Thursday, November 6, 2008

ကြီးတာကိုမှ ကြိုက်တဲ့ သူ

အဲ… ခေါင်းစဉ်ကိုဖတ်ပြီး ဘာတွေလဲလို့တွေးနေဦးမယ်နော်။ လက်ကျန် ဆား ကို ထပ်ချက်လိုက်ပါတယ်။ အဟဲ….

ကျွန်တော် ရေးထားတာတွေကို ဖတ်ဖတ်ပြီး ကျွန်တော် ငယ်စဉ်က အဖြစ်အပျက်တွေကို သတိရမိလာတဲ့ မေမေက စာရေးပြီး ပို့ထားတာလေးပါ။

မိဘဆိုတော့လည်း ကိုယ့်သားသမီးတွေရဲ့ ငယ်စဉ်က အဖြစ်အပျက်လေးတွေကို သတိရပြီး ပြန်ပြောနေလေ့ရှိပါတတ်ပါတယ်။ အကြောင်းအရာအားဖြင့် တခြားလူတွေအတွက် သိပ်ပြီးတော့ မထူးဆန်းလှပေမယ့် မိဘတစ်ယောက်က သားသမီးတွေကို သတိရလို့ရေးထားတာမို့ အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

မေမေရေးပေးထားတာတော့ ကြာပါပြီ၊ အရင်ရေးထားတာတွေနဲ့ ဆက်တိုက်ဖြစ်နေရင် ငြီးငွေ့သွားမှာစိုးလို့ နည်းနည်းကြာတော့မှ တင်လိုက်တာပါ။


သက်စေ့ ရည်းစားရှိတယ်ဆိုတဲ့ သားငယ်ဟာ အမေ့ကျောင်းမှ ပျော်နေပါပြီ။ အမေစာသင်ချိန်မှာ ဆရာများနားနေခန်း (Common Room) ထဲမှာ အားချိန်ရတဲ့ ဆရာမတွေ နဲ့ စကားလက်ဆုံ ကျနေလေ့ရှိပါတယ်။

လေ့ကျင့်ခန်းစစ်စရာ၊ စာဖတ်စရာတွေရှိတဲ့အခါမှာတော့ သားငယ်ကို စာရွက်နဲ့ ခဲတံပေးပြီး ပုံဆွဲနေနော်လို့ ဆရာမတွေက ခိုင်းထားတတ်ပါတယ်။

သားငယ်က သူမြင်တွေ့နေကြဖြစ်တဲ့ ဆီဘောက်ဆာကားကြီးပုံတို့၊ လော်ရီကားကြီးပုံတို့ကို ဆွဲနေလေ့ရှိပါတယ်။

သားငယ်က ကားဆိုရင်လည်း အကြီးကြီးကိုကြိုက်ပါတယ်။

ချောက်မြို့ အရှေ့ဘက်၊ မြို့နဲ့ အတန်ဝေးတဲ့ ဂဲကြီးကုန်းမှာ နေရတဲ့ ဗျူဟာစစ်တပ်က ဆရာမငြိမ်းဆိုရင် စစ်လောရီကားကြီးနဲ့ ကျောင်းတက်ရပါတယ်။ ဆရာမကားနဲ့ ကားကြုံလိုက်တဲ့အချိန် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေဟာ လောရီကားကြီးအပြည့်ပါပဲ။

ဂဲကြီးကုန်းကနေ မြို့မြောက်ဖျားသို့ ဆင်းတဲ့လမ်းဘေးမှာ ကျွန်မတို့အိမ်ရှိတာဆိုတော့ တခါတလေ ကျွန်မတို့ သားမိတတွေ ငြိမ်း ရဲ့ကားကြီး အကြုံလိုက်ပါတယ်။ ကျောင်းက မြို့ရဲ့တောင်ဘက်၊ တမာအိုင့်ချောင်းတစ်ဖက်ကမ်းမှာရှိပါတယ်။ ကျောင်းတောင်ဘက်မှာ အဲဒီတုန်းက ဘာမှမရှိပါဘူး။ ယခုတော့ ကျောင်းက မြို့လယ်ဖြစ်နေပါပြီ။

ငြိမ်းက ရှိတဲ့ကားနဲ့ ကျောင်းကိုရောက်အောင်သာ လာခဲ့ရပေမယ့် စိတ်ညစ်ပါတယ်။ စိတ်ညစ်ရတဲ့ အကြောင်းက၊ ကားကြုံလိုက်သူတွေက ကားကြီးသလောက် အပြည့်ပါတာဆိုတော့ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ် အသွား အပြန်ခရီးကို ချောက်မြို့ကို အလျားလိုက် ဖြတ်သန်းသွားရပါတယ်။ မြို့ထဲ စည်ကားတဲ့နေရာ ဖြတ်သန်းရ၊ ကားရပ်ရဆိုတော့ သဲထိပ်ရင်ဖို ဖြစ်ရတာများတယ်ဆိုပဲ။

အကယ်၍ကားကြုံစီးသူများ မပါဘူးဆိုရင်တော့ ဂဲကြီးကုန်းနဲ့ အ.ထ.က (၁) ကို မြို့ထဲက မဖြတ်ပဲ တောလမ်းခရီးက ကုန်းတက်ကုန်းဆင်းသွားလို့ရတာကိုး။

အဲဒါကလည်း လမ်းရှင်းပေမယ် လမ်းအကွေ့အကောက်၊ ကုန်းတက်၊ ကုန်းဆင်း များတော့ ရင်တဖိုဖို၊ အသဲတအေးအေး ဖြစ်ရတာပဲတဲ့။ ကားငယ်ဆိုရင်တော့ ဒီလို မခံစားရတန်ဘူးလို့ ငြိမ်း က တွေးမိထင်ပါရဲ့။

“ဒေါ်လေးငြိမ်းကားကြီးက သိပ်ကောင်းတာပဲနော်၊ အကြီးကြီး အကြီးကြီး” နဲ့ သားငယ်က အားကျသံနဲ့ ပြောလို့မဆုံးရှိတတ်တယ်။

“သားငယ် ပြောတာနဲ့၊ ငါလည်း ကားကြီးကြီးစီးရလို့ စိတ်ညစ်တာတွေ ပျောက်သွားပြီဟဲ့…” လို့ ငြိမ်း က ပြန်ပြောလေတယ်။

တစ်ခါတုန်းက ရှေ့တန်းပြန်ရဲဘော်တွေကို သွားကြိုရပါတယ်။ လက်နက်ကြီး ကိုင်တောင်တဲ့ ရဲဘော်တွေကို အားကျခဲ့ဘူးတယ်။
“အဲဒါ ဘယ်သူတွေလဲ…” လို့ သားငယ်က မေးတယ်။
“စစ်သားတွေ…”
“ဟိုးး သေနတ်ငယ်ငယ်လေးကိုင် ထားတာကရော…”
“အဲဒါက စစ်ဗိုလ်…”
“ဒါဆို သားကြီးရင် စစ်သားကြီးလုပ်မယ်…” တဲ့

အဲလောက်ကြီးကြီးကြိုက်တဲ့သားငယ် အခုကြီးတော့ မိန်းမကြီးကြီးတော့ မယူတန်ကောင်းပါဘူးနော်… (မေမေပြောတာ… အသက်နော် အသက်…)

သင်ခန်းစာ အသစ်မသင်ရပဲ။ စာမေးတဲ့နေ့တွေမှာဆို ကျွန်မ သားငယ်ကို စာသင်ခန်းထဲခေါ်သွားပါတယ်။ ကျွန်မက ၉တန်း ရူပဗေဒသင်ရပါတယ်။ အရွေ့၊ အကွာအဝေး၊ အလျင်၊ အရှိန် တို့ကို ကွဲပြားအောင် ဥာဏ်စမ်း ပုစ္ဆာလေးတွေ ဆင်ပြီး မေးတတ်ပါတယ်။

ဥပမာ - မောင်မြဟာ သူ့အိမ်ရဲ့ အရှေ့ဖက် မီတာ ၁၀၀ ဝေးတဲ့ကျောင်းကို လမ်းလျှောက်သွားတယ်၊ ကျောင်းရောက်တဲ့အချိန်မှာ သူဘယ်လောက် ရွေ့ခဲ့ပြီလဲ။ ကွာအဝေးဘယ်လောက်လဲ…

အဲဒီ ပုစ္ဆာကို နောက်တစ်ခန်းမှာ အိမ်ရဲ့ အနောက်ဖက်လို့ ပြောမိရင်၊ သားငယ်က “မေမေ… အရှေ့ဘက်လေ… အရှေ့ဖက်…” လို့ ပြင်ပေးပါတယ်။

အကွာအဝေးကို ကိုက်၂၀၀ လို့ပြောလိုက်မိရင် “မီတာ ၁၀၀ ပါ.. မေမေကလည်း…” ပြင်ပေးပါတယ်။

“မေမေကလည်း… မှား မှား နေတာပဲ..” လို့လည်း ထပ်ဆင့်ပြောပါသေးတယ်။

အလျင်၊ အရှိန် တို့ရဲ့ ယူနစ်ကို ကျောင်းသားတွေကို မေးတဲ့အခါ ကျောင်းသားတွေက မဖြေနိုင်သေးခင် သားငယ်က ထောက်ပေးပါတယ်။

အရှိန် ရဲ့ ယူနစ်က ဖိပါစက္ကန့်စကွဲယား…
အလျင်ရဲ့ ယူနစ်က ဖိပါစက္ကန့် လို့ဖြေပါတယ်။
ယူနစ်တွေကို CGS, FPS System မှန်အောင် ပြောနိုင်ပါတယ်။

အမေက တစ်နေ့ ၆ ခန်းဝင်ရတာကိုး။ နေ့စဉ် အခါများစွာ အထပ်ထပ်ကြားနေရတော့လည်း မှတ်မိနေတာပေါ့။

ဥာဏ်ရည်ကောင်းတာကိုတော့ ၀မ်းသာမိပါပေမယ့်၊ လူကြီးတွေနဲ့ပေါင်း၊ စာကြီးတွေမှတ်နဲ့ အရွယ်နဲ့မလိုက်ဖက်တာတွေ တွေ့ကြုံရ၊ ကြားသိရ မှတ်နေရတာကိုတော့ ဂရုဏာသက်ခဲ့မိပါတယ်။

ကလေးဘ၀ အရွယ်တူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ ရွှင်ရွှင်မြူးမြူး ကြည်နူးစွာ ဖြတ်သန်းစေချင်ပါဘိတော့တယ်။


မေမေ
၁၄၊ ၈၊ ၂၀၀၈


ဆက်စပ်ဖတ်ရှုရန် ။ ။ ရည်းစား သက်စေ့ သားမှာရှိတယ်

6 comments:

Moe Cho Thinn said...

အံတီ့စာဖတ်ရတော့ ပီတိအကြောင်း ပိုသိရတာပေါ့။
ပီတိက ဥာဏ်ကောင်းတယ်နော်။ တို့ဆို အဲဒီလို တွက်တာ ချက်တာ ဘာမှ မတတ်။ တတ်မိရင်တောင် ခဏလေးနဲ့ မေ့သွားတာ။

အကြီးကြီးမှ ကြိုက်တယ်တဲ့..မလွယ်ကြောပါလား..။ :)

sin dan lar said...

ကိုပီတိငယ်ငယ်ကအကြာင်းတွေဖတ်ရင်းပြုံးမိတယ်...
ခုရော အကြိုက်ပြောင်းသွားပြီလား :D

ဂျစ်တူး - gyit_tu said...

အခုတော့ အသက်ကြီးတာ မကြိုက်တာတော့ အမှန်ပဲ ။ ဟိုတခေါက် အမတ၀မ်းကွဲအပျိုကြီးနဲ့ စပ်ပေးရမလားဆိုတော့ အသက်ကြီးတာ မဖြစ်သေးပါဖူးလေး ဘာလေးနဲ့ ။ အသက်ကြီးတာ ခု မကြိုက်ရင် ဘာကြီးတာ ကြိုက်မလဲဆိုတာတော့ အန်တီ့အစား မျက်ခုံးလှုပ်တယ် ကိုကြီးငပီတိ ရယ် အဟား ။

လင်း said...

အင်းးး ဂျစ်တူးပြောတာ စဉ်းစားဆရာဘဲ။ ဂျစ်တူးရေ သူရည်းစားရပြိဆိုတာနဲ့  ပြေးပြီးကြည့်ပြီး ပြန်ဖောက်သည်ချနော်။

strike said...

"ကြီးတာကိုမှ ကြိုက်တဲ့ သူ"
ဟယ် လူကိုထူပူသွားတာပဲ....အဟင်း ဟင်း ဟင့်

P.Ti said...

အမချိုသင်းရေ... ဥာဏ်ကတော့ မဆိုးပါဘူး... လူကသာ ပျင်းနေတာ... အဟဲ... အကြီးဆိုကြိုက်မိတာကိုး...

sin dan lar... တချို့ဟာတွေကို အကြီးတွေကိုကြိုက်တုန်းပဲ... အော်.. မုန့်တို့ဘာတို့ပြောပါတယ်..

အဟဲ.. ဂျစ်တူးကလည်း...

ဟားဟား... လင်းတို့က ပြေးတောင်ကြည့်ခိုင်းလိုက်သေးတယ်...

strike .. ခေါင်းစဉ်ပါပဲ... :D

Ratings