Tuesday, November 4, 2008

အချစ်ဆိုသည်မှာ… ၂

အချစ်ဆိုသည်မှာ… ကို တောင်းဆိုချက်ကြောင့် ဆက်ရေးပါသည်။ :)

************************************************************

ငါးနှစ်လောက်ကြာပြီးတော့….
စနေနေ့ညတစ်ခုမှာ သူငယ်ချင်း ကလျာ က ဖုန်းလှမ်းဆက်သည်။
“ဟဲ့ … နင့် စံပယ် ဒီမှာရောက်နေတယ်… နင်သိလား… ”

“ဟင်… တကယ်…… နင်ဘယ်လိုသိတာလဲ… လုပ်ပါဦး”

“အေး… ဟုတ်တယ်ထင်တာပဲ… ငါနေ့လည် အိပ်ပျော်နေတုန်း Gtalk ထဲမှာပြောသွားတယ်… ငါတို့နဲ့ အနီးဆုံးနေရာမှာရောက်နေတယ်တဲ့…”

ကလျာပြောတာကို ကျွန်တော်က မယုံပေ။
“ဟာ… ကလျာရယ်… မဟုတ်လောက်ပါဘူးကွာ… လာမယ်ဆိုရင် ငါတို့ကိုတော့ ပြောမှာပါ… တစ်ခါတုန်းကလည်း ငါ့ကို စံပယ်က နောက်ဖူးတယ်ကွ… ငါ့မှာတော့ အဟုတ်မှတ်လို့ သူက အေပရယ်ဖူး လုပ်တာလေ…”
“ဟုတ်လောက်တယ် နင်ကလည်း… ငါ့ အီးမေးထဲကိုလည်း ဓာတ်ပုံတွေပို့ထားတယ်… စင်ကာပူမှာရိုက်တယ်ထင်တာပဲ… ကြည့်ပေးပါလား.. ငါ့ နင့်ဆီကိုပို့လိုက်မယ်…”

ကလျာပို့လိုက်တဲ့ ဓာတ်ပုံကိုကြည့်တော့ ဟုတ်သည်။ စံပယ်… သူ ဒီကိုရောက်နေတာ သေချာသွားပြီ… လာမယ်ဆိုတာ ကျွန်တော့်ကိုဘာလို့ မပြောတာလဲကိုတော့ မစဉ်းစားတတ်အောင်ပင်။


ချက်ချင်းပဲ စံပယ်အကြောင်း သိလောက်တဲ့ သူငယ်ချင်း နှင်းရည် ဆီ ဆက်ကြည့်လိုက်သည်။
“ဟဲလို… နှင်းရည်... ငါဟ…”
“အေး… ဘယ်လိုဖြစ်တာလဲ မဆက်စဖူး ညကြီးမင်းကြီး… ”
“စံပယ်ဒီရောက်နေတာ နင်သိလား… ”
“ဟယ်… ရောက်နေတယ်… ဟုတ်လား… ငါကတော့ ဘယ်သိမလဲ… နင်နဲ့ နေ့တိုင်း နီးပါး အဆက်အသွယ်ရှိတယ်ဆို… နင်တောင် မသိတာ ငါက ဘယ်လုပ်သိမှာလဲ…”
“အေးလေ… လာမယ်ဆိုတာ ငါ့ကို ပြောမထားတော့ နင်တို့ကိုများ ပြောမလားလို့… ”
“နင်ပူမနေပါနဲ့… နင့်ဆီကို ဆက်သွယ်မှာပါဟာ…”
ကျွန်တော် နဲ့ စံပယ် အကြောင်း သိထားတဲ့ နှင်းရည်ကတော့ သေချာပေါက်ပြောနေသည်။

“မသိပါဘူးကွာ… ရောက်နေတာတောင် မသိလိုက်တော့ ဆက်သွယ်မလား ဘာလားတော့ မသိပါဘူးကွာ…”
“အဲလောက်လည်း ဖြစ်မနေပါနဲ့… စိတ်အေးအေးထားနော်… ငါ့ကလေး သိပ်လိုက်ဦးမယ်… နောက်မှ ပြောမယ်…”
“အေးအေး… အဲဒါဆို ဒါပဲလေ…”
“ဟဲ့… နင် စံပယ်ဆီက အဆက်အသွယ်ရရင် ငါ့ကိုလည်း ပြောဦး… သူငယ်ချင်းတွေ ဆုံကြရအောင်…နော်…”
“အေးအေး… ”

------ထ------

“ဟဲ့ကောင်… ငါပြောနေတာကြားရဲ့လား…” ဘေးက နှင်းရည်က စိတ်မရှည်သံနဲ့ ပြောတော့မှ…
“အင်း… ဘာပြောလိုက်တာလဲ…”
“ငါပြောနေတာ… နင် ပြန်တော့… နင့် ပရောဂျက်က ဒီနေ့ နောက်ဆုံး Presentation ဆို… သွားတော့… စံပယ်လည်း အထဲကို ၀င်သွားပြီ…”
Changi လေဆိပ်ရဲ့ Termianl 2 - Departure အ၀င်ပေါက်မှာ နှင်းရည် ကျွန်တော့်ကိုပြောနေခြင်း ဖြစ်ပါသည်။

“စံပယ်ကလည်း နင့်ကို ပြတ်ပြတ်သားသား ပြောထားတာပဲ… နင့်စိတ်ကို ဖြတ်လိုက်တော့… နင့်မှာလည်း ရှေ့ဆက်လုပ်စရာတွေရှိတာပဲကွာ…”
နှင်းရည် တစ်ယောက် သူငယ်ချင်းကောင်းပီသစွာ အားပေးစကားပြောရှာပါသည်။

“အေးပါ… ငါ နောက်ဆုံးတစ်ခါအနေနဲ့တော့ ကြိုးစားချင်သေးတယ်… သူစိတ်များ ပြောင်းလေမလားလို့ပေါ့…”

နှင်းရည်က သက်ပြင်းချကာ
“နင့်သဘောပဲ… အခုအဲဒါတွေ စဉ်းစားမနေနဲ့တော့… ပြန်တော့… ငါလည်း ကော်ဖီသွားသောက်ရင်း အလုပ်လုပ်လိုက်ဦးမယ်… ငါ့လေယာဉ်က နောက် ၁ နာရီလောက်နေမှထွက်မှာ…”
ထိုင်းကို အလုပ်ကိစ္စနဲ့သွားရမယ့် နှင်းရည်ကို နှုတ်ဆက်ထားခဲ့ပြီး အိမ်ပြန်ခဲ့ပါသည်။ စိတ်ထဲမှာတော့ အားမလျော့ချင်သေး။

------ထ------

ရင်ထဲက စကားလုံးတွေ ဖွင့်ထုတ်ချရင်း…. မျှော်လင့်ချက်လေးတော့ ထားလိုက်မိသည်။
ဘာတွေ ရေးထားတယ် ဆိုတာ စိတ်ဝင်စားမယ်ဆိုရင်တော့…. ဒီမှာပါ

------ထ------

စံပယ်ပြန်သွားပြီ နှစ်လလောက်နေတော့ နှင်းရည်တို့အိမ်မှာ သူငယ်ချင်းတွေ ထမင်း စုစားဖြစ်ကြသည်။

တစ်ယောက်တစ်ပေါက်စကားပြောရင်…

ကလျာက စပြီး…
“ဟဲ့… ဒီကောင် ရဲ့ ၁၃မျက်နှာ ကိစ္စပြောကြရအောင်…”
“ဘာလဲကွ ငါ့ရဲ့ ၁၃ မျက်နှာ… ”
“နင်လေ… စာရွက်ရေ ၁၃ မျက်နှာလောက် အသနားခံစာ ရေးပြီး စံပယ်ဆီ ပို့ထားတာလေ…”
“ဟင်… နင်တို့က ဘယ်လိုသိတာလဲ… ငါနင်တို့ကိုလည်း ပြောမထားပဲနဲ့…”
“စံပယ်ပြောတာပေါ့ဟဲ့… ငါတို့တောင် ဖတ်ရသေးတယ်” ဘေးက မဉ္ဇူက၀င်ပြောသည်။

“ဟင်…. ငါက သူဖတ်ဖို့ပဲပေးတာလေ… ဘာလို့ နင်တို့ဆီကို သူက ပို့ပြီး ဖတ်ခိုင်းတာလဲ…”
“… ”
“… ”

“နောက်ပြီး … နင်ကလည်း အသုံးမကျလိုက်တာ… နင့် တခြားကောင်မလေးဆီ ပို့ထားတဲ့ ကဗျာကို စံပယ်ဆီကို ပို့သေးတယ်လေ… အဲတော့ ဘယ်ကောင်မလေးက နင့်ကို ပြန်ကြိုက်မှာလဲ…” တည့်တည့်ပြောလေ့ရှိတဲ့ မဉ္ဇူကထပ်ပြောသည်။

“ဘယ်က ကဗျာလဲ… စံပယ်ဆီပို့တယ်ဆိုရင် သူ့အတွက်ပဲ ရည်စူးရေးတာပါ… ကဗျာကိုတော့ ငါ recycle မလုပ်ပါဘူးကွာ…”

အသည်းအသန် ခံစားခဲ့ရပြီး နှစ်လလောက်ကြာတော့ ကိုယ်စိတ်ကိုယ်ပြန်သိလာပြီထင်နေတုန်း အဟောင်းတွေ အသစ်တွေပြန်ဖြစ်လာသည်။

“သူ့မွေးနေ့တုန်းက ပို့တဲ့ ကဗျာလေဟာ… သူကပြောသွားတယ်… နင်က နင့်ရဲ့ ညီမလေးဆိုသူရဲ့ ၂၁ နှစ်ပြည့်အတွက် ပေးထားပြီးသားတဲ့…”

“အဲဒါကတော့ လုံးဝမဟုတ်ဘူး… စံပယ်က ဘာကိုကြည့်ပြီး ပြောတာလဲ…” ကျွန်တော့် စိတ်တွေ တော်တော်လှုပ်ရှားပြီး အသံတွေတောင် နည်းနည်းတုန်းလာသည်။

“အေး… နင်လုပ်ပြီး ဘာဖြစ်မှန်းတောင် မသိဘူး… တော်တော်လည်း တော်တဲ့ကောင်…” မဉ္ဇူက ထပ်ရွဲ့ပြောသည်။

“မဉ္ဇူရယ်… နင်ကလည်း စွတ်ပြောနေ… ဟိုအောင် ငိုတော့မယ်…” ဘေးက နှင်းရည်က ၀င်နောက်သည်။

“မငိုပါဘူးကွာ… ငါဘယ်လို အထင်လွဲတာလဲသိချင်လို့ပါ… ငါမလုပ်တဲ့ ကိစ္စ အပြောခံရတာ ဘာကြောင့်လဲလို့ သိချင်တာပါ….” ခပ်ထိန်းထိန်း ပဲ ပြန်ဖြေလိုက်သည်။

“ဒီလို… နင်ကဗျာ ပို့တုန်းက word ဖိုင်ဟုတ်… အေး အဲဒီဖိုင်ပေါ် mouse တင်ကြည့်လိုက်… for my sister’s 21st birthday ဆိုပြီး title ပေါ်နော်လိမ့်မယ်… အဲဒါပဲ… သိပြီလား…”

သြော်…. ဆိုးလိုက်တဲ့ကံ… ကဗျာကို English လိုရေးဖို့ ကျွန်တော် စု တု ပြု ရပါသည်။ စုတုန်းက ပထမဆုံးစာသားကို MS Word က ယူပြီး title လုပ်လိုက်တော့…. ဟားးးးးးးးးးးးးးးး
Bill Gates - ခင်ဗျားလုပ်လို့…. မရှိမဲ့ရှိမဲ့ အချစ်တွေ ကုန်ပြီဗျ….

မဉ္ဇူဆက်ပြီး
“အဲလောက်လည်း ဖြစ်မနေပါနဲ့… နင့်မှာလည်း သူမကြိုက်တာ အဲဒါလေးကြောင့် မဟုတ်ပါဘူး…. သူ ငါတို့ကို ပြောသွားတာကတော့ … နင့်မှာ အရင်က ရည်းစားတွေရှိခဲ့တယ်လေ…”
“အေးလေ… အဲတာတွေ ငါ သူ့ကို ပြောထားတာပဲ…”
“နေဦး… ငါပြောတာ မပြီးသေးဘူးလေ…. နင့်က မချမ်းသာဘူး…”
“သြော်… ”
“နင်က… သူအထင်ကြီးလောက်တဲ့ ၀င်ငွေလည်း မရှိဘူးတဲ့… ”
“သြော်… ”
“နောက်ရှိသေးတယ်… ဘာတဲ့… နင်က သိပ် roman မ tic လို့ဆိုလား…”
“သြော်… ”
“နောက်ပြီး… နင်က ရုပ်လည်းမချောလို့တဲ့… ”
“သြော်… ”
“ပြောသွားတာကတော့ စုံနေတာပဲ… ငါတို့လည်း သူ့ကို နားမလည်လိုက်ဘူးဟာ… ”
“သြော်… ”
“… ”
“… ”
“… ”
“သူလိုချင်တာ Perfect love … ”
“သြော်… ”
အချစ်ဆိုတာ တခါတလေတော့လည်း စိတ်ကူးယဉ်တာထက်တောင် ပိုပြီး ပြည့်စုံပါမှ ဖြစ်တတ်သည်ပါလား…
------ထ------


“နင်က ရည်စားတွေထားခဲ့… ဒီတစ်ယောက်ကိုလည်း ချစ်ခဲ့တော့ အချစ်ဆိုတဲ့အကြောင်းတွေ တော်တော် နားလည်မှာပေါ့….”
ရုတ်တရက် ကလျာက မေးလိုက်သည်။

“ငါလား… အခုအချိန်အထိ နားမလည်သေးဘူး… နားလည်ဖို့ ကြိုးစားနေတုန်းပဲ…”
“@#$#^$% &%^*#$^# $%@#%$… ”
“… ”



ဆက်ရေးဖို့ တောင်းဆိုပြီး စိတ်ရှည်လက်ရှည် စာဖတ် အားပေးတာကို ကျေးဇူးတင်ပါတယ်။


ဝန်ခံချက် -

ဒီပို့စ်ထဲမှာ တချို့အတွေ့အကြုံတွေသာ ဇာတ်လမ်းရဲ့ ကျောရိုးအဖြစ်နဲ့ အခြေခံထားတာသာလျှင်ဖြစ်ပြီး တချို့ အချက်အလက်တွေ နဲ့ စကားလုံးတွေဟာ ဇာတ်လမ်းအဖြစ် ဖတ်လို့ကောင်းစေရန် စိတ်ကူးနဲ့ရေးသားထားခြင်းသာလျှင် ဖြစ်ပါတယ်။

15 comments:

Moe Cho Thinn said...

မေ့ပစ်လိုက် မောင်လေးရေ.. မေ့ပစ်လိုက်။
ဖူးစာဆိုတာ ချမ်းသာတာ၊ ရုပ်ချောတာ၊ romantic တာတွေနဲ့ တခုမှ မဆိုင်ဘူး။
အဲဒါတွေ ထည့်ပေါင်းမှ အချစ်ဆိုရင် အမတို့ ပီတိတို့ တန်ဖိုးထားတဲ့ အချစ် မဟုတ်လောက်ပါဘူး။

မေ့ပစ်လိုက် မောင်လေးရေ.. မေ့ပစ်လိုက်။
ပျော်ပျော်နေနော်.. တနေ့ တကယ့် ဖူးစာရှင်နဲ့ ဆုံရမှာပါ။

ခင်မင်းဇော် said...

ကိုပီတိ ဒီစာလေးကိုဖတ်ရတာ စိတ်မကောင်းလိုက်တာ။
ချိုသင်းပြောသလိုပဲ မလွမ်းလောက်တဲ့ အချစ်ကလေးတွေပါဟာ။

အောင်သာငယ် said...

ဒါလေးများ .....
သနားတယ်လို့ ပြောလိုက်ပေါ့ ကိုပီတိရာ..
ခံစားမနေစမ်းပါနဲ့...

sin dan lar said...

သူက ကိုပီတိကိုချစ်တယ်လို့ ဆိုရင်တောင်
အကြောင်းပြချက်တစ်ခုခုကြောင့်ပဲ ဖြစ်ဖို့များနေပါတယ်..
အချစ်မှာ အကြောင်းပြချက်မရှိဘူးထင်ပါတယ်..
အပေါ်က ကောမန့်တွေလိုပဲ အကြံပေးချင်ပါတယ်...

sin dan lar said...

ကိုပီတိကိုခင်လို့အားပေးတာပါ၊ စပယ်ကို လူဆိုးလို့ ဆိုလိုရာရောက်သွားရင် ဆောရီးပါနော်..
အဲ့လို မရည်ရွယ်ပါဘူးးးးးးး(ခုမှပြန်ဖတ်ကြည့်မိလို့....)

လင်း said...

ကဲကဲ လွမ်းမနေနဲ့ တော့။ မမိုးချို ပြောသလို မေ့လိုက်တော့ မေ့လိုက်တော့။ ဒါကို သင်ခန်းစာ ယူပြီး အခုနောက်ဆုံးအချစ်နဲ့  reaman အရမ်းတစ်ပစ်လိုက်။( ရမ်းတုတ်တာ မှန်သွားရင်) အချစ်ဆိုသည်မှာ -၃ ကိုဆက်ရေးတော့။

ဂျစ်တူး - gyit_tu said...

အောင်မလေး ကိုပီတိကြီးလည်း အလွမ်းသမားကြီးဖြစ်ပီး လူတိုင်း ၀ိုင်းသနားတာ ခံနေရတယ် .. ကောင်းလိုက်လေခြင်း ခွိ ခွိ ။ ဟဲဟဲ ... စိတ်မရှိပါနဲ့ ... နောက်ချင်စိတ်က တားမရလို့ပါ ။

pandora said...

one goes, two come, three wait.
right?

ပုံရိပ် / Pon Yate said...

ဟိ အပေါ်က ကော်မန့်တွေ ဖတ်ရတာနဲ့တင် ပြည့်စုံ သွားပြီ။ အဆင်မပြေသေးရင် ကံမဆုံသေးလို့ပေါ့။ စိတ်မပျက်ပါနဲ့။ ကိုယ်တန်ဖိုးထားတာ တစ်နေ့ကျ ဖြစ်လာမှာပါ။ ဇာတ်သိမ်း ဖတ်ချင်တယ်နော်....။

P.Ti said...

အမချိုသင်း အမခင်မင်းဇော် ကိုအောင်သာငယ် sin dan lar လင်း ဂျစ်တူး ပန်ဒိုရာ နဲ့ ပုံရိပ် တို့... အားပေးတာကို ကျေးဇူးတင်ပါတယ်...

ကျွန်တော့်အနေနဲ့ ရိုးသားစွာ ၀န်ခံလိုတာကတော့ ဒီ ပို့စ်ထဲမှာ တချို့အတွေ့အကြုံတွေသာ ဇာတ်လမ်းရဲ့ ကျောရိုးအဖြစ်နဲ့ အခြေခံထားတာသာလျှင်ဖြစ်ပြီး တချို့ အချက်အလက်တွေ နဲ့ စကားလုံးတွေဟာ ဇာတ်လမ်းအဖြစ် ဖတ်လို့ကောင်းစေရန် စိတ်ကူးနဲ့ရေးသားထားခြင်းသာလျှင် ဖြစ်ပါတယ်။

အဲဒါကိုတော့ စာရေးခြင်း အနုပညာအဖြစ်လို့ ပဲ နားလည် ပေးကြပါနော်...

တန်ခူး said...

၂ ပိုင်းလုံးကို တပြိုင်တည်းဖတ်လိုက်တယ်… ခံစားရတိုင်းတော့ အချစ်မဟုတ်ဘူးနော်… ပြီးတော့ စိတ်လှုပ်ရှားတိုင်းလဲ အချစ်မဟုတ်ဘူးလေ… ပိုင်ဆိုင်လိုတိုင်းလဲ အချစ်မဟုတ်ပြန်ဘူး… ကိုယ့်ကို ချစ်စေချင်တာနဲ့  ကိုယ်ကချစ်တာကလဲ မတူပြန်ဘူး… ကိုပီတိရေ… အတိတ်က အချစ်လိုလိုတွေကို စိတ်မထိခိုက်နဲ့ တော့… အချစ်က ရှေ့ မှာရှိလိမ့်မယ်… ဆက်သာလျှောက်… ရောက်လာတော့ အရင်က မ တို့  ညီမလေးတို့  စပယ်တို့ နဲ့  တခြားစီဆိုတာ သိသွားလိမ့်မယ်… ငြိမ်းချမ်းအေးမြတဲ့ အချစ်စစ်ကို အမြန်ဆုံးတွေ့ ပါစေလို့ … ဘာပဲ ဖြစ်ဖြစ် ဖတ်လို့ တော့ အတော်ကောင်းတယ်… ရေးပေးတာ ကျေးဇူးပါနော်…

Pinkgold said...

မေ့ပါလို့တော့ မပြောချင်ပါဘူး.. ဘာကြောင့်လည်းဆိုတော့ တစ်ခါ တစ်ရံမှာ လွမ်းရတာလည်း ဘာမှ မဟုတ်ပဲနဲ့ကို အရသာ ရှိသားရှင့်

Kay said...

အချစ်ဆိုတာ တခါတလေတော့လည်း စိတ်ကူးယဉ်တာထက်တောင် ပိုပြီး ပြည့်စုံပါမှ ဖြစ်တတ်သည်ပါလား

အဲဒါလေးတော့ သဘောကျသွားပြီ။ အပေါ်ကလူတွေကလည်း.. စွတ်အားပေးနေကြတယ်။ သနားနေကြတယ်။ ဒီမှာ ပီတိ မှာဖြင့်..

အထူးပြုလုပ်ချက်တွေ ဆိုတာတော့..သိပ်မယုံပါဘူး။ ဟုတ်တယ်ဆိုရင်တော့..အချစ်ဝတ္တုလေးတွေ ဆက်ရေးပါလို့ အကြံပေးလိုက်မယ်။

P.Ti said...

မတန်ခူး အခုလို အချစ်ကိုခွဲခြားပြတာ ကျေးဇူးပါ.. ဟဲဟဲ တွေ့မှာပါနော်...

PinkGold ရေ.. အဲဒါလည်း ဟုတ်တာပဲ...

အချစ်ဝတ္ထုရေးတော့ရေးချင်တယ် မကေ.. ကြိုးစားကြည့်လိုက်ဦးမယ်..

နှင်းဆီနီနီ said...

ကွန်းမန့်ရေးဖို့ တော်တော်လိုက်ရှာလိုက်ရတယ်။ ဟီးး
စာရေးကောင်းတော့ ပထမ ပိုင်းကိုပါ ရှာဖတ်လိုက်ရ တယ်။ ဟီးး

Ratings