Monday, December 15, 2008

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၅

ဒီဇင်ဘာလ…

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်ပြီး X’mas New Year စတဲ့ ပိတ်ရက်တွေ ပွဲတော်တွေလည်းရှိ အပိုလစာတွေလည်းရတတ်လေ့ရှိတာတွေကြောင့် ဒီလရောက်ပြီဆို စိတ်ထဲမှာ အလိုလိုပျော်နေတတ်ပြီး အလုပ်လုပ်ချင်စိတ်တွေနည်းနေတတ်ကြပါတယ်။

ဒီနှစ် ဒီဇင်ဘာမှာတော့ ကမ္ဘာ့စီးပွားရေးကပျက်နေတော့ အရင်နှစ်တွေလောက် ကမ္ဘာကြီးကပျော်ရွှင်နိုင်မယ်မထင်ပါဘူး။ အထောက်အထား အချက်အလက်တွေထက် ပတ်ဝန်းကျင် အနေအထားနဲ့ ကိုယ့်အခြေအနေကို အခြေခံပြီး ပြောတာပါ။

အရင်လ နိုဝင်ဘာလ အစလောက်ကတည်းက အလုပ်အသစ်ရတာ သိသိသာသာနည်းသွားတာ လကုန်လောက်လည်းရောက်ရော အလုပ်က လုံးဝမရှိသလောက်ဖြစ်တော့ ရုံးမှာရှိတဲ့လူအကုန် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အလုပ်အသစ်ရရှိရေး အစွမ်းကုန် ကြိုးပမ်းရပါတော့တယ်။

အဲဒီအချိန်မှာ ရန်ကုန်က ဧည့်သည်တွေရောက်နေတော့ ရုံးပိတ်ရက်အချိန်မှာ သွားစရာရှိတဲ့ နေရာတွေလိုက်ပို့၊ ပြောစရာရှိတာတွေ ပြောကြဆိုတော့ အထိုက်အလျောက်တော့ စိတ်အပြောင်းအလဲတော့ ဖြစ်သွားပါတယ်။

ရန်ကုန်ကလူတွေနဲ့ ပြောကြတဲ့စကားတွေက အထူးအဆန်း မဟုတ်ပေမယ့် တိုးတက်ခြင်းမရှိ ဆုတ်ယုတ်လာတဲ့ မြန်မာလူငယ်တွေအကြောင်းကို ပိုပြီးသိလာရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ အခုခေတ်တက်လူငယ်တွေကြားမှာ ဖြစ်ချင်လိုချင်တဲ့အရာတစ်ခုကို ကြိုးစားပြီး ရယူလိုခြင်းထက် ဖြတ်လမ်းနည်း ဒါမှမဟုတ် ကြိုးမှုမပါပဲနဲ့အလွယ်တကူရလိုတဲ့ စိတ်ဓာတ်တွေ များပြားလာတဲ့အကြောင်းတွေပါပဲ။ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်မှာပေါ့။

ရန်ကုန်ကအလည်လာတဲ့ တစ်ယောက်က သူတို့အလုပ်မှာ အင်တာဗျူးတဲ့ အတွေ့အကြုံကိုပြောပြပါတယ်။ အလုပ်လာလျှောက်တဲ့ လူငယ်အများစုရဲ့ အလုပ်လျှောက်ထားတဲ့ ကိုယ်ရေးရာဇ၀င် (Resume) တွေဟာ ဖြစ်သလို ရေးထားတတ်ကြပြီး မမှားသင့်တဲ့ အင်္ဂလိပ်လို အမှားတွေလည်း အများကြီးတွေ့ရတယ် လို့ပြောပါတယ်။ အဆိုးဆုံးကတော့ ကိုယ်လျှောက်ထားတဲ့ အလုပ်ရဲ့အကြောင်းကို လုံးဝမသိခြင်းပါပဲ လို့ပြောပါတယ်။ အင်တာဗျူးတဲ့ အခါမှာ ဖြေဆိုတဲ့မှာလည်း အချိန်နောက်ကျတာကလည်း လူတိုင်းနီးပါးဖြစ်နေတယ်လို့ ဆက်ပြောပါသေးတယ်။

တကယ်တော့ ၀န်ထမ်းသစ်တစ်ယောက်ကို ခန့်ထားတယ်ဆိုတာ လုပ်ငန်းရှင်အတွက်က အင်မတန်အရေးကြီးပါတယ်။ ခန့်ထားလိုက်တဲ့ ၀န်ထမ်းတစ်ယောက်ကြောင့် လုပ်ငန်းမှာ အများကြီးတိုးတက်ပြောင်းလဲသွားနိုင်သလို လက်ရှိအလုပ်တွေလည်း အဆင်မပြေမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ရာထူးကြီးငယ်မဟူ ၀န်ထမ်းအသစ်ခန့်ထားခြင်း အရေးပါလှပါတယ်။ အဲလိုအချိန်မှာ အလုပ်လျှောက်ထားတဲ့သူက မိမိအကြောင်းရေးထားတဲ့ resume ကို မလေးမစားရေးခြင်း၊ ကိုယ်လျှောက်တဲ့ အလုပ်ရဲ့အကြောင်း နဲ့ ရာထူးအကြောင်း ကို လေ့လာထားခြင်းမရှိခြင်း၊ အင်တာဗျူးချိန်နောက်ကျခြင်း နဲ့ အင်တာဗျူးကောင်းစွာ မဖြေနိုင်ခြင်း ဆိုတာတွေက အလုပ်မရခြင်းရဲ့ အကြောင်းတွေဖြစ်ပါတယ်။

ရန်ကုန်က အလုပ်တော်တော်များများဟာ နီးစပ်ရာလူတွေပဲ ခန့်ထားတာဖြစ်လို့ နီးစပ်ရာအားကိုးရာမရှိရင် အလုပ်မရနိုင်ဆိုတဲ့ အသံတွေလည်းကြားရပါတယ်။ အဲလိုဖြစ်တာတွေရှိပေမယ့် ၁၀၀% အလုပ်လျှောက်တိုင်း ဖြစ်နေတယ်လို့ ကျွန်တော်မယူဆပါဘူး။ မိမိနဲ့ကိုက်ညီမယ့် အလုပ်ကိုရွေး၊ သေသေချာချာ resume ကိုရေး၊ အလုပ်အကြောင်းကိုလေ့လာ၊ အင်တာဗျူးကို လေ့ကျင့်ပြင်ဆင်ပြီးမှ အလုပ်လျှောက်မယ်ဆို ရနိုင်ဖို့ အခွင့်အလမ်းတွေ များလာမှာဖြစ်မှာဖြစ်ပါတယ်။

နောက်ဧည့်သည်တစ်ယောက်က ကျွန်တော်တို့ပြောနေတာကြားပြီးတော့ ၀င်ပြီးဆက်ပြောပါသေးတယ်။ သူပြောတာကတော့ အလုပ်အင်တာဗျူးအကြောင်းတော့ မဟုတ်ပါဘူး။ နိုင်ငံခြားကို ပညာတော်သင်သွားဖို့ လုပ်တဲ့ အင်တာဗျူးအကြောင်းပါပဲ။ လူတွေ့မေးတဲ့အခါမှာ ဘယ်နိုင်ငံက ဘယ်သင်တန်းကို သွားတက်ရမယ်ဆိုတာကို သေချာစွာမသိပဲ လျှောက်လွှာ တင်ထားတဲ့လူတွေ အများကြီးပါတာကို တွေ့ရတယ် လို့ပြောပါတယ်။ နောက်ဆုံးတော့ အင်တာဗျူးတဲ့ဆရာမကြီးတစ်ယောက်က အင်တာဗျူးလာတဲ့ ကျောင်းသူတစ်ယောက်ကို “အီသီယိုပီးယားမှာကျောင်းသွားတက်ရမှာ သွားမှာလားလို့…” မေးလိုက်တော့… “တကယ်လား…” လို့ ပြန်မေးလေရဲ့…. တဲ့

ကိုယ်လိုချင်ရင် ကိုယ်က လုံ့လ၀ီရိယနဲ့ ကြိုးစားအားထုတ်ရမယ်ဆိုတာကို ကျောင်းတွေက မသင်ပေးနိုင်တော့တဲ့ အဖြစ်တွေပဲလားတော့မသိပါဘူး။ (အဲဒါနဲ့ ပတ်သက်ပြီး ကိုရဲမွန်လည်း သူရဲ့ ခံစားချက်ကိုရေးထားတာလေးရှိပါတယ်။ ဒီမှာပါ...)

ကျွန်တော်တို့ငယ်စဉ်ကတော့ စာမေးပွဲဖြေဖို့အတွက်ဆို ကိုယ်တိုင် စာတွေကျက်မှတ် တွက်ချက်ပြီးပြင်ဆင်ရပါတယ်၊ ကိုယ်ပိုင်ဥာဏ်နဲ့ အားထုတ်ပြီးတော့ ဖြေဆိုရပါတယ်။ စာမေးပွဲကို ကိုယ်ပိုင်ဥာဏ်နဲ့ ဖြေဆိုရတာ၊ ဖြေပြီးတဲ့အချိန်မှာ တော်တော်လေးအရသာရှိတဲ့ ခံစားချက်ပါပဲ။

ကျွန်တော်တို့လည်း ခေတ်ကောင်းတွေပဲ ဖြတ်သန်းခဲ့ရတာမဟုတ်တော့ စာမေးပွဲမှာ စာတွေကူးချဖူးခဲ့ပါတယ်။ ၁၉၉၆ ဒီဇင်ဘာမှာ ကျောင်းပိတ်လိုက်ပြီးတော့ တက္ကသိုလ်စာမေးပွဲတွေကို အထက်တန်းကျောင်းတွေမှာဖြေတုန်းကပေါ့။ အဲဒီစာမေးပွဲဖြေပြီးတော့ ဘာမှမခံစားရသလို၊ ဂုဏ်လည်းမယူနိုင်ခဲ့ပါဘူး။ အဲဒီ စာမေးပွဲဖြေပြီးတော့ ပေါ့ပါးပြီးလွတ်လပ်တဲ့အရသာမခံစားရပဲ စိတ်ထဲမှာ နောက်ကျိပြီး ရှုတ်ထွေးသွားပါတယ်။

ဟိုရောက်ဒီရောက် တွေးမိတော့ တခါတလေမှာ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းတွေများတာကလည်း ကိုယ့်အခြေအနေမှန်ကို သေချာ မသိတာလည်းဖြစ်နိုင်ပါတယ်။ ရန်ကုန်ကနေပြီး အလုပ်လာရှာမယ့်သူငယ်ချင်းတွေကို မပျက်မကွက် မှာလေ့ရှိတာကတော့ language ကိုသေချာလုပ်လာဖို့ပါပဲ။ အဓိက ကတော့ အင်တာဗျူးကောင်ကောင်းဖြေနိုင်ဖို့နဲ့ လုပ်ငန်းခွင်အဆင်ပြေစေဖို့ပါပဲ။

အဲလိုပြောလိုက်တယ်ဆိုရင်
“ဘာ language ကိုလုပ်လာရမှာလဲ။ တရုတ်စကားပြောလားလို့…” အမေးခံရပါတယ်။
“English စကားပြောအဓိကထားလုပ်ရမှာ…” လို့ ပြောလိုက်တယ်ဆို
“ဟာကွာ မင်းကလည်း ဒီလောက်တော့ ငါတို့လည်း ပြောတတ်ပါတယ်…” ဆိုပြီး ပြန်ပြောပါတယ်။

ရန်ကုန်က သင်တန်းတက်ပြီး ပြီးမနေပဲ အင်္ဂလိပ်အသံထွက် ဇာတ်ကားတွေကြည့်၊ သတင်းတွေကြည့် သူတို့ပြောတာတွေနားထောင် အတုခိုး လိုက်ပြောကြည့်နဲ့ လုပ်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်္ဂလိပ်လို အင်မတန်တော်နေ တတ်နေလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲလိုလေ့လာခဲ့ဖူးလို့၊ အခုအခြေအနေမှာ ကိုယ့်ကို အထင်အမြင်အသေးမခံရလောက်အောင်တော့ အင်္ဂလိပ်လို ပြောနိုင် ဆိုနိုင် နေပါတယ်။ အကြောင်းလည်း တိုက်ဆိုင်လို့ပြောလိုက်တာပါ။

တကယ်ဆို ဘယ်အရာမှ လေ့လာလို့ ပြီးပြည့်စုံသွားတယ်လို့ မရှိပါဘူး လေ့လာလေ မသိတာတွေများလေပါပဲ။


စကားဆက်ပြောကြတော့လည်း စကားတွေက ဟိုရောက်ဒီရောက်ပေါ့။ ဒီခေါင်းစဉ်လိုပါပဲ…

ဧည့်သည်ထဲက လုပ်ငန်းရှင်တစ်ယောက်ပြောတာကလည်း စိတ်ဝင်စားစရာပါပဲ။ ရန်ကုန်က လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားလုပ်ခြင်း မလုပ်ခြင်းဟာ လစာနည်းခြင်း မနည်းခြင်းနဲ့ မဆိုင်ဘူးလို့ ဆိုတာပါတယ်။

အဲဒါလည်း ဟုတ်ပါတယ်။ လစာနည်းလို့ အလုပ်ကိုကောင်းကောင်းမလုပ်ဘူးဆိုတာက လွဲမှားတဲ့ စိတ်ဓာတ်ပါပဲ။ လစာပေးတာနည်းလို့မလုပ်ဘူးဆို ဒီအလုပ်ကို ဒီလစာနဲ့လုပ်မယ်လို့ ဘဘောတူခဲ့တာကလည်း ကိုယ်တိုင်ပဲလေ။ အဲတော့ ကိုယ့်ရဲ့အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ရမှာကလည်း ကိုယ့်ရဲ့တာဝန်ပဲပေါ့။ အမှန်က အလုပ်မှာ တာဝန်ပေါ့ပေါ့လျော့လျော့လုပ်ခြင်းဟာ လုပ်ငန်းရှင်ကိုထိခိုက်တာထက် ကိုယ့်ကို ထိခိုက်တာက ပိုများပါတယ်။ ဘာကိုထိခိုက်တာလဲဆိုတော့ စိတ်ဓာတ်ပါ။

အလုပ်ကို ကြိုးကြိုးစားစားလုပ်ချင်ပြီး တာဝန်ကျေချင်တဲ့ ကိုယ်ရဲ့ပင်ကိုယ်မူလ စိတ်ဓာတ်တွေကို မဖျက်စီးပစ်လိုက်ပါနဲ့။

နောက်ပြီး အဲဒီလုပ်ငန်းရှင်ကပဲဆက်ပြီးပြောတာကတော့ ကွန်ပျူတာလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပြောတယ်တဲ့ မြန်မာနိုင်ငံမှာ အိန္ဒိယက ကျောင်းဆင်းပြီးစ programmer တစ်ယောက်ကို USD 300 ပေးတာက မြန်မာနိုင်ငံမှာက programmer တစ်ယောက်ကို USD 100 ပေးခန့်ထားရတာထက် ပိုပြီးတွက်ခြေကိုက်တယ်လို့ ပြောဖူးပါတယ်တဲ့…

အကယ်၍ တကယ်ပဲ အဲဒီလိုမျိုး ကောက်ချက်မျိုးကို လုပ်ငန်းရှင်ကြီးတစ်ယောက်က ချခဲ့တယ် ဆိုလို့ရှိရင် တော်တော်လေး စဉ်းစားသင့်တဲ့အချက်ပါပဲ။ ရန်ကုန်မှာ တကယ်ပဲ အလုပ်ကြိုးစားချင်သူတွေ နည်းနေပြီလားဆိုတာပါပဲ။

အဲလိုပြောလိုက်တော့ ပိုက်ဆံများများပေးရင် အလုပ်တွေကြိုးစားပါတယ်၊ နိုင်ငံခြားမှရှိတဲ့ မြန်မာတွေကို ကြည့်ပါလား၊ အလုပ်ကြိုးစားလို့ နာမည်ကောင်းတွေထွက်နေပါတယ် လို့ ပြောမယ်ထင်ပါတယ်။ အဲဒီအတွက်တော့ သိပ်ပြီးမပြောလိုပါဘူး…

ဒါပေမယ့် ဒီမှာတော့ အထက်အရာရှိက မြန်မာဆိုလို့ရှိရင် အောက်အဆင့်က မြန်မာက အလုပ်ကောင်းကောင်းမလုပ်ဘူး ကလန်ကဆန်လုပ်တတ်တယ်လို့ ပြောသံတွေကြားဖူးရဲ့…

မြန်မာတွေ စိတ်ဓာတ်ကို ပြင်ဖို့လိုနေပြီ လို့ထင်ပါတယ်။

ကျွန်တော်လည်း အပါအ၀င်ပေါ့…

7 comments:

ရွှေဂျမ်း said...

အထူးသဖြင့် လူငယ်တွေ သတိထား ပြင်ဆင်သင့်တာလေးတွေကို ဖတ်ရတာ တန်ဖိုးရှိပါတယ်။ လစာနည်းလို့ အလုပ်ကို ကောင်းကောင်းမလုပ်ဘူးဆိုတဲ့ စိတ်ဓါတ်ကတော့ မြန်မာတင်မဟုတ် တခြားလူမျိုးတွေမှာလည်း ရှိတာမို့ လူပေါ်မှာနဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ် စိတ်အားထက်သန်မှုပေါ်မှာပါ မူတည်မယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာ မြန်မာဆိုတာကို နာမည်ကောင်းနဲ့ပဲ မြင်စေချင်တာပါပဲ။

ပုံရိပ် / Pon Yate said...

ခေတ်ရယ် စနစ်ရယ် အကျင့်ရယ် ရှိသလို လူတစ်ဦးချင်းစီရဲ့ စိတ်ထားလဲ ပါမှာပေါ့လေ။ အထူးသဖြင့် မြန်မာပြည်သား သိပ်မများတဲ့ နေရာတွေမှာ ကိုယ့်ကို ကြည့်ပြီး ကိုယ့်နိုင်ငံသားတွေကို ခြုံမြင်မှာ စိုးတော့ ပိုပြီးတောင် တာဝန်ကြီးပါသေးတယ်။

လင်း said...

ရွှေဂျမ်းပြောသလိုပါဘဲ။လူပေါ်မှာနဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ် စိတ်အားထက်သန်မှုပေါ်မှာပါ မူတည်မယ် ထင်ပါတယ် ဒါပေမဲ့ နိုင်ငံရပ်ခြားမှာတော့ မြန်မာမို့ လို့ လို့ လက်ညှိုးထိုးမခံရစေချင်ဘူး။

သတိထားသင့်တဲ့အချက်လေးတွေပါ ပီတိရေ။ ကျေးဇူးပါ။မြန်မာတွေ စိတ်ဓါတ်ပြင်ဖို့ လိုပြီဆိုလို့  ပြင်လိုက်အုန်းမယ်။

Moe Cho Thinn said...

တကယ်တော့ တို့မြန်မာတွေ အများစုက စိတ်ရင်းကောင်းတယ်။ သစ္စာရှိတယ်။ အလုပ်ကြိုးစားတယ်။ ကိုယ့်အလုပ်လို သဘောထားပြီး လုပ်တယ်လို့ ဒီမှာတော့ နံမည်ထွက်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ တခုခုဆို တိုင်မယ်၊ sue မယ်ဆိုတဲ့လူတွေချည်းပဲမို့ မြန်မာက သည်းခံတာ အကျင့်ပါခဲ့ပြီကိုးလေ။ ဒါကို အခွင့်အရေးယူတဲ့ သဌေးတွေလဲ ရှိတာ တွေ့ရတယ်။
အမကတော့ ကိုယ့်အခြေခံ အခွင့်အရေးလဲ နားလည်၊ တာဝန်လဲကျေ၊ ကိုယ့်အလုပ်မှာလဲ အားကိုးရလောက်အောင် ကျွမ်းကျင်နေရင် အလုပ်ဆိုတာ ကိုယ့် second home ပဲမို့ အလုပ်မှာ ပျော်ပြီး စိတ်ချမ်းသာလိမ့်မယ် ထင်မိတယ်။

ThuHninSee said...

အရင်ကတော့ တိုးတိုးတိတ်တိတ်ပဲ
လာဖတ်တယ်။
ဒီနေ့..အသံပေးသွားပါတယ်။

P.Ti said...

ဟုတ်ပါတယ် ရွှေဂျမ်းရေ... တကယ်က ကိုယ့်လူမျိုးတွေ ကြိုးစားတိုးတက်စေချင်တဲ့ ဆန္ဒပါပဲ. :)

ပုံရိပ်နေတဲ့ အရပ်ဒေသက မြန်မာလူမျိုးနည်းတယ်ဆိုရင် ပိုပြီးတော့ ကြိုးစားရမှာပေါ့။ ပုံရိပ်က အဲဒါဒေသမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ဖြစ်နေပြီကိုး။ :D

လင်းကရော ဘာတွေပြင်စရာရှိလို့လဲ။ အစားလျှော့စားပြီး အလုပ်ပိုလုပ်ဖို့လား... :P

ဟုတ်တယ် အမချိုသင်း အမပြောတာကိုလက်ခံပါတယ်။ မြန်မာတွေက စိတ်ရင်းကောင်းတယ်။ သစ္စာရှိတယ်။ အလုပ်ကြိုးစားတယ်။ ကိုယ့်အလုပ်လို သဘောထားပြီး လုပ်တယ်။
တချို့နေရာတွေမှာ မလိုအပ်ပဲ အားနာတယ်၊ သည်းခံတတ်တယ်။ မဖြစ်သင့်တဲ့နေရာတွေမှာ ဒေါသကြီးပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြတယ်။
တချို့နေရာတွေမှာ တလွဲဆံပင်ကောင်း တတ်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရေးချင်တာလေးရှိပါတယ်။
အမတစ်ယောက် အလုပ်မှာ ပျော်ရွှင်စိတ်ချမ်းသာတယ်ဆိုတာကို ၀မ်းသာပါတယ်။ အမ စာများများရေးနိုင်တော့ ကောင်းတာပေါ့။ အမရေးတာတွေက ဖတ်လို့ကောင်းလို့... ;)

အသံမကြားရအောင်ပေးသွားတဲ့ သုနှင်းဆီကို ကျေးဇူးတင်ပါတယ်။

အသံမပေးပဲဖတ်တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စာဖတ်တယ်ဆိုတာလည်း အချိန်ပေးရတယ် မဟုတ်လား။

ယောနသံစင်ရော် said...

ပီတိရေးထားတဲ့ အလုပ်လစာနည်းလို့ အလုပ်ကောင်းကောင်းမလုပ်ချင်ကြတာ လွဲမှားတဲ့စိတ်ဓာတ်ဆိုတာ... အပြည့်အဝထောက်ခံတယ်.. အလုပ်ကို စလက်ခံထဲက အလုပ်ရှင်တွေက ပေးမဲ့လစာကိုပြောလေ့ရှိသလို၊ ကိုယ်တိုင်ကလည်း မေးရမဲ့တာဝန်ရှိတာပဲ။ အဲဒီအချိန်မှာ မကြိုက်ရင် မလုပ်ဘဲနေရုံရှိတာပေါ့။ လုပ်ပြီးမှ လခနည်းလို့ အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုတာ ကောင်းတဲ့ စိတ်ဓာတ်မဟုတ်ဘူး။
ဒီ ပို့စ်မျိုးလေးတွေများများရေး ပါလို့တောင်းဆိုချင်ပါတယ်။ အမျိုးသားရေးအနေနဲ့ပါ စိတ်ဓာတ်တွေကိုပြောင်းလွဲရမှာပါ။

Ratings