အသုံး
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုလျော့ရမည်။
အပြုံး
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုပေးရမည်။
အမုန်း
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုခံရမည်။
အသစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုလိုချင်သည်။
အပြစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုထိန်းရမည်။
အချစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ...... ။
Wednesday, December 31, 2008
နှစ်သစ် အတွေး
Posted by
P.Ti
at
Wednesday, December 31, 2008
6
comments
Links to this post
Labels: ကဗျာ
ကိုယ့်ကိုယ်ကို မုန်းသောအချက်များ
လင်းကရေးဖို့ပြောထားတာ ကြာနေပါပြီ။ ကိုယ့်ကိုယ်ကို မကြိုက်တဲ့ အချက်တွေ ၁၀ချက်ရေးပါတဲ့။ ကျွန်တော့်ထုံးစံအတိုင်း လာမည်ကြာမည် လို့ပြန်ပြောထားလိုက်တယ်။
အခုတော့ နှစ်မကုန်ခင် အကြွေးကုန်အောင်ရေးပေးလိုက်ပါတယ်။ ရေးခိုင်းတဲ့လူတောင် မေ့နေပြီထင်ပါတယ်။
ကဲလင်းရေ ၁၀ ချက်ကြီးများတောင်မကြိုက်မှတော့ ကိုယ်ကိုယ်ကို လက်ခံနိုင်ပါဦးမလား မသိတော့ဘူးနော်… အဲတော့ ရှိသလောက်ပဲရေးမယ်ဗျာ…
သေချာတာတစ်ခုကတော့ လူများခိုင်းလို့ တိုက်တွန်းတယ်ဆိုရင် ကောင်းတာကိုပဲဖြစ်ဖြစ် မကောင်းတာကိုပဲဖြစ်ဖြစ် မလုပ်ချင်ပါဘူး။ အခုပဲကြည့်လေ ဘယ်သူတွေလာတက်ဂ်လုပ်တော့် ရေးတော့ရေးပေးတယ်… ဒါပေမယ့် မလုပ်ချင်လုပ်ချင်နဲ့လေ။
ငယ်ငယ်တုန်းကဆို စိတ်ပါလက်ပါနဲ့ စာကျက်ဖို့ ပြင်ဆင်နေတုန်း တစ်ယောက်ယောက်က စာကျက်နော်လို့ လာပြောလိုက်ရင် စာမကျက်တော့ပဲ ချက်ချင်းအိပ်တာမျိုးလုပ်ခဲ့ပါတယ်။ ပျင်းပြီး စာမကျက်တဲ့အချိန်ဆိုလည်း စာကျက်လို့ပြောလည်း မကျက်ခဲ့ပါဘူး။ တကယ်တော့ ပျင်းတာကိုက ကိုယ့်ကိုယ်ကို မကြိုက်တဲ့အရာတစ်ခုပဲလေ။
The Ants အဖွဲ့ရဲ့ ပထမဆုံးအခွေထဲမှာ မောင်မောင်ဇော်လတ်ရေးထားတဲ့ ငပျင်းသီချင်းဖွင့်ပြီဆို မေမေက ငါ့သားကိုမြင်ပြီးရေးထားတာလားမသိဘူး လို့တောင်ပြောယူရတယ်။ သီချင်းစာသားထဲမှာ မေမေကြားတာက “… ငါ့မှာ ပျင်းရမှာတောင် ပျင်း ... ငပျင်း…” တဲ့လေ…
နောက်ပြီး ကျွန်တော်မှာ တစ်ချက်ဒေါသကြီးတာပါပဲ။ တစ်ခုခုဒေါသထွက်ပြီဆို ချက်ချင်းကောက်လုပ်မိတတ်ပါတယ်။ ပြီးတော့မှ အဲဒါမျိုး လုပ်ဖို့ မသင့်တော်ဘူးဆိုတာ သိလိုက်တာမျိုးပေါ့။ အသက်ကြီးလာတော့ နည်းနည်းတော့ ထိန်းနိုင်လာပါတယ်။
အရွဲ့တိုက်တတ်တာလည်း ပြင်သင့်ပါတယ်။ အခုတော့ မရှိသလောက်တော့ နည်းပေမယ့် ရှိတော့ ရှိနေပါသေးတယ်။ ငယ်ငယ်တုန်းက အလုပ်လုပ်တုန်းကဆို ရှိခွန်အား တတ်တဲ့ပညာ နဲ့ အတတ်နိုင်ဆုံး အလုပ်တစ်ခု လုပ်ထားတာကို အသုံးမကျဘူးလို့ ပြောတဲ့ လူကြီးတစ်ယောက်ကို ရွဲ့ပြီးပြောလိုက်လို့ နောက်ပိုင်း အဲဒီလူကြီးနဲ့ အဆင်မပြေတော့ပါဘူး။ ပြီးတော့ နောက်ကွယ်မှာ ရိုင်းတယ်ဆိုပြီး အပြောခံရပါတယ်။ လူလောကဆိုတာ နောက်ကွယ်မှာလုပ်ချင်ရာလုပ် ရှေ့မှာ သွားဖြီးပြရင် အဆင်ပြေတတ်ပါတယ်။ အခုတော့ အဲဒီ လူလောကကြီးထဲမှာ နေတတ်လာပါပြီ။
နောက်ဆုံးတစ်ခုကတော့ အသက်ငယ်စဉ်တုန်းကဖြစ်ခဲ့တဲ့ ကလဲ့စားချေလိုတဲ့စိတ်ပါပဲ။ ကိုယ်ခံစားရသလို တစ်ဖက်လူကိုပြန်ခံစားစေချင်တဲ့စိတ်ပါပဲ။ တစ်ချို့ ကိစ္စတွေမှာ တစ်ဖက်လူက ရည်ရွယ်ပြီး လုပ်တာမဟုတ်ပဲ မတော်တဆလည်းဖြစ်တတ်တယ်ဆိုတာကို နားလည်သင့်တာတွေရှိပါတယ်။ အသက်ကြီးလာတော့ ကိုယ့်ကိုရည်ရွယ်လုပ်ရင်တောင် စိတ်ဒေါသမထွက်ပဲ ကိုယ်ကိုယ်ကို ထိန်းနိုင်တယ်ဆို ကိုယ်ပဲစိတ်သက်သာရာရတယ်ဆိုတာ ပိုသိလာပြီး ကလဲ့စားချေချင်ရင်တောင် အဲဒီအတွေးကိုဖျောက်ပစ်လိုက်ပါတယ်။
ကျန်တဲ့ အပေါ်က မကြိုက်တဲ့ အချက်တွေကိုလည်း ကြိုးစားပြီးပြင်သွားမှာပါ။ တချို့ဟာတွေက ကိုယ့်ဆီမှာစွဲကပ်နေတာကြာပြီးဆိုတော့လည်း ပြင်ဖို့ရာ အချိန်တော်တော်လေးယူရမှာပေါ့။
ပျင်းတာကိုပြင်ဖို့ကို ပျင်းနေတာ… :P
Posted by
P.Ti
at
Wednesday, December 31, 2008
2
comments
Links to this post
Labels: Tag Game, ပီတိအကြောင်း
Wednesday, December 17, 2008
လပြည့်ည
Posted by
P.Ti
at
Wednesday, December 17, 2008
6
comments
Links to this post
Labels: ကဗျာ, ဓာတ်ပုံများ
Monday, December 15, 2008
ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၅
ဒီဇင်ဘာလ…
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်ပြီး X’mas New Year စတဲ့ ပိတ်ရက်တွေ ပွဲတော်တွေလည်းရှိ အပိုလစာတွေလည်းရတတ်လေ့ရှိတာတွေကြောင့် ဒီလရောက်ပြီဆို စိတ်ထဲမှာ အလိုလိုပျော်နေတတ်ပြီး အလုပ်လုပ်ချင်စိတ်တွေနည်းနေတတ်ကြပါတယ်။
ဒီနှစ် ဒီဇင်ဘာမှာတော့ ကမ္ဘာ့စီးပွားရေးကပျက်နေတော့ အရင်နှစ်တွေလောက် ကမ္ဘာကြီးကပျော်ရွှင်နိုင်မယ်မထင်ပါဘူး။ အထောက်အထား အချက်အလက်တွေထက် ပတ်ဝန်းကျင် အနေအထားနဲ့ ကိုယ့်အခြေအနေကို အခြေခံပြီး ပြောတာပါ။
အရင်လ နိုဝင်ဘာလ အစလောက်ကတည်းက အလုပ်အသစ်ရတာ သိသိသာသာနည်းသွားတာ လကုန်လောက်လည်းရောက်ရော အလုပ်က လုံးဝမရှိသလောက်ဖြစ်တော့ ရုံးမှာရှိတဲ့လူအကုန် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အလုပ်အသစ်ရရှိရေး အစွမ်းကုန် ကြိုးပမ်းရပါတော့တယ်။
အဲဒီအချိန်မှာ ရန်ကုန်က ဧည့်သည်တွေရောက်နေတော့ ရုံးပိတ်ရက်အချိန်မှာ သွားစရာရှိတဲ့ နေရာတွေလိုက်ပို့၊ ပြောစရာရှိတာတွေ ပြောကြဆိုတော့ အထိုက်အလျောက်တော့ စိတ်အပြောင်းအလဲတော့ ဖြစ်သွားပါတယ်။
ရန်ကုန်ကလူတွေနဲ့ ပြောကြတဲ့စကားတွေက အထူးအဆန်း မဟုတ်ပေမယ့် တိုးတက်ခြင်းမရှိ ဆုတ်ယုတ်လာတဲ့ မြန်မာလူငယ်တွေအကြောင်းကို ပိုပြီးသိလာရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ အခုခေတ်တက်လူငယ်တွေကြားမှာ ဖြစ်ချင်လိုချင်တဲ့အရာတစ်ခုကို ကြိုးစားပြီး ရယူလိုခြင်းထက် ဖြတ်လမ်းနည်း ဒါမှမဟုတ် ကြိုးမှုမပါပဲနဲ့အလွယ်တကူရလိုတဲ့ စိတ်ဓာတ်တွေ များပြားလာတဲ့အကြောင်းတွေပါပဲ။ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်မှာပေါ့။
ရန်ကုန်ကအလည်လာတဲ့ တစ်ယောက်က သူတို့အလုပ်မှာ အင်တာဗျူးတဲ့ အတွေ့အကြုံကိုပြောပြပါတယ်။ အလုပ်လာလျှောက်တဲ့ လူငယ်အများစုရဲ့ အလုပ်လျှောက်ထားတဲ့ ကိုယ်ရေးရာဇ၀င် (Resume) တွေဟာ ဖြစ်သလို ရေးထားတတ်ကြပြီး မမှားသင့်တဲ့ အင်္ဂလိပ်လို အမှားတွေလည်း အများကြီးတွေ့ရတယ် လို့ပြောပါတယ်။ အဆိုးဆုံးကတော့ ကိုယ်လျှောက်ထားတဲ့ အလုပ်ရဲ့အကြောင်းကို လုံးဝမသိခြင်းပါပဲ လို့ပြောပါတယ်။ အင်တာဗျူးတဲ့ အခါမှာ ဖြေဆိုတဲ့မှာလည်း အချိန်နောက်ကျတာကလည်း လူတိုင်းနီးပါးဖြစ်နေတယ်လို့ ဆက်ပြောပါသေးတယ်။
တကယ်တော့ ၀န်ထမ်းသစ်တစ်ယောက်ကို ခန့်ထားတယ်ဆိုတာ လုပ်ငန်းရှင်အတွက်က အင်မတန်အရေးကြီးပါတယ်။ ခန့်ထားလိုက်တဲ့ ၀န်ထမ်းတစ်ယောက်ကြောင့် လုပ်ငန်းမှာ အများကြီးတိုးတက်ပြောင်းလဲသွားနိုင်သလို လက်ရှိအလုပ်တွေလည်း အဆင်မပြေမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ရာထူးကြီးငယ်မဟူ ၀န်ထမ်းအသစ်ခန့်ထားခြင်း အရေးပါလှပါတယ်။ အဲလိုအချိန်မှာ အလုပ်လျှောက်ထားတဲ့သူက မိမိအကြောင်းရေးထားတဲ့ resume ကို မလေးမစားရေးခြင်း၊ ကိုယ်လျှောက်တဲ့ အလုပ်ရဲ့အကြောင်း နဲ့ ရာထူးအကြောင်း ကို လေ့လာထားခြင်းမရှိခြင်း၊ အင်တာဗျူးချိန်နောက်ကျခြင်း နဲ့ အင်တာဗျူးကောင်းစွာ မဖြေနိုင်ခြင်း ဆိုတာတွေက အလုပ်မရခြင်းရဲ့ အကြောင်းတွေဖြစ်ပါတယ်။
ရန်ကုန်က အလုပ်တော်တော်များများဟာ နီးစပ်ရာလူတွေပဲ ခန့်ထားတာဖြစ်လို့ နီးစပ်ရာအားကိုးရာမရှိရင် အလုပ်မရနိုင်ဆိုတဲ့ အသံတွေလည်းကြားရပါတယ်။ အဲလိုဖြစ်တာတွေရှိပေမယ့် ၁၀၀% အလုပ်လျှောက်တိုင်း ဖြစ်နေတယ်လို့ ကျွန်တော်မယူဆပါဘူး။ မိမိနဲ့ကိုက်ညီမယ့် အလုပ်ကိုရွေး၊ သေသေချာချာ resume ကိုရေး၊ အလုပ်အကြောင်းကိုလေ့လာ၊ အင်တာဗျူးကို လေ့ကျင့်ပြင်ဆင်ပြီးမှ အလုပ်လျှောက်မယ်ဆို ရနိုင်ဖို့ အခွင့်အလမ်းတွေ များလာမှာဖြစ်မှာဖြစ်ပါတယ်။
နောက်ဧည့်သည်တစ်ယောက်က ကျွန်တော်တို့ပြောနေတာကြားပြီးတော့ ၀င်ပြီးဆက်ပြောပါသေးတယ်။ သူပြောတာကတော့ အလုပ်အင်တာဗျူးအကြောင်းတော့ မဟုတ်ပါဘူး။ နိုင်ငံခြားကို ပညာတော်သင်သွားဖို့ လုပ်တဲ့ အင်တာဗျူးအကြောင်းပါပဲ။ လူတွေ့မေးတဲ့အခါမှာ ဘယ်နိုင်ငံက ဘယ်သင်တန်းကို သွားတက်ရမယ်ဆိုတာကို သေချာစွာမသိပဲ လျှောက်လွှာ တင်ထားတဲ့လူတွေ အများကြီးပါတာကို တွေ့ရတယ် လို့ပြောပါတယ်။ နောက်ဆုံးတော့ အင်တာဗျူးတဲ့ဆရာမကြီးတစ်ယောက်က အင်တာဗျူးလာတဲ့ ကျောင်းသူတစ်ယောက်ကို “အီသီယိုပီးယားမှာကျောင်းသွားတက်ရမှာ သွားမှာလားလို့…” မေးလိုက်တော့… “တကယ်လား…” လို့ ပြန်မေးလေရဲ့…. တဲ့
ကိုယ်လိုချင်ရင် ကိုယ်က လုံ့လ၀ီရိယနဲ့ ကြိုးစားအားထုတ်ရမယ်ဆိုတာကို ကျောင်းတွေက မသင်ပေးနိုင်တော့တဲ့ အဖြစ်တွေပဲလားတော့မသိပါဘူး။ (အဲဒါနဲ့ ပတ်သက်ပြီး ကိုရဲမွန်လည်း သူရဲ့ ခံစားချက်ကိုရေးထားတာလေးရှိပါတယ်။ ဒီမှာပါ...)
ကျွန်တော်တို့ငယ်စဉ်ကတော့ စာမေးပွဲဖြေဖို့အတွက်ဆို ကိုယ်တိုင် စာတွေကျက်မှတ် တွက်ချက်ပြီးပြင်ဆင်ရပါတယ်၊ ကိုယ်ပိုင်ဥာဏ်နဲ့ အားထုတ်ပြီးတော့ ဖြေဆိုရပါတယ်။ စာမေးပွဲကို ကိုယ်ပိုင်ဥာဏ်နဲ့ ဖြေဆိုရတာ၊ ဖြေပြီးတဲ့အချိန်မှာ တော်တော်လေးအရသာရှိတဲ့ ခံစားချက်ပါပဲ။
ကျွန်တော်တို့လည်း ခေတ်ကောင်းတွေပဲ ဖြတ်သန်းခဲ့ရတာမဟုတ်တော့ စာမေးပွဲမှာ စာတွေကူးချဖူးခဲ့ပါတယ်။ ၁၉၉၆ ဒီဇင်ဘာမှာ ကျောင်းပိတ်လိုက်ပြီးတော့ တက္ကသိုလ်စာမေးပွဲတွေကို အထက်တန်းကျောင်းတွေမှာဖြေတုန်းကပေါ့။ အဲဒီစာမေးပွဲဖြေပြီးတော့ ဘာမှမခံစားရသလို၊ ဂုဏ်လည်းမယူနိုင်ခဲ့ပါဘူး။ အဲဒီ စာမေးပွဲဖြေပြီးတော့ ပေါ့ပါးပြီးလွတ်လပ်တဲ့အရသာမခံစားရပဲ စိတ်ထဲမှာ နောက်ကျိပြီး ရှုတ်ထွေးသွားပါတယ်။
ဟိုရောက်ဒီရောက် တွေးမိတော့ တခါတလေမှာ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းတွေများတာကလည်း ကိုယ့်အခြေအနေမှန်ကို သေချာ မသိတာလည်းဖြစ်နိုင်ပါတယ်။ ရန်ကုန်ကနေပြီး အလုပ်လာရှာမယ့်သူငယ်ချင်းတွေကို မပျက်မကွက် မှာလေ့ရှိတာကတော့ language ကိုသေချာလုပ်လာဖို့ပါပဲ။ အဓိက ကတော့ အင်တာဗျူးကောင်ကောင်းဖြေနိုင်ဖို့နဲ့ လုပ်ငန်းခွင်အဆင်ပြေစေဖို့ပါပဲ။
အဲလိုပြောလိုက်တယ်ဆိုရင်
“ဘာ language ကိုလုပ်လာရမှာလဲ။ တရုတ်စကားပြောလားလို့…” အမေးခံရပါတယ်။
“English စကားပြောအဓိကထားလုပ်ရမှာ…” လို့ ပြောလိုက်တယ်ဆို
“ဟာကွာ မင်းကလည်း ဒီလောက်တော့ ငါတို့လည်း ပြောတတ်ပါတယ်…” ဆိုပြီး ပြန်ပြောပါတယ်။
ရန်ကုန်က သင်တန်းတက်ပြီး ပြီးမနေပဲ အင်္ဂလိပ်အသံထွက် ဇာတ်ကားတွေကြည့်၊ သတင်းတွေကြည့် သူတို့ပြောတာတွေနားထောင် အတုခိုး လိုက်ပြောကြည့်နဲ့ လုပ်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်္ဂလိပ်လို အင်မတန်တော်နေ တတ်နေလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲလိုလေ့လာခဲ့ဖူးလို့၊ အခုအခြေအနေမှာ ကိုယ့်ကို အထင်အမြင်အသေးမခံရလောက်အောင်တော့ အင်္ဂလိပ်လို ပြောနိုင် ဆိုနိုင် နေပါတယ်။ အကြောင်းလည်း တိုက်ဆိုင်လို့ပြောလိုက်တာပါ။
တကယ်ဆို ဘယ်အရာမှ လေ့လာလို့ ပြီးပြည့်စုံသွားတယ်လို့ မရှိပါဘူး လေ့လာလေ မသိတာတွေများလေပါပဲ။
စကားဆက်ပြောကြတော့လည်း စကားတွေက ဟိုရောက်ဒီရောက်ပေါ့။ ဒီခေါင်းစဉ်လိုပါပဲ…
ဧည့်သည်ထဲက လုပ်ငန်းရှင်တစ်ယောက်ပြောတာကလည်း စိတ်ဝင်စားစရာပါပဲ။ ရန်ကုန်က လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားလုပ်ခြင်း မလုပ်ခြင်းဟာ လစာနည်းခြင်း မနည်းခြင်းနဲ့ မဆိုင်ဘူးလို့ ဆိုတာပါတယ်။
အဲဒါလည်း ဟုတ်ပါတယ်။ လစာနည်းလို့ အလုပ်ကိုကောင်းကောင်းမလုပ်ဘူးဆိုတာက လွဲမှားတဲ့ စိတ်ဓာတ်ပါပဲ။ လစာပေးတာနည်းလို့မလုပ်ဘူးဆို ဒီအလုပ်ကို ဒီလစာနဲ့လုပ်မယ်လို့ ဘဘောတူခဲ့တာကလည်း ကိုယ်တိုင်ပဲလေ။ အဲတော့ ကိုယ့်ရဲ့အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ရမှာကလည်း ကိုယ့်ရဲ့တာဝန်ပဲပေါ့။ အမှန်က အလုပ်မှာ တာဝန်ပေါ့ပေါ့လျော့လျော့လုပ်ခြင်းဟာ လုပ်ငန်းရှင်ကိုထိခိုက်တာထက် ကိုယ့်ကို ထိခိုက်တာက ပိုများပါတယ်။ ဘာကိုထိခိုက်တာလဲဆိုတော့ စိတ်ဓာတ်ပါ။
အလုပ်ကို ကြိုးကြိုးစားစားလုပ်ချင်ပြီး တာဝန်ကျေချင်တဲ့ ကိုယ်ရဲ့ပင်ကိုယ်မူလ စိတ်ဓာတ်တွေကို မဖျက်စီးပစ်လိုက်ပါနဲ့။
နောက်ပြီး အဲဒီလုပ်ငန်းရှင်ကပဲဆက်ပြီးပြောတာကတော့ ကွန်ပျူတာလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပြောတယ်တဲ့ မြန်မာနိုင်ငံမှာ အိန္ဒိယက ကျောင်းဆင်းပြီးစ programmer တစ်ယောက်ကို USD 300 ပေးတာက မြန်မာနိုင်ငံမှာက programmer တစ်ယောက်ကို USD 100 ပေးခန့်ထားရတာထက် ပိုပြီးတွက်ခြေကိုက်တယ်လို့ ပြောဖူးပါတယ်တဲ့…
အကယ်၍ တကယ်ပဲ အဲဒီလိုမျိုး ကောက်ချက်မျိုးကို လုပ်ငန်းရှင်ကြီးတစ်ယောက်က ချခဲ့တယ် ဆိုလို့ရှိရင် တော်တော်လေး စဉ်းစားသင့်တဲ့အချက်ပါပဲ။ ရန်ကုန်မှာ တကယ်ပဲ အလုပ်ကြိုးစားချင်သူတွေ နည်းနေပြီလားဆိုတာပါပဲ။
အဲလိုပြောလိုက်တော့ ပိုက်ဆံများများပေးရင် အလုပ်တွေကြိုးစားပါတယ်၊ နိုင်ငံခြားမှရှိတဲ့ မြန်မာတွေကို ကြည့်ပါလား၊ အလုပ်ကြိုးစားလို့ နာမည်ကောင်းတွေထွက်နေပါတယ် လို့ ပြောမယ်ထင်ပါတယ်။ အဲဒီအတွက်တော့ သိပ်ပြီးမပြောလိုပါဘူး…
ဒါပေမယ့် ဒီမှာတော့ အထက်အရာရှိက မြန်မာဆိုလို့ရှိရင် အောက်အဆင့်က မြန်မာက အလုပ်ကောင်းကောင်းမလုပ်ဘူး ကလန်ကဆန်လုပ်တတ်တယ်လို့ ပြောသံတွေကြားဖူးရဲ့…
မြန်မာတွေ စိတ်ဓာတ်ကို ပြင်ဖို့လိုနေပြီ လို့ထင်ပါတယ်။
ကျွန်တော်လည်း အပါအ၀င်ပေါ့…
Posted by
P.Ti
at
Monday, December 15, 2008
7
comments
Links to this post
Labels: ဟိုရောက် ဒီရောက်
Wednesday, December 3, 2008
Cavenagh Bridge - Photos
တစ်နေ့က ကာဗာနာ တံတား (Cavenagh Bridge - အသံထွက်မှားရင် ပြင်ပေးသွားပါ) နားရောက်တုန်းက ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။
ကာဗာနာတံတားက စင်ကာပူမှာ တစ်ခုတည်းသော ကြိုးဆိုင်းတံတားဖြစ်ပြီး သက်တမ်းအရင့်ဆုံးတံတားတစ်စင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ၁၈၇၀ ခုနှစ်မှာဖွင့်လှစ်ခဲ့တာပါ။ အပြည့်အစုံကို ၀ီကီပီဒီယား မှာ ဖတ်ကြည့်နိုင်ပါတယ်
တံတားမှာအလှဆင်ထားတဲ့ မီးရောင်သုံးမျိုးနဲ့ သုံးပုံပါ။ စင်ကာပူမြစ်ထဲသွားတဲ့ အပျော်စီး စက်လှေဖြတ်ချိန်ကို စောင့်ပြီးရိုက်ထားတာပါ။
From Cavenagh Bridge |
From Cavenagh Bridge |
From Cavenagh Bridge |
Exposure: 30 sec (မိနစ်ဝက် အသက်မအောင့်နိုင်ပါက သုံးချောင်းထောက်နဲ့ရိုက်ပါ :P)
Aperture: f/22
ISO Speed: 100
White Balance: Auto (edited)
Camera: Nikon D60
Lens: Tamron 18-200
(ကင်မရာ အယူအဆကို TZA - ဒီကိုလာ ရဲ့ပုံစံကို အတုယူပြီး ရေးထားပါတယ်)
မှတ်ချက်။ ။ ကိုယ်ပိုင်ရိုက်ထားသော ဓာတ်ပုံတွေဖြစ်ပါသည်။ ဖလစ်ကာမှာ ရှာဖွေတွေ့ရှိပါကလည်း မူလပိုင်ရှင်သည် ပီတိသာလျှင်ဖြစ်ပါသည်။ အလကားယူသုံးခြင်းသည်းခံပါ။ အသုံးပြုလိုပါက ပိုက်ဆံပေးပြီး သုံးနိုင်ပါသည်။ :P :D
Posted by
P.Ti
at
Wednesday, December 03, 2008
10
comments
Links to this post
Labels: ဓာတ်ပုံများ