယ်လေ.. နော်…”

မခံစားဖူးတဲ့ ခံစားချက်၊ လေးကန်တဲ့ခြေလှမ်းတွေနဲ့ ဒဂုံတက္ကသိုလ် ထဲကနေ ထွက်ခဲ့ပါတယ်။

------ထ------

“ဟေး… မောင်…”
“ဟင်.. မသိင်္ဂီ…”
မသိင်္ဂီ က မ ရဲ့ သူငယ်ချင်းများစွာထဲက တစ်ယောက် ဖြစ်သည်။
“အဲ… ငါတို့ကလည်း နင့်ကို နင့် မ ခေါ်သလိုလိုက်ခေါ်နေတာ ရောင်သွားလို့… ဟဲဟဲ”
“ရပါတယ်ဗျာ… ဘယ် သွားမလို့လဲ… မ တစ်ယောက်ရော နေကောင်းလား… ကျွန်တော်လည်း နေမကောင်းတာရော… အလုပ်စလုပ်နေတော့ ရှုပ်နေတာနဲ့ရော မ နဲ့ မတွေ့တာ ကြာနေပြီ…”

“သူ နင့်ကို ဖုန်းမဆက်ဘူးလား…”
“ဟင့်အင်.. မဆက်ဘူး… သူ့အိမ်ကိုလည်း ဖုန်းဆက်တာမရဘူး။ ဖုန်းများပျက်နေလားမ သိဘူး။ အဆက်အသွယ်ပြတ်နေတာ ကြာနေပြီ… ”
“သြော်…. ငါတို့က သူ့ကို ပြောပါတယ်… နင့်ဆီကို ဖုန်းဆက်ဖို့ကိုလေ….”
“ဟုတ်လား… အကြောင်းထူးရှိလို့လား…”
“အင်း… ဘယ်လိုစပြောရမှန်းတောင် မသိတော့ဘူး…. သူနဲ့ သူရလင်း နဲ့ အတိအလင်း တွဲနေပြီလေ… အဲဒါကို ငါတို့က အကျိုးအကြောင်းပြောဖို့ အကြံပေးပါတယ်….”
“သြော် ……….”
“ စိတ်အရမ်းမကောင်းတော့ မဖြစ်ပါနဲ့ မောင်လေးရယ်…. ”
“………”
မ နဲ့ ကျွန်တော်တို့ ရဲ့ သူငယ်ချင်း ကျော်ဇင်ကတော့ ပြောပါတယ် မ တစ်ယောက် ကောင်လေးတစ်ယောက်ရဲ့ ကားပေါ်မှာတွေ့တယ်လို့။ မကိုမေးတော့
“သူငယ်ချင်းပါ မောင်ရယ် သူရလင်းကလည်း အတန်းထဲက အီးစီဆိုတော့ အတန်းအတွက် စာရွက်စာတန်းတွေ စီစဉ်တော့ တွဲဖြစ်နေတာပါ…” လို့ပြောတော့ ယုံခဲ့မိတာလေ…။

“အစကတော့ အမတို့အဖွဲ့တွေက သူငယ်ချင်းတွေပါပဲကွာ… သူတို့ နှစ်ယောက်က အနေနီးစပ်တော့ ဖြစ်သွားတာပေါ့….”
“… ပြောပြတာ ကျေးဇူးပါ… သွားလိုက်ဦးမယ်….”

သြော် အချစ်ဆိုတာ နီးစပ်ရင် ဖြစ်သွားရောလား….

************************************************************

၁၉၉၅ ခုနှစ် နှစ်လယ်ပိုင်း…

ဝေဒနာ မကျက်တကျက် အချိန်မှာပဲ တက္ကသိုလ်တက်ရဖို့ဖြစ်လာပါသည်။

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို စတက်တော့ ဆုံမိတဲ့ မျက်ဝန်းတစ်စုံကို ရင်ခုန်နေမိတယ်။

ကျောင်းတက်နေတုန်း တခုခုပါဝင်လှုပ်ရှားချင်တာနဲ့ တောင်တက်အသင်းဝင်ဖြစ်သည်။ တွဲနေတဲ့သူငယ်ချင်း ကျော်ကျော် နဲ့ အောင်မြင့် ကိုပါမေးလိုက်သည်။

“ဟေ့ရောင်တွေ… ငါ တောင်တက် အသင်းဝင်ပြီး ခရီးထွက်မလို့ကွ… မင်းတို့လိုက်ဦးမလား”
“မလိုက်ပါဘူးကွာ… ပင်ကပင်ပန်းနဲ့… မင်းလို မစွံတဲ့ကောင်းပဲတောင်တက်နော်… ငါတို့က တက်ဖို့မလိုဘူး…”
“အောင်မာကွာ… ကျော်ကျော်ရာ မင်းလို ဂျပုကပြောတယ် ရှိသေးတယ်…”
“ဟေ့ရောင်… ငါက ပုတာပုတယ်… မင်ထက်တော့ စွံ့တယ်ကွ…”
“မင်းမကြားဖူးဘူးလားကွာ… မစွံတောင်တက် မတက်လှေလှော် မလှော်ရေကူး မကူးစာသင် တဲ့… အဲဒါ စွံတဲ့နည်းတွေ…. ” အောင်မြင့်က ၀င်ပြောသည်။
“မင်းတို့မ၀င်နေပေါ့ကွာ… ငါကတော့ တောင်တက်တယ်ဆိုတာ စွံဖို့ထက် စိတ်ဝင်စားလို့နော်… ”
“အေးပါ… ပြောပါ အသည်း လတ်လတ်ဆတ်ဆတ်ကွဲထားတဲ့ကောင်….”
“ ဘာဆိုင်လို့လဲ… ”
“သိဘူးလေကွာ.. အသည်းကွဲပျောက်ဆေး ဖော်ဖို့ တောထဲမှာ ဆေးမြစ်သွားရှာမယ် ထင်လို့ပါကွာ…”
“ဟားဟားဟား … ”
ကျော်ကျော်နဲ့ အောင်မြင့် ပြောရင်း ရယ်ကြတော့ မချိပြုံးပဲပြုံး နိုင်လိုက်သည်။

------ထ------

အတန်းသုံးတန်း ကို တစ်နှစ်ကျော် အတွင်းတက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းက နှစ်ရှည်ပိတ်သွားလေသည်။ စိတ်မလေအောင် လုပ်လက်စ ကွန်ပျူတာနဲ့ပတ်သက်သော အလုပ်ကိုပဲ အချိန်ပြည့်ဝင်ပြီး လုပ်ဖြစ်တော့သည်။

************************************************************

၁၉၉၇ ခုနှစ် နှစ်ဆန်းပိုင်း…

အလုပ်ကိစ္စနဲ့ ဧရာဝတီတိုင်း ရဲ့ မြို့တော် ပုသိမ် ကို ရောက်ရှိနေခိုက်ဖြစ်ပါသည်။

“ဟို… ဒီက အကို…. ခဏလောက်မေးလို့ရမလား…”
“အော်.. ရပါတယ် အမ… ”
ဘယ်သူကကြီးလို့ ဘယ်သူက ငယ်တယ် မသိ။ ရိုသေသမှုနဲ့ အကိုတွေ အမတွေပဲ ခေါ်လိုက်ကြသည်။

“ဒီ ချေးငွေစာရင်းကို ဘယ်လို စာရင်းသွင်းရမလဲ…”

“အဲ… ကျွန်တော်က ရန်ကုန် ရုံးချုပ်မှာ ဘယ်လို စာရင်းသွင်းသလဲတော့ သိတယ်။ ဒါပေမယ့် ဒီဘဏ်ခွဲတွေမှာ ချေးငွေစာရင်းကိုခွင့်ပြုတာတွေ စာရင်သွင်းတာတွေက နည်းနည်းကွဲမယ်လို့ပြောထားတယ်။ အတိအကျကိုသိဖို့ဆို ဘဏ်ခွဲတာဝန်ခံ အန်ကယ်ကိုမေးကြည့်ပါလား…”

“မေးပြီးပြီ အန်ကယ်ကလည်း မသိဘူး ကွန်ပျူတာဆရာကို မေးကြည့်ဆိုလို့… ”

“အယ်… ကျွန်တော်က ဒီမှာ ဆော့ဖ်ဝဲ သွင်းပြီး ဘဏ်ဖွင့်ပြီးတဲ့အချိန်အထိ အရေးပေါ်နေပေးဖို့ပဲ… ထရိန်နင်ပေးဖို့က ရုံးချုပ်က ကွန်ပျူတာစာရင်းက လူတွေပေးလိမ့်မယ်။ စာရင်းဘယ်လိုလုပ်ရမယ်ဆိုတာက ဒီဘဏ်က တာဝန်ခံက လုပ်ရမှာလေ…”

“အင်း… ခက်ပါတယ်… ရုံးချုပ်ကလည်း ချေးငွေ တာဝန်ခံဆိုပြီး နှစ်ရက်လောက် ပြောပြပြီး လွှတ်လိုက်တာ… တခါမှလည်း မလုပ်ဖူးသေးဘူး… ”

“ဟုတ်တယ်နော်… ဘဏ်ခွဲတွေ အများကြီးဆက်တိုက်ဖွင့်တော့ သင်တန်း အလျင်မီမပေးနိုင်ဘူးတင်တယ်…”

ချစ်စရာကောင်းတဲ့ အမူအရာနဲ့ မျက်နှာပိုင်ရှင်နဲ့ စကားပြောလိုက်အပြီး အဲဒီ အဖြစ်ကလေးက စိတ်ထဲမှာ စွဲကျန်နေခဲ့သည်။

------ထ------

လမ်းမတော်မြို့နယ်မှာရှိတဲ့ ဘဏ်ခွဲတစ်ခုကို အစည်းအဝေး ရှိလို့သွားတဲ့ တစ်ရက်…

“ဟေး… မနှင်းဝေ… ပုသိမ်ကနေပြန်ရောက်လာပြီလား…”
“သြော်… ဟို ကွန်ပျူတာ အကို… ဟုတ်တယ် ပြန်ရောက်နေပြီ… ဟိုမှာ သုံးလပဲနေပြီး တာဝန်ကျတာလေ… နှင်း က ဒီမှာ အလုပ်ဆင်းတာ…”
“သြော်ဟုတ်လား… ကျွန်တော်က ဒီဘဏ်ကို ခဏခဏရောက်ဖြစ်တယ်လေ… အခု စာရင်း အသစ်တစ်မျိုးတိုးမယ်ဆိုတာကို system ထပ်ထည့်ဖို့ အစည်းအဝေးခေါ်တာနဲ့လာတာ… ဟို…မနှင်းဝေ ရုံးဆင်းပြီလား…”
ထမင်းချိုင့် နဲ့ အိတ်ကို ကိုင်ထားတာ မြင်တော့မှ မေးလိုက်မိသည်။

“ဟုတ်တယ် ရုံးဆင်းပြီ ပြန်တော့မလို့…”
“ရုံးဆင်းချိန်ဖြစ်နေပြီဆိုတော့ ကျွန်တော်လည်း ရုံးကိုပြန်မသွားတော့ပဲ အိမ်ပဲတန်းပြန်တော့မလို့်… ဒါနဲ့ မနှင်းဝေက ဘယ်မှာနေတာလဲ…”
ရတဲ့အခွင့်အရေးကို ယူပြီး သိချင်နေတာကို မေးလိုက်မိသည်။
“လှည်းတန်းမှာပါ…”
“ကျွန်တော်က သမိုင်း မှာနေတာ… လမ်းသင့်တာပေါ့… အတူတူပြန်လို့ရတယ် မဟုတ်လား… ဟို… လာကြိုမယ့်သူတွေ ဘာတွေရှိနေရင်လည်းပြောပါနော်…”
“အို မရှိပါဘူး… တစ်ယောက်ထဲပြန်နေကျပါနော်…”

နှင်း က ရှက်ပြုံးနဲ့ပြန်ဖြေသော ကျွန်တော်သိချင်နေတဲ့ အဖြေကိုသိရတော့ စိတ်ထဲမှာတော့ ကျိတ်ပြီး ၀မ်းသာသွားပါသည်။

------ထ------

“ကို… နှင်းကို ဘယ်တုန်းက ချစ်သွားတာလဲ…”
အခါတစ်ရာလောက်ဖြေခဲ့ဖူးလည် ခဏခဏ အမေးခံနေရဆဲ မေးခွန်းကို ထပ်မေးခံရပြန်လေသည်။

“နှင်းကလည်းကွာ… ကို ခဏခဏဖြေပြီးပြီလေကွာ… မမှတ်မိသေးဘူးလား”
“မှတ်မိပါတယ်နော်… ထပ်ကြားချင်လို့မေးတာပေါ့…” နွဲ့သံနဲ့ နှင်းကဖြေလိုက်သည်။

“ဟို ပုသိမ်မှာတုန်းကလေ… နှင်းက ကို့ကို စာရင်းဘယ်လိုသွင်းရမလဲ လာမေးတုန်းကပေါ့… အဲဒီတုန်းကတည်းက ချစ်မိသွားတာလေ…”
“နှင်းလည်း အဲဒီတုန်းကပဲ ကို့ကိုချစ်သွားတာပဲ… အတူတူပဲ သိလား…”
“ဟုတ်လား… ဒါဆို ဘာလို့ နှင်းက ကို့ကို ချစ်တယ်လို့ အရင်မပြောတာလဲ.. ကို့မှာတော့ နှင်းမှာ ချစ်သူတွေရှိလားဘာလား နဲ့ စုံစမ်းလိုက်ရတာ…” ကျွန်တော်က ပြုံးစိစိနဲ့ နှင်းကိုစလိုက်ပါသည်။

“ကိုနော်… နှင်းက မိန်းကလေးလေကွာ … သူကလည်း အဲဒါကိုပဲ အသားယူပြောနေတာပဲ…” နှင်က မျက်စောင်းထိုးပြီး ပြန်ပြောလေသည်။ သက်ပြင်းချပြီး ဆက်ပြောသည်။

“… ကိုက နှင်း ရဲ့ ပထမဆုံး နဲ့ နောက်ဆုံး ချစ်သူ နော်…”
“ဟုတ်ပါပြီ နှင်းရယ်… ကိုလည်း နှင်းကို အပျော်တွဲတာ မဟုတ်ပါဘူးနော်…”
“ဟုတ်..ကို… သြော်… ကို ပြောစရာရှိတယ်ဆို… ပြောလေ…”
“ဟုတ်တယ် နှင်း… ကို တို့ကျောင်းတွေက ပိတ်ထားတာလည်း ကြာပြီ… ဘယ်တော့ ပြန်ဖွင့်မလဲ မသိဘူးလေ… အသက်တွေကသာကြီးလာတာ ဘွဲ့ကမရသေးတော့ ရှေ့ရေးက မသေချာ မရေရာသလိုဖြစ်နေတယ်လေ…”
“အင်း… ဟုတ်တယ်နော် ကို…” နှင်းက တွေးတွေးဆဆနဲ့ပြောလိုက်သည်။

“အဲဒါ ကို စင်ကာပူကိုသွားပြီး ကျောင်းဆက်တက်မယ်လို့ ဆုံးဖြတ်ထားတယ်… ကျောင်းပြီးတော့ ဟိုမှာလည်း အလုပ်လုပ်ခွင့်ရမယ်လေ… ”
“ဟင်… ကို က နှင်းကို အကြားကြီးခွဲထားခဲ့မှာပေါ့… နှင်းကိုနဲ့ခွဲပြီး မနေချင်ပါဘူး…” နှင်းက မျက်နှာမှာ အလိုမကျတဲ့ အမူအရာနဲ့ပြောလိုက်သည်။

“ခဏလေးပဲ ခွဲရမှပါ နှင်းရယ်… ကျောင်းပိတ်တဲ့အခါလည်း ပြန်လာလည်လို့ရတာပဲ… နော်”
“ … ”
“ကျောင်းပြီးတော့ အလုပ်လုပ်ပြီးတော့ နှင်းနဲ့ …..”
“ဟင်… နှင်းနဲ့ ဘာဖြစ်လည်း ဆက်ပြောလေ…”
“… ဒန် တန် တန်…” စပ်ဖြီးဖြီးမျက်နှာထားနဲ့ဖြေလိုက်တော့…
“ဘာ ဒန် တန် တန် လည်း … ကိုနော် စကားအကောင်းပြောနေရတာနေ… ဖောက်လာပြီ…” လို့ပြောရင်း မျက်စောင်းလေးထိုးလိုက်သည်။
“ဟုတ်တယ်လေ… နှင်း.. ကိုယ်ခြေထောက်ပေါ်ရပ်နိုင်တဲ့အခါကျတော့ ကိုယ်တို့နှစ်ယောက်ရဲ့ ရှေ့ရေးက ပို ကောင်းတာပေါ့… မဟုတ်ဘူးလာ…”
“ဟုတ်ပါတယ်လေ… ကိုကကောင်းတာလုပ်တာပဲ… နှင်းကတော့ ကိုနဲ့ခွဲရမှာကို တွေးပြီး ပြောလိုက်မိတာပါ… ဒါပေမယ့်နော်… ဟိုမှာကျောင်းတက်တော့ ကောင်မလေး အသစ် မရှာရဘူးနော်…”
“မရှာပါဘူး နှင်းရယ်… စိတ်ချပါနော်… ”

------ထ------

“ဟဲလို နှင်း လား… ”
“ဟုတ်တယ်… ကိုလား… ကို… ဖုန်းကိုမျှော်နေတာ… တစ်ပတ်တစ်ပတ်ကလည်း ကြာသလိုပဲနော်… ”
“ဟုတ်ပါ့ကွာ… နှင်းဆီဖုန်းဆက်ဖို့ဆို တစ်ပတ်တစ်ပတ်က အကြာကြီးပဲ… နေကောင်းလား နှင်း… အလုပ်ရော အဆင်ပြောလား…”
“ဟုတ်… နေကောင်းတယ် ကို… အလုပ်နဲ့ပတ်သက်ပြီးတော့ ကောလဟာလတွေ ထွက်နေတယ်… ဘာမှတော့ မဖြစ်လောက်ဘူးထင်ပါတယ်…”
“အင်း… ဟုတ်တယ်နော်… ကိုလည်း သတင်းထဲမှာဖတ်မိတယ်… အဆင်ပြေသွားမယ်ထင်ပါတယ်ကွာ…”
“အင်း…. ထင်ရတာပဲ နော်…. ကိုရော ကျောင်းတက်ရတာ အဆင်ပြေလား… ဟို အချိန်ပိုင်းလုပ်တဲ့ အလုပ်ရော… ”
“အကုန်လုံးအဆင်ပြေပါတယ်… နှင်းကို လွမ်းနေတာက လွဲလို့ပေါ့…”
“တကယ်လား… နှင်းကလည်း ကို့ကို အရမ်းသတိရနေတာ…. ကျောင်းပိတ်ရင်တော့ ပြန်လာပါနော်… မဟုတ်ရင် နှင်းလည်း လွမ်းလို့သေတော့မယ်…”
“နှင်းလွမ်းရင် စာရေးနော်… ကိုက နှင်းရေးတဲ့စာကိုဖတ်ချင်လို့… ”
“ဟုတ် ကို… ရေးမယ်လေ.. နော်…”
“ … ”
“ … ”
“ … ”

------ထ------

“ … ”
“ … ”
“ … ”
“ကိုရေ… အဖေက နှင်းတို့နှစ်ယောက်အကြောင်းကို ထပ်မေးနေပြန်ပြီကွာ… အဲဒါ နှင်းလည်း ဘယ်လိုပြန်ဖြေရမှန်းမသိဘူးဖြစ်နေတယ်…”
“ခက်တာပဲနှင်းရယ်… ကိုကလည်း ကျောင်းတက်နေတုန်းဆိုတော့ အတိအကျ ပြောလို့မရဘူးလေ… ကိုကတော့ ကျောင်းပြီးအောင်တက်မယ် ပြီးတော့ အလုပ်လုပ်မယ်… ပြီးတော့ ကိုတို့ကိစ္စ စီစဉ်လို့ ရပြီလေ… မဟုတ်ဘူးလား…”

“အဲဒါကို နှင်းလည်း နားလည်တယ်… အဖေကို အဲလိုပြောတာ လက်မခံဘူးလေ။ အတိအကျလုပ်တဲ့ … မသေမချာမရေမရာမလုပ်နဲ့တဲ့… ”

“ခက်တာပဲနှင်းရယ်…”

“ဟုတ်တယ်… နှင်းလည်း စိတ်ညစ်တာပဲကွာ… ကိုလည်း အဖေ့အကြောင်းသိတာပဲ… သူက ခေါင်းမာတယ်လေ…”

“ဟင်း…. ကိုလည်း အဲလိုပဲပြောနိုင်သေးတယ် နှင်း ရာ…”
“ … ”
“ … ”
“ … ”

------ထ------

“ဟဲလို… နှင်းလား.. ကိုပါ… နေကောင်းလား”
“နေကောင်းပါတယ်… ကိုရေ… အဖေနဲ့တော့ စိတ်ညစ်ပါတယ်ကိုရယ်… ဘယ်လို ပြောပြောမရဘူး… ကိုလည်းသိတာပဲ… ကို့ကိုပြောဖူးတဲ့ သူ့ သူငယ်ချင်းသားနဲ့ လက်ထပ်ဖို့ စီစဉ်မယ်ပဲပြောနေတယ်…” စိတ်ရှုပ်နေတဲ့ လေသံနဲ့ နှင်းကပြောသည်။

“နှင်းရယ်… ကိုကလည်း ကျောင်းကမပြီးသေးဘူး… ဘယ်လုပ်မလဲကွာ… ” ကျွန်တော်လည်း ဘာမှ စဉ်းစားလို့ မရ ဘာလုပ်ရမှန်းမသိ တွေဝေနေမိသည်။

------ထ------

နှင်း နဲ့ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ပြဿနာကို စိတ်ရှုပ်စွာ အပတ်စဉ် ပြောကြတာ ငါးလလောက်ကြာလာတဲ့အခါ

“နှင်း… ”
“ ကိုရယ်… နှင်းတို့ အိမ်အခြေအနေကို ကိုလည်းသိတာပဲနော်… အဖေနဲ့အမေက ပင်စင်ယူထားတာဆိုတော့ နှင်းရဲ့ဝင်ငွေက အဓိကပဲလေ… ဘဏ်ကလည်း မရှိတော့ဘူးဆိုတော့ နှင်းလည်းအလုပ်မရှိတော့ဘူး။ အဖေကလည်း ကျန်းမာရေးမကောင်းဖြစ်တာတော့ သူစီစဉ်တာကိုပဲ လက်ခံစေချင်လာတယ်…”
“ကို နားလည်ပါတယ် … ”
“ နားလည်ရမယ့်အချိန်မဟုတ်တော့ဘူး ကို… နှင်း အဖေ့ ဆန္ဒကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ…”
“ နှင်း တကယ်ပြောနေတာလား… ကိုကျောင်းပြီး အလုပ်လုပ်ပြီးတော့ နှင်းကိုလက်ထပ်မယ်လေ…”
“ အခြေအနေက မပေးတော့ဘူးကိုရယ်… နှင်းတို့ တစ်ယောက်နဲ့တစ်ယောက် မုန်းလို့လမ်းခွဲတာ မဟုတ်ဘူးနော်…” ငိုသံနဲ့ ပြောရင်းနဲ့ နှင်း စကားပြောနေတာရပ်သွားပြီး ငိုရှိုက်နေသံကိုပဲကြားနေရသည်။
“ နှင်းရယ်… ကို ဘာပြောရမှန်းမသိတော့ဘူးကွာ…. ကိုကလည်း အသုံးမကျတာကိုး…” ကျွန်တော်လည်းငိုနေမိပြီ။

ခဏကြာတော့ နှင်းက
“ အဲလိုလည်း မဟုတ်ပါဘူး ကိုရယ်… နှင်းတို့ ရေစက်က ဒီလောက်ပဲပါလာလို့ပေါ့… နှင်းဘက်က ဘ၀လုံခြုံရေးအတွက် လမ်းခွဲလိုက်တယ်… နော်… ”
“ … ”
“ ဒါပဲနော်ကို… စကားဆက်ပြောရင် နှင်းမခံနိုင်တော့ဘူး…”
“ … ”
“နှင်းရယ် … နှုတ်ဆက်ပါတယ်ကွာ…”

------ထ------

အချစ်ဆိုတာ တခါတရံမှာ မမုန်းပဲနဲ့လည်းခွဲရတတ်ပါတယ်… အဲဒီအခါမှာ ခံစားရတဲ့ ခံစားချက်က ရင်ထဲမှာ အချိန်အကြာကြီး ခံစားနေရတတ်ပါတယ်… ခံစားနေရတုန်းပါပဲ….

************************************************************

ငါးနှစ်လောက်ကြာပြီးတော့…
သူငယ်ချင်း ကလျာ က ဖုန်းလှမ်းဆက်သည်။
“ဟဲ့ … နင့် စံပယ် ဒီမှာရောက်နေတယ်… နင်သိလား… ”
.
.
.


ဆက်ဖတ်ချင်တယ်ဆိုရင် နောက်ဆုံး အပိုဒ် ဆက်ရေးပါမယ်… မဟုတ်ရင်တော့ မရေးတော့ဘူး… :P

9 comments:

sin dan lar said...

ဖတ်ချင်ပါတယ်..ဖတ်ချင်ပါတယ်...
နောက်တုံးတစ်ပိုဒ်ဆိုတော့ နောက်ဆုံးတစ်ယောက်လေများလား????????

Kay said...

အို့ဟို့ဟိုးးး
ပီတိက..အမှန်အကန်ကို ခေသူ မဟုတ်ပါလား။ လုပ်ပါအုံး- စလုံးမှာ ထပ်တွေ့တဲ့ မီးတောက်လေး တွေ။
း)

Moe Cho Thinn said...

ဘယ်နှယ့် ဆန့်တငင်ငင်ကြီး ထားခဲ့ရတာပါလိမ့်။
ဟေ့..အခုရေးကွ ကွန်ပျူတာအကိုရ။

သနားမလို့ဟာတောင် သူ ဖြတ်လိုက်တာနဲ့ ပျောက်သွားတယ်။ :P

pandora said...

တယ်......... ဟုတ်နေပါလား

ဂျစ်တူး - gyit_tu said...

အမယ်လေး ကိုပီတိကြီးက တကယ် ခေသူမဟုတ်ပါလား ။

စကားပြောတတ်တာများ ကိုပီတိကြီး သူ့ ဇာတ်လမ်းသူ ပြောနေတာမှ ဟုတ်ရဲ့လားလို့ ထင်ယောင် ထင်မှား ... အောက်ဆုံးကို အမြန် ဆွဲချပြီး ၊ ဇာတ်လမ်းထွင် ပြောနေတာ မဟုတ်အောင် သေချာ ကြည့်ရသေး အဟား ။ အဲလို အထင်ကြီးတာ အဟီးးး ။

နောက်ဆုံးဇာတ်လမ်းကို သိသင့်သလောက် သိထားသော်လည်း ဖတ်ချင်ပါသည် ဖတ်ချင်ပါသည် ။

အောင်သာငယ် said...

ဆက်ဖတ်ချင်တယ်ဗျို့... ထပ်ရေးပါဗျို့....

ပီတိကို စား .. (အဲလေ) ကိုပီတိစာ ဖတ်ရတာ ကောင်းလိုက်တာ..

ပုံရိပ် / Pon Yate said...

အေးလေ ဟုတ်သားပဲ။ သနားမလို့ဟာ..ခုတော့ ဘာမှန်း မသိဘဲ ဆန့်တငင့်ငင့်.။။ဆက်ရေး... ဖတ်ချင်တယ်။

လင်း said...

နောက်ဆုံးအပိုဒ် နောက်ဆုံးအပိုဒ် တန်းလန်းကြီး မထားခဲ့နဲ့ လေ။ ဖတ်ချင်ပါတယ် ဖတ်ချင်ပါတယ် ဖတ်ချင်ပါတယ်ကွယ် ( KOM ကိုအတုခိုးတာ)သူ့ ချစ်ကိုယ်တွေ့က သူချည်းခံနေရတာပါလား၊ ဒီတခါ အချစ်နဲ့ တွေ့ရင်တော့ လက်ဦးမှုရပါစေ။ အင်း ချစ်တယ်ဆိုတာနဲ့  တခါတည်း ခိုးပြေးလိုက်တော့ သိလား။

ရွှေဂျမ်း said...

ဖတ်လို့ကောင်းတယ် ခေသူမဟုတ်ရေ.. ကျန်သေးတဲ့ာတ်လမ်းတွေ ဆက်ရေးပါဦးဗျို့.. တောင်းဆိုမဲ လာထည့်တယ်နော်။း)

Ratings