Wednesday, December 31, 2008

ကိုယ့်ကိုယ်ကို မုန်းသောအချက်များ

လင်းကရေးဖို့ပြောထားတာ ကြာနေပါပြီ။ ကိုယ့်ကိုယ်ကို မကြိုက်တဲ့ အချက်တွေ ၁၀ချက်ရေးပါတဲ့။ ကျွန်တော့်ထုံးစံအတိုင်း လာမည်ကြာမည် လို့ပြန်ပြောထားလိုက်တယ်။

အခုတော့ နှစ်မကုန်ခင် အကြွေးကုန်အောင်ရေးပေးလိုက်ပါတယ်။ ရေးခိုင်းတဲ့လူတောင် မေ့နေပြီထင်ပါတယ်။

ကဲလင်းရေ ၁၀ ချက်ကြီးများတောင်မကြိုက်မှတော့ ကိုယ်ကိုယ်ကို လက်ခံနိုင်ပါဦးမလား မသိတော့ဘူးနော်… အဲတော့ ရှိသလောက်ပဲရေးမယ်ဗျာ…

သေချာတာတစ်ခုကတော့ လူများခိုင်းလို့ တိုက်တွန်းတယ်ဆိုရင် ကောင်းတာကိုပဲဖြစ်ဖြစ် မကောင်းတာကိုပဲဖြစ်ဖြစ် မလုပ်ချင်ပါဘူး။ အခုပဲကြည့်လေ ဘယ်သူတွေလာတက်ဂ်လုပ်တော့် ရေးတော့ရေးပေးတယ်… ဒါပေမယ့် မလုပ်ချင်လုပ်ချင်နဲ့လေ။

ငယ်ငယ်တုန်းကဆို စိတ်ပါလက်ပါနဲ့ စာကျက်ဖို့ ပြင်ဆင်နေတုန်း တစ်ယောက်ယောက်က စာကျက်နော်လို့ လာပြောလိုက်ရင် စာမကျက်တော့ပဲ ချက်ချင်းအိပ်တာမျိုးလုပ်ခဲ့ပါတယ်။ ပျင်းပြီး စာမကျက်တဲ့အချိန်ဆိုလည်း စာကျက်လို့ပြောလည်း မကျက်ခဲ့ပါဘူး။ တကယ်တော့ ပျင်းတာကိုက ကိုယ့်ကိုယ်ကို မကြိုက်တဲ့အရာတစ်ခုပဲလေ။

The Ants အဖွဲ့ရဲ့ ပထမဆုံးအခွေထဲမှာ မောင်မောင်ဇော်လတ်ရေးထားတဲ့ ငပျင်းသီချင်းဖွင့်ပြီဆို မေမေက ငါ့သားကိုမြင်ပြီးရေးထားတာလားမသိဘူး လို့တောင်ပြောယူရတယ်။ သီချင်းစာသားထဲမှာ မေမေကြားတာက “… ငါ့မှာ ပျင်းရမှာတောင် ပျင်း ... ငပျင်း…” တဲ့လေ…

နောက်ပြီး ကျွန်တော်မှာ တစ်ချက်ဒေါသကြီးတာပါပဲ။ တစ်ခုခုဒေါသထွက်ပြီဆို ချက်ချင်းကောက်လုပ်မိတတ်ပါတယ်။ ပြီးတော့မှ အဲဒါမျိုး လုပ်ဖို့ မသင့်တော်ဘူးဆိုတာ သိလိုက်တာမျိုးပေါ့။ အသက်ကြီးလာတော့ နည်းနည်းတော့ ထိန်းနိုင်လာပါတယ်။

အရွဲ့တိုက်တတ်တာလည်း ပြင်သင့်ပါတယ်။ အခုတော့ မရှိသလောက်တော့ နည်းပေမယ့် ရှိတော့ ရှိနေပါသေးတယ်။ ငယ်ငယ်တုန်းက အလုပ်လုပ်တုန်းကဆို ရှိခွန်အား တတ်တဲ့ပညာ နဲ့ အတတ်နိုင်ဆုံး အလုပ်တစ်ခု လုပ်ထားတာကို အသုံးမကျဘူးလို့ ပြောတဲ့ လူကြီးတစ်ယောက်ကို ရွဲ့ပြီးပြောလိုက်လို့ နောက်ပိုင်း အဲဒီလူကြီးနဲ့ အဆင်မပြေတော့ပါဘူး။ ပြီးတော့ နောက်ကွယ်မှာ ရိုင်းတယ်ဆိုပြီး အပြောခံရပါတယ်။ လူလောကဆိုတာ နောက်ကွယ်မှာလုပ်ချင်ရာလုပ် ရှေ့မှာ သွားဖြီးပြရင် အဆင်ပြေတတ်ပါတယ်။ အခုတော့ အဲဒီ လူလောကကြီးထဲမှာ နေတတ်လာပါပြီ။

နောက်ဆုံးတစ်ခုကတော့ အသက်ငယ်စဉ်တုန်းကဖြစ်ခဲ့တဲ့ ကလဲ့စားချေလိုတဲ့စိတ်ပါပဲ။ ကိုယ်ခံစားရသလို တစ်ဖက်လူကိုပြန်ခံစားစေချင်တဲ့စိတ်ပါပဲ။ တစ်ချို့ ကိစ္စတွေမှာ တစ်ဖက်လူက ရည်ရွယ်ပြီး လုပ်တာမဟုတ်ပဲ မတော်တဆလည်းဖြစ်တတ်တယ်ဆိုတာကို နားလည်သင့်တာတွေရှိပါတယ်။ အသက်ကြီးလာတော့ ကိုယ့်ကိုရည်ရွယ်လုပ်ရင်တောင် စိတ်ဒေါသမထွက်ပဲ ကိုယ်ကိုယ်ကို ထိန်းနိုင်တယ်ဆို ကိုယ်ပဲစိတ်သက်သာရာရတယ်ဆိုတာ ပိုသိလာပြီး ကလဲ့စားချေချင်ရင်တောင် အဲဒီအတွေးကိုဖျောက်ပစ်လိုက်ပါတယ်။

ကျန်တဲ့ အပေါ်က မကြိုက်တဲ့ အချက်တွေကိုလည်း ကြိုးစားပြီးပြင်သွားမှာပါ။ တချို့ဟာတွေက ကိုယ့်ဆီမှာစွဲကပ်နေတာကြာပြီးဆိုတော့လည်း ပြင်ဖို့ရာ အချိန်တော်တော်လေးယူရမှာပေါ့။

ပျင်းတာကိုပြင်ဖို့ကို ပျင်းနေတာ… :P

2 comments:

လင်း said...

အမယ် အကြွေးရှင်က မမေ့ဘူးနော်။ တောင်းရတာ မောလာလို့  လက်လျှော့လိုက်တာ ။ တကတည်း tag ကြွေးကိုခုမှ ဆပ်တော့တယ်။

ကလဲ့စားချေတတ်၊ အရွဲ့ တိုက်တတ် တယ်ဆိုပါလား ။ အမလေးးးကြောက်စရာ။ အခုလည်း ခနခန အကြွေးလာတောင်းနေလို့  ရွဲ့ ပြီးမရေးတာဖြစ်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရေးပေးတာ ကျေးဇူး

P.Ti said...

မကြောက်ပါနဲ့ လင်းရယ်.. အဲ ရွဲ့ပြီးမရေးတာမဟုတ်...သူများတွေ ရေးနေတော့ မရေးချင်တာ... :P

Ratings