Thursday, December 24, 2009

Merry Christmas & Happy New Year




၂၀၁၀ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ။

Read More...

Tuesday, December 22, 2009

စာပေဟောပြောပွဲ နောက်ဆက်တွဲ

မနေ့က စာအုပ်တွေလိုချင်သေးတော့ Peninsula Plaza မှာ သွားဝယ်တော့ ၂၀၀၉ စာပေဟောပြောပွဲစီစဉ်တဲ့ သူတွေနဲ့ ဖြစ်တဲ့ ဆရာကောင်းမြတ်နွယ်တို့နဲ့ စကားပြောခဲ့ရပါတယ်။ သူတို့လည်း နားထောင်တဲ့သူတွေလို ပျော်ရွှင်ပီတိဖြစ်ရလို့ အလုပ်တောင်မလုပ်နိုင်ပဲ မနေ့က တနေ့လုံး အဲဒီအကြောင်းကိုပဲ ပြောနေဖြစ်တယ်တဲ့။ ဟုတ်မှာပါပဲ စာပေ၀ါသနာပါတဲ့လူတွေဆိုတော့ စင်ကာပူမှာ ပထမဆုံးအကြိမ် ဒီလိုပွဲမျိုးစီစဉ်လိုက်တာ အောင်မြင်သွားတယ်ဆိုတော့ အင်မတန်ဝမ်းသာနေမယ်ဆိုတာ။ ကျွန်တော်တို့လည်း အခုလို အောင်မြင်သွားတာ ၀မ်းသာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်နှစ်တွေမှာ လုပ်ဖြစ်ဖို့အတွက် လမ်းစပွင့်သွားလို့ပါပဲ။

ပွဲစီစဉ်တဲ့ သူတွေက ကျွန်တော့်ကို ဘယ်လိုခံစားရသလဲလို့မေးတော့ စိတ်မှာ လိုအပ်နေတာတစ်ခု ကျေကျေနပ်နပ် ပြည့်ဝသွားတယ်လို့ ခံစားမိတယ် ပြန်ဖြေလိုက်တယ်။ နောက်ပြီးတော့ ပေးရတဲ့ပိုက်ဆံထက် အဆပေါင်းများစွာတန်ဖိုးရှိတဲ့ အသိပညာ ဗဟုသုတတွေကို ရလိုက်ရတယ်။ ဂီတပွဲတစ်ခုကို $60 လောက်ပေးပြီးကြည့်လိုက်ရတာဟာ ခဏတာ စိတ်ထွက်ပေါက်ကိုသာရပြီး ဒီလိုပွဲမျိုးကို $15 ပေးပြီးကြည့်ရတာ ခဏခဏစိတ်ပျော်ရွှင်မှုရပါတယ်။ နောက်ပြီး အမြတ်အစွန်းတွေကို လိုအပ်နေတဲ့ စာရေးဆရာတွေကို ထောက်ပံ့ပေးမယ်ဆိုတော့ လက်မှတ်တန်ဖိုးက ဒီအထက်ပိုပြီး ပေးရမယ်ဆိုလည်း ပေးပြီးကြည့်ဖြစ်မယ်လို့ ကျွန်တော့်ခံစားချက်ကိုပြောလိုက်မိတယ်။ ဖြစ်နိုင်ရင်တော့ နောက်နှစ်မှာ လူများများ နားထောင်လို့ရအောင် နေရာကျယ်ကျယ်မှာ အခုလိုဈေးမျိုးနဲ့ လုပ်နိုင်ရင် သိပ်ကောင်းမှာလို့လည်း ပြောလိုက်မိသေးတယ်။

နောက်နှစ်ကို ဘယ်လိုစာရေးဆရာတွေကို ဖိတ်စေချင်လဲလို့မေးတော့ အတွေ့အကြုံများပြီး စာရေးကောင်းတဲ့ ဆရာတွေကို ဖိတ်စေချင်ပါတယ်လို့လည်း ဖြေလိုက်မိတယ်။ ဥပမာ အကြံပြုလွှာထဲမှာပါတဲ့ သုမောင်၊ လယ်တွင်းသားစောချစ် တို့လိုဆရာတွေပေါ့။ အသက်အရွယ်ငယ်သေးတဲ့ စာရေးဆရာပြောတာကိုတော့ သိပ်စိတ်မ၀င်စားဘူးလို့ဖြေမိတယ်။ အကြောင်းပြချက်ကတော့ ကိုယ့်အသက်ပတ်ဝန်းကျင်အရွယ် စာရေးဆရာလေးတွေဆီကထက် အသက်အရွယ်ကြီးပြီး အတွေ့အကြုံများတဲ့ဆရာတွေဆီက ရစရာယူစရာတွေ အများကြီးရှိတယ်လို့ ထင်မိလို့ပါပဲ။

အခု ဟောပြောပွဲမှာတောင်ကြည့်ပါ ဆရာချစ်ဦးညိုက အကောင်းဆုံးပြောနိုင်တဲ့သူဖြစ်ပါတယ်။ နောက်တော့ ဆရာနေ၀င်းမြင့်၊ ပြီးတော့မှ ဆရာမဂျူးပါ။ အသက်ကြောင့်တခုတည်းရယ်မဟုတ်ပါဘူး များသောအားဖြင့် အမျိုးသားစာရေးဆရာတွေက အမျိုးသမီးစာရေးဆရာတွေထက် အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ပိုပြီးစကားပြောကောင်းလေ့ရှိပါတယ်။ အဲလိုပြောရင် ဆရာမဂျူးတစ်ယောက် ယောင်္ကျားမိန်းမ ခွဲခြားတယ်များ ပြောနေမလားမသိဘူးနော်…

စာရေးဆရာတွေ လက်မှတ်တွေက ရခဲတာမို့ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ စာအုပ်တွေထပ်ဝယ်တာ၊ ဆရာနေ၀င်းမြင့်ရဲ့ ဆယ့်နှစ်ကြိုး၊ အိမ်လေးဆယ့်ခြောက်လုံး နဲ့ ဆရာမဂျူးရဲ့ သူမင်းကိုဘယ်တော့မှ စာအုပ်တွေက ကုန်သွားလို့ ၀ယ်လို့မရတော့ပါဘူး။ နောက်ပြီး ဆရာမဂျူးကတော့ မနေ့ကပဲပြန်သွားလို့ ဆရာချစ်ဦးညိုနဲ့ ဆရာနေ၀င်းမြင့်တို့နှစ်ယောက်ဆီကပဲ လက်မှတ်ရခဲ့ပါတယ်။

ဆရာတို့ကို အခုလို စင်ကာပူကို တကူးတကလာပြီး ဗဟုသုတ၊ ရသ အစုံအလင်နဲ့ ဟောပြောပေးတာကို ကျေးဇူးတင်ပါတယ်။ နားထောင်ရတာ ကောင်းလွန်းလို့ ပြီးသွားမှာတောင် စိုးရိမ်နေမိသေးတယ် လို့ ဂါရ၀ါပြုပြောလိုက်တော့ ဆရာနှစ်ယောက်စလုံးက “ကျွန်တော်တို့ကလည်း ဒီထက်ကို ဆက်ပြောချင်သေးတာဗျာ။ အချိန်ကလည်း ကန့်သတ်ထားလို့… တစ်ယောက်ကို နာရီဝက်စာလောက်ဆီ ပြောဖို့ကျန်ခဲ့သေးတယ်။” လို့ပြန်ပြောပါတယ်။

နောက်ပြီး ဆရာချစ်ဦးညိုက “ကျွန်တော် ဘိတ်သိတ်အကြောင်း ပြောဖို့ကျန်သွားတယ်၊ အဲဒါကို သိပ်ပြောချင်တာဗျာ.. အချိန်ကလည်း ၁နာရီခွဲလောက်ပဲပေးထားတော့ ဖြတ်လိုက်ရတယ်…” လို့ဆက်ပြောသေးတယ်။

စီစဉ်တဲ့လူတွေကို နောက်နှစ်တွေမှာ ဆရာတစ်ယောက်ကို ၂ နာရီစီလောက်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ နယ်တွေမှာ ဒီလို စာပေဟောပြောပွဲတွေဆို ဟောကောင်းကောင်းနဲ့ဟောတာ ည ၂နာရီ ၃နာရီအထိအောင် ရှည်သွားတတ်ပါတယ်။ ဒီမှာတော့ နေရာအခက်အခဲ အချိန်အခက်အခဲတွေရှိတာကို နားလည်ပါတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒကိုပြောတာပါ။

နောက်ပြီးတော့ ဆရာတို့ သီချင်းဆိုသွားတာကလည်း အဆိုတော်တွေထက်တောင် ပိုကောင်းတယ်တယ် ပြောလိုက်တော့ ဆရာချစ်ဦးညိုက “ကျွန်တော်တို့က ၀ါသနာပါလို့ ဆိုချင်လို့ကိုဆိုတာ ဆိုတော့ လွတ်လွတ်လပ်လပ် ဆိုရလို့ဖြစ်မှာပါ… အဆိုတော်တွေကျတော့ ကန့်သတ်ချက်တွေရှိနေမှာပေါ့…” လို့ပြန်ပြောပါတယ်။ ဆရာတို့ တသက်လုံးစုခဲ့ရတဲ့ ဗဟုသုတ အတွေ့အကြုံတွေကို ၁နာရီခွဲအတွင်းမှာ တော်တော်များများ ရလိုက်တာ ကျေးဇူးလည်းတင် ၀မ်းသာကျေနပ်မိပါတယ် ပြောလိုက်မိပါတယ်။ ဆရာချစ်ဦးညိုကပဲ “ကျွန်တော်တို့လည်း အခုလိုလာဟောရတာကို ၀မ်းသာမိတယ်… ” လို့ပြန်ပြောပါတယ်။

အချုပ်ပြောရမယ်ဆိုရင် ဒီစာပေဟောပြောပွဲဟာ ထင်တာထက် အများကြီးပိုကောင်းတဲ့၊ စီစဉ်သူတွေရော နားထောင်သူတွေပါ အတူတကွ ပီတိဖြစ်ကျန်ခဲ့တဲ့၊ စိတ်အဟာရကိုကောင်းကောင်းဖြည့်ပေးခဲ့တဲ့ ပွဲပါပဲ။




ဆရာနေ၀င်းမြင့်



ဆရာမဂျူး



ဆရာချစ်ဦးညို

စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး သတင်းတွေ ဆောင်းပါးတွေရေးပြီးကြလို့ မနေ့က စာအုပ်ဝယ်ရင်း ရခဲ့တဲ့ အတွေ့အကြုံကိုပဲရေးပြီးတင်လိုက်ပါတယ်။



Read More...

Thursday, December 3, 2009

မလိုင်လုံး နဲ့ အိတ်ချလိုက်၊ ပြီးတော့ ရေချိုးလာပါ

မလိုင်လုံး...

ရန်ကုန်ကအလည်လာတဲ့ သူငယ်ချင်းက ရှမ်းပါ။ သူလာလည်တုန်း သူငယ်ချင်းတွေအတူ ညစာစားဖြစ်တုန်း အကြောင်းဆက်စပ်ကာ သူတို့အိမ်ကို အလည်လာတဲ့ ရိုးသားတဲ့ ရှမ်းအမျိုးသားကြီး တစ်ယောက်အကြောင်းကို ပြောပြပါတယ်။

အဲဒီရှမ်းအမျိုးသားက အင်မတန်ခေါင်တဲ့ရှမ်းရွာကဖြစ်ပြီးတော့ မြန်မာစကားလည်း မတတ်ဘူး။ ရန်ကုန်ကို တစ်ယောက်ထဲ ရထားစီးပြီးသွားမယ် ဆိုတော့ လမ်းမှာ ထမင်းစားမယ်ဆို ဘယ်လိုမှာစား ရမလဲဆိုပြီး မြန်မာလို့ ပြောတတ်တဲ့လူတွေကိုမေးပါတယ်။ အမေးခံရတဲ့လူတွေကလည်း သူမှတ်နေရတာတွေများပြီး မေ့သွားမှာစိုးတာနဲ့ ထမင်းဆိုတာနဲ့ သက်သတ်လွတ်လို့သာပြောလိုက် သင်ပေးလိုက်တယ်။ သူကလည်း သက်သတ်လွတ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာမသိပဲ မှတ်ထားလိုက်ရော…

ဒီလိုနဲ့ ရထားနဲ့ ခရီးထွက်လာပြီး ဘူတာတစ်ခုရပ်တော့ ရထားပေါ်ကနေ သက်သတ်လွတ် ဆိုမှာလိုက်ပါတယ်။ ဈေးသည်က ထမင်းနဲ့ အသီးအရွက်ဟင်းတွေလာပေးတာနဲ့ စားလိုက်ရပါတယ်။ နောက်ဘူတာမှာ အဲလိုပဲ သက်သတ်လွတ်လို့မှာလိုက်ပြန်ရော… ထမင်းနဲ့ အသီးအရွက်ဟင်းတွေ လာပေးတာနဲ့ စားလိုက်ရပြန်ပါတယ်။ အဲတော့ သူ့စိတ်ထဲမှာ သူမှာလိုက်တိုင်း အသားလည်းမပါဘူး၊ စားလို့လည်း မကောင်းဘူး။ အသားဟင်းကိုလည်းစားချင် သူလည်းဘယ်လိုမှာရမှန်းမသိဘူး ဖြစ်နေတော့ နောက်ရပ်တဲ့ဘူတာမှာ ရထားအောက်ကို ဆင်းပြီး မှာစားလို့ စိတ်ကူးပြီး ပြီးလာပါတယ်။

နောက်ဘူတာရောက်လို့ ရထားလည်းရပ်ရော ရထားပေါ်ကနေဆင်းဖို့အလုပ် အောက်ကနေပြီး ဈေးသည်က “မလိုင်လုံး… မလိုင်လုံး” နဲ့ အော်တာကြောင့် ရထားပေါ်ကနေ မဆင်းရဲတော့ဘဲ ထမင်းကို သတ်သတ်လွတ်လို့ပဲမှာပြီး အောင့်အီးပြီးစားလိုက်ရပါတယ်။

နောက်ဘူတာရောက်လို့ အောက်ဆင်းမယ်ကြံလိုက်တော့လည်း အောက်ကဈေးသည်က “မလိုင်လုံး… မလိုင်လုံး” လို့အော်ပြန်ရော… အဲဒါနဲ့ သတ်သတ်လွတ်နဲ့ပဲ နှစ်ပါးသွားရပြန်ပါရော…

ရန်ကုန်လည်းရောက်ရော သူငယ်ချင်းရဲ့အမေကို ရှမ်းလို ပြောပြပါတယ်…
“လမ်းမှာ ထမင်းစားတာ အသားဟင်းလည်းမပါဘူးဗျာ…”
“ဘယ်လို ထမင်းကိုမှာစားလို့လဲ…”
“ထမင်းကို သက်သတ်လွတ်လို့မှာရတယ်လို့ သင်ပေးလိုက်လို့ သက်သတ်လွတ်လို့ပဲ မှာတာပေါ့…”
“… ”
“နောက်ပြီး အောက်ဆင်းပြီးစားမယ်လုပ်တော့လည်း အောက်ကလူတွေက မလိုင်လုံး (မဆင်းနဲ့) ၊ မလိုင်လုံး (မဆင်းနဲ့) လို့ပြောပြောနေတော့ အောက်ကို ဆင်းလို့ မရခဲ့ပါဘူးဗျာ… ” တဲ့…

မလိုင်လုံး ဆိုတာ ရှမ်းလို မဆင်းနဲ့ ဆိုပြီး အဓိပ္ပါယ်ရတယ်တဲ့လေ…။

-----------------------------------

အိတ်ချလိုက်…

နောက်သူငယ်ချင်းတစ်ယောက်ကလည်း သူ့အဒေါ်တစ်ယောက် ကြုံတွေ့ခဲ့ဖူးတာကို ပြောပြပါတယ်။
ကျွန်တော်တို့မြန်မာတွေ တိုင်းပြည်တွင်းမှ အခွင့်အလမ်းတွေနည်းပါးလာကြတော့ သူများတိုင်းပြည်မှာ စွန့်စားပြီး အလုပ်ထွက်လုပ်ကြရပါတယ်။ အစတုန်းကတော့ မြို့ကြီးပြကြီးကလူတွေသာ ထွက်ကြတာများပြီး နောက်ပိုင်းမှာတော့ နယ်မြို့လေးတွေကလူတွေ၊ အခုတော့ တောရွာမှာနေတဲ့လူတွေပါ ထွက်လုပ်နေပါပြီ။ အဲဒီတော့ တချို့တလေကျတော့လည်း လေယာဉ်ခရီးသွားအတွေ့အကြုံက မရှိကျတော့ နိုင်ငံခြားကိုသွားရမယ် စိတ်ပူပန်မှုနဲ့ ရောထွေးပြီး စိတ်ထဲထင်ရာလုပ်လိုက်မိတောလေးတွေရှိပါတယ်။ ရယ်စရာအဖြစ်အနေနဲ့သာ ပြောမိကြတာပါ စိတ်ထဲမှာလည်း သနားမိပါသေးတယ်။

တခါက ကျေးလက်က ကောင်လေးတစ်ယောက် နိုင်ငံခြားကိုထွက်ဖို့ ရန်ကုန်လေဆိပ်ကိုရောက်လာပါတယ်။ လေဆိပ်အထွက်မှာ လ.၀.က (immigration) ကောင်တာကိုဖြတ်၊ ပြီးတော့ အကောက်ခွန် ကောင်တာကို ဖြတ်ရပါတယ်။ အဲဒါပြီးတော့ ပစ္စည်းတွေကို x-ray ကို စစ်တဲ့နေရာကို ရောက်လာပါတယ်။

ကောင်လေးက ခရီးသွားအတွေ့အကြုံ သိပ်ရှိဟန်မတူပါဘူး။ အိတ်တွေကို x-ray နဲ့စစ်ရတယ်ဆိုတာ မသိတော့ ဒီအတိုင်းပဲ အိတ်ကိုမပြီး လမ်းဆက်လျှောက်လာပါတယ်။ x-ray ဖြတ်ဖို့ အိတ်တွေတင်ရတဲ့ conveyer နေရာအနားလည်းရောက်ရော လေဆိပ် ၀န်ထမ်းက conveyer ကို လက်ညှိုးထိုးပြီး

“ဟဲ့ကောင်လေး … အိတ်ချလိုက် အိတ်ချလိုက်… ” လို့လှမ်းအော်လိုက်တော့
ခရီးသွားကောင်လေးက ဘာမပြောညာမပြော conveyer ပေါ် လှဲအိပ်ချလိုက်ပါရော…. တဲ့။

ဟုတ်တယ်လေ… စကားပြောတာ သတ်ပုံမှ မမြင်ရတာ။ အဲတော့ အိတ်ချလိုက်လို့ပြော အိပ်လိုက်တာ သူ့အပြစ်မှမဟုတ်တာပဲနော်…

-----------------------------------

ရေချိုးလာပါ…


အဲလိုပြောကြတော့ ကျွန်တော်ကလည်း သူငယ်ချင်း မိန်းကလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကို သတိရလို့ပြောပြမိတယ်။ သူတို့ပြောတဲ့အဖြစ်တွေက ဘာသာစကားတစ်ခုကို မတတ်လို့ အဆင်မပြေတာ နဲ့ စကားကို တတ်ရဲ့သားနဲ့ နားလည်မှုလွဲလို့ ဒုက္ခရောက်တာတွေပေါ့။ ကျွန်တော့် သူငယ်ချင်း အဖြစ်ကတော့ မြန်မာစကားကို နားလည်လို့ ကြုံရတဲ့အဖြစ်ပါ။

သက္ကရာဇ်၂၀၀၀ ကျော် အစပိုင်းမှာ စင်ကာပူမှာ မြန်မာတွေ အခုလောက်မများသေးပါဘူး။ အဲဒီတော့ နေရာတိုင်းမှာ အခုလို မြန်မာအချင်းချင်း ခလုပ်တိုက်မိလောက်အောင် မဆုံမိကြဘူးပေါ့။
တစ်ရက် သူငယ်ချင်းနဲ့ သူ့အဖော်၊ နှစ်ယောက်သား City Hall ဖက်ကို ရထားစီးလာကြပါတယ်။ လမ်းမှာထိုင်စရာနေရာရလာပြီး အေးအေးဆေးဆေး သူငယ်ချင်းနှစ်ယောက် မိန်းကလေးတို့ ထုံးစံ စကားဖောင်ဖွဲ့ပြီး ပြောလာကြပါတယ်။ ဘူတာတစ်ခုရောက်တော့ သူတို့ဘေးက လူတစ်ယောက် ထသွားတော့ မတ်တပ်ရပ်နေတဲ့ အိန္ဒိယနွယ်ဖွားတစ်ယောက်က ၀င်ပြီးထိုင်လိုက်ပါတယ်။ အိန္ဒိယနွယ်ဖွားလည်း ထိုင်ပြီးရော သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားပြောလိုက်ပါတယ်။

“ဒီကုလားကြီးကလည်း နံလိုက်တာအေ…”
“အေးလေ ဟယ်… နံလိုက်တာ အိမ်ကနေ ရေချိုးမလာဘူးလား မသိပါဘူး… ဟင်း…”

သူတို့လည်းပြောပြီးရော အိန္ဒိယနွယ်ဖွားက သူတို့ဖက်လှည့်ပြီးတော့...
“ဟာ… ကျွန်တော်ရေချိုးလာပါတယ်ဗျာ…” လို့လည်းထပြောလိုက်တော့ နှစ်ယောက်သား မျက်လုံးပြူးသွားပြီး…
“သြော် မြန်မာမှန်းမသိလို့ ပြောလိုက်မိတာ… ဆောရီး…” လို့ပြီး မျက်နှာပူတာနဲ့ City Hall မရောက်သေးပဲ နောက်ဘူတာမှာ ဆင်းနေခဲ့ရတယ်တဲ့…

အခုတော့လား စင်ကာပူမှာနေရင် ကိုယ့်ဘေးမှာရှိတဲ့ လူတွေက အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွား၊ မလေးနွယ်ဖွား မကလို့ ဘာနွယ်ဖွားရုပ် ပေါက်နေ ပေါက်နေ မြန်မာလို ပေါက်ကရ မပြောလေနဲ့ ကိုယ့်ဘေးမှာ မြန်မာတစ်ယောက်မဟုတ် တစ်ယောက် ရှိနေသည်ကို သတိချပ်မိကြပါနော်…

Read More...

မင်္ဂလာပါ...

ဘာလို့ စာဆက်မရေးဖြစ်ပဲ ဖြစ်နေရသလိုဆိုရင်လား… အကြောင်းတစ်ခုကတော့ အလုပ်မှာ ရာထားချက်ပြည့်မှီအောင်လုပ်နေရလို့ အလုပ်များနေတာရော၊ စိတ်မအားပါ ဖြစ်နေလို့ပါ။ ကိုယ့်တိုင်းပြည်က သတင်းစာတွေထဲမှာလို ရာထားချက်ပြည့်မှီကျော်လွန်အောင် အပြောလေးနဲ့ အလုပ်လုပ်လို့ရရင်လည်း ကောင်းသားလို့တောင် တွေးမိလာတယ်။

နောက်တစ်ကြောင်းကတော့ ခရီးသွားမှတ်တမ်းအကြောင်းမပြီးသေးပဲ ကြားဖြတ်မတင်ရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ထားလိုက်မိတော့ ကိုယ်အကြောင်းနဲ့ကိုယ် ဒုက္ခနဲ့လှလှတွေ့နေလေရော။ ခရီးသွားမှတ်တမ်းလည်း မရေးဖြစ် စာတိုပေတိုလည်းမရေးဖြစ်ဖြစ်နေတော့တာပါပဲ။ တနေ့က တွေ့တဲ့ အသိတစ်ယောက်က စာဆက်မရေးသေးဘူးလား ဖတ်ဖို့စောင့်နေရတာ ကြာနေပြီဆိုတော့မှ ကိုယ်စာရေးတာ ကိုယ့်ခံစားချက်နဲ့ရေးနေပေမယ့် တကူးတကလာဖတ်ရတဲ့ သူတွေကို မလေးမစားလုပ်နေသလို ဖြစ်နေပြီးဆိုပြီး အားနာမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။

ဒီကြားထဲ သူငယ်ချင်းတစ်ယောက် ရန်ကုန်ကနေ ဒီကို အလည်လာတာကို အကြောင်းပြုပြီး သူငယ်ချင်းတွေနဲ့ ခဏစုံမိတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောတော့ ဘာကိုမှ စိတ်ထဲမှာထားစရာမရှိ စလိုက်နောက်လိုက်နဲ့ စိတ်ပင်ပန်းတာတွေလည်း သက်သာသွားတယ်။ ပြီးတော့ သူတို့ဆီကနေပြီး ကြားရတဲ့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေ နဲ့ ကိုယ်တိုင် ကြုံဖူး ကြားဖူးတဲ့ အဖြစ်အပျက်တွေအကြောင်းကို သတိရနေတုန်း ရေးထားမှ ဆိုပြီး တွေးလိုက်မိတယ်။ သတိထားမိတာက ဘာသာစကားကြောင့်ဖြစ်တဲ့ ဟာသတွေက ရီစရာအကောင်းဆုံးဖြစ်နေတာပါပဲ။ ဟိုအရင်တုန်းကလည်း ယမ်ဝမ်း ဝေါပုဝှေ့ကျန်ဝှါရီတက်…တက်…တက် ဆိုပြီးတော့လည်း ဘာသာစကားနဲ့ ပတ်သက်တဲ့အကြောင်းတွေ ရေးဖူးပါသေးတယ်။

ရေးပြီးရင် သိပ်ပြီး သိမ်းထားလေ့မရှိပဲ ချက်ချင်းတင်လေ့ရှိတဲ့ အကျင့်ကြောင့် ခရီးသွားမှတ်တမ်းရေးနေတုန်း တခြားရေးမိတာလေးတွေ တင်မယ်ဆိုတာ ပြောရင်း…

အားလုံး……… မင်္ဂလာပါ…………

Read More...

Monday, October 19, 2009

အားလပ်ရက် ၀၉ (၄)

စက်တင်ဘာ ၁၁ ရက်နေ့ မနက်…

လေးယောက်စလုံး အိပ်ရာကနေ စောစောထပြီး ရေချိုး၊ အ၀တ်လဲပြီး ဟိုတယ်မှာပဲ မနက်စာစားလိုက်ပါတယ်။ မနက်စာကတော့ အထူးတလယ်မဟုတ်တဲ့ ကော်ဖီနဲ့ ပေါင်မုန့်ပါပဲ။ သွားရင်း ဗိုက်ဆာရင်စားဖို့ မုန့် နဲ့ ရေဗူးတွေကိုလည်းရင်း ကင်မရာက ဓာတ်ခဲကိုစစ်ကြည့်တော့ အားအပြည့်နီးပါးရှိနေပါသေးတယ်။ မနေ့ညက ဓာတ်ခဲအားသွင်းဖို့လုပ်ပေမယ့် ဂျပန်က ပလတ်ပေါက်တွေက minus နှစ်ပင်ဖြစ်နေတော့ charger နဲ့က မကိုက်ဘူး။ မသွားခင်ကတည်းကသိပေမယ့် ၀ယ်ချိန်မရှိတော့တာနဲ့ အသွားမှာ လေဆိပ်မှာရှာမယ်လို့ စိတ်ကူးသွားခဲ့တာပါ။ လေယာဉ်ကသိကအောက်ဖြစ်ပြီးတော့ ဘာမှလုပ်ချိန်မရှိတော့ပဲ မ၀ယ်နိုင်ခဲ့တာပါ။ ဒီနေ့အတွက်တော့ ဓာတ်ခဲခံလောက်ပါရဲ့…

ဟော်တယ်ကအထွက်မှာ ရှေ့ကောင်တာမှာရှိတဲ့ အမျိုးသမီးကို လေဆိပ်ကနေ အိတ်လာပို့မယ်အကြောင်းကို သွားပြောပါတယ်။ ကျွန်တော် နာမည်နဲ့ အိတ်လာပို့မယ် အိတ်ကအမည်းရောင်လေး ဘာနဲ့ပြောနေတုန်း၊ သူက ဒီဟာလားလို့ပြောလိုက်တော့ … အိတ်က ဟိုတယ်ကိုရောက်တောင်နေပါပြီ။ ဒီနေ့မနက်လာပို့မယ်ဆိုတော့ ဒီလောက်စောစောရောက်မယ်လို့ မထင်မိတာအမှန်ပါ။ အဲဒါနဲ့ အိတ်ကိုအခန်းထဲပြန်ထားပြီး Kamakura ကိုသွားဖို့ Ikebukuro ဘူတာကို ထွက်လာခဲ့ပါတယ်။

လက်မှတ်ရောင်းတဲ့စက်
Ikebukuro ဘူတာရောက်တော့ ရိုးရိုးလက်မှတ်မ၀ယ်ပဲ ပိုဈေးသက်သာအောင် Kamakura One day pass ကိုဝယ်ဖို့ကြိုးစားတာ JR က ၀န်ထမ်းလည်း သူ့ရဲ့ လက်ရောင်းတဲ့စက်မှာ ကြိုးစားပြီး ရှာပေးပေမယ့်လည်း မရဘူးဖြစ်နေတော့ သာမန်လက်မှတ်ပဲဝယ်လိုက်ရပါတယ်။ လက်မှတ်ရောင်းတဲ့စက်မှာ မရှာပဲ ၀န်ထမ်းကိုသွားမေးမိလိုက်လို့ပါ။ တကယ်က လက်မှတ်ရောင်းတဲ့စက်မှာ ရှိပါတယ်။ ၀န်ထမ်းက ဘယ်လိုနားလည်ပြီးရှာလို့ မတွေ့တာလဲတော့ မသိပါဘူး။ အဲလိုအဖြစ်မျိုးတွေလည်း ရှိတတ်ပါသေးတယ်။


Kamakura ကိုသွားဖို့ Shonan Shunjuku ရထားလိုင်းကိုစီးပြီး တိုက်ရိုက်စီးသွားလို့ရပါတယ်။ လက်မှတ်ကတော့ တစ်ကြောင်းကို ယန်း ၈၉၀ ပေးရတယ်။ Ikebukuro ကနေ ရထားတစ်နာရီကျော်စီးပြီး Kamakura ဘူတာကိုရောက်ပါတယ်။
Kamakura ဘူတာကနေပြီး Kamakura Daibutsu - ကမာကူရ ဗုဒ္ဓဆင်းတုတော်ကြီး ဆီကို တိုက်ရိုက်သွားတဲ့ ရှေးဟောင်းပုံ အနီရောင် ဘတ်စ်ကားကြီးရှိလို့ စောင့်နေပေမယ့် မလာပါဘူး။
Photo Credit: http://www.flickr.com/photos/14507105@N00/276181648/

“အဲဒီ အနီရောင်ကားပြီး တစ်စီးပဲရောက်တာလား… ” လို့ အမကိုမေးလိုက်တော့…
“မဟုတ်ဘူး… တခြားဘတ်စ်ကားတွေလည်းရောက်တယ်။ ဒါပေမယ့် အဲဒီကားက Kamakura ဘုရားမှ ဂိတ်ဆုံးတော့ ဘယ်မှာဆင်းရမလဲတာ သိစရာမလိုဘူးပေါ့…” ပြန်ဖြေလေရဲ့…

ကားကိုစောင့်တာ မလာနိုင်တာနဲ့ Tourist Information Counter မှာ ဘယ်ဘတ်စ်ကားတွေရောက်လဲလို့ အမကသွားမေးပါတယ်။ နောက်တော့ အနီရောင်ဘတ်စ်ကားက နာရီဝက်မှတခါထွက်လို့ စောင့်မနေတော့ပဲ Tourist Information Counter က ညွှန်လိုက်တဲ့အတိုင်း ဘတ်စ်ကားဂိတ်က ကားကိုပဲတက်စီးလိုက်ပါတယ်။

Kamakura ဘုရားကိုသွားဖို့ရာ ဆင်းရမယ်နေရာက သိသာထင်ရှားပါတယ်။ နောက်ပြီး ဘတ်စ်ကားမောင်းတဲ့လူကို မေးရင်လည်းရပါတယ်။ ကားမောင်းတဲ့လူက အင်္ဂလိပ်လို သေချာမပြောနိုင်ပေမယ့် Kamakura Daibutsu e ikimasu ka လောက် ဂျပန်လိုပြောတတ်ရင် ဖြစ်ဖြစ် Kamakura Dai-bu-tsu ဆိုပြီး မြေပုံလက်ထောက်ပြီး နိုင်ငံတကာသုံး စကားကို ပြောရင်ဖြစ်ဖြစ် ရပါတယ်။

ဂျပန်က ဘတ်စ်ကားမောင်းတဲ့လူတွေက မောင်းရင်းနဲ့ နောက်ရပ်မယ့် မှတ်တိုင်နာမည်၊ ရပ်ရင်လည်း ရပ်တဲ့မှတ်တိုင်နာမည် ပြီးတော့ ကားကွေ့ရင်လည်း သတိထားပါ နဲ့ တတွတ်တွတ် ပြောနေပါတယ်။ ကားမောင်းတာကလည်း တော်တော်လေးညင်သာပါတယ်။ ကျွန်တော်တို့စီးသွားတဲ့ ကားပေါ်မှာ အဖိုးကြီးတစ်ယောက် ပစ္စည်းတွေနဲ့ပါလာပါတယ်။ အဲဒီ အဖိုးကြီးဆင်းတဲ့နေရာရောက်တော့ ကားသမားက ကားကိုစက်ရပ်ပြီးကို အဲဒီအဖိုးကြီးရဲ့ ပစ္စည်းတွေကို ကူညီပြီး ချပေးနေတာကိုတွေ့ရတော့ စိတ်ချမ်းသာဖို့ တော်တော်ကောင်းတယ်။ သူတို့နဲ့ယှဉ်ရင် စင်ကာပူက ဘတ်စ်ကားသမားတွေ ကားမောင်းတာ ကြမ်းပါတယ်။ မြန်မာပြည်က ဘတ်စ် ကားမောင်းသမားတွေကတော့လား… မပြောချင်တော့ပါဘူး။

၁၅ မိနစ်လောက် ဘတ်စ်ကားစီးပြီးတော့ ကမာကူရ ဗုဒ္ဓဆင်းတုတော်ကြီးရှိရာနေရာကို ရောက်ပါပြီ… အနားမှာ tour ဘတ်စ်ကားတွေ အများကြီးရပ်ထားပြီး လူတွေနဲ့လည်း တော်တော်လေးစည်ကားနေပါတယ်။ အ၀င်မှာရှိတဲ့ ဂိတ်ကြီး ကို ဖြတ်ပြီးတာနဲ့ ၀င်ဖို့အတွက် လက်မှတ်ဝယ်ရပါတယ်။ ၀င်ကြေးကတော့ တစ်ယောက်ကို ယန်းနှစ်ရာပါ။

ကမာကူရ ဘုရား အ၀င်ဂိတ်ပေါက်
ကမာကူရ ဘုရား ကိုဓာတ်ပုံထဲမှာမြင်ဘူးတော့ သိပ်တော့ မစိမ်းလှပါဘူး။ ဒါပေမယ့် အပြင်မှာမြင်လိုက်ရတာက ပိုပြီး ကြည်နူးဖို့ကောင်းပါတယ်။ နောက်ကသစ်တွေအုပ်ရဲ့ရှေ့မှာ ဘုရားဆင်းတုတော်ကြီးကို ရှင်းရှင်းလင်းလင်းတွေ့လိုက်လို့လည်းဖြစ်ပါတယ်။


ဘုရားဆင်းတုတော်ကြီးကိုလာပြီးလေ့လာကြတဲ့ လူတွေအများကြီးပါပဲ။ ချစ်စရာ မူလတန်းအရွယ် ကျောင်းသူကျောင်းသားကလေးတွေလည်း တွေ့ရပါတယ်။ ကြည့်ရတာ ကျောင်းတွေရဲ့ အစီအစဉ်နဲ့ လေ့လာရေးခရီးလာကြတာနဲ့တူပါတယ်။

ကမာကူရ ဘုရားဆင်းတုတော်ကြီးက ကြေးရဲ့သွန်းလုပ်ထားတာဖြစ်ပြီးတော့ ဂျပန်မှာရှိတဲ့ ကြေးသွန်းဘုရားတွေထဲမှာ ဒုတိယအကြီးဆုံးပါပဲ။ အလေးချိန်က ၁၂၁ တန်လောက်လေးပြီးတော့ အမြင့်က ၁၃.၃၅ မီတာ (၄၄ ပေ) မြင့်ပါတယ်။


ဘုရားဆင်းတုတော်ကြီးရဲ့ သမိုင်းအကျဉ်းချုပ်ကိုဖတ်ရသလောက် ဒီဆင်းတုတော်ကြီးကို ၁၂၅၂ ခုနှစ်မှာသွန်းလုပ်ခဲ့ပြီး အစကတော့ ဘုရားကျောင်းထဲမှရှိခဲ့တာပါ၊ အရင်ကျောင်းတော်ကြီးက ၁၅ ရာစုအကုန် ၁၄၉၈ ခုနှစ်မှာ ဆူနာမီရေလှိုင်းကြောင့် ပျက်စီးသွားလို့ ဆင်းတုတော်ကြီးပဲကျန်ခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ အကြီးအကျယ် ငလျင်လှုပ်ခဲ့တုန်းက အောက်ခံကျောက်သား တွေပျက်စီးခဲ့ပေမယ့် ဆင်းတုတော်ကြီးကတော့ဘာမှ မဖြစ်ခဲ့ပါဘူး။

နောက်ဆုံးပြင်ဆင်ခဲ့ချိန်ကတော့ ၁၉၆၀-၆၁ ခုနှစ်မှာပါ။ လေးလံတဲ့ ဦးခေါင်းတော်ကို ထောက်ပံ့ထားတဲ့ လည်ပင်းနေရာကို အားဖြည့်ခဲ့ပါတယ်။ ပြီးတော့ ငလျင်ဒဏ်ခံနိုင်အောင်လို့ ဆင်းတုတော်ကြီးကို အောက်ခံကျောက်သားပေါ်မှာ လှုပ်ရှားလို့ရအောင် ပြင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ပထမဆုံးလုပ်တာကတော့ ဆင်းတုတော်ကြီးကို ဓာတ်ပုံအားရအောင် ဓာတ်ပုံရိုက်… ပြီးတော့မှ ဘုရားဝပ်ပြုဆုတောင်းကြပါတယ်။ ဆုတောင်းပြီး အဆာပြေမုန့်စား…
ပြီးတော့လား… ဓာတ်ပုံပဲဆက်ရိုက်တာပေါ့။ အဲဒီမှာ အမေရိကန်ရေတပ်က ရာထူးပေးအပ်တဲ့ အခမ်းအနားအသေးစားလေး လုပ်နေတာတောင် တွေ့ခဲ့ရပါသေးတယ်။


ဓာတ်ပုံရိုက် ပြီးတော့မှ ၀င်ကြေး ယန်းနှစ်ဆယ်ပေးပြီး ဘုရားဆင်းတုတော်ရဲ့ အထဲကို ၀င်ကြည့်ကြပါတယ်။ ဆင်းတုတော်ကြီးအ၀င်မှာ ၁၂ ပေလောက်အမြင့်ကို လှေကားနဲ့တက်ပြီး အထဲရောက်တော့ လူဆယ်လေးငါးယောက် မတ်တပ်ရပ်ဖို့နေရာရှိပါတယ်။ အထဲမှာတော့ ဘုရားကြီးကိုတည်ဆောက်ထားတဲ့ နည်းပညာအကြောင်းရှင်းပြထားတဲ့ ပုံနဲ့စာရှိပါတယ်။ အင်ဂျင်နီယာမဟုတ်တဲ့ ကျွန်တော်ကတော့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ပဲ ကြည့်ခဲ့တယ်။

ဘုရားကြီးကိုတည်ဆောက်ထားတဲ့ နည်းပညာ

ဘုရားကြီးထဲကထွက်လာပြီးတော့ အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင်မှာ မိဘတွေက ဘုရားဆင်းတုတော်တွေကို မိတ်ဆွေအတွက် ပူဇော်ဖို့ဆိုပြီး ၀ယ်ခဲ့ပါတယ်။ နောက်ပြီး ဘုရားကြီးရဲ့ဘေးမှာရှိတဲ့ အဆောက်အဦးထဲမှာတော့ မြက်ဖိနပ်အကြီးကြီး တစ်ရံကိုချိတ်ထားလည်းရှိပါတယ်။ အဲဒီ ဖိနပ်ကြီးက ဘုရားကြီးစီးဖို့လှူထားတာလို့ ပြောကြပါတယ်။

ဘုရားကြီးရဲ့နောက်မှာတော့ သစ်ပင်တွေနဲ့ အုပ်နေတဲ့ နားတဲ့နေရာလေးဆီကိုသွား၊ ထိုင်ဖို့ချထားပေးတဲ့ ကျောက်ထိုင်ခုံလေးမှာထိုင် ရေသောက်ပြီး ခဏ အနားယူပြန်ပါတယ်။ ထိုင်နေရင်းနဲ့ ကြည့်လိုက်တာ ဘုရားကျောင်းဆောင် ခပ်ဟောင်းဟောင်း တစ်ဆောင်တွေ့လိုက်ရပါတယ်။ အထဲကိုလှမ်းကြည့်တာ သဲသဲကွဲကွဲမမြင်ရတာနဲ့ ရှေ့မှာရှိတဲ့ စာကိုပဲဖတ်လိုက်တော့ ကွမ်ရင်မယ်တော်ရဲ့ ကျောင်းဆောင်ဖြစ်တယ်လို့ သိရပါတယ်။

“ဒါပြီး ဘယ်သွားမှာလဲ… ” လို့ အမကိုမေးလိုက်ပါတယ်။
“ဒါပြီးရင် Hasedera (ဟစဲဒဲရ) ဘုရားကျောင်းကိုသွားမယ်လေ… အဲဒီကနေဆို ပင်လယ်ဖက်ကိုလည်း ရှုခင်းတွေကြည့်လို့ရတယ်လို့ ပြောတယ်။ ငါလည်း မရောက်ဖူးသေးဘူး… ”
“ဘယ်လိုသွားရမှာရောသိလား…”
“သေချာတော့မသိဘူး… ဒီလိုပဲ မေးသွားတာပေါ့ကွာ…”

နားပြီးတော့ နောက်တစ်နေရာကို ဆက်သွားဖို့ ကမာကူရ ဘုရားကျောင်းဝိုင်းထဲကနေ အပြင်ထွက်လာကြပါတယ်။ အပြင်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ Hasedera (ဟစဲဒဲရ - ဟစဲ ဘုရားကျောင်း) နေရာကိုမေးတော့ ရှေ့ကိုဆက်သွား မီးပွိုင့်ရောက်ရင် ညာဖက် ချိုးလို့ညွှန်လိုက်ပါတယ်။

ဂျပန်မှာ ခရီးသွားရင်း သတိထားမိတာက လမ်းမသိလို့တစ်ယောက်ယောက်ကို မေးလိုက်ရင် အင်္ဂလိပ် သေချာမပြောတတ်ပေမယ့် စိတ်ပါလက်ပါ သေချာရှင်းပြတာပါပဲ။


၁၅ မိနစ်လောက်လမ်းလျှောက်ပြီးတော့ Hasedera ကျောင်းအ၀င်ပေါက်ကို ရောက်ပါတော့တယ်။ ဂိတ်ပေါက်မှာ မီးပုံအကြီးကြီး ချိတ်ထားတာကိုတွေ့ရတယ်။ ဂျပန်ကိုရောက်ပြီးတော့ အဲလို ပုံစံမျိုး ပထမဆုံးအကြိမ်တွေ့တော့ ဓာတ်ပုံတွေ ရိုက်မိပါရော… ဒါပေမယ့် အဲဒီဂိတ်က ပိတ်ထားတော့ ၀င်လို့ရပါဘူး။ ၀င်ဖို့ လက်မှတ် ၀ယ်ပြီးဝင်တော့ ဘေးပေါက်ကနေ၀င်ရပါတယ်။ ၀င်ကြေးက တစ်ယောက် ယန်းငါးရာ…


ဝင်ပြီးပြီးချင်းတွေ့မိတာ လက်ဆေးတဲ့နေရာလေးပါ။ ၀ါးတုတ်တံရှည်တွေနဲ့ လုပ်ထားတဲ့ ခွက်ကလေးတွေပါရှိပါတယ်။ အရင်က မြန်မာပြည်မှာသုံးလေ့ရှိတဲ့ အုန်းမှုတ်ခွက်ကိုတောင် သတိရမိသေးတယ်။ ဂျပန်တွေ ဘုရားကျောင်းတွေမှာ ဘုရားမရှိခိုးခင် လက်ဆေး၊ မျက်နှာသစ် ကိုယ်သက်သန့်စင်ပြီးမှ ၀င်လေ့ရှိလို့ အဲလိုရေကန်လေးတွေရှိနေတာ နေမှာပါ။


အဲဒီနေရာကနေ လှေကားထစ်တွေနဲ့အပေါ်ကိုတက်တဲ့ လမ်းတစ်ဝက်မှာလည်း ကျောင်းဆောင်လေးတစ်ခုကိုတွေ့ရပြီး ဘေးမှာလည်း ရုပ်တုလေးတွေ အများကြီးတွေ့ရပါတယ်။ စိတ်ဝင်စားလို့ မေးကြည့်တော့ ဂျိဇို လို့ခေါ်တဲ့ ကလေးတွေကိုစောင့်ရှောက်တဲ့သူရဲ့ ရုပ်တုလို့ သိရပါတယ်။ အရင်ကတော့ ကိုယ့်ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘုရားကျောင်းတွေမှာ လာပြီးလှူလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ကလေးလေးတစ်ယောက် ကွယ်လွန်သွားတယ်ဆို အဲဒီကွယ်လွန်သွားတဲ့ကလေးကို စောင့်ရှောက်ဖို့ လှူလေ့ရှိတယ်လို့ဆိုပါတယ်။

ဂျိဇို လို့ခေါ်တဲ့ ကလေးတွေကိုစောင့်ရှောက်တဲ့သူ
ဆက်ပြီးတက်လိုက်တော့ ဘေးမှာ ကျောင်းဆောင်တွေနဲ့ အလယ်မှာတော့ ဘုရားကျောင်းဆောင်ကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ အထဲကိုဝင်ကြည့်တော့ ကန်နွန် (Kannon)၊ မြန်မာလို ကွမ်ရင်မယ်တော်ရုပ်တုကြီးရှိပါတယ်။ အဲဒီရုပ်ထုကြီးက သစ်သားနဲ့ထုလုပ်ထားပြီး ဂျပန်မှာအကြီးသစ်သားရုပ်တုလို့လည်းဆိုပါတယ်။ အဲဒီကွမ်ရင်မယ်တော်ရုပ်တုရဲ့ ထူးခြားချက်ကတော့ ခေါင်းတော်ရဲ့ အပေါ်မှာ ခေါင်း ၁၁ လုံးရှိနေခြင်းပါပဲ။ တစ်ခုနဲ့ တစ်ခုရဲ့ မျက်နှာအနေအထားတွေကလည်း ကွဲပြားနေပါတယ်။ ဦးခေါင်း အများကြီးရှိရတဲ့ အကြောင်းကတော့ ကွမ်ရင်မယ်တော်က အမျိုးမျိုးသောလူတွေရဲ့ ဆုတောင်းခြင်းကို နားထောင်နေတယ်ဆိုတာ ဖော်ပြခြင်းပါလို့ ဆိုပါတယ်။ အထဲမှာ ဓာတ်ပုံမရိုက်ရလို့ အဲဒီကွမ်ရင်မယ်တော်ရဲ့ ရုပ်တုကြီးကို ကြည့်ရုံသာပဲကြည့်ခဲ့ရပါတယ်။

Hasedera ဘုရားကျောင်း
အဲဒီကျောင်းဆောင်ကနေထွက်ပြီး ဆက်လျှောက်လိုက်တော့ ပန်းပင်လေးတွေ နဲ့ ရေကန်လေးကိုတွေ့ရတယ်။ ဆက်လျှောက်လိုက်တော့ ဘယ်ဖက်မှာ စားသောက်ဆိုင်လေး… ညာဖက်မှတော့ ပိဋိကတ်တိုက်လို့ခေါ်လို့ရမယ့် အဆောက်အဦးရှိပါတယ်။ အဲဒီ ပိဋိကတ်တိုက် အထဲမှာ စိတ်ဝင်စားစရာကတော့ လှည့်လို့ရတဲ့ စာအုပ်စင်ကြီး ရှိနေတာပါပဲ။ အဲဒီ အဆောက်အဦးချည်းပဲ ဓာတ်ပုံမရိုက်ခဲ့မိတော့ သူများဓာတ်ပုံကိုယူသုံးပြီးပြလိုက်ပါတယ်။


Photo Credit: http://www.flickr.com/photos/toranosuke/3005008349

အဲဒီနားမှာ ၀ါးရုံတော နဲ့ ထီးအနီကြီးအောက်မှာ မေမေ ထိုင်ပြီး ဖုန်းပြော၊ ကျွန်တော်ကတော့ ဓာတ်ပုံရိုက်။


စားသောက်ဆိုင်လေးမှာတော့ ပြထားတဲ့ မုန့်တစ်ခုက စားချင်စရာ… မုန့်လုံးရေပေါ်ကို တုတ်နဲ့ထိုးထားတဲ့ ပုံစံလေး…
“မုန့်လေးက စားချင်စရာလေးနော်… ” လို့ပြောလိုက်မိတယ်။
“စားချင်လို့လား… ၀ယ်လိုက်မယ်လေ… ” အမကပြောမေးသည်။
“နေပါစေ.. မစားတော့ပါဘူး” လို့ပဲ ပြန်ဖြေလိုက်မိသည်။

အဲဒီကနေ ပင်လယ်ဖက်ကို ရှုခင်းကြည့်တဲ့ နေရာလေးကို သွားပါတယ်။ အဲဒီနေရာမှာ သစ်သားနဲ့ လုပ်ထားတဲ့ထိုင်ခုံတွေရှိတော့ ကျောပိုးအိတ်ကိုအသာချ ဓာတ်ပုံရိုက်တဲ့ သုံးချောင်းထောက်ကိုထုပ်ကာ ရှုခင်းတွေဓာတ်ပုံရိုက်… ပြီးတော့ ကင်မရာကိုအသာချ ထိုင်ခုံပေါ်နားလိုက်ရင်း…


“တစ်ခုခုစားရရင်ကောင်းမယ်နော်…” လို့ စကားခေါ်လိုက်တော့
အမက “ခုနက ဆိုင်မှာတွေ့တဲ့ မုန့်စားမလား.. ငါသွားဝယ်လိုက်မယ်… ” လို့လည်းမေးရော
“အေး.. ကောင်းသားပဲ… ” လို့ ပြုံးပြီးဖြေလိုက်ပါသည်။

အမက မုန့်ကိုသွားဝယ်ပြီးပြန်လာတော့ စားလိုက်ကြတာ ဓာတ်ပုံရိုက်ဖို့ကို မနည်းလုပြီး ရိုက်လိုက်ရပါတယ်။ စားခဲ့တာ ဘာမုန့်လဲဆိုတာ ရှာကြည့်တော့ Mitarashi Dango လို့ခေါ်တဲ့ဂျပန်မုန့်ပါ။ မုန့်လုံးရေပေါ်လို ဆန်မှုန့်နဲ့လုပ်ထားတဲ့မုန့်ကို တုတ်နဲ့ထိုးထားပြီး အချိုရည်အပြင်ကနေသုတ်ထားတာပါ။
Mitarashi Dango မုန့်လုံးရေပေါ်တုတ်ထိုး
မေမေကတော့ “ငါတို့ မြန်မာမုန့်လုံးရေပေါ်နဲ့ အတူတူပဲ… ထန်းလျက်ရည်ကို ဂျပန်က အပြင်မှာသုတ်ထားတာ၊ ငါတို့က အထဲမှာထည့်ထားတာ… ဒါပဲကွာတယ် ” တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်
“ငါတို့ မုန့်လုံးရေပေါ်က ပိုစားလို့ကောင်းတယ် ” တဲ့…

စားပြီးတော့ ရေသောက် ခဏနားပြီးတာနဲ့ ဘုရားကျောင်းကနေ အောက်ကိုပြန်ဆင်းပြီး နောက်တနေရာကို ဆက်လက်ချီတက်ကြပါတော့တယ်။ နောက်တစ်နေရာကိုသွားဖို့ရာ ကမာကူရ ဘူတာကို ဘတ်စ်ကား ပြန်စီးရမှာပါ။

ဘတ်စ်ကားလာတော့ ကားပေါ်တက်လိုက်ချင်းဆိုရင်ပဲ နောက်မှာထိုင်နေတဲ့ ယောင်္ကျားလေး နှစ်ယောက်ထဲက တစ်ယောက်က ပြုံးပြပါတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တယ်။ ဂျပန်တွေမှ မဟုတ်ဘူး မြန်မာတွေလည်း ခင်တတ်ပါတယ်ပေါ့။ ပြီးတော့ သူ့လက်ကိုကမ်းပြီး လက်ဆွဲနှုတ်ဆက်ပါလေရော။ ပထမတော့ အူကြောင်ကြောင်နဲ့ သူ့ကိုလက်ဆွဲပြီး ပြန်နှုတ်ဆက်လိုက်ပြန်ရော… ခဏနေတော့ နောက်တစ်ခါလာပြီး လက်ဆွဲနှုတ်ဆက်ပြန်ပါတယ်။ အဲလိုနဲ့ တစ်ခါမ နှစ်ခါမက လာလာပြီး လက်ဆွဲနှုတ်ဆက်နေတော့မှ အဲဒီဂျပန်နည်းနည်းတော့ ဂေါက်နေတယ်ဆိုတာ ရိပ်မိ လိုက်ရပါတယ်။ အဲဒီတုန်းမှာ ဘတ်စ်ကားမောင်းတဲ့သူက ဂျပန်လိုလှမ်းပြောလိုက်တော့မှ ထိုင်နေရာကနေထသွားပြီး ကားမောင်းတဲ့သူနား ရပ်နေပါတော့တယ်။ နောက်မှတ်တိုင်မှာတော့ အဲဒီ ငဂေါက်ဆင်းသွားပါတယ်။ သူမဆင်းရင် တလမ်းလုံး လက်ပဲ လိုက်ဆွဲနှုတ်ဆက်နေမယ့်ပုံပဲ။ တော်ပါသေးရဲ့…

တော်ပါသေးရဲ့လို့တွေးပြီး ကင်မရာကိုကိုင် နောက်တစ်ပုံရိုက်မယ်ပြင်လိုက်တော့ ကုန်ပါပြီ…. ဓာတ်ခဲအားကုန်နေပါပြီ…. နောက်သွားမယ့်နေရာတွေမှာရိုက်ဖို့ အတွက်ဘယ်လိုမှ ရိုက်လို့မရတော့ဘူး။ စိတ်ပျက်မိပေမယ့် ရသလောက်ရိုက်တာပေါ့လို့ စိတ်ဖြေတွေးရင်း အမဆီက ချိန်ရိုက်ကင်မရာကိုပဲ ယူထားလိုက်တော့တယ်။

ဘူတာကိုပြန်ရောက်ပြီး အဆာပြေစားဖို့ ဆိုင်တွေကိုလိုက်ကြည့်ပါသေးတယ်။ စားချင်စရာကောင်းတဲ့ဆိုင် မတွေ့တာနဲ့ မုန့်ဆိုင်တစ်ဆိုင်က ဂျပန်မုန့်လေးတွေဝယ်ပြီး နောက်ဘုရားကျောင်းတစ်ခုကို ချီတက်ကြပြန်ပါသည်။

လမ်းမှာ တွေ့တဲ့ ငါးရောင်းတဲ့ဆိုင်ကိုမြင်တော့ မြန်မာပြည်မှာတုန်းက ကြည့်ခဲ့ဖူးတဲ့ အိုရှင်း ဇာတ်လမ်းကို သတိရလိုက်မိသေးသည်။

လမ်းမကိုရောက်တော့ အမက အဲဒါ ချယ်ရီပင်တွေရှိတဲ့လမ်းကိုပြပါတယ်။ ကားလမ်းအလယ်မှာ ချယ်ရီပင်တွေ တဖက်တစ်ချက်စိုက်ထားတဲ့ မြေသား လူသွားလမ်းမကြီးပါ။ ရောက်တဲ့အချိန်မှာတော့ ချယ်ရီပင်တွေက အရွက်တွေပဲရှိတော့ မလှဘူးဖြစ်နေပါတယ်။
လှတဲ့သူများဓာတ်ပုံကိုပဲယူပြလိုက်ဦးမယ်နော်…
Photo Credit: http://www.flickr.com/photos/skolem/3450348976/

ကျောင်းဆင်းချိန်နဲ့တိုက်ဆိုင်တော့ ကလေးတွေ ကျောပိုးအိတ်ကိုယ်စီနဲ့ ပြေးလွှားဆော့ကစားရင်း အိမ်ပြန်နေကြပါတယ်။
“ကလေးတွေကတော့ အတူတူပဲနော်… သားတို့ ငယ်ငယ်ကလည်း ကျောင်းကအပြန် အိမ်ကို အဲဒီလိုပဲ ဆော့ပြီးပြန်ကြတာပဲ… ” လို့တောင် မေမေကပြောပါသေးတယ်။
“အဲဒီလောက်ဆော့လို့လား… ” လို့အတွန့်တက်မိတော့…
“အဲဒီထက်ပဲ ပိုဆော့တာပဲရှိမယ်… ” တဲ့…

လမ်းဆုံးမှာတော့ အနီရောင်ဂိတ်ကြီးတစ်ခုကိုလှမ်းမြင်လိုက်ရပြီး အဲဒီနောက်မှာတော့ တံခါးအခုံးတစ်ခု နဲ့ ဟိုးအမြင့်မှာ တော်တော်လေးကြီးတဲ့ ဘုရားရှိခိုးကျောင်းကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ အဲဒါကတော့ Hachimangu (ဟချီမန်ဂု) ဘုရားရှိခိုးကျောင်းကြီးပါ။

Hachimangu ဘုရားရှိခိုးကျောင်း အ၀င်ဂိတ်
အဲဒီဘုရားကျောင်းက ကမာကူရမြို့မှာ အထင်ရှားဆုံးဘုရားကျောင်းဖြစ်ပါတယ်။ ပွဲတော် တော်တော်များများကိုလည်း အဲဒီဘုရားကျောင်းမျာပဲကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။ တံတားကိုကျော်ပြီးတော့ ဘုရားရှိခိုးကျောင်းကိုသွားတဲ့ သွားလမ်းနဲ့ ဘုရားရှိခိုးကျောင်းကိုသေချာမြင်ရပါတော့မယ်။


အပေါ်တက်မယ့် လှေကားမရောက်ခင်မှာ အလယ်မှာ အဆောက်အဦးတစ်ခုရှိပါတယ်။ အဲဒီအဆောက်အဦးရဲ့ဘယ်ဖက်မှာတော့ ဘုန်းကြီးတွေကိုလှူထားတဲ့ ဆာကေးအရက်စည်ကြီးတွေ စီထားတာရှိပါတယ်။ ဗုဒ္ဓဘာသာဖြစ်ပေမယ့် အယူဝါဒတွေကွဲတော့ ဘုရားကျောင်းမှာ အရက်စည်တွေလှူထားတာတွေ့ရတော့ စိတ်ထဲမှာတော့ တစ်မျိုးကြီးပါပဲ။

ဆာကေးအရက်စည်ကြီးတွေ
အဲဒီကနေ ဘုရားကျောင်းပေါ်တက်ပါတယ်။ ဒီဘုရားကျောင်းကတော့ ၀င်ကြေးပေးစရာမလို အလကားဝင်လို့ရပါတယ်။ ဘုရားကျောင်းက အထဲမှာ ပြင်နေတော့ ဘာမှ သေချာ မမြင်ရပါဘူး။ ပြတိုက်တော့ရှိပေမယ့်လည်း လူကြီးတွေပင်ပန်းနေတာတကြောင်း ကျွန်တော်တို့လည်း စိတ်မ၀င်စားတာကတကြောင်း ဘုရားကျောင်းအပြင်ကိုထွက် နားစရာနေရာရှာပြီး အဆာပြေမုန့်စား၊ ရေသောက်ရင်း အမောဖြေလိုက်ကြပါတော့တယ်။ အဲဒီအချိန်အထိ နေ့လည်စာမစားဖြစ်သေးပေမယ့် မုန့်စားလိုက်ရေသောက်လိုက်ဆိုတော့ အဆာခံနေပါသေးတယ်။ အချိန်က ညနေစောင်းနေလေပြီ…

ဘုရားရှိခိုးကျောင်းပေါ်ကနေဆင်း၊ အပြင်လမ်းကိုရောက်အောင် လမ်းပြန်လျှောက်ရပါတယ်။ အပြင်ရောက်တော့ မေမေက အတက်အဆင်းများများလုပ်ရင် ဒူးနားလာတတ်တော့ ဒူးကိုညှာတဲ့အနေနဲ့ လမ်းမလျှောက်ပဲ ကားစီးဖို့ပြောပါတော့တယ်။ ဘူတာကိုရောက်ပြီးတော့ အဲဒီနားမှာ စားစရာကောင်းကောင်းရှာမတွေ့တာနဲ့ ဆာတာ အသာအောင့်လို့ နောက်တစ်နေရာကိုပဲ ဆက်ထွက်ခဲ့ပါတယ်။

နောက်တစ်နေရာကတော့ ရင်းနှီးပြီးသား Yokohama (ယိုကိုဟားမား) ပါပဲ။ ကားတာယာတံဆိပ်တစ်ခုအနေနဲ့ ရင်းနှီးနေတာပါ။ Yokohama ရောက်တော့ တော်တော်လေးမှောင်နေပါပြီ။ အနားမှာရှိတဲ့ဆိုင်တွေမှာ ကင်မရာဓာတ်ခဲကိုအားသွင်းဖို့ adaptor ကိုရှာပါသေးတယ်။ မတွေ့တော့တာနဲ့ လက်လျော့ပြီး Yokohama World Porters Mall ကိုပဲ ညစာစားဖို့သွားလိုက်ပါတယ်။ လမ်းမှာ Yokohama မြို့သက် နှစ်တစ်ရာ့ငါးဆယ်ပြည့်တဲ့ အတွက် ကျင်းပဖို့ banner တွေကိုတော့တော့ Yokohama ဆိုတာ ငါတို့ မန္တလေးနဲ့ သက်တမ်းအတူတူပဲလို့ ပြောမိကြသေးတယ်။

Yokohama Bay မှာရှိတဲ့ အဆောက်အဦးတွေ၊ ရေပြင်ပေါ်မှာထင်ဟပ်နေတဲ့ မီးရောင်တွေနဲ့ Cosmo World က Ferris wheel နဲ့ roller-coaster တွေနဲ့ ရှုခင်းက တော်တော်လေးလှပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ် ကင်မရာဘက်ထရီအပိုပါမလာပေမယ့် adaptor ရှိရင် အားသွင်းလို့ရမှာဆိုတော့ ဘက်ထရီကုန်တာကို မဆီမဆိုင် နောက်ကျတဲ့ ထိုင်းလေကြာင်းလိုင်းကို စိတ်တိုမိသေးတယ်။

“ရှုခင်းတွေကလှလိုက်တာ… ငါ့ ကင်မရာနဲ့ရိုက်လို့ရရင်ကောင်းမှာပဲ… ” လို့ပြောလိုက်မိတယ်။
အမကတော့ အားပေးပါတယ်။
“ဟိုမှာ ညစာစားရင်းနဲ့ရှာတာပေါ့။ လျှပ်စစ်ပစ္စည်းဆိုင်တော့ရှိမှာပါ….”

ချိန်ရိုက် ကင်မရာနဲ့တော့ ရသလောက်ရိုက်သေးသည်။ ဒါပေမယ့် အဲလိုကင်မရာတွေက ညရဲ့အလှကို ဘယ်လိုမှ ပီပြင်အောင် ပုံဖမ်းနိုင်စွမ်းမရှိလေတော့ လက်လျှော့ကာ ညစာစားဖို့သာ ဆိုင်ကိုရှာပါတော့တယ်။ လူကြီးတွေလည်း ဗိုက်ဆာ၊ ခြေထောက်ညောင်း၊ ပင်ပန်းနေပြီလေ။

Yokohama Bay ရဲ့ ညအလှ
ညစာကိုတော့ Yokohama World Porters ရဲ့ မြေညီထပ်မှာရှိတဲ့ Food Court မှာပဲဝယ်စားလိုက်သည်။ အဲဒီ Food Court ကတော့ ကြိုက်တဲ့နေရာမှာထိုင် ကိုယ်တိုင်မှာယူတဲ့စနစ်ပါ။ စင်ကာပူက Food Court လိုမျိုးပေါ့။ ထိုင်ဖို့နေရာယူပြီးတော့ ဆိုင်တွေမှာ လိုက်ကြည့်၊ ကြိုက်တဲ့ဆိုင်ရောက်ရင် နိုင်ငံတကာသုံး အစားအသောက်မှာတဲ့ နည်းအတိုင်းမှာ၊ ပိုက်ဆံရှင်းပြီးတော့ တစ်လက်မခွဲပတ်လည်လောက်ရှိတဲ့ စက်ကလေးတစ်ခု ကိုယ့်ကိုပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ သူတို့အစားအသောက်ပြင်ဆင်နေတုန်း ကိုယ့်စားပွဲကိုယ်ထိုင်နေနိုင်ပြီး အစားအသောက်အဆင်သင့်ဖြစ်တော့မှ ပေးလိုက်တဲ့ စက်ကလေးကို ကြိုးမဲ့စနစ်နဲ့ အချက်ပေးမှာဖြစ်ပါတယ်။ စက်ကအသံမြည်တော့မှ ဆိုင်ကိုသွားပြီး အစားအသောက် သွားယူရုံပါပဲ။ စင်ကာပူမှာလိုတော့ လူကိုယ်တိုင်လာမပို့ပေးဘူးနော်…

စားဖြစ်တာတွေကာတော့ ဂျပန်ခေါက်ဆွဲ၊ ကိုရီးယားခေါက်ဆွဲ၊ ပြီးတော့ ဂျပန်အကြော်စုံ… ခေါက်ဆွဲတစ်ပွဲတစ်ပွဲဆို အတော်လေးများတော့ အနည်းကုန်အောင်စားရတယ်။ တစ်ပွဲကို ပျမ်းမျှအားဖြင့် ယန်း ရှစ်ရာလောက်ပေးရပါတယ်။ သောက်ရေကိုတော့ အလကားပေးပါတယ်။ သောက်ရေခပ်တဲ့နေရာမှာ ခွက်ကလေးတွေယူပြီး သောက်ရုံပါပဲ။ ဗိုက်ကလည်းဆာ လူကလည်း ပင်ပန်းနေတော့ အစားအသောက်ကို ဓာတ်ပုံတောင် မရိုက်ဖြစ်တော့ပါဘူး။

စားပြီးတော့ Mall ထဲမှာ ပတ်ကြည့်ရင်း adaptor ရှာကြည့်ပေမယ့် မတွေ့တော့တာနဲ့ လက်လျော့ကာ mall ပြန်ထွက်ပြီး ဘူတာကိုပြန်လာပါတယ်။ ဟိုတယ်ကိုပြန် နားဖို့အချိန်တန်ပြီလေ….

Ikebukuro ဘူတာကိုပြန်ရောက်၊ ဟိုတယ်နားရောက်တော့မှ အသိအမကြီးတစ်ယောက်နဲ့တွေ့ပြီး သူက adaptor ၀ယ်ထားပေးတော့မှ နောက်နေ့အတွက် ဓာတ်ခဲအားသွင်းဖို့ အဆင်ပြေသွားပါတော့တယ်။

နောက်နေ့မှ နောက်ခရီးတွေဆက်ရေးမယ်လေ… ပျော်ပျော်ပါးပါးပေါ့… :P

Read More...

Thursday, October 15, 2009

၁၀ တန်း မဖြေခင် ၁၀ရက်

ဆယ်တန်း စာမေးပွဲမဖြေခင်မှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ရေးမယ်လို့ ပြောထားတာ ခရီးသွားမှတ်တမ်း မပြီးသေးလို့ အရင် ရေးလိုက်ပါတယ်။

အိမ်မှာက အိမ်မွေးတိရိစ္ဆာန်တွေကို တယုတယ မွေးချင်တဲ့လူမရှိလို့ ကြွက်ခုတ်ဖို့ကြောင်ကလွဲလို့ ဘာမှ မမွေးပါဘူး။ ပြီးတော့ မွေးထားတဲ့ကြောင်တွေကိုလည်း အမချိုသင်းတို့လို နာမည်မပေးခဲ့ပါ။ အဲဒီအချိန်တုန်းက အိမ်မှာမွေးထားတဲ့ကြောင်တွေထဲက တစ်ကောင်က တကိုယ်လုံးအမည်းရောင်ဖြစ်ပြီး တခြားကြောင်တွေနဲ့ ကွဲနေလို့ မဲမဲလို့ ခေါ်ဖြစ်သွားပါတယ်။ အဲဒီကြောင်က လူတွေနဲ့ အင်မတန် ပွတ်သီးပွတ်သပ် နီးနီးကပ်ကပ် နေချင်ပါတယ်။ ထိုင်ခုံမှာထိုင်နေလို့ ခြေထောက်ကျနေရင် အဲဒီခြေထောက်ကိုလာပွတ်နေရော… ထမင်းစားရင်လည်း သူနဲ့ဆို ကောင်းကောင်းစားလို့မရပါဘူး၊ ခြေထောက်ကို သူ့ကိုယ်လုံးနဲ့လာပွတ်နေလို့လေ။ ကျွန်တော်တို့အိမ်ကလည်း ကြောင်ကိုဘယ်လောက်ချစ်လည်းဆို လာပွတ်ရင် အသာတကြည့် ခြေထောက်နဲ့ဖယ်လို့ရရင်ရ မရရင်တော့ ကန်လိုက်တာပဲ… မဲမဲကလည်း တစ်ယောက်ကကန်လိုက်ရင် နောက်တစ်ယောက်ခြေထောက်ကိုသွားပွတ်တာပဲ။
(အမချိုသင်းတော့ ဖတ်ရင်းနဲ့ အော်နေလောက်ပြီ။ :P)

အဲဒါလည်း အဲဒီကောင် အမှတ်လည်းမရှိပါဘူး ပြန်ပြန်လာတာပါပဲ။ ထမင်းကို ဖြောင့်ဖြောင့်စားချင်လို့ သူ့ကို စားဦးစားဖျားကျွေးထားလည်း စားပြီးရင် ထမင်းစား စားပွဲကိုလာ လူတိုင်းရဲ့ ခြေထောက်တွေကို သူ့ကိုယ်လုံးနဲ့လိုက်ပွတ်တော့တာပါပဲ။

ဘယ်လောက်အထိလူတွေနဲ့ နီးနီးကပ်ကပ်နေချင်လဲဆို၊ လမ်းသွားနေတဲ့ ခြေထောက်ကိုပါ လိုက်လိုက်ပွတ်တတ်လို့ သူ့ကိုရှောင်ရင်း တိုက်လှဲမလိုပါဖြစ်တတ်ပါသေးတယ်။ သူ့ကို အော်လိုက် ငေါက်လိုက်ရင်လည်း နားလည်သလိုမျက်နှာနဲ့ မျက်နှာညှိုးတတ်ပါသေးတယ်။

တခါတလေ ကျွန်တော်ပျင်းလို့ဆော့ချင်ရင်တော့ မဲမဲနဲ့ ပြေးတမ်းလိုက်တမ်းကစားပါတယ်။ တခြားလူတွေကို လူကရှေ့ကပြေး ကြောင်ကနောက်ကလိုက်မဟုတ်ပါဘူး။ ကျွန်တော်က ကြောင်ကို ဟေးးး လို့ခြောက်ပြီးတော့ သူ့နောက်ကလိုက်… ကြောင်က အကွေ့တွေမှာ သံမံတလင်းမြေဆိုတော့ ချော်ပြီး အရှိန်ထိန်းမရ ယက်ကန်ယက်ကန် slip ဖြစ်ပြီးပြေးနေတာကို ကြည့်ပြီး ရယ်… နောက်ဆုံးကြောင်က အိမ်ရှေ့က တမာပင်ပင်ပေါ်တက်ပြေးမှပဲ နောက်ကအလိုက်ခံရတဲ့ဒဏ်ကနေ လွတ်ပါတော့တယ်။

ဘာလို့ မဲမဲဆိုတဲ့ ကြောင်အကြောင်းရေးတာလည်းဆိုတော့ ဖြစ်တဲ့အဖြစ်က သူတို့ပတ်သက်နေလို့ပါ…


အဲဒီတုန်းက ကျွန်တော်က ဆယ်တန်းစာမေးပွဲနီးလို့ ကျောင်းမတက်တော့ပဲ အိမ်မှာပဲစာကြည့်နေချိန်ဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲနီးတာမှ ၁၀ရက်သာလိုတော့ပေမယ့် ဒီစာမေးပွဲငါဖြေရမှာပါလားဆိုတဲ့ စိတ်သေချာမရှိသလို ခံစားရပါတယ်။ ဖြေရမှာ စိတ်လည်းလေးနေတယ်လို့ ခံစားရတယ်။ ဘာကိုစိုးရိမ်နေမှန်းတော့မသိ…

အဲဒါမတိုင်ခင်တုန်းကလည်း အဲလိုပဲ ခံစားရပြီး အဖြစ်အပျက်တစ်ခုရှိပါသေးတယ်။
ကျွန်တော်တို့ ဆယ်တန်းမတိုင်ရင် အရင်နှစ်တွေက ဆယ်တန်းစာမေးပွဲမှာ ကိုးတန်းစာတွေပြန်မေးလေ့ရှိတော့ ဆယ်တန်းရောက်ပေမယ့် ကိုးတန်းစာကိုလည်း လွှတ်လို့မရခဲ့ပါဘူး။ ဘာဖြစ်လို့လည်းမသိ ကျွန်တော် ကိုးတန်းစာကို ပြန်ကြည့်ချင်စိတ်မရှိလို့ ကိုင်ကိုမကြည့်ခဲ့ဘူး။ စာမေးပွဲဖြေဖို့ သုံးလေးလလောက်အလိုမှာ ပညာရေးဝန်ကြီးဌာနက ဆယ်တန်းမှာ ကိုးတန်းစာတွေ မမေးတော့ဘူးလို့ ထုတ်ပြန်လိုက်တုန်းက သူငယ်ချင်းတွေထက် ကျွန်တော်ပိုပြီး ပျော်နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက အကိုက ရန်ကုန်မှာ အလုပ်လုပ်နေပြီး၊ ဖေဖေကလည်း အမ ကျောင်းတက်ဖို့ ရန်ကုန်ကို လိုက်ပို့နေတော့ အိမ်မှာ မေမေရယ် ကျွန်တော်ရယ် နှစ်ယောက်ပဲရှိပါတယ်။ အိမ်မှာကလူနည်းတော့ အိမ်တံခါး ၀ိုင်းတံခါး (ခြံတံခါးမဟုတ်ပါ :P) အမြဲတန်းသော့ခတ်ထားလေ့ရှိတယ်။ ကျွန်တော်ကသာ ကျောင်းမတက်တော့တာ အမေတို့ ဆရာ၊ ဆရာမတွေကတော့ ကျောင်းသွားနေရတုန်းပါပဲ။

အဲဒီနေ့က မေမေထမင်းစားပြန်လာခါနီးလို့ အိမ်တံခါး ၀ိုင်းတံခါး ဖွင့်ထားလိုက်မယ်ဆိုပြီး သော့ယူပြီး အိမ်တံခါးကို လမ်းလျှောက် မဲမဲက ထုံးစံအတိုင်း ခြေထောက်ကိုလာပြီး ပွတ်သတ်ပါတော့တယ်။ သူလာတာမမြင်လိုက်တော့ လူက သူ့ကိုတက်နင်းမိမှာကိုရှောင်ရင်း လဲတော့မလို ဖြစ်သွားလို့ ချက်ချင်း ဒေါသထွက်သွားတယ်။

အာ… ဒီကြောင် ဆိုပြီး…. ကြောင်ကို စီးထားတဲ့ ဖိနပ်နဲ့ စီးထားလျှက်နဲ့ လှမ်းပြီး ပစ်ကန်ကန်လိုက်ပါတယ်။ ဖြစ်ချင်တော့ ဖိနပ်က ရှေ့ကိုအတည့်ထွက်မသွားပဲ ခြေထောက်နဲ့ညိပြီး အပေါ်ကိုတက်သွားပါတယ်။
အဲဒီမှာ ဖိနပ်က မျက်နှာကြက်က မီးချောင်းကိုကာထားတဲ့မှန်ကိုထိ.. မှန်ကကွဲပြီးတော့ ခေါင်းပေါ်ကိုပြုတ်ကျ... ခေါင်းပေါ်ကျတဲ့မှန်ကထပ်ကွဲပြီး လက်ပေါ်ကိုကျပါတယ်။

တော်သေးတာ ခေါင်းပေါ်ကို မှန်က အပြားလိုက်ကျလို့ပေါ့… မဟုတ်ရင်တော့ အခုလို စာရေးနေနိုင်မှ မဟုတ်လောက်ဘူး။

ဖြစ်ပြီးစ ဘာဖြစ်သွားမှန်းတောင်မသိလိုက်ပဲကို ဖြစ်သွားတယ်။ လက်ပေါ်ကျတဲ့ မှန်က လက်ဖ၀ါးကိုပေါ်ဒေါင်လိုက်ကျသွားတယ်ထင်ပါတယ်။ အားလုံးပြီးတော့ လက်ဖ၀ါးကွဲသွားပြီး သွေးတွေဖျာကနဲထွက်လာကိုတွေ့လိုက်ရတော့ တော်တော်လှန့်သွားပါတယ်။ အဲဒီတုန်းမှာ မေမေကကျောင်းကပြန်လာပါတယ်။ မေမေ့ကို သော့ပြေးဖွင့်ရင်း အဖြစ်အပျက်ကိုပြောတုန်း လက်ကသွေးတွေကလည်း တတောက်တောက်ကျနေတုန်း… မေမေကချက်ချင်းပဲ အိမ်ထဲဝင် မျက်နှာသုတ်ပ၀ါအသစ်တစ်ခုကိုယူ လက်ကိုအုပ်ပြီး ဖိခိုင်းထား… အိမ်တံခါးကိုပိတ်…အိမ်ရှေ့က ဆိုက်ကားတစ်စီးကိုခေါ်ကာ ဆေးခန်းကို အမြန်သွားကြပါတယ်။

ဆေးခန်းအသွားမှာ မေမေက
“သား… ဒါဖြစ်လိုက်တာ အရင်က စိတ်လေးနေတာတွေ မရှိတော့ဘူး… အမေ့စိတ်ထဲမှာပေါ့သွားတာပဲ… ဘာမှမဖြစ်တော့ဘူးနော်.. အကုန်လုံးကောင်းသွားမှာ… စိတ်ကိုအေးအေးသာထား… ” နဲ့ပြောနေပါတယ်။

ဆေးခန်းရောက်တော့ လက်ကဒဏ်ရာကိုကြည့်ပြီး ဆရာဝန်က ဒဏ်ရာကကြီးလို့ ချုပ်မှရမှာဆိုပြီး ချုပ်ပါတယ်။ ပြီးတော့ ဆေးထိုးပါတယ်။ အဲဒီတုန်း စာမေးပွဲဖြေရမှာကို စိတ်ပူပြီးတော့ မျက်ရည်တောင် ကျမိပါသေးတယ်။ ဆရာဝန်ကတော့ ဘာမှမပူနဲ့ သေချာပေါက်ပျောက်တယ်၊ စာမေးပွဲက ၁၀ ရက်တောင်လိုသေးတာ ဆိုပြီး ဆေးတွေပေးလိုက်ပါတယ်။

တကယ်လည်း အဲဒါလည်း ဖြစ်ပြီးတော့ စိတ်ထဲမှာလေးနေတာတွေအားလုံးပေါ့သွားပါတယ်။ ဒဏ်ရာအနာပျောက်ဖို့သာစိတ်ထဲမှာ စိုးရိမ်နေမိတော့တယ်။

နောက်ရက်ကျတော့ ဖေဖေ ရန်ကုန်က ပြန်ရောက်လာတော့ ကျွန်တော့်အတွက် ဗေဒင်မေးလာတဲ့ စာရွက်ကိုဖတ်ကြတဲ့အခါ…
“စာမေးပွဲ သေချာပေါက်အောင်မည်။ ဂုဏ်ထူး ၁ ခုပါမည်။ အကယ်၍ လက်မှာထိခိုက်ရှနာမိပါက ဂုဏ်ထူး ၃ ခုပါမည်…” တဲ့…

အဲဒီမှာပဲ သားအမိသားအဖ ၃ ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိတော့သည်…

[အမချိုသင်းတစ်ယောက် ဒီပို့စ်ကိုဖတ်ပြီး ကျွန်တော့်အား မောင်လေး အဖြစ်မှ မစွန့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။]

Read More...

Wednesday, October 14, 2009

အားလပ်ရက် ၀၉ (၃)

ဂျပန်ရထားတွေရဲ့ထိုင်ခုံတွေက စင်ကာပူကလို ပလတ်စတစ်ထိုင်ခုံတွေမဟုတ်ပဲ ဆိုဖာထိုင်ခုံတွေဆိုတာ သတိထားမိလိုက်ပါတယ်။ နောက်ပြီး ရထားတွဲရဲ့ မျက်နှာကျက်မှာ စင်ကာပူမှာလို ရှင်းရှင်းကြီးရှိမနေပဲ ကြော်ငြာတွေနဲ့ တို့လို့တွဲလောင်း ရှိနေပါတယ်။ ကြည့်ရတာ အမြင်မရှင်းပေမယ့် အဆိုးကြီးတော့လည်း မဟုတ်လှပါဘူး။ အရမ်းရှင်းနေတော့လည်း ပျင်းစရာကောင်းနေသလိုပါပဲ။


နာရီတာလေဆိပ်မှ တနာရီကျော်ကျော် ရထားစီးပြီး Nippori (နစ်ပိုးရီ) မှာ ရထားထပ်ပြောင်းရပါတယ်။ ပြောင်းလိုက်တဲ့ ရထားလိုင်းရဲ့နာမည်က Yamanote Line ပါ။ ပြီးတော့ အဲဒီနာမည်ကိုလည်း ရင်းနှီးပြီးသားဖြစ်နေလို့ မှတ်မိနေတာပါ။

ဘာလို့ ရင်းနှီးနေတာလဲဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ရန်ကုန်မှာ ဂျပန်စာသင်တုန်းအချိန်မှာ အကိုကလည်း ဂျပန်ကိုသွားပြီး သင်တန်းတက်ပြီးပြန်လာပါတယ်။ သူက ဂျပန်အတွေ့အကြုံတွေပြောပြတုန်းက Yamanote Line ဆိုတာ တိုကျိုမှာရှေးအကျဆုံး ရထားလိုင်းဖြစ်ပြီးတော့ အားလုံးက မြေပေါ်မှာပဲပေါ်မှာသွားတဲ့ ရထားလိုင်းဖြစ်ကြောင်း၊ Yamanote ဆိုတာ တောင်ရဲ့လက်လို့ အဓိပ္ပာယ်ရကြောင်း ကိုပြောပြထားတာကို သတိရနေသေးလို့ပါပဲ။ တကယ့်အဓိပ္ပာယ်က တောင်ရဲ့လက်ဆိုတာထက် တောင်တွေရှိတဲ့နေရာလို့ပြောတယ်လို့ နောက်တစ်ယောက်ကပြောပါတယ်။ နာမည်တစ်ခုအနေနဲ့ မှတ်ထားတာထက် တစ်ခုခုနဲ့တွဲမှတ်မှ မှတ်မိတတ်တဲ့ ကျွန်တော့်အတွက်က အဲလိုလေးတွေပြောထားမှ မမေ့ပဲဖြစ်နေတတ်ပါတယ်။


Yamanote လိုင်းကို ရထားပြောင်းပြီး Nippori ကနေ မိနစ် ၁၅မိနစ်လောက်စီးပြီးတော့ တည်းမယ့်ဟိုတယ်ရှိရာ Ikebukuro (အိခဲဘုခုရို) ဘူတာကိုရောက်ပါတယ်။ Ikebukuro ဘူတာက တိုကျိုမှာ အရှုပ်ဆုံး နဲ့ အကြီးဆုံးဘူတာကြီးတွေထဲမှာပါပါတယ်။ Ikebukuro မှာ ရထားလိုင်း ရှစ်လိုင်းလောက်ဆုံပြီးတော့ ဘူတာကလည်း အထပ်မြေအောက်မှာ ၇ ထပ်လောက်ရှိပါတယ်။ အဲသည်တော့ ရထားလိုင်း ၃လိုင်း နဲ့ သုံးထပ် ဘူတာပဲ ရှိသေးတဲ့ စင်ကာပူကလာတဲ့လူတစ်ယောက်အတွက် တော်တော် မျက်စိလည်စရာပါပဲ။ ဂျပန်မှာနေတာကြာတဲ့လူကတောင် သွားနေကျမဟုတ်ရင် သူတို့လည်း မျက်စိလည်တယ်ဆိုတော့ အခုမှရောက်သူအဖို့ ပြောဖွယ်မရှိတော့ပြီ။

အမလာကြိုပေမယ့် သူက တိုကျိုမှာနေတာမဟုတ်တော့ သူလည်း ထွက်ပေါက်နေရာတွေကို ချက်ချင်းမသိဘူးဖြစ်နေပါတယ်။ ဘူတာကနေ အပြင်ရောက်ဖို့ကို အနောက်ဖက်ထွက်ပေါက်ကို တော်တော်ရှာရတယ်။ အပြင်ရောက်တော့ ဘူတာရှေ့မှာ ယောင်လည်လည်နဲ့ အထုပ်တွေချ မြေပုံကိုကြည့်ြ့ပီး ဟိုတယ်ကိုသွားရမယ့်လမ်းကိုရှာပါသေးတယ်…

အမကမြေပုံကိုင်ထားတော့ ဘယ်နေရာသွားမှာလဲမေးလိုက်တော့…
“အိုအိ အိုအိ ဆိုတဲ့ အဆောက်အဦးကိုရှာ အဲဒီဖက်ကိုသွားရမှာ… ”
အဲဒါနဲ့ နေရာနည်းနည်းပြောင်းပြီးကြည့်လိုက်တော့ ရှေ့ကတိုက်တွေကွယ်နေတဲ့ 0101 ဆိုတဲ့ စာလုံးရေးထားတဲ့ အဆောက်အဦးကြီးကိုတွေ့လိုက်ရတော့…
“ဟဲ့.. မမ.. ဟိုဖက်ကိုဆက်လျှောက်ရမှာထင်တယ်… နင်ပြောတဲ့ အိုအိ အိုအိ ဆိုတာ အဲဒီအဆောက်အဦးလား…”
“အေးအေး.. ဟုတ်တယ်.. အဲဒီဖက်ပဲ… ”

အပြင်လူကြည့်ရင်တော့ ရွာကအဖွဲ့ရန်ကုန်ဘူတာကြီးရှေ့ဘယ်သွားရမှန်းမသိ ယောင်ချာချာဖြစ်နေတဲ့ပုံပေါက်နေမှာပဲနော်…

ဟိုတယ်ကိုအသွား လမ်းဖြတ်ကူးပြီးတော့ အကိုပြောထားတဲ့ စကားတစ်ခုကိုသတိရတော့ အမကိုလှမ်းမေးလိုက်သေးသည်။
“0101 ကို အိုအိ အိုအိ လို့ဖတ်တာမဟုတ်ပါဘူး.. မာရုအိ မာရုအိ လို့ဖတ်ရမှမဟုတ်လား…”
“အေးဟုတ်တယ်လေ… နင်မဖတ်တတ်မှာစိုးလို့ အိုအိ အိုအိ လို့ပြောလိုက်တာ…”
“အောင်မယ်… ငါကမှ နင်ထက် ဂျပန်လို တစ်လုံးစ နှစ်လုံးစ ပိုသိသေးတယ်…”
“အေးပါ… ဟုတ်ပါပြီ… အဲဒါငါ မေ့သွားလို့ပါကွာ…”

0101 ရဲ့ logo ကလည်း OIOI လိုပုံမျိုးဖြစ်နေတာဆိုတော့ နိုင်ငံခြားသားတွေဆို အိုအိအိုအိလို့ အသံထွက်မိမှာ သေချာပါသည်။

အမ နဲ့ ကျွန်တော်နဲ့က အသက်သိပ်မကွာတော့ သူငယ်ချင်းလိုပဲစကားပြော ကြပါသည်။
နောက်မှာတော့ အမေ နဲ့ အဖေက ခပ်ဖြည်းဖြည်းပဲလျှောက်လာတော့ တခါတလေ ရပ်စောင့်ရင်း လျှောက်နိုင်သေးလား… မလျှောက်နိုင်ရင် ခဏနားလိုက် နဲ့ ၁၅ မိနစ်လောက်လျှောက်ပြီးတော့မှ ဟိုတယ်ကိုရောက်ပါတော့တယ်။

ဂျပန်မှာ ရထားစီးပြီး တက္ကစီ ဘာလို့မစီးသလဲဆိုရင်လား… စီးဖို့ မတတ်နိုင်လို့လို့ပြောရမှာပါပါပဲ။ ဂျပန်မှာ တက္ကစီဈေးကတော်တော်ကြီးပါတယ်။ ကမ္ဘာမှာ ဈေးအကြီးဆုံး လို့တောင်ပြောကြပါတယ်။ စတက်လိုက်ကတည်းက ယန်း ၇၁၀ (~USD 8) ပေးရပါတယ်။ ၂ ကီလိုပြီးတာနဲ့ ၂၀၀ မီတာ ကို ယန်း ၉၀ ပေးရပါတယ်။ ယန်း ၁၀၀ ကို USD ၁.၁ လောက်ရှိတယ်ဆိုတော့ တွက်သာကြည့်တော့။ Narita လေဆိပ်ကနေ Ikebukuro ဆိုရင် ယန် ၁၈၀၀၀ ကနေ ၂၀၀၀၀ လောက်ကျမယ်လို့ပြောတော့ စင်ကာပူဒေါ်လာနဲ့ဆို ၃၀၀ လောက်ကျမယ့် သဘောပါပဲ။

ဟိုတယ်ကိုရောက်တော့ နေ့လည် ၁၂နာရီ နီးနေပါပြီ။ ဟိုတယ်ရဲ့ check-in အချိန်က ညနေ ၃ နာရီမှဆိုတော့ အခန်းထဲဝင်ရဖို့ ၃နာရီလောက်လိုနေပါသေးတယ်။

ဟိုတယ်မှာ check-in လုပ်တုန်း အမက ကောင်တာက အမျိုးသမီးကို နေ့လည် ၁နာရီမှာ ၀င်ဖို့ပြောထားတာ ရတယ်မဟုတ်လားမေးရင်းက... နောက်တော့အဲဒီအမျိုးသမီးက မေမေတို့ ပင်ပန်းနေပုံကိုကြည့်ပြီးတော့ “ရပါတယ်… အခုပဲဝင်လိုက်တော့…” ဆိုတာနဲ့ ချက်ချင်းအခန်းထဲဝင်လို့ရပြီး နားလိုက်ရပါတယ်။ ကြည့်ရှုပြီး တတ်နိုင်သလောက် တစ်ဖက်သားရဲ့ အခက်အခဲကို လွယ်ကူအောင် စီစဉ်ပေးတာ ကျေးဇူးတင်စရာပါပဲ။ လူကြီးတွေဆိုတော့ ခရီးပန်းလာပြီး လှဲချင်နေပြီ။ မဟုတ်ရင် တစ်နာရီလောက် အပြင်မှာစောင့်နေရဦးမှာလေ။

အခန်းထဲဝင်လိုက်တော့ ၀င်ဝင်ချင်းက ဖိနပ်ချွတ်ဖို့နေရာ၊ ပြီးတော့ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံတွေ၊ ဘေးနားမှာက အိမ်သာတစ်ခန်း ရေချိုးခန်းတစ်ခန်း၊ နောက်ပြီး အခန်းကြီးတစ်ခုမှာက မွေ့ရာလေးခု၊ ခါးလောက်မြင့်တဲ့ စင်တစ်ခု၊ စင်ပေါ်မှာ ကွန်ပျူတာတစ်လုံး နဲ့ စင်အောက်မှာ တီဗွီတစ်လုံး။ အဆင့်မြင့်ဟိုတယ်ကြီးမဟုတ်ပေမယ့် သူ့နေရာနဲ့သူ ပစ္စည်းတွေ အပြည့်အစုံပါပြီး ဈေးသက်သာတဲ့ ဟိုတယ်လေးပါပဲ။ ပစ္စည်းတွေနေရာချနေတုန်း မေမေကတော့ ညောင်းလို့လှဲနေပါပြီ။ ပြီးတော့ ဖေဖေနဲ့ ကျွန်တော်လည်း အိပ်ရာထဲလှဲကာ အနားယူဖို့ပြင်ပါတော့တယ်။ မမ ကတော့ ခဏနားပြီး သူ့ပစ္စည်တွေထားခဲ့တဲ့ သူငယ်ချင်းအိမ်ကိုပြန်သွားရမှာဖြစ်လို့ အဆင်ပြေတဲ့ အင်္ကျီတစ်ထည်လောက်ဝယ်ဖို့ပါ မှာလိုက်ပါသေးတယ်။ လိုရမယ်ရ တစ်စုံလောက် ကျောပိုးအိတ်ထဲထည့်ဖို့ သတိရပေမယ့် ပစ္စည်းတွေများလို့ မထည့်ခဲ့မိတာ အခုတော့ ၀တ်စရာမရှိဖြစ်နေတော့တာပါပဲ။ အ၀တ်တွေထည့်ထားတဲ့အိတ်က မနက်ဖြန်မှ ရောက်မှာလေ။

သားအမိ သားအဖ သုံးယောက် နေ့လည် ၁၂ နာရီကျော်က အိပ်လိုက်တာ ညနေ ၄နာရီကျော်မှ နိုးလာပါတော့သည်။ နိုးပြီးသိပ်မကြာခင် အမလည်းပြန်ရောက်လာပါတယ်။ ကျွန်တော့်အတွက်လည်း Uniqlo က အင်္ကျီနှစ်ထည်ပါလာပါတယ်။ အိတ်နောက်ကျတော့ အင်္ကျီအသစ်ရသွားတာပေါ့။

ကြိုတင်ဆွဲထားတဲ့ အစီအစဉ်အရဆို ရောက်တဲ့နေ့မှာ ခဏနား၊ ပြီးရင် တိုကျိုဘုရင့်နန်းတော် (Imperial Palace) နဲ့ Odaiba (အိုဒိုင်းဘ - တိုကျိုပင်လယ်အော်မှာရှိတဲ့ လူလုပ်ထားတဲ့ ကျွန်း) ကိုသွားဖို့ပါပဲ။ တကယ်တမ်းကျတော့ ရောက်ရောက်ချင်းမှာ ပင်ပန်းပြီး ဘယ်မှမသွားနိုင်ပဲ အိပ်ပျော်သွားကြတာလေ။ မိဘတွေလည်း အသက်တွေရလာပြီဆိုတာ သတိထားလိုက်မိသည်။ မမကိုတောင် ပြောလိုက်မိသေးသည်။ အကုန်လုံးရောက်တာ မရောက်တာထက် ရောက်သင့်တဲ့နေရာကိုသာ သွားနိုင်သလောက်ပဲ သွားရအောင်လို့… မဟုတ်ရင် အပန်းဖြေခရီးလိုမဖြစ်မှာစိုးရိမ်မိတာပါပဲ။

ညနေ ၆နာရီလောက်ရောက်တော့ မေမေ့ရဲ့ အသိတစ်ယောက်လာနှုတ်ဆက်ပါတယ်။ ပြီးတော့ ဒီည ဘာအစီအစဉ်ရှိလဲလို့မေးတော့ ညစာသာထွက်စားပြီး အနားယူမယ်လို့ပြောလိုက်ပါတယ်။ သူကတော့ ညစာစားရင်း ဟိုတယ်နားမှာရှိတဲ့ အထပ်၆၀ Sunshine City ကိုလိုက်ပို့ပေးမယ်ပြောပါတယ်။

ဟိုတယ်အပြင်ထွက်လိုက်သည်ဆိုရင်ပဲ စင်ကာပူမှာရဖို့ခက်ခဲ့တဲ့ အေးအေးမြမြလေးကို
ခံစားလိုက်သည်။ တောင်ကြီးနွေရာသီညမှာ လမ်းထွက်လျှောက်ရင် ရတဲ့လေးအေးအေးမျိုးပေါ့။

လမ်းမှာတော့ နီယွန်ဆိုင်းဘုတ်တွေနဲ့ ဆိုင်တွေလည်းရှိ၊ လမ်းဘေးက အခန်းကျဉ်းကျဉ်းထဲက စားသောက်ဆိုင်များကိုလည်းတွေ့ရ၊ လူတွေလမ်းကူးတာကို ဘယ်လောက်ကြာကြာ ဟွန်းမတီးပဲ စိတ်ရှည်လက်ရှည်စောင့်တတ်တဲ့ ကားမောင်းသမားတွေလည်း မြင်ရ၊ အလှပြင်ထားပြီး စကပ်တိုတိုနဲ့ စက်ဘီးစီးကာ သွားလာနေတဲ့ ဂျပန်မလေးတွေကိုလည်း ရင်ခုန်ရ … အဟိ :P…


ပြီးတော့ Bic Camera ဆိုတဲ့ Electronic ဆိုင်ကြီးမှာ ဟိုကြည့်ဒီကြည့်လုပ်၊ ပြီးတော့ Sunshine City အပေါ်မှာရှိတဲ့ ရှုခင်းကြည့်တဲ့အထပ်ကိုတက်ကြည့်ဖို့သွားကြပါတယ်။ အကို စင်ကာပူကိုလာရင် Suntec City ကို Sunshine City လို့အခေါ်အမြဲမှားလေ့ရှိတဲ့ နေရာမို့လို့လည်း ဒီနေရာနာမည်ကိုကြားဖူးနေပြီးသာပါ။

Sunshine City အထပ် ၆၀ကိုတက်တဲ့ ဓာတ်လှေကားက တစ်စက္ကန့်ကို မီတာ၆၀၀ နှုန်းနဲ့တက်ပါတယ်။ အထပ်၆၀ကိုတက်တာ မိနစ်ဝက်သာသာလေးပဲကြာလိုက်တယ်။ တော်တော်လေးမြန်ပေမယ့် နားအူတာတွေဘာတွေ သိပ်မခံစားလိုက်ရပါဘူး။ ပြီးတော့ ဓာတ်လှေကား စပြီးတက်တာနဲ့ မီးတွေက အရောင်တွေပြောင်း၊ တီးလုံးလေးတွေထွက်လာနဲ့ သာမန်ဓာတ်လှေကားတွေစီးရတာထွက် ထူးခြားတဲ့ခံစားမှုလေးရှိပါတယ်။



Youtube ကဗီဒီယိုကိုကြည့်ပြီး ခံစားနိုင်ပါတယ်။


Sunshine City ရှုခင်းကြည့်တဲ့အထပ်မှာ တပတ်ပတ်ပြီး တိုကျိုမြို့ညအလှကို ခံစားကြည့်ရှုလို့ရပါသည်။ လင်းထိန်နေတဲ့ မီးရောင်တွေနဲ့ လှပနေတဲ့ တိုကျိုမြို့ညနေခင်းလေးပါပဲ။ Ikebukuro ဘူတာ၊ Tobu Departmental Store တို့ကိုလည်း အပေါ်ကနေလှမ်းမြင်နေရပါတယ်။



ဓာတ်ပုံရိုက်ဖို့ကြိုးစားပေမယ့် မှန်မှာပေါ်တဲ့ပုံရိတ်တွေကြောင့် ပုံကောင်းကောင်းတော့ မရခဲ့ပါဘူး။
Sunshine City ကပြန်ဆင်းပြီး ညစာစားဖို့ဆိုင်ကိုရှာ၊ တိုကျိုမှာပထမဆုံးစားမယ့် ဂျပန်စာအတွက်တော့ ကျွန်တော် ရင်ခုန်မိသေးတာပေါ့။ စကပ်တိုတိုတွေကြောင့်မဟုတ်ပါဘူး၊ ဂျပန်စာကိုကြိုက်တတ်တဲ့ အတွက်ကြောင့်ပါနော်…
ဂျပန်မှာစားဖြစ်တဲ့ ပထမဆုံး ညစာ

ညစာစားပြီးတော့ အနားပတ်ဝန်းကျင်က ရပ်ကွက်တွေကို အသိမိတ်ဆွေက လိုက်ပြတော့ ဟိုကြည့်ဒီကြည့်လုပ်ပြီးတာနဲ့ ဟိုတယ်ကိုပြန်ပြီး အနားယူပါတော့တယ်။ လူကြီးတွေလည်း ပင်ပန်းနေပြီ။
လှလို့ရိုက်လိုက်တာ ဘာအဆောက်အဦးလဲဆိုတော့ မေ့သွားပြီ။

မနက်ဖြန်ဘယ်သွားမှာလဲလို့ အမကိုမေးလိုက်တော့…

Kamakura (ကမာကုရာ) မြို့ကိုသွားပြီး နာမည်ကြီး Kamakura ဘုရားဆင်းတုတော်၊ အနီးအနားက ဘုရားကျောင်းတွေ နဲ့ Yokohama မြို့ကိုသွားမယ်လို့ပြောပါတယ်။

နောက်နေ့မှပဲဆက်ရေးတော့မယ်နော်။ ကျေးဇူးတင်ပါတယ်။ Arigato Gozaimasu.

Read More...

Tuesday, October 13, 2009

အားလပ်ရက် ၀၉ (၂)

လေယာဉ်အတက်မှာ အမေနဲ့ စကားပြတ်သွားပြီး ပြန်ပြောဖြစ်ကြတော့
“အမေလည်း ဒီကိုလာသာလာတာ စိတ်ကလေးနေတာ… အခုတော့ စိတ်ပေါ့သွားပြီး…”
“ဟုတ်တယ် အမေ။ သားလည်း အဲလိုပဲ။”
“သား ဆယ်တန်းမဖြေခင်လေးမှာလည်း အဲလိုဖြစ်နေတာကို မှတ်မိတယ် မဟုတ်လား… ”
“ဟုတ်… မှတ်မိတယ်…”
[ဆယ်တန်း စာမေးပွဲမဖြေခင်မှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ဒီမှာစာရှည်မှာစိုးလို့ သပ်သပ်ရေးပါ့မယ်]

ပြီးတော့ အိမ်အကြောင်း၊ ကျွန်တော့်အလုပ်အကြောင်းတွေပြောရင်း လေယာဉ်မယ်ကိုခေါ် ရေတစ်ခွက်တောင်းသောက်လိုက်ရသည်။ စိတ်မောလူမောဖြစ်နေတာ ကျန်နေတုန်းပဲကိုး။

ခဏနေ အနားကလူတွေအိမ်မောကျစပြုလာတော့ အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ စကားပြောတာကို အသာရပ်၊ ခုံကို နောက်အသာလှန်၊ စောင်ခြုံကာ အိပ်ဖို့ကြိုးစားပါတော့သည်။ နှစ်နှစ်ခြိုက်ခြိုက်မပျော်ပေမယ့် နည်းနည်းတော့ အနားရလိုက်ပါသည်။

ပျံသန်းချိန် ငါးနာရီကျော်လောက်မှာ လေယာဉ်ပေါ်မှာ မနက်စာစားပြီး သိပ်မကြာခင်မှာပဲ လေယာဉ်က ပျံသန်းနေတဲ့ အမြင့်ကို ဖြည်းဖြည်းချင်းလျော့ချလာသည်။ ဂျပန်စံတော်ချိန် မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ တိုကျို နာရီတာလေဆိပ်ကိုရောက်သည်။

လေယာဉ်ပေါ်ကဆင်းလာပြီး အဆောင်အဦးထဲအ၀င်မှာ ကျွန်တော့်နာမည်ရေးထားတဲ့ စာရွက်ကိုကိုင်ပြီးစောင့်နေတဲ့ ဂျပန်မ ချောချောလေးနှစ်ယောက်ကို တွေ့လိုက်ရပါသည်။ ဘာဖြစ်လို့များပါလိမ့်ဆိုတဲ့ အတွေးရောက်လာပါသည်။ အခက်အခဲတွေကြုံခဲ့ရတော့ ပူပန်မိလိုက်ပါသေးသည်။

ဂျပန်မလေးတွေနားရောက်တော့ ခဏရပ်လိုက်ပြီး သူတို့ကိုင်ထားတဲ့ စာရွက်ကိုပြရင်း
“ဒီနာမည်က ကျွန်တော့်နာမည်ပါ… ဘာများဖြစ်လို့ပါလိမ့် ” လို့မေးလိုက်ပါသည်။
ဂျပန်မလေးတွေ ကျွန်တော့်ကို ကြည့်ပြီး ခဏတော့မှင်သက်သွားဟန်ရှိသည်။

“ဟို… လူကြီးမင်းရဲ့ အိတ်က ဒီလေယာဉ်နဲ့ ပါမလားဘူး… အဲဒါ နောက်လေယာဉ်နဲ့မှ ပါလာပါမယ်…” လို့ အင်္ဂလိပ်လို ကောင်းဆုံးဖြစ်အောင် ကြိုးစားပြောပါသည်။
အဲတော့မှ ခုနက မှင်သက်သွားတယ်ဆိုတာ အင်္ဂလိပ်လိုပြောဖို့ အားယူလိုက်တာကို သဘောပေါက်လိုက်ရပါသည်။

ဟုတ်တာပေါ့။ လူတောင် မနည်းပြေးလာရတာ.. အိတ်ကတော့ ဘယ်ပြေးလာနိုင်ပါ့မလဲ။ အိတ်ကျန်ခဲ့မယ်ဆိုတာကိုတော့ မျှော်လင့်ထားပြီးသားပါပဲ။

“ဟုတ်ပြီ… အဲတော့ ဘယ်တော့ နောက်လေယာဉ်ရောက်မှာလဲ… ”
“ဒီနေ့ညမှ ရောက်မှာပါ…”
“အဲတော့ ဘယ်လိုဆက်လုပ်ရမလဲ… ငါပြန်လာယူရမှာလား…”
စိတ်ထဲမှာ လာယူခိုင်းလို့ကတော့ သူတို့ကိုပို့ပေးဖို့ ပြောလိုက်မယ်လို့ စိတ်ထဲမှာ တေးထားလိုက်မိပါသည်။ ထိုင်းမှာဖြစ်ခဲ့တဲ့ စိတ်မကျေနပ်မှုကရှိနေသေးသည်။

ဂျပန်မလေးတွေ ပြာပြာသလဲဖြစ်ပြီးတော့
“မလိုဘူးရှင့်… လာယူဖို့မလိုပါဘူး… ကျွန်မတို့ ပို့ပေးမှာပါ။ Immigration ဖြတ်ပြီးရင် ANA (အာနာ) ကောင်တာကိုလာခဲ့ပါ… တည်းမယ့် လိပ်စာကိုသာပေးလိုက်ပါ။ မနက်ဖြန်မနက်ရောက်အောင် ပို့ပေးပါ့မယ်…”
“အဲ… ဟုတ်ပါပြီ… ANA ကောင်တာကိုလာရမှာနော်…”
“ဟုတ်ကဲ့ပါရှင်… ကျွန်မတို့ စောင့်နေပါမယ်… အိတ်မပါလာတဲ့အတွက် အများကြီးတောင်းပန်ပါတယ်… ” ဆိုပြီး ခါးလေးညွှတ်ပြီးပြောပါသည်။

စိတ်ထဲမှာ ကျေနပ်သွားသည်။ ဂျပန်ရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ကောင်းတယ်ဆိုတာ ကြားဖူးပေမယ့် ကိုယ်တိုင်ကြုံလိုက်တော့ တကယ်ကိုစိတ်ကျေနပ်ဖို့ ကောင်းတယ်ဆိုတာ တခါတည်းလက်ခံလိုက်မိသည်။

တင်းကြပ်သည်လို့ နာမည်ကြီးတဲ့ ဂျပန် Immigration ကိုဝင်တော့ တစ်ယောက်ချင်းစီသွားဖို့ ၀န်ထမ်းတစ်ယောက်က ပြောနေပေမယ့် သုံးယောက်တခါတည်းသွားချင်တယ်… လူကြီးနှစ်ယောက်က မိဘတွေပါပြောတော့ ပြန်ပြုံးပြပြီး သွားနိုင်တယ်ဆိုတာ လက်လေးပြပါသည်။

ကောင်တာရောက်တော့ မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်ရင်း လိုအပ်တဲ့ စာရွက်စာတမ်းတွေပြလိုက်ပါသည်။
“သူတို့က ခင်ဗျားရဲ့ မိဘတွေလား… ” လို့ တာဝန်ကျ ၀န်ထမ်းအမျိုးသားကပေးပါသည်။
“ဟုတ်ပါတယ်… ” လို့ ပြန်ပြောတော့ သူက ပြန်ပြုံးပြရင်း
“အလည်လာတာလား…”
“ဟုတ်တယ်… ငါ့အမက ဒီမှာ တက္ကသိုလ်တက်နေလို့ ငါတို့ အလည်လာတာလေ…”
“…” ပြန်ပြုံးပြရင်း နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာတို့ကို စစ်ဆေးနေပါသည်။ ပြီးတော့မှ
“အမက ဘယ်တက္ကသိုလ်မှာတက်နေတာလဲ… ”
“xxx တက္ကသိုလ်မှာပါ…”
“သြော် … ဟုတ်ပါပြီ … ”
Immigration ၀န်ထမ်းက အ၀င် တံဆိပ်တုံးထု၊ white card ကို ကပ်ပေးကာ နိုင်ငံကူးလက်မှတ်တွေကိုပြန်ပေးလိုက်ပါသည်။ အားလုံးလွယ်လွယ်ကူကူပဲ ပြီးသွားပါသည်။

အပြင်ရောက်တော့ အဖေနဲ့အမေတို့ရဲ့ အိတ်တွေကို သွားယူဖို့ လုပ်တော့ အဲဒီအိတ်တွေနားမှာ ခုနကတွေ့လိုက်ရတဲ့ ဂျပန်မလေးတွေ ရပ်စောင့်နေတာကို ထပ်တွေ့လိုက်ရပါသည်။

“ANA ကောင်တာကို ရှာမတွေ့မှာစိုးလို့ ဒီမှာစောင့်နေတာပါ…” လို့ ပြုံးပြီး ပြောပြသည်။
ANA ကောင်တာလို့ပြောပြီး ရှာလာလိမ့်မယ်ပေါ့ဆိုတဲ့ စိတ်မရှိပဲ အခုလိုကြိုစဉ်းစားပေးပြီး လာစောင့်ပေးနေတာ စိတ်ထဲမှာ နွေးထွေးသွားသည်။ ဂျပန်ကိုအလည်လာတဲ့လူတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်ဆိုတဲ့ ခံစားမှုမျိုးကိုလည်း ရလိုက်ပါသည်။

ကောင်တာမှာ တည်းမယ့် လိပ်စာ ဖုန်းနံပါတ် ကိုပြောပြလိုက်တော့ ချက်ချင်းပဲ ဟိုတယ်ကိုဖုန်းဆက်ပြီး မေးလိုက်ပါသည်။ ကျွန်တော့်တို့နာမည်နဲ့ တည်းမယ့်စာရင်းရှိလားဆိုတာလှမ်းမေးတာပါ။ လိပ်စာပေးထားတာ မသေချာမှာ စိုးရိမ်လို့ ထင်ပါသည်။

နောက်နေ့မနက်မှာ ပစ္စည်းလာပို့မယ်ဆိုတာ သေချာထပ်ပြောပြန်သည်။ အားလုံးပြီးတော့ ကောင်တာကနေထွက်တော့
“အခုလို အိတ်နောက်ကျနေတဲ့အတွက် တောင်းပန်ပါတယ်… ” ဆိုပြီး ခါးလေးညွှတ်ခါထပ်ပြောပါသေးသည်။

စင်ကာပူမှာဆို တောင်းပန်ပါတယ် စကားလုံးရဖို့ မနည်းပြောကာမှ မပြောချင်ပြောချင် ဆောင့်ကာအောင့်ကာ ဆောရီး… လို့ပြန်ပြောတတ်သည်။ ဂျပန်ရဲ့ ၀န်ဆောင်မှုလုပ်ငန်းကတော့ တကယ်ပဲ စိတ်ကျေနပ်ဖို့ကောင်းလှသည်။

အပြင်ရောက်တော့…. မမစောင့်နေတာကိုတွေ့လိုက်ရသည်။ သူကလည်းပြေးလာပြီး လာကြို… ကျွန်တော်တို့ကလည်း လေယာဉ်ပေါ်ကယူလာတဲ့ သစ်ခွပန်းလေးတွေကိုပေးလိုက်ပါသည်။

အခုမှပဲ လိုရာခရီးရောက်ပါတော့သည်။ မိဘတွေလည်း ပင်ပန်းနေပြီဖြစ်လို့ တည်းမယ့် ဟိုတယ်ကို လေဆိပ်ကနေ ရထားနဲ့သွားကြပါတော့သည်။

တရက်စာရေးလို့ မပြီးသေးပေမယ့် စောင့်နေရတာထက်စာရင် နည်းနည်းဖတ်ရတာပိုကောင်းမလားလို့ ပြီးသလောက်တင်လိုက်ပါတယ်။ ကျေးဇူး...

Read More...

Monday, October 12, 2009

အားလပ်ရက် ၀၉ (၁)

ခရီးထွက်မယ်ပြင်နေပေမယ့် ဒီခရီးသွားရတာ အရင်လို တက်ကြွရွှင်လန်းမှုကို မခံစားရဘူးဖြစ်နေသည်။

အရင်တုန်းကဆို ခရီးတစ်ခုထွက်မယ်ဆို ကြိုပြီးရင်ခုန်နေမိသည်။ သွားမယ့်နေ့မှာဆို ဘယ်လို ပျော်နေမှန်းမသိကို ပျော်နေမိတတ်သည်။ အခုတော့ အရင်ကလို မခံစားမိ…

ကိုယ်စိတ်ကိုယ်ပြန်ဆန်းစစ်နေမိသည်။ တခုခုကြောင့် စိတ်လေးနေတာလား…
မဟုတ်လောက်ပါဘူး… မသွားခင် အလုပ်ပြီးအောင်လုပ်နေရတော့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာ ဖြစ်မှာပါ။

လေယာဉ်ချိန်က ည ၈နာရီ မိနစ် ၄၀ မှ ဆိုတော့ ရုံးမသွားတော့ပဲ တနေကုန်အိမ်မှာနေ အီးမေးလ်ဖတ်၊ ပစ္စည်းထည့်၊ လိုအပ်လောက်မယ့် ပစ္စည်းလေးတွေ ထွက်ဝယ်နဲ့ပဲနေလိုက်တော့သည်။

ညနေ ၆နာရီလောက်မှ ရထားနဲ့ လေဆိပ်ကိုသွားဖို့ အိမ်ကထွက်လာခဲ့သည်။ အိမ်အောက်ရောက်မှ ရထားနဲ့မသွားတော့ပဲ taxi နဲ့ပဲသွားဖို့ စိတ်ပြောင်းသွားသည်။ ထွက်သာလာတယ် အခုချိန်အထိလည်း ဘာမှ မခံစားမိသေး။ စိတ်တော့ နည်းနည်းပူမိသလိုပဲ…


ဘာကိုပူနေမိတာလည်း သေချာတော့မသိ။
ခရီးသွားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေစစ်ကြည့်တော့လည်း အကုန်စုံအောင်ပါသည်။

ကားပေါ်မှာ စိတ်ကိုလျော့ စိတ်ဒုန်းဒုန်ချလိုက်တော့မှ စိတ်ထဲမှာ တင်းကြပ်နေတာတွေ သက်သာသွားတော့သည်။

လေဆိပ်ကိုရောက်ပြီး လေယာဉ်ထွက်ခွါချိန်ကိုကြည့်လိုက်တော့ Retimed 21:40 လို့တွေ့လိုက်ရပါသည်။ ပုံမှန်အချိန်ထက် တစ်နာရီနောက်ကျပြီးထွက်မယ်ဆိုတော့ ဘန်ကောက်မှာ လေယာဉ်ပြောင်းဖို့ အချိန်တော်တော်လေးနည်းသွားသည်။ ပြောင်းဖို့ အချိန်တော့ မှီတော့မှီလောက်ပါတယ် လို့ တွေးရင်း Check-in လုပ်ဖို့ကောင်တာကို သွားဖို့လုပ်ရင်း ဘန်ကောက်လေဆိပ်မှာ တွေ့ဖို့ချိန်းထားတဲ့ မိဘတွေ စိတ်ပူနေမှာကိုလည်း တွေးလိုက်မိသည်။ ချက်ချင်း ရန်ကုန်မှာ ရှိတဲ့ အကိုဆီလှမ်းဆက်တော့ “လူကြီးမင်းခေါ်ဆိုသော…. ”
အာ… အရေးဆိုချက်ချင်းဆက်သွယ်ဖို့ အဆင်ပြေအောင် လက်ကိုင်ဖုန်းတွေ တီထွင်ထားတာ ငါတို့ တိုင်းပြည်မှာကျတော့ တစ်မျိုးဖြစ်နေပါသည်။ အကျိုးအကြောင်းကိုတော့ တမျိုးမဟုတ်တမျိုးသိရဖို့ လာကြိုဖို့စောင့်နေတဲ့ အမဆီကိုပဲ လှမ်းဆက်တော့သည်။

“ဟဲလို မမလား… ငါ့လေယာဉ်ထွက်မယ့်အချိန်နောက်ကျမယ်တဲ့… အဲဒါရန်ကုန်ကို လှမ်းဆက်ကြည့်ပါဦး။ မေမေတို့မထွက်သေးရင် အကျိုးအကြောင်းသိရတာပေါ့။”
“ဟုတ်လား…ဘန်ကောက်မှာ လေယာဉ်ပြောင်းဖို့ရော မှီပါ့မလား…”
“အေး..မှီတော့မှာပါ ဒါပေမယ့် အချိန်တော့ နည်းလိမ့်မယ်ထင်တယ်…”
“ဟုတ်ပြီ… အဲဒါဆို ငါ ရန်ကုန်ကိုလှမ်းဆက်ထားလိုက်မယ်လေ…”
“အေး… ပြီးမှ ငါထပ်ဆက်လိုက်တော့မယ်”
“ဟုတ်ပြီ… ဒါပဲနော်…”
“အေး…”

စကားပြောပြီး check-in လုပ်ဖို့ စာရွက်စာတမ်းတွေပေးလိုက်တော့ ၀န်ထမ်းအမျိုးသမီးက လေယာဉ်ထွက်ချိန် နောက်ကျမယ်လို့ ပြောလိုက်သည်။ သိတယ်ဆိုတာ ပြန်ပြောရင်း …

“ကျွန်တော့်မိဘတွေက ဒီလေကြာင်းလိုင်းနဲ့ပဲ ရန်ကုန်ကနေ ဘန်ကောက်ကိုသွားမှာ… ကျွန်တော်နဲ့ ဘန်ကောက်မှတွေ့ပြီးတော့ လေယာဉ်တစီးထဲ စီးပြီး ခရီးဆက်မှာဆိုတော့ သူတို့နဲ့ နေရာ အတူတူရဖို့ လုပ်ပေးလို့ရမလား…”
“ရတာပေါ့… ကျွန်မ စီစဉ်ပေးလိုက်မယ်လေ…”
လို့ ကောင်တာမှရှိတဲ့ အမျိုးသမီးက ပြုံးပြီးပြန်ဖြေလိုက်သည်။

ဒီလိုစီစဉ်လို့ရမယ်ဆိုတော့ နောက်ခရီးစဉ်အတွက် အဆင်ပြေသွားတာပေါ့။ စိတ်ထဲမှာ ပူနေတာ ဒီလေယာဉ်နောက်ကျတဲ့ ကိစ္စဖြစ်မှာပါလို့ တွေးလိုက်မိရင်း ကောင်တာရှေ့မှာ ရပ်စောင့်နေလိုက်သည်။

ခဏကြာတော့လည်း အဲဒီအမျိုးသမီး လုပ်နေတာမပြီးသေး။ သာမာန် check-in လုပ်တာ ဒီလောက်တော့ မကြာရပါဘူး။ ဘာများဖြစ်နေလို့ပါလိမ့်ဆိုပြီး စိတ်ထဲမှာ အနည်းငယ်တော့ ပူပန်လာမိပြန်သည်။ မနေနိုင်တော့ ကောင်တာအနားကပ်ပြီး မေးကြည့်လိုက်သည်။
“ပြဿနာတစ်ခုခုများ ရှိနေလို့လား…”
“ခဏလေးနော်…” ခေါင်းငုံ့လုပ်နေရင်း ပြန်ဖြေသည်။


ခဏကြာတော့မှ စိတ်ရှုပ်တဲ့ပုံနဲ့
“လေယာဉ်ချိန် ပိုပြီးနောက်ကျတော့မယ်… ဒီကို ည ၁၁ နာရီကျမှ ရောက်မယ်တဲ့…”
“အိုး… ဒါဆို ဘန်ကောက်လေယာဉ်ပြောင်းဖို့ ဘယ်အဆင်ပြေတော့မလဲ… ”
“ဟုတ်တယ်… လေကြောင်းလိုင်းက တစ်ခုခုစီစဉ်ပေးမှာပါ… ခဏလေးစောင့်ပါဦး။ ငါသွားမေးလိုက်ပါဦးမယ်။” ဆိုပြီး လေကြောင်းလိုင်းက တာဝန်ရှိ လူတစ်ယောက်ဆီထွက်သွားသည်။ သူ့နောက်လိုက်သွားရင်း လေကြောင်းရဲ့ ကောင်တာနားမှာ ရပ်စောင့်နေလိုက်တုန်း နောက်ထပ် ခရီးသည် ၁၄-၅ ယောက်လည်းထပ်ရောက်လာသည်။

၁၀ မိနစ်လောက်ကြာတော့ လေကြောင်းလိုင်းမှ ၀န်ထမ်းတစ်ဦးမှ ဘန်ကောက်မှ တဆင့်တခြားကို ဆက်သွားမယ် ခရီးသည်တွေကို တခြားလေကြောင်းလိုင်းဖြစ်တဲ့ Bangkok Airways ကိုပြောင်းပေးမယ်ပြောပါသည်။

Bangkok Airways ကောင်တာကိုရောက်တော့ သွားရမယ် ခရီးစဉ်က စင်ကာပူ ဘန်ကောက် တိုက်ရိုက်မဟုတ်ပဲ လမ်းမှာ ကိုဆာမူအိ (Ko Samui) ကျွန်းကို ခဏရပ်ဦးမှာကို သိလိုက်ရပါသည်။ ဘန်ကောက်ကို ရောက်မယ်အချိန်ကို မေးလိုက်တော့ ည ၁၁ နာရီမှာရောက်မှာဆိုတော့ လေယာဉ်ပြောင်းချိန်က မိနစ် ၂၀ လောက်ပဲရတော့မှာပဲ။

ဘန်ကောက်လေဆိပ်က အကျယ်ကြီးဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာ သွားရတာဝေးတော့ အပြေးအလွှားသွားရမယ်ဆိုတာ တွေးပြီး စိတ်ပူနေမိသည်။ ရွေးချယ်စရာလမ်းမရှိတော့ လမ်းခရီးမှာ အဆင်ပြေပါစေရန်သာ ဆုတောင်းနေတော့သည်။

Bangkok Airways မှာ check-in ၀င်ပြီးတော့မှ အမဆီကို ဖုန်းလှမ်းဆက်သည်။
“မမရေ… လေယာဉ်က ထပ်နောက်ကျသွားလို့ ငါ့ကို Bangkok Airways နဲ့ သွားဖို့ပြောင်းပေးလိုက်ပြီ… အခု ငါလေယာဉ်ဆီကိုသွားနေပြီ။ ဘန်ကောက်ကိုတော့ ၁၁ နာရီလာက်မှရောက်မယ်။ အဲဒါလှမ်းပြောထားတာ…”
“အေးအေး.. လေယာဉ်ပြောင်းဖို့ အဆင်ပြေတယ် မဟုတ်လား…”
“အေး ပြေပါတယ်.. ဒါပဲနော်…”
“ဟုတ်ပြီ… ငါလည်း ရန်ကုန်ကို လှမ်းဆက်ပြောလိုက်ပါဦးမယ်…”

လေယာဉ်ပေါ်တက်ဖို့ ပစ္စည်းတွေစစ်ဆေးပြီး သိပ်မကြာခင်မှာပဲ လေယာဉ်ပေါ်တက်လိုက်ရသည်။

တနာရီခွဲလောက် ပျံသန်းပြီးတော့ လေယာဉ်မယ်လေးတွေကို White Card (ဆိုက်ရောက်ကဒ်) တွေကိုလိုက်ဝေပါသည်။ ဘန်ကောက်ကို တိုက်ရိုက်သွားမယ်ဆိုပေမယ့် သေချာအောင်တော့ မေးလိုက်မိသည်။

“ဘန်ကောက်ကို ဆက်သွားမှာ အဲဒီ immigration ကိုဖြတ်ဖို့လိုလား…”
“အဲဒါဆိုရင်တော့ ဖြတ်ဖို့မလိုပါဘူး… ” လို့ လေယာဉ်မယ်လေးက ပြန်ဖြေသည်။
အဲဒါနဲ့ white card ကို မယူပဲထားလိုက်တော့သည်။

အဲလိုမေးပြီးနောက်က ခရီးသည်က ကျွန်တော်ကိုလှမ်းမေးသည်။
“ငါတို့လည်း ဘန်ကောက်ကို ဆက်သွားမှာ အဲဒါ ဒီကဒ်ဖြည့်ဖို့လိုလား…”
“Immigration ကိုဖြတ်ဖို့ မလိုဘူးလို့ပြောတာပဲ.. အဲတော့ ငါတော့ ဖြည့်ဖို့လိုမယ် မထင်ပါဘူး…”
“ဟုတ်ပါပြီ.. ကျေးဇူးပါ…”
“ရပါတယ်…”

လေယာဉ်က ကိုဆာမူအိကိုဆိုက်တော့ ဘန်ကောက်ကိုသွားမယ့် ခရီးသည်တွေ အောက်ဆင်းရမှာလား မေးလိုက်တော့ အားလုံးဆင်းရမယ် အဖြေပြန်ရတော့ လိုရမယ်ရ အထုပ်အပိုးတွေအကုန်လုံးကိုယူလာသည်။ တချို့ခရီသည်တွေကတော့ ပြန်တက်လာရမှာဆိုပြီး ပစ္စည်းတွေချန်ထားခဲ့သည်။

အောက်ကိုရောက်တော့ လေယာဉ်ပေါ်ကလူတွေအားလုံး Immigration ဖြတ်ရမည်လို့ ပြောလာပြန်ပါသည်။ အဲဒီမှာ ထိုင်းလေကြာင်းလိုင်းကနေ ပြောင်းလာတဲ့ ဘန်ကောက်ကိုဆက်သွားမယ့် ခရီးသည်က Bangkok Airways က၀န်ထမ်းတွေနဲ့ အခြေအတင်စကားပြောကြပါတော့သည်။ အမှန်က အားလုံးသေချာအောင် လေယာဉ်ပေါ်မှာမေးလာပြီးသား အခုမှ တမျိုးဖြစ်နေရပြန်သည်။

“မင်းသိလား… ငါတို့က ဘန်ကောက်ကို သွားမှာ… ဒီမှာ လေယာဉ်ရပ်လို့မို့လို့ ငါတို့က ဆင်းရတာ… ဘာဖြစ်လို့ ငါတို့က Immigration ကိုဖြတ်ရမှာလဲ…”
“ဒါကတော့ လေယာဉ်ပေါ်ကလူတွေအားလုံး ဖြတ်ရမို့လို့ပါ…” ဆိုပြီး မတိမကျပြန်ဖြေလာသည်။

ဘေးက ရပ်ထားထောင်နေသည့် ဥရောပသားတစ်ယောက်က ၀င်ပြောသည်။
“ငါပြောပြမယ်…. ငါတို့က ဘန်ကောက်ကိုသွားမယ်.. ဘန်ကောက်ကနေပြီး နောက်တစ်နေရာ ဆက်သွားမှာ… အဲတော့ ထိုင်းနိုင်ငံဆိုတဲ့ အထဲကို ငါတို့က ၀င်စရာမလိုဘူး… လေယာဉ်ကိုပဲ ပြောင်းစီးရမှာ… အဲတော့ Immigration ကို ဖြတ်စရာကိုမလိုတာ… နားလည်လား…”
“နားလည်ပါတယ်… ဒီမှာကတော့ လေယာဉ်ပေါ်ကလူတွေအားလုံး Immigration ဖြတ်ရမှာပါ…”
“ဘာကြောင့်လဲ…” ဆိုပြီး ဥရောပသားက ဆက်မေးသည်။
“ဘာကြောင့်လဲတော့ ငါလည်းမသိဘူး… ဖြတ်ရမှာပဲ… ” လို့ လေယာဉ် အမှုထမ်းက ဖြေသည်။
“ငါပြောမယ်… ငါတို့က တကယ်ဆို လေယာဉ်ပေါ်မှာ ထိုင်ပြီးစောင့်နေရုံပဲ… ငါ့အိတ်တွေက လေယာဉ်ပေါ်မှာ ရှိနေတုန်း… နားလည်လား…”
“လေယာဉ်ပေါ်မှာဘယ်အိတ်မှ မရှိတော့ပါဘူး… ဒီမှ အိတ်တွေရော လူတွေရော အကုန်လုံး အောက်ကို ချပါတယ်။ ပြီးတော့မှ အားလုံး ပြန်တက်ရမှာပါ ” လို့ လေယာဉ် အမှုထမ်းကပြန်ဖြေတော့…
“နင်တို့ လေကြောင်းလိုင်က တော်တော်လေး ကြောင်တာပဲနော်…” ဥရောပသားက ပြောလိုက်တော့သည်။

နောက်ဆုံးတော့ ဘယ်လိုမှပြောလို့မရတော့ လူတွေအားလုံးလက်လျော့ပြီး Immigration ဖြတ်လိုက်ကြတော့သည်။

တန်းစီနေရာက ကျွန်တော်အလှည့်ရောက်တော့ နိုင်ငံကူးလက်မှတ်နဲ့ white card ကိုပေးကာ မတ်တပ်ရပ်ကာ စောင့်နေလိုက်သည်။ Immigration ၀န်ထမ်းက နိုင်ငံကူးလက်မှတ်ကို လှန်ကြည့်ပြီးတော့ “ဖာ့မာ… ” ဆိုပြီး အသံထွက်လာသည်။

အဲဒီတော့မှာ… မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားလျှင် ထိုင်းနိုင်ငံလေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာ မရဘူးဆိုတာ သတိရလိုက်တော့ ရုတ်တရက်တော့ ခေါင်းနပန်းကြီးသွားမိသည်။ နောက်တော့ ကိုယ့်အမှားမှ မဟုတ်တာ သူတို့ကြည့် ဖြေရှင်းပေးရမှာပေါ့ ဆိုတဲ့ စိတ်ဝင်လာပြီး
“ဘာပြဿနာများ ရှိလို့ပါလဲ … ” လို့မေးလိုက်သည်။
“မင်းဟာက မြန်မာနိုင်ငံကူးလက်မှတ် ဆိုတော့ ဆိုက်ရောက်ဗီဇာမရဘူး ဆိုတာ မသိဘူးလား…”
Immigration ၀န်ထမ်းက မျက်နှာခပ်တင်းတင်းနဲ့ ပြန်မေးသည်။
“ငါသိတယ်လေ… အခုဟာက ထိုင်းလေကြာင်းက လေယာဉ်နောက်ကျလို့ ဒီလေယာဉ်နဲ့ တင်ပေးလိုက်တာ။ ငါလည်း Immigration ကိုဖြတ်ရမယ်လို့ မသိဘူး။ အဲတော့ မင်းတော့ တစ်ခုခု လုပ်ပေးမှာ ရမှာပဲ…”
“ငါတို့ ဘာမှ လုပ်ပေးလို့မရဘူး… ” တဲ့…
အဲဒီ ၀န်ထမ်းရဲ့ မျက်နှာက ခုန ခပ်တည်တည်ရုပ်ထက်တောင် ပိုတင်းသယောင်ထင်မိသည်။ အဲလိုပြောပြီး နိုင်ငံကူးလက်မှတ်ကို မသင်္ကာသလို လျှောက်လှန်ကြည့်ပြီး ထိုင်း ဗီဇာတစ်ခုကို တွေ့သွားသည်။
“ဒီမှာ ဗီဇာရှိတာပဲ … ဒါသုံးလို့ရတာပဲ…” ဆိုပြီး ပြောလာတော့ နည်းနည်းတော့ စိတ်အချဉ်ပေါက်လာသည်။
“မင်း… အဲဒီ ဗီဇာကို လုံးဝမထိပါနဲ့ ငါအခုသွားတဲ့ ခရီးက အပြန်မှာ ထိုင်းကို ၀င်လည်မှာမို့လို့ ယူထားတဲ့ ဗီဇာ… ”
“အဲတော့ ငါတို့က ဘာလုပ်ရမှာလဲ…” တဲ့… ။

ဘေးမှာ ရှိနေတဲ့ Bangkok Airways ၀န်ထမ်းကို လှမ်းပြောလိုက်သည်။
“မင်းလည်းတွေ့တဲ့ အတိုင်းပဲ… အခု ပြဿနာဖြစ်နေပြီ… အဲတော့ မင်းတို့ ငါ့ကို ဖြေရှင်းပေးပါ…”
“ငါတို့လူကြီးနဲ့ ပြောလိုက်ပါဦးမယ်… ” ဆိုပြီး ဖုန်းတွေဆက်၊ စကားပြောစက်တွေနဲ့ ပြော နဲ့ ၅ မိနစ်လောက်စောင့်နေလည်း ဘာမှ မထူးသေး။

ဘေးက ကောင်တာမှာလည်း တရုတ်တစ်ယောက် ကျွန်တော့်ကိုလည်း စောင့်နေတာကို တွေ့လိုက်ရသည်။ သူလှည့်အကြည့်နဲ့ဆုံတာနဲ့ ပြုံးပြရင်း သူလည်း ကိုယ့်လိုပဲ ထင်ကာ မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ… ခင်ဗျားလည်း ကျွန်တော့်လို ဆိုက်ရောက်ဗီဇာ မရဘူးလား… ” ဆိုတော့
“ရတယ်… ဒါပေမယ့် ပိုက်ဆံပေးရမှာဆိုတော့ ငါမပေးနိုင်ဘူးဆိုတော့ စောင့်ခိုင်းထားတာ…” “အေးလေ… ဘာလို့ပေးရမှာလဲ… သူတို့ကြောင့်ဖြစ်တာ လုပ်ပေးရမှာပေါ့…” ဆိုပြီး သေဖော်ညှိလိုက်သေးသည်။ တစ်ယောက်ထည်း စောင့်နေရတာထက်စာရင် အဖော်လေးနဲ့ဆို တော်သေးတာပေါ့ ဆိုတဲ့ စိတ်နဲ့ပေါ့။

ဒီအထဲမှာ ကျွန်တော်တစ်ယောက်ပဲ ဆိုက်ရောက်ဗီဇာ မရနိုင်တာပေါ့။ အဲဒီအချိန်မှာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားရတာ စိတ်ရှုပ်စရာမကောင်းဘူးလား မေးရင်… အဲလို မေးခွန်းမျိုးကို ခေါင်းထဲကို ရောက်မလာပါဘူး။

လေယာဉ်ထွက်ခွါချိန်လည်း ကျွန်တော်တို့ ကိစ္စကြောင့် နောက်ကျနေပါပြီ။ ဘန်ကောက်မှာ လေယာဉ်ပြောင်းချိန်တော့ ရလောက်ကောင်းပါရဲ့…

အဲဒီအချိန်မှာ တခြား Immigration ၀န်ထမ်း က ဘာမသိညာမသိ နဲ့လာမေးပါသည်။
“မင်းက ဗီဇာမပါပဲ ဒီကို ဘာလာလုပ်တာလဲ…”
အဲဒီမေးခွန်းကို ဖြေစရာမလိုဘူးလို့ ယူဆပြီး သူတို့ စိုက်ကြည့်နေလိုက်ပါသည်။

အဲဒီတော့မှ ကျွန်တော့်ကို လုပ်ပေးနေသည့် ၀န်ထမ်းက ထိုင်းလို ကွိစိကွစ ပြောခါရှင်းပြကာ Immigration ၀န်ထမ်းတွေအားလုံးထွက်သွားကြသည်။

ခဏနေတော့ “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ…” ဆိုပြီး လေကြောင်းဝန်ထမ်းက လာခေါ်သွားတော့သည်။ အဲသည်တော့လည်း ဘာ Immigration မှ မဖြတ်ရပါပဲနဲ့ လေယာဉ်ပေါ်ပြန်ရောက်ကာ ဘန်ကောက်ကို ခရီးဆက်ထွက်နိုင်ပါတော့သည်။

လေကြောင်းလိုင်ဘက်ကလည်း လေယာဉ်ကိုမသွားပဲရပ်ထားတဲ့ စရိတ်ထက် Immigration ၀န်ထမ်းတွေကို ကျူတ်ကြက်လိ လိုက်တာကမှ သက်သာမည်လို့တွက်လိုက်သည်လို့ ယူဆလိုက်သည်။

လေယာဉ်ပေါ်ရောက်ပြီး သိပ်မကြာခင်မှာ လေယာဉ်မယ်တစ်ယောက်ကလာပြီး ရှေ့က Business Class ကထိုင်ခုံတွေမှာ လာထိုင်ဖို့ ဖိတ်ခေါ်သည်။ သူတို့အမှားကြောင့် တောင်းပန်ဖို့တော့ မဟုတ်ပေ။ ဘန်ကောက်လေဆိပ်ရောက်လျှင် လေယာဉ်ပြောင်းရမယ့်လူတွေ အရင်ဆင်းနိုင်ဖို့ စီစဉ်နေခြင်းသာဖြစ်ပေသည်။

ဘန်ကောက်လေဆိပ်ရောက်တော့ ၀န်ထမ်းတွေ ကားလေးတွေရပ်စောင့်နေကာ လေယာဉ်ပြောင်းစီးရမယ့် သူတွေကို ကားတွေပေါ်ခွဲတက်ခိုင်းပြီး လေယာဉ်ကွင်းထဲမှာ အရှိန်ပြင်းစွာ မောင်းနှင်တော့သည်။

၁၀ မိနစ်လောက်မောင်းပြီး အပေါက်တစ်ပေါက်မှာရပ်လိုက်သည်။ အရှေ့က ၀န်ထမ်းလည်း ဆင်းပြီးတော့ သူနောက်လိုက်ခဲ့ဖို့ အော်ပြောရင်း ရှေ့နေပြေးနေတော့သည်။ ကျွန်တော်တို့လည်း သူ့နောက်ကနေ အထုပ်တွေဆွဲကာ ပြေးလိုက်ရသည်။ လမ်းမှာတွေ့တဲ့ ကောင်တာတစ်ခုကို လက်ညှိုးထိုးတာ “ဖရန့်ဖာ့ထ်ကိုသွားမယ့်သူ အဲဒီကောင်တာကိုသွားပါ… ” ဆိုကာ ဆက်ပြေးသည်။ ဖရန့်ဖာ့ထ်ကိုဆက်သွားမယ့် တရုတ်ကတော့ အဲဒီမှာနေခဲ့ပြီး ကျွန်တော်ကတော့ ဆက်လိုက်ပြေးရသည်။ ဒီအတိုင်းပြေးလိုက်၊ travelator ပေါ်မှာပြေးလိုက်နဲ့ တော်တော်လေးပြေးလိုက်ရသည်။ နောက်ဆုံးတော့ အဝေးမှာ ထိုင်စောင့်နေသည့် အမေ နဲ့ စိတ်ပူနေလို့ မတ်တပ်ရပ်ကာ စောင့်နေသည့် အဖေ တို့ကိုတွေ့လိုက်ရတော့မှ စိတ်ကပျော်နိုင်တော့သည်။

“ခင်ဗျားသွားရမှာ အဲဒီကောင်တာပဲ…” လို့ လိုက်ပုံ့သည့် ၀န်ထမ်းက ပြောလိုက်သည်။
“ကျေးဇူး…”

ကောင်တာကို အပြေးသွားတုန်း အကျယ်ကြီး လှမ်းခေါ်လိုက်မိသည်။
“အဖေ့…..” ကျန်တဲ့လူတွေလှည့်ကြည့်ကုန်သည်။ အဖေကတော့ ကြားဟန်မတူ။
ကောင်တာရောက်တော့ ဘယ်သွားမှာတုန်းမေးတာကို ချက်ချင်းမဖြေနိုင်… ဟောဟဲဆိုက်တာကိုသက်သာစေရန် အနားယူပြီးမှာ…

“တိုကျို…. ” ဆိုကာ လေယာဉ်လက်မှတ်ကိုပြလိုက်တော့… နာမည်ကိုဖတ်ပြီး
“အိုး.. မင်းရဲ့ အဖေ နဲ့ အမေ စောင့်နေတာ ကြာနေပြီ….”
“ငါသိတယ်… မင်းတို့ လေကြောင်းလိုင်းက နောက်တာကျနဲ့ အကုန် ကသိကအောက်ဖြစ်ကုန်တာလေ…”
“အဲဒီအတွက်ကို တောင်းပန်ပါတယ်…”
“ငါ့ကို ငါ့ မိဘတွေနဲ့ အတူတူထိုင်လို့ရအောင်လုပ်ပေးပါ…”
“အဲဒီနေရာမှာ လူရှိသွားပြီ… အနီးအနားမှာပဲ လုပ်ပေးလိုက်မယ်နော်…”
လေယာဉ်ထွက်ချိန် နီးနေပြီးဖြစ်လို့ ဘာမှ မပြောတော့ပဲ နေလိုက်သည်။ နောက်မှပဲ အဲဒီလူကိုပြောပြီး နေရာပြောင်းခိုင်းတော့မယ်လို့သာ စိတ်ကူးလိုက်တော့တဲ့ အတွက်…
“အိုကေ…”

Boarding pass ရပြီးတော့ ဘယ်ကိုသွားမလဲပေးတော့ အပေါ်ကိုတက်လို့သာ ပြောလိုက်သည်။ ဘန်ကောက်လေဆိပ်သည် အင်မတန်ကြီးပေမယ့် သေချာလှမ်းညွှန်ထားတာမရှိ၊ ပြင်ဆင်တာတွေညံ့တော့ လေဆိပ်ထက် ဈေးရုံအကြီးစားနဲ့သာ ပိုတူတော့သည်။

အပေါ်ရောက်တော့မှာ နောက်မှ ၀န်ထမ်းတစ်ယောက် အပြေးလာပြီး အဖေနဲ့ အမေတို့ရဲ့ Boarding-Pass ကိုတွေကို လဲပေးကာ အတူထိုင်လို့ရအောင်လုပ်ပေးလိုက်ပြီး လို့ပြောသည်။

ပစ္စည်းတွေစစ်ဆေးပြီး ၅မိနစ်လောက်သာစောင့်လိုက်ရပြီး လေယာဉ်ပေါ်စတက်ရပါတော့သည်။ အားလုံး အချိန်ကွက်တိလေးတွေ ဖြစ်သွားတဲ့အပြင် ခုနက လေယာဉ်ကွင်းထဲမှာ ကားအမြန်စီးခဲ့ရတာတွေ၊ ပြေးခဲ့ရတာတွေက ဂျိမ်းစ်ဘွန်းကားထဲ ရောက်သွားသလိုပင် ခံစားမိသေးသည်။

လေယာဉ်ပေါ်ရောက်ပြီး ဖုန်းထုတ်ကာ ဆက်လိုက်မယ်ကြံတုန်း အမဆီက ဖုန်းဝင်လာသည်။
“မမ… ငါတို့ တိုကျိုကိုသွားမယ့် လေယာဉ်ပေါ်ရောက်ပြီ။ အမေတို့နဲ့လည်း တွေ့တယ်… အကုန်လုံးအဆင်ပြေတယ်နော်…”
“အေးအေး.. အဆင်ပြေရင် ပြီးတာပဲ… ငါလည်း ဒီမှာမအိပ်နိုင်ပဲ စောင့်နေတာ… ”
“ဟုတ်ပြီ… လေယာဉ်လည်းထွက်တော့မှာမို့ ဖုန်းချလိုက်တော့မယ်… ကိုကိုဆီသာ နင်ဖုန်းဆက်ပြီး ပြောထားလိုက်တော့… ”
“အေး…ပြောလိုက်မယ်…”
“မနက်ဖြန်မှတွေ့မယ်…”

ဖုန်းချပြီး နေရာမှာ ထိုင်ကာ အမေတို့နဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ဝေမျှနေလိုက်သည်။

လေယာဉ်ပျံအတက် စကားပြတ်သွားတုန်းတွေးနေမိတာ….

ခရီးထွက်ခဲ့တဲ့ နေ့က ၀၉/၀၉/၀၉



၂၀၀၉ ခုနှစ်မှာ အားလပ်ရက်ယူပြီးသွားခဲ့တဲ့ ခရီးသွားမှတ်တမ်းပါ။ အခုလို စစပြီး မပြီးသေးတဲ့ စာတွေအများကြီးပါ။ အကုန်လုံးကိုပြီးအောင်ရေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ အခုတလေ ဒီအကြောင်းပဲ စိတ်ထဲမှာရှိနေတုန်း ဒါလေးစရေးလိုက်ပါရစေ။ စာတွေကို အရင်လိုပြန်ဖတ်ဖြစ်နေပေမယ့် မှတ်ချက်တွေလိုက်မရေးဖြစ်သေးပါဘူး။ နားလည်ခွင့်လွှတ်ကြပါဦး။ :)

Read More...

Thursday, September 3, 2009

Birthday Present

ဒီနေ့က ကျွန်တော့်အကိုရဲ့ မွေးနေ့ပါ။ ဒီနှစ်မှာ အမှတ်တရရေးဖို့ မအားလပ်ဖြစ်နေတာမို့ အမဖြစ်သူက ရေးပြီးပို့လာပါတယ်။ အကို့မွေးနေ့အမှတ်တရအဖြစ် တင်လိုက်ပါတယ်။


ဒီနေ့ သူငယ်ချင်းတွေနဲ့ အတူ ကျမတို့ တက်ရောက်ပညာသင်ကြားနေတဲ့ University ရဲ့ အနီးဝန်းကျင်မှာရှိတဲ့မြို့လေးတစ်မြို့ကို အလည်သွားရင်း သူငယ်ချင်းက သူ့အဖေအတွက် နာရီဝယ်ချင်တာနဲ့ နာရီဆိုင်ထဲကို ၀င်ကြည့်ရင်းက ကျမရဲ့ နာရီဓါတ်ခဲကုန်ပြီး ဓါတ်ခဲမလဲ ဖြစ်ပဲ ထား ထားတာ အတော်ကြာနေပြီဖြစ်တဲ့ ကျမရဲ့နာရီလေးကို သတိရလိုက်မိတယ်။

ဒီနာရီလေးက လွန်ခဲ့တဲ့ (၅)နှစ်က ကျမအစ်ကို ခရီးသွားစဉ်က အပြန်လက်ဆောင်အဖြစ်ကော မွေးနေ့လက်ဆောင်အဖြစ်ပါ ၀ယ်လာပေးခဲ့တာလေ။ ကျမက အိမ်မှာ မိန်းကလေးတစ်ယောက်ထည်း ပါတော့ အိမ်က ဘယ်သူဘဲခရီးသွားသွား ကျမအတွက် အပြန်လက်ဆောင် တစ်ခုခုတော့ ပါလာစမြဲပဲလေ။ အစ်ကိုကတော့ သူခရီးထွက်တဲ့အခါတိုင်း သူဖို့သာ မပါရင်ရှိမယ် အိမ်ရှိလူအားလုံးအတွက်တော့ ပါလာစမြဲပါပဲ။ ကျမကတော့ လက်ဆောင်သိပ်ပါလေ့မရှိပါဘူး။ မွေနေ့ လက်ဆောင်ဆိုရင်လည်း ဟိုဟာယူမလား ဒီဟာယူမလားမေးမေးပြီး များသောအားဖြင့် ဘာမှ မပေးဖြစ်တာများပါတယ်။

အစ်ကိုက အငယ်တွေအပေါ်ညာတာ ဂရုစိုက်ပြီး မိသားစုအပေါ်သံယောဇဉ်ကြီးရှာသူပါ။ ဒါကိုငယ်ငယ်တုံးကတော့ အစ်ကိုကိုနားမလည်ခဲ့ပါဘူး။ အစ်ကိုပာာ ကျမတို့ကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့မိတယ်လေ ဘာလို့လဲဆိုတော့ ကျမနဲ့ မောင်လေးကသာ ကစားဖော်ကစားဖက်ဖြစ်ပြီး အစ်ကိုကတော့ ကျမတို့နဲ့ ကစားလေ့မရှိပဲ သူ့သူငယ်ချင်းတွေ့နဲ့သာ ကစားလေ့ရှိလို့ပါ။ တကယ်တော့ အစ်ကိုဟာ အသေးအဖွဲကိစလေးတွေမှာ ဂရုမစိုက်တတ်ပေမဲ့ တကယ်လိုအပ်တဲ့အခါမှာတော့ ဂရုစိုက်လေ့ရှိတယ်ဆိုတာကို ကျမတို့ကြီးလာတဲ့အခါမှာတော့ နားလည်သဘောပေါက်လာခဲ့ပါတယ်။ အထူးသဖြင့် မိသားစုနဲ့ဝေးပြီး ပညာသင်ကြားရတဲ့ အခါမှာတော့ မိဘရဲ့ဆုံးမမှုတွေသာမက အစ်ကိုရဲ့ လမ်းညွှန်မှုတွေဟာ ကျမအတွက် အဖိုးမဖြတ်နိုင်ဘူးဆိုတာကို ခံစားသိမြင်လာခဲ့တဲ့ အချိန်မှာတော့ အစ်ကိုဟာ ဖေဖေ ပြီးရင် ကျမရဲ့ ဒုတိယ ဖခင်အဖြစ် သတ်မှတ်ထားမိပါတယ်။

အဆောင်ကိုပြန်ရောက်တဲ့ အခါမှာတော့ အစ်ကိုပေးတဲ့ မွေးနေ့လက်ဆောင်နာရီလေးကို ကြည့်ရင်း ဒီနေ့ဟာဖြင့် အစ်ကိုရဲ့ မွေးနေ့ဖြစ်တယ်ဆိုတာကို သတိရလိုက်မိပါတယ်။ တကယ်ဆိုရင် မိသားစုဝင်တွေရဲ့ မွေးနေ့မှာ စာရေးပြီးလက်ဆောင်ပေးလေ့ရှိတာ မေမေ နဲ့ မောင်လေးက ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မေမေရော မောင်လေးရော အလုပ်ရှုပ်နေကြပြီး စာရေးချိန်မကြတဲ့အတွက် အစ်ကိုအတွက် မွေးနေ့လက်ဆောင်စာလေးကို မေမေ နဲ့မောင်လေးကိုယ်စား ကျမကပဲ တာဝန်ယူပြီးရေး ရင်း အစ်ကို စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းရင်း ကန်တော့လိုက်ပါတယ်။


ဒါကတော့ အကို့မွေးနေ့အတွက်ဆို အမက သူ့ဘာသာလုပ်ထားတဲ့မုန့်ပါတဲ့။ သူတစ်ယောက်ထဲစားလို့ကုန်လောက်ပါပြီ။


စာတစ်ပုဒ်အနေနဲ့ မရေးဖြစ်ပေမယ့် ကဗျာတစ်ပုဒ်ကိုတော့ ရေးပေးဖြစ်လိုက်ပါသေးတယ်... စိတ်ကူးရသလို အင်္ဂလိပ်လို ရေးလိုက်မိတာပါ။

Happy Birthday to My Brother

Happy Happy 40th Birthday
Let me Let me wish for the birthday.

Start Start the matured journey
Dart Dart what your heart says
Love Love the way that you stay

Hope you get all of the best things
A best that I got is you being
Wish you have beautiful feeling

Many happy come to your way...
And we are here loving you all the way...
Wish to have a happiest birthday....

Read More...

Thursday, August 27, 2009

နောက်ကျ ပိုးကောင် နဲ့ နောက်ကျငှက်



တစ်နေ့က အိပ်ရေးမ၀တ၀နဲ့ နောက်ကျနေလို့ ရုံးကို ခပ်သုတ်သုတ်ကလေး လမ်းလျှောက်နေတုန်း မျက်နှာချင်းဆိုင်မှာ အမျိုးသမီးကြီးတစ်ယောက် ပူပန်စိုးရိမ်စိတ်တွေနဲ့ ခပ်သွက်သွက် လမ်းလျှောက်လာတာ တွေ့လိုက်ရပါသည်။

ဘေးကရှောင်သွားတုန်း အဲဒီမိန်းမကနေ တရုတ်လို ကွိစိကွစ စကားလာပြောပါသည်။ ဒီတခါတော့ နည်းနည်းလည်သွားပါပြီ။ ဝေါပုဝှေ့ကျန်ဝှါရီ လို့ ပြန်မပြောလိုက်တော့ဘူး။

အင်္ဂလိပ်လိုပဲ ပြောလိုက်ပါသည်။

“ငါ တရုတ်လိုမပြောတတ်ဘူး…” လို့…
အဲတော့မှ “ဒါဆို အင်္ဂလိပ်လိုတော့ ပြောတတ်တာပေါ့နော်…”
“အင်း…”
“ငါ့ကို တစ်ခုလောက်ကူညီပါ… ငါ့သမီးလေးကို အိမ်မှာ အိမ်တံခါးပိတ်ထားခဲ့မိတယ်။ သော့ကိုလည်း ငါယူလာခဲ့မိတယ်။ အခု သမီးကျောင်းသွားဖို့ အိမ်ထဲမှာ ပိတ်မိနေတာ ငါပြန်ပြီး ဖွင့်ပေးရမှာ... အခုအိမ်ပြန်ဖို့ ရေးကြီးသုတ်ပြာ အလုပ်ကထွက်လာတာ ပိုက်ဆံအိတ် ကျန်ခဲ့တယ်…”
“အိုကေ…”


အဲဒီအမျိုးသမီးကြီး ဒီစကားကို မရပ်မနားဆက်ပြောသည်။
“ငါအိမ်ပြန်ဖို့ လမ်းစရိတ် ခဏချေးလိုက်ပါ… ပြီးတော့ နင့်ဖုန်းနံပါတ်ကို ငါ့ကိုပေးလိုက်... ငါ့ယောင်္ကျား နေ့လည်ကျတော့ ပြန်လာပေးလိမ့်မယ်… နော်.. ကူညီပါဦး”

အလောတကြီးဖြစ်နေပုံ ပေါ်နေသည်။

“ဟုတ်လား… ငါ့မှာလည်း ပိုက်ဆံထုတ်ထားတာ နည်းနေတယ်…” ဆိုပြီး ပိုက်ဆံအိတ်ဖွင့်လိုက်တော့ ၁၀ တန်တစ်ရွက်နဲ့ အကြွေတွေပဲတွေ့တော့
“ငါ့မှာ တစ်ဆယ်ပဲရှိတယ်…”
“ဟင် တစ်ဆယ်ထဲလား… ရှိသေးလား ရှာပါဦး… အရေးကြီးလို့ပါ…” ပြီးတော့ ဆက်တိုက်ပြောသည်။
“ရတယ် ရတယ်.. ဒီတစ်ဆယ်ရရင် ငါနောက်တစ်ယောက်ဆီက ထပ်ချေးလိုက်မယ်… ငါ တက္ကစီ ငှားရမှာဆိုတော့ မလောက်သေးဘူး။ ငါ့ကိုလည်း ဖုန်းနံပါတ်ပေးလိုက်ဦးနော်…”

ကျွန်တော်လည်း ယောင်ယောင်မှားမှားနဲ့ လိပ်စာကဒ်ထုတ်ပေးလိုက်မိသည်။ အ

အဲဒီအမျိုးသမီး ထွက်သွားတော့မှ … အတွေးတွေက၀င်လာသည်။
အလုပ်ကလာတယ်လို့သာပြောတယ် ပုံစံက စုတ်စုတ်ပြတ်ပြတ်နဲ့။ အင်းလေ.. ဒီနားမှာ စားသောက်ဆိုင်တွေရှိတော့ ရုံးမှာလုပ်တာမဟုတ်ပဲ ဆိုင်တွေမှာလုပ်တာနေမှာပေါ့။

သြော် ငါကလည်း ငါ့ဖုန်းနံပါတ်တော့ ပေးလိုက်ပြီး သူ့ဖုန်းနံပါတ်မှ မတောင်းလိုက်မိ။
တစ်ဆယ်ထဲနဲ့ ပြန်လာပေးရမှာ သူအလုပ်ရှုပ်နေပါဦးမယ်။ မပေးနဲ့လို့ ပြောလိုက်ရကောင်းသား နဲ့ အတွေးတွေ ပလုံစီကာ ဆက်ပြီးတော့ လမ်းလျှောက်လာခဲ့သည်။

ညနေ ရုံးဆင်းခါနီးတော့မှ မနက်က ပိုက်ဆံတောင်းသွားတဲ့ မိန်းမကို ပြန်သတိရကာ… ဖုန်းဆက်ပြီး ပြန်ပေးမယ်ဆိုတာ… မလာသေးပါ့လား…. မိုးသာချုပ်သွားသည် ဖုန်းလည်းဆက်မလာ။ အဲဒီတော့မှ စိတ်ကို ဒုန်းဒုန်းချ ငါ အလိမ်ခံလိုက်ရပြန်ပြီလို့သိလိုက်ပြီး အလှူအဖြစ်သဘောမထားနိုင် စိတ်ရှုပ်သာတာ အဖတ်တင်ကျန်ခဲ့ပါသည်။

မိတ်ဆွေကြီး ကိုရဲမွန်ကတော့ သေနတ်ပြ ပိုက်ဆံအတောင်းခံရပေမယ့် တစ်ပြားမှမပေးလိုက်ရ။ ဘာမှ မပြပဲအတောင်းခံလိုက်ရတဲ့ ကျွန်တော်ကတော့ ပိုက်ဆံ တစ်ဆယ်အိတ်ထဲက သေချာထုတ်ပေးလိုက်ရပါသည်။ တော်သေးတာပေါ့…တစ်ဆယ်ထဲမို့လို့။ ဒီထက်များတဲ့ ပိုက်ဆံများထည့်ထားမိရင် အကုန်ပါဦးမှာပဲ။

နောက်ကျထမိတဲ့ ပိုးကောင် နောက်ကျမှ ထတဲ့ ငှက်အစာဖြစ်သွားတာပေါ့။

ရန်ကုန်မှာသာ…
လှိုင်သာယာပြန်ရမှာ ပိုက်ဆံမလောက်လို့ပါ ဆိုတဲ့လူတွေ…
ပိုက်ဆံအိတ်ပျောက်သွားလို့ နယ်ပြန်စရာကားခလေး သနားပါ ဆိုတဲ့လူတွေ…
ဖိနပ်ပြတ်သွားလို့ ဖိနပ်အလှူခံတဲ့ ခပ်တင်းတင်း ကိုယ်တော်တွေ…
ကိုတော့ ပေးဖူးပါတယ်။ ဒီမှာတော့ ဒါမျိုးကြုံတာ ပထမဆုံးပါပဲ နောက်ဆုံးတော့ ဟုတ်မှာမဟုတ်ပေ။

နောက်တစ်ခါလာလုပ်ကြည့် ခေါင်းအေးအေးထားပြီး မေးခွန်းတွေ မေးပစ်လိုက်ဦးမယ်။
ဘာမှတ်နေလဲ...

[ခေါင်းစဉ်ကို ကိုရဲမွန်ဆီကနေ ယူထားပါသည်။ အခုတလော စာလည်း မရေးဖြစ် ဘလော့အလည်မသွားဖြစ်။ မှတ်ချက်လည်း မရေးဖြစ်။ ခွင့်လွှတ်ကြပါကုန်…]


Read More...

Friday, August 14, 2009

တိရိစ္ဆာန်များကို အသေရေဖျက်ခြင်း

သားရေပေါ်အိပ် သားရေနားစားကာ...

ခွေးလိုကျင့်
မြေခွေးလို ကောက်ကျစ်
ဝံပုလွေလို စဉ်းလဲ
ဖြုတ်ဦးနှောက်နဲ့
မုန်ယိုဆင်လို တစောက်ကန်း...

ကုလားအုပ်လိုနေရာယူ
မိကျောင်းလို မာယာများ
ကြက်တူရွေးလို နှုတ်တိုက်ပြော
မြွေလို လျှာနှစ်ခွနဲ့
လင်းတမှိုင်မှိုင်ကာနေတဲ့...

ဘာသတ္တ၀ါလဲဆိုတာ
ပြောပြဖို့တောင် တော်တော်ခက်တယ်။

Read More...

Friday, July 31, 2009

ကျမတို့သုံးယောက်အကြောင်း

ခေါင်းစဉ်တွေ့လိုက်တော့ ကျွန်တော်တစ်ယောက် မိန်းကလေးအနေနဲ့ ခံစားပြီး စာတွေရေးနေပြီးထင်နေဦးမယ်။ အခုလေးတင် ကောက်ရထားတဲ့ ညီမတစ်ယောက်ရေးပြီးပို့လိုက်လို့ ဒီမှာတင်လိုက်တာပါ။



ကျမတို့သုံးယောက်အကြောင်း

သူ့နာမည်ကိုကြားကြားချင်း အဲဒီနာမည်တနေရာရာမှာကြားဖူးသလိုပဲလို့ တွေးလိုက်မိတယ် ။ နောက်မှသိရတာ သူက ကျမမောင်လေးနဲ့ကျောင်းတုန်းက course အတူတက်ခဲ့ဖူးတာ ။ အဲဒီတုန်းက မြန်မာစကားသိပ်မကြွယ်ဝတဲ့ မောင်လေးက အတူတက်နေတဲ့ မြန်မာဖြစ်တဲ့သူ့နာမည်ပြောတော့ နာမည်ကြီးကလည်း တမျိုးပါလား … မောင်လေးပဲအမှတ်မှားတာ ဖြစ်မှာပါလို့ ထင်မိတာ ။ မောင်လေးကသူ့နာမည်ထဲက ပထမတလုံးတော့မှန်အောင်ပြောနိုင်တာ သူနဲ့သိမှသိတော့တယ် ။ အတန်းထဲမှာ အသက်ကြီးနေပေမယ့် စာတော်တဲ့သူ့အနား ကောင်မလေးတွေဝိုင်းနေတာပဲလို့လည်း မောင်လေးက ပြောဖူးတယ် ။ တကယ်ဆို မောင်လေးနဲ့သူအတူတက်တဲ့ course က ပြီးတာ သုံးလေးနှစ်ကြာမှ သူနဲ့ကျမက စသိကျွမ်းရတာ ။ ဒါပေမယ့် သူကမောင်လေးနာမည်ကို မှတ်မိနေသေးတာတွေ့တော့ အံ့သြမိတယ် ။ သူနဲ့တွေ့တော့မှပဲ ကမ္ဘာကြီးက တခါတလေတကယ်ပဲ တိုက်ဆိုင်မှုတွေများလှချည်လားလို့ တွေးမိတယ် ။ ကျမကတော့ သူနဲ့စသိရချိန်ကစပြီး ခုချိန်ထိ အဲဒီတိုက်ဆိုင်မှုအတွက် အရမ်းပဲကျေးဇူးတင်မိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီတိုက်ဆိုင်မှုက ကျမဘ၀အတွက် အစ်ကိုတယောက်ကို ယူဆောင်လာပေးလို့ပဲ ။

သူများကို ကူညီပေးတတ်တဲ့သူက ကျမအကူအညီတခုခုလိုပြီဆိုရင် သူ့ဆီကတောင်းရင် လုပ်ပေးမယ်ဆိုတာ သိနေပြီးသား ။ နောက် အပြင်မှာအတူတူစားကြရင် တွေ့ကြရင် အစ်ကိုကြီးတယောက်လို အမြဲဂရုတစိုက်နဲ့ အလိုက်သိတတ်တဲ့အတွက် တခါတလေ သူက အိမ်မှာအငယ်ဆုံးဆိုတာ ဟုတ်ရဲ့လားလို့တောင် သံသယ၀င်မိသေး ။ လူပျိုကြီးစာရင်းဝင်တော့မယ့်သူ့ကို ကျမက ညီမ၀မ်းကွဲလေးတွေနဲ့လည်း သဘောတူ ၊ အမ၀မ်းကွဲနဲ့လည်း စပ်ဖို့စကားစမိ … ဒါပေမယ့် သူကလည်း ဂျီးက ခပ်များများ … အေးဆေးနေချင်ပါသေးတယ်လေး ဘာလေးနဲ့ ။ ဘာပဲဖြစ်ဖြစ် ကျမကတော့ သူ့ကို ခင်မင်စရာကောင်းတဲ့ မိန်းကလေးတယောက်နဲ့တွေ့တိုင်း “ဘယ်လိုလဲ စိတ်ပါပြီလား” လို့ မေးတတ်မြဲ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာကျောင်းသားလေးတွေတက်နေတဲ့ကျောင်းတကျောင်းအတွက် အလှူငွေကောက်တဲ့အီးမေးလ်တစောင်ကနေစပြီး ကျမနဲ့သူမ ဆုံတွေ့ခဲ့ရတယ် ။ သူမနာမည်ကို အီးမေးလ်မှာတွေ့တော့ အလယ်စကားလုံးကို ဘယ်လိုဖတ်ရမယ် မသိ ။ မြန်မာပြည်က တိုင်းရင်းသားလူမျိုးနာမည်လား ဘာလားဆိုပြီး အတွေးဝင်မိတယ် ။ တခုတိုက်ဆိုင်တာကတော့ သူမရော ကျမရော ဒီနိုင်ငံမှာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီးသင်ကြားပေးတဲ့ institution တွေမှာ အသီးသီး ဆရာမလုပ်နေကြတာပဲ ။ နောက် ကျမလည်းစိတ်ပါဝင်စားတဲ့ social work ဆန်ဆန်ကိစ္စတွေကိုလည်း သူမကလုပ်နေတာသိရတော့ အလိုလိုစိတ်ထဲက ခင်သွားမိတယ် ။ ဘယ်ကနေ ဘယ်လို သူမနဲ့အရမ်းခင်မင်သွားလဲဆိုတာ အခုချိန်ပြန်စဉ်းစားတော့ တကယ်မမှတ်မိတော့ဖူး ။ ဒါပေမယ့် ကျမနဲ့ အလုပ်အကိုင်ချင်းလည်းတူ ၊ စိတ်နေသဘောထားချင်းလည်းတူ ၊ ခံစားချက်ရှိတဲ့ကိစ္စတွေမှာလည်းတူ ၊ တိုင်ပင်ဖော်တိုင်ပင်ဖက် ၊ အမြဲရှိနေပေးတတ်တဲ့ အစ်မတယောက်ကိုရအောင် ဖန်တီးပေးလိုက်တဲ့ အဲဒီအီးမေလ်ကိုတော့ ကျမက ခုချိန်ထိ ကျေးဇူးတင်နေတုန်းပါပဲ ။

သူမကလည်း သူ့လိုပဲ အပျိုကြီး ။ သူမရဲ့အချစ်ဆုံးသူငယ်ချင်းတယောက်ကတော့ သူမကို no hope တဲ့ ။ ကျမတို့ကလည်း no hope လို့ ထင်ပေမယ့် သူမကိုတော့ ဘယ်တော့စွံမလဲလို့ စ မိ တုန်း ။ တကယ်ကတော့ သူမက မစွံတာမဟုတ်ပါဖူး ။ အေးအေးလူလူနေချင်လို့ တယောက်တည်းနေရတာကို အသားကျနေလို့ … တယောက်တည်းပဲနေချင်တော့တယ်ဆိုတဲ့ သီချင်းကို တနေ့တနေ့ တယောက်တည်းနေတဲ့ သူမတိုက်ခန်းထဲမှာ သီကျူးနေတာပါ ။ ထမင်း ဟင်းချက်ဖို့ ၀ါသနာမပါတဲ့ ကျမက သူမကိုနောက်လေ့ရှိတဲ့စကားက … ကျမလည်း အပျိုကြီးဖြစ်တော့မယ်ဆိုရင် သူမနဲ့လာနေမယ်လို့ ။ ကျမကိုဟင်းချက်ကျွေးမလားလို့ ။ သူမကတော့ အမြဲကြိုဆိုလျက်ပါတဲ့ ။ အဲဒီစကားကို ကျမက အမြဲစိတ်ထဲမှာမှတ်ထားမြဲ ။

သူမနဲ့ကျမက ဖုန်းပြောပြီဆိုရင် … ဒါမှမဟုတ် အပြင်မှာတွေ့ဖြစ်ရင် ပြောစရာတွေက အများသား ။ အလုပ်ထဲက အကြောင်းတွေ ဖလှယ်တာဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ခံစားချက်တွေ မိသားစုရေးရာတွေကို ရင်ဖွင့်တာပဲဖြစ်ဖြစ် ။ အများအားဖြင့်တော့ ကျမက ရင်ဖွင့်တတ်ပြီး သူမက နားထောင်ပေး ၊ အကြံဥာဏ်ပေးတတ် ၊ သူမကြုံတွေ့ခဲ့ရတာလေးကို ပြန်ပြောပြတတ် ။ တခါတလေ သူမအသံတိတ်နေရင် မကြာခဏဖျားတတ်တဲ့သူမ ဖျားများ ဖျားနေလားလို့ လှမ်းမေးရသေး ။ ဒါပေမယ့် အလုပ်သိပ်များတဲ့ သူမနဲ့ အလုပ်ရှုပ်တတ်တဲ့ကျမတို့က အေးဆေးတွေ့ဖို့အချိန်က အမြဲလိုတော့ မရှိသေးဖူး ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူရယ် သူမရယ် ကျမရယ် သုံးယောက်သားတွေ့ကြပြီဆိုရင် အမြဲတမ်းပါးစပ်မပိတ်ရအောင် ရယ်နေရတယ် ။ သုံးယောက်လုံးကလည်း ရယ်စရာတွေ ပေါက်ကရတွေပြောတတ် ၊ နောက်ပြီး တယောက်နဲ့တယောက်ကြားလည်း ခင်မင်ပြီး ပွင့်လင်းတဲ့ သံယောဇဉ်အစစ်အမှန်နဲ့ မောင်နှမတွေလို ခင်တွယ်နေကြတော့ ။ သုံးယောက်လုံးကလည်း တကိုယ်တည်းသမားတွေဆိုတော့ ။ အငယ်ဆုံးဖြစ်တဲ့ကျမကို သူတို့နှစ်ယောက်လုံးက အမြဲဂရုစိုက် သံယောဇဉ်တွေ ဗလဗွနဲ့ ။ တခါတလေကျတော့ သူတို့ကြားမှာ အငယ်ဆုံးဖြစ်နေတာများတော့ ကျမအသက်ကျမတောင် မေ့သွားမိတယ် ။

မှတ်မှတ်ရရ သူက ကျမရယ် သူမရယ် နောက် ညီမလေးတယောက်ရယ်ကို chili crab ပထမဆုံး treat အနေနဲ့ လိုက်ကျွေးဖူးတယ် ။ အဲဒီတုန်းက လိုက်ကျွေးတဲ့နေရာက ဈေးကခပ်ကြီးကြီး ။ ဘာလို့လိုက်ကျွေးတာလဲဆိုတော့ ခု မေ့သွားပြီ ။ မှတ်မိတာကတော့ အဲဒီ chili crab က သိပ်အရသာရှိတာပဲ ။

သူမလက်ရာကို စစားဖူးတာကတော့ ကြာဇံချက် ။ အဲဒီနေ့က အစစအရာရာ စနစ်တကျပြင်ဆင်ထားတဲ့ သူမရဲ့ထမင်းစားပွဲဝိုင်းကိုကြည့်ပြီး ဆရာမလုပ်နေတာချင်းတူပေမယ့် သူမလို ဘာမှလည်း ဟင်းမချက်တတ် မလုပ်တတ်တဲ့ကျမက အားပါးတရနဲ့ သူမချက်ထားတာကိုစားပေးဖို့တော့ တတ်နိုင်ခဲ့တယ် ။ ကြာဇံချက်ကို တပွဲမကုန်ခင် နောက်ထပ်ထည့်ပြီးစားတော့ ကျမက ဘယ်နှစ်ပွဲစားတယ်ဆိုတာ သူများတွေသိလို့ မရတော့ဖူး… သိပ်လည်တာပဲလို့ အဲဒီအကြောင်းကို စကားစပ်မိတိုင်း သူမက ကျမကိုနောက်မြဲ ။ အဲဒီနေ့က သူမအိမ်မှာ စားပြီး ခနပဲနေမယ်ဆိုပြီး ခန့်မှန်းထားတဲ့ သူကလည်း ၊ ကြာဇံချက်ပြီးတော့ လက်ဖက်စားရင်းနဲ့ ကျမတို့ သုံးယောက်စကားလက်စုံကျနေကြတာ နောက်ထပ် သူ့ appointment အတွက် နောက် ကျ ၊ အဲဒီသူငယ်ချင်းတွေက သူ့ကို ဖုန်းတကွမ်ကွမ်ခေါ်နဲ့ ။ နောက်ဆိုရင်တော့ တရက်လုံး booking လုပ်ပြီးမှ သူမအိမ် သွားကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် သူမက ဒီနိုင်ငံရဲ့အရှေ့ပိုင်းမှာ နေတယ် … ကျမနဲ့သူက အနောက်ပိုင်းမှာနေတယ် ။ အဲလိုနဲ့ သူမကြာဇံချက်နဲ့ ဝေးနေရတာ ကြာလှပေါ့ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစကားမှာရှိတယ်လေ … ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းလို့ ။ ကျမကတော့ မိုးပေါ်ကကောက်ရခဲ့တဲ့ အစ်ကိုရင်း အစ်မရင်းလိုဖြစ်သွားတဲ့ သူနဲ့ သူမကို တသက်တာခင်မင်တွယ်တာနေမိမှာပါ ။


ညီမ
၃၁ ဇူလိုင် ၂၀၀၉

(ဖတ်ပြီးတော့ တကယ်ပဲ ခံစားရပါတယ်။ ဒီလိုရေးပေးလိမ့်မယ်လို့ မထင်မှတ်မိတော့ အံ့သြ၀မ်းသာ ဖြစ်သွားမိတယ်။ မောင်နှမရင်းချာတွေလိုဖြစ်သွားတာလည်း ရေစက်ကြောင့်ပါပဲ။ အခုလို မအားလပ်တဲ့အချိန်မှာတောင် ရေးပြီးပို့လာတဲ့ ညီမကို ကျေးဇူးလည်းတင်မိတယ်။)

Read More...

စံပယ် … အဝေး (သို့) အငေး

စာမရေးဖြစ်တာ ဘာလိုလိုနဲ့ နှစ်ပတ်လောက်ကြာလာတော့ အသစ်များရှိမလား လာရှာတဲ့လူတွေကို အားနာမိပါတယ်။ ကိုယ်တိုင်လည်း ဘလော့မဖတ်ဖြစ်နေတာကြာနေပြီ။ နောက်ပြီး ဆက်ရန်လုပ်ထားတာတွေကလည်း များနေပြီလေ။ ဆက်မယ်ဆက်မယ်နဲ့ မဆက်ဖြစ်တာတွေ စာဖတ်တဲ့သူတွေတောင် မေ့နေလောက်ပြီ။
အခုလည်း ရေးပြီးသားမရှိဖြစ်နေတာ။



တနေ့က ခင်တဲ့ အမကြီးတစ်ယောက်ရဲ့ G-Talk မှာ စံပယ်ပန်းဓာတ်ပုံတင်ပြီး “စံပယ်ဖြူတွေတောင် ပွင့်ပြီကွယ်…” ဆိုတဲ့ စာရေးထားတာတွေ့တော့ နောက်ချင်တာနဲ့ ဒီလိုကဗျာလေးစပ်ပြီး အဲဒီအမကိုပို့ရင်း မကေ၊ ညီမ နဲ့ ကျန်တဲ့နှစ်ယောက်ကိုပါ ပို့လိုက်ပါတယ်။

စံပယ်အတွေး
စံပယ်ဖြူ တငုံနှစ်ငုံဖူးတော့
ရင်ခုန်ကာ ကြည်နူးမိတယ်...
ဒီနှစ်တွင် ထူးလိမ့်မယ်လို့
စိတ်ထဲမှာကူးမိပေမယ့်
မဖြစ်လျှင် ရူးမိမှာစိုး...

ခဏနေတော့ မကေက ဘာတွေဖြစ်ကုန်တာလဲ ဆိုပြီး ပြူးတူးပြာတာဖြစ်ပြီး မသိချင်ယောင်ဆောင် မေးတယ်လေ။
ညီမ ကတော့ “တယ်ကောင်းတဲ့ကဗျာလေး... ဆက်စပ်ပေးလိုက်တယ်။ မမကြီး ပြောလေ့ရှိတဲ့စကားလေးသုံးလို့ အဟိ...” တဲ့။


စံပယ်အတွေး
စံပယ်ဖြူ တစ်ငုံနှစ်ငုံဖူးတော့
ရင်ခုန်ကာ ကြည်နူးမိတယ်...
ဒီနှစ်တွင် ထူးလိမ့်မယ်လို့
စိတ်ထဲမှာကူးမိပေမယ့်
မဖြစ်လျှင် ရူးမိမှာစိုးလို့
စံပယ်ဖြူ ဖူးငုံတွေကြား
တစ်ကိုယ်တည်း အေးအေးချမ်းချမ်းနေပါရစေကွယ်။

ခဏလည်းကြာ မကေက အော်ကြီးဟစ်ကျယ်နဲ့ စာပို့ပါလေရော…
“အားးးးးးးး လုပ်ကြပါအုံး..ကျုပ်ကို ဂျီတော့မှာ ပြသာနာ ရှာနေပြီ... ကပီတိ… ထွက်ခဲ့… သူစတာ... မပါဝူး..ကြောက်တယ်။”
မကေက ကြောက်တယ်ပြောတော့ ကျွန်တော်ဆိုပိုကြောက်တာပေါ့။ သာမန်စာတောင် မရေးရဲတော့ပဲ အမျက်ဖြေကဗျာ တစ်ပုဒ် အမြန်စပ်ပြီး ပို့လိုက်တယ်။

စံပယ်တွေပွင့်နေလည်း
အချိန်ကလင့်ပြီမို့
မခူးပဲထားမယ်ကြံရွယ်
ထူးထူး မထူးထူး ကွယ်
ဒီအတိုင်းပဲနေတော့မယ်။

မကေကတော့ အားပေးရှာတယ်လေ “ဒါဆို..ခေါင်းစဉ်လေးတော့ ပေးချင်တယ်.. စံပယ် အဆွေး” တဲ့...

အဲဒီမှာပဲ အမကြီးစိတ်ဆိုးသွားတယ်ထင်တယ် အီးမေးတောင် ပြန်မလာတော့ဘူး။ ဘာလုပ်ရမှန်းမသိတာနဲ့ ကဗျာတစ်ပုဒ်ထပ်စပ်လိုက်တာပေါ့။ အမကြီးကို မပြရဲတာနဲ့ ရေးပြီးတဲ့ကဗျာ မပုပ်သိုးခင် ဒီမှာပဲ ချရေးလိုက်ရပါတော့တယ်။

စံပယ်တွေပွင့်တာကိုမြင်
အချိန်မလင့်မှီ ခူးလိုက်မယ်ပြင်
ပန်လိုက်မယ် ကြံရွယ်လိုက်ပေမယ့်
ပန်းဆိုတာ အပင်ထက်မှာသာ အလှဆုံးပေမို့
ကမ်းလာတဲ့ လက်တွေကိုရှောင်ဖယ်
တစ်ယောက်ထဲပဲ နေတော့မယ်လို့
ဆုံးဖြတ်လိုက်တယ်။

ကဗျာကို ခေါင်းစဉ်ကိုဘာပေးရမယ်ဆိုတာတောင် မစဉ်းစား လိုက်နိုင်လိုက်ဘူး...
မကေကတော့ အကြံပေးပါတယ် "ခေါင်းစဉ် ပေးလိုက်မယ်... စံပယ်အဝေး (သို့) စံပယ်အငေး " တဲ့။

စံပယ်အဝေး ကတော့ပိုလိုက်မယ်ထင်တယ်နော်... ဘယ်လိုထင်လဲ... အမကြီးတော့ စိတ်ဆိုးပြေကောင်းလောက်ပါရဲ့ :D

နောက်ဆက်တွဲ သတင်း
အခုပို့စ်တင်ပြီးတော့ "ကဗျာရေးပြီးစကြလို့ စိတ်မဆိုးတဲ့အပြင် ကဗျာလေးတွေကိုလည်း ကြိုက်ပါတယ်..." လို့ အမကြီးက ပြောလာပါတယ်။ နောက်ပြီး ကဗျာတွေကိုလည်း "အမှတ်တရ လုံခြုံစွာသိမ်းဆည်းထားပါမယ်... " တဲ့။
စိတ်မဆိုး ဗွေမယူတာ ကျေးဇူးပါ အမကြီးရေ... ခင်လို့ စကြတာ ပျော်စရာကောင်းလို့ပါ...

[ကျန်တဲ့နှစ်ယောက်ကတော့ စပ်ထားတဲ့ကဗျာကို လိုက်မမှီလို့ပဲလား၊ ဒါမှမဟုတ် ကလေး ကဗျာလေးပါလို့ ထင်လို့လားမသိ၊ သူတို့ဆီက ပြန်စာမရခဲ့ပါဘူး။ :D]

Read More...

Sunday, July 19, 2009

၆၂နှစ်မြောက်

အာဇာနည်နေ့ တို့မမေ့

Read More...

Tuesday, July 7, 2009

လက်ဆင့်ကမ်း...

၁၉၉၆ ရဲ့ ဒီဇင်ဘာလဆန်းစ တညနေမှာ…
ကျောင်းကအပြန် ရေချိုး၊ ထမင်းစားပြီး ပင်းယဆောင် အလယ်ထပ် လသာဆောင်မှာ သူငယ်ချင်းတွေ စုရပ်ကာ စကားပြောနေတုန်း

“ပင်းယသားတွေ ထွက်ခဲ့ကြဟေ့...” ဆိုတဲ့ အောက်က အော်တဲ့ အသံကြားလိုက်ရပါတယ်။

အဆောင်ရှေ့မှာ ကျောင်းသားတွေအုပ်လိုက်ကြီးစုကာ စက်မှုကျောင်းသား ညီအစ်ကိုတွေကို အားပေးထောက်ခံ ဆန္ဒပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှာ အဆောင်ရဲ့တစ်ဖက်ကနေ အင်းဝ၊ စစ်ကိုင်း ကကျောင်းသားတွေ၊ တခြားတစ်ဖက်က ပဲခူး၊ သထုံဆောင်က ကျောင်းသားတွေ အစုလိုက်ထွက်လာကြတာတွေ့လိုက်ရတဲ့အခါ စကားပြောနေတဲ့ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချက်ချင်းအောက်ကို ပြေးဆင်းသွားမိကြတယ်။

အဆောင်အောက်မှာတော့ အဆောင်မှူးက မျက်စိမျက်နှာပျက်ပျက်နဲ့
“သားတို့ ကျောင်းဝိုင်းထဲမှာပဲနေနော်... အပြင်မထွက်နဲ့နော်...” လို့ သူတတ်နိုင်သလောက် မှာနေပါတယ်။

အဓိပဓိလမ်းမပေါ်ရောက်တော့ အားလုံး စနစ်တကျတန်းစီပြီး ကြွေးကြော်သံတွေအော်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတယ်။ ရွှေဘိုဆောင်ဖက်ကို စီတန်းပြီးလျှောက်၊ ပြီးတော့ တောင်ငူဆောင်ဖက်ကိုသွား၊ ရာမညဆောင်ရှေ့နားရောက်တော့ ကြွေးကြော်သံတွေကို ပိုပြီး ကျယ်ကျယ် အော်မိကြတယ်။

တစ်ဖက်က လှည်းတန်းက အိမ်တွေရှိတော့ ပြည်သူတွေရှိတယ်လေ။ ပြည်လမ်းမပေါ်က ရဲတွေ၊ လုံထိန်းတွေလည်းရှိတယ်။ စိတ်မထိန်းနိုင်တဲ့ ကျောင်းသားတစ်ချို့က ဆဲမိကြတော့ ဘေးကသူငယ်ချင်းတွေကထိန်းကြတယ်။

“ဟေ့ကောင်တွေ သူတို့က ငါတို့ ရန်သူတွေမဟုတ်ဘူး... ”

ဟုတ်တယ်... ငါတို့ ကျောင်းသားတွေ ဆန့်ကျင်တာ မတရားတဲ့လုပ်ရပ်တွေ၊ မတရားတဲ့အမှုတွေ၊ မတရားတဲ့ စံနစ်တွေ။ သူတို့က သာမန်အောက်ခြေက၀န်ထမ်းတွေ၊ အပေါ်ကခိုင်းလို့လုပ်ရတာ၊ အဲဒါလည်း စံနစ်ကြောင့် ဆိုတာ ကျောင်းသားတွေ နားလည်ကြတယ်။ ဒါပေမယ့် သူတို့တွေက ကျောင်းသားတွေကို နားလည်မပေးကြပဲ ရန်သူလို့သတ်မှတ်မှုကိုသာပြန်ပေးခဲ့ကြတယ်။ အဲဒီအတွေးတွေ ၀င်လာတော့ အားလုံးရင်ထဲမှာ အသက်ပေးပြီး မတရားမှုတွေကို တော်လှန်ခဲ့ကြတဲ့ ကျောင်းသားအစ်ကိုကြီးတွေကို သတိရ၀မ်းနည်းလာမိတယ်။ ကြွေးကြော်သံတွေအော်နေပေမယ့် ၀မ်းနည်းသံတွေပါလာတယ်။

မန္တလေးဆောင်နားရောက်တော့ ခံစားချက်က ပိုပြီးပြင်းလာကြတယ်။
ငါတို့ရဲ့ အစ်ကိုကြီးတွေ မန္တလေးဆောင်ထဲကနေပြီး အားပေးနေသယောင် ခံစားမိတယ်။ ငါတို့ကိုကြည့်ပြီး လက်သီးကိုကျစ်ကျစ်ဆုတ် မျက်နှာကြောတွေတင်းအောင် အံကြိတ် နေတဲ့ အစ်ကိုကြီးတွေကို မြင်နေမိတယ်။

ရှေ့ကကျောင်းသားတွေ မန္တလေးအဆောင်ရှေ့က မြေကွက်လပ်က တံခါးကိုကြိုးစားဖွင့်နေကြတယ်။ တံခါးပွင့်သွားတော့ အားလုံး မြေကွက်လပ်အလယ်မှာရှိတဲ့ ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ စုပြီး ငြိမ်သက်စွာရပ်နေကြတယ်။ ဒီနေရာမှာ လွတ်လပ်ရေး သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး ခန့်ညားစွာရှိခဲ့တယ်လေ။ အခု ငါတို့ ဒီနေရာ ခြေချထားတယ်။ အဲဒီအသိက ငါတို့ကို အားအင်သစ်တွေဖြစ်လာစေတယ်။ နိုင်ငံတောင်သီချင်းဆိုချိန်လိုက်မှာတော့ ကြက်သီးတွေ တဖြန်းဖြန်းထပြီး အားလုံး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့...

ငါတို့ ကျောင်းသားတွေရဲ့ အမှန်ကိုမြတ်နိုးတဲ့စိတ်ဓာတ်၊ မတရားတာတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တဲ့စိတ်ဓာတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်ဓာတ်တွေဟာ ဗိုလ်အောင်ကျော်၊ ဗိုလ်အောင်ဆန်းတို့မှ ခေတ်အဆက်အဆက်၊ စံနစ်အဆက်အဆက် လက်ဆင့်ကမ်းခဲ့တာ မတရားတာတွေရှိနေသမျှ လက်ဆင့်ကမ်း ရှိနေဦးမှာပဲ...

အခုလည်း ရှိနေဆဲ...

Read More...

Ratings