Wednesday, January 28, 2009

ဘုရားရှိခိုး ခပ်ရိုးရိုး

အိမ်မှာ အတူနေတဲ့ သိပ်မကြာသေးတဲ့ အကို (သူငယ်ချင်းရဲ့အကို) တစ်ယောက် ဘုရားရှိခိုးတာကို ဟိုတလောကမှ သတိထားမိတယ်။ သူရှိခိုးတာ သူများနဲ့မတူ တစ်မူထူးနေလေရဲ့…

အဲဒီလို ဘုရားရှိခိုးတာနဲ့ ပတ်သက်ပြီး သတိထားမိတာလေးတွေရှိပါတယ်။

မူလတန်းကျောင်းသားအရွယ် နွေရာသီကျောင်းပိတ်ရက်တွေမှာဆို အိမ်မှာနေရတာနည်းပြီး အမေတိုးလို့ခေါ်တဲ့ အဒေါ့်အိမ်မှာ နေရတာများပါတယ်။ အမေတိုးက မနက်တိုင်းမှာ ဘုရားရှိခိုး ပြီးတော့ ဘုရားဆွမ်းတော်ပွဲကို ကျကျနနတင်ပါတယ်။ ပြီးတာနဲ့ ဆက်ပြီးတော့ ပုတီးစိပ်လေ့ရှိပါတယ်။ ဘုရားရှိခိုးတာရော ပုတီးစိပ်တာပါ အသံကျယ်ကျယ်နဲ့ ၀တ်ပြုလေတော့ အိမ်ယာထဲကနေပြီး နေ့တိုင်းကြားရပြီး နိုးစက်လိုဖြစ်နေပါတယ်။

ဘုရားရှိခိုးတာကတော့ သာမန်ဖြစ်ပေမယ့် ပုတီးစိပ်တာကတော့ သူများနဲ့မတူ အထူးမြန်နေပါတယ်။ အရဟံ ဆိုပြီး ပုတီးတစ်လုံးချတာမဟုတ်ပဲ အရဟံ… ရံ ရံ ရံ ရံ ရံ ရံ ရံ ဆိုပြီး အသံဆက်ဆိုရင်း လက်ကလည်း ပုတီးကို အမြန်စိပ်ပါတယ်။ အဲတော့ ပုတီးတစ်ပတ်ကို ခဏကြာပဲစိပ်ရပြီး အပတ်ရေများများရပါတယ်။ အဲလိုပဲ နွေရာသီတစ်လျှောက် အမေတိုးရဲ့အိမ်မှာ နေ့စဉ်တွေ့မြင်ပါတယ်။

အိမ်မှာကျတော့ ကျောင်းဆရာမဖြစ်တဲ့ မေမေနဲ့အတူ အားလုံးက ကျောင်းသွားဖို့ပြင်တော့ မနက်ကိုဘုရားရှိခိုးဖြစ်တာနည်းပါတယ်။ ညအိပ်ရာဝင်ခါနီးမှ အေးအေးဆေးဆေး ရှိခိုးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ သာမန်ပဲ သြကာသဆိုရှိခိုး၊ ငါးပါးသီလဆို ပန်း၊ရေချမ်းကပ်ပြီး ပြီးတာပါပဲ။ ဒါတောင် မေမေဇွတ်ရှိခိုးခိုင်းလို့ လုပ်ဖြစ်တာပါ။ တစ်ညမှာ ပုတီးစိပ်ကြည့်ချင်တာနဲ့ မေမေကိုပြောတော့၊ မေမေက ပုတီးတစ်ကုံးပေး၊ အရဟံ ဆိုရွတ် ပြီးတော့ တစ်လုံးချဆိုပြီး သင်ပေးပါတယ်။ အဲတော့ ပုတီးတစ်ပတ်ပြည့်ဖို့အရေး အင်မတန်မှကြာပါတယ်။ တစ်ပတ်လည်းပြီးတော့ ဆက်မစိပ်နိုင်တော့ပဲ ရပ်လိုက်ပါတယ်။

မေမေ ပုတီးစိပ်ပြီးတော့ လှည့်ပြီးမေးပါတယ် ….
“သား.. ပုတီး ဘယ်နှပတ် ရလဲ… ”
“တစ်ပတ်…”
“တစ်ပတ်ထဲလား… ”
“ဟုတ်… ဒါတောင် မနည်းစိပ်ထားရတာ… အမေတိုးလို ပါဝါပုတီးစပ်ရင်တော့ အပတ်ရေ အများကြီးရမှာပေါ့… ”
“ဟေ… ဘယ်လို ပါဝါပုတီးလဲ သားရဲ့…”
“အရဟံ… ရံရံရံရံရံရံရံ… ဆိုပြီး ဒီလိုစိပ်တာလေ…” ဆိုပြီး လုပ်ပါပြလိုက်တော့ … အမေတိုး ပုတီးစိပ်တာကို မြင်ဖူးတဲ့ မေမေလည်း ရီပြီး…
“သားကတော့လေ… ကြံကြံဖန်ဖန်… ” တဲ့လေ။

စင်ကာပူမှာ အတူနေလာတာ ၆နှစ်လောက်ရှိနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ကတော့ ဘုရားကို အလိုရှိအပ် တောင်းတအပ်မှ ရှိခိုးတတ်ပါတယ်။ များသောအားဖြင့် သူအလုပ်ပြောင်းဖို့ အဆင်ပြေအောင် ရှိခိုးဆုတောင်းလေ့ရှိပါတယ်။ တစ်ခါက သူအလုပ်ပြောင်းပြီး မကြာခင်မှာ ဘုရားစင်အသစ်တစ်ခုဝယ်လာပါတယ်။

ရှိတဲ့ ဘုရားစင်က သုံးလို့ရတာကို ဘာလို့ အသစ်ဝယ်လာလဲမေးတော့…
“အလုပ်အသစ်မရခင်က ဘုရားဆီမှာ ဆုတောင်းထားတာလေ… အလုပ်အသစ်မှာ လစာပိုရလို့ရှိရင် ဘုရားစင်အသစ်ဝယ်ပြီး လှူမယ်လို့ အဓိဋ္ဌာန်ထားလို့…”
“သြော်… ဒီလိုလား… ဒါဆို တကယ်လို့ မင်းတောင်းတဲ့ဆုမပြည့်ရင်ရောကွာ…”
“မပြည့်ရင်တော့ ဘယ်ဝယ်မှာလဲ… အခုဟာက ပြည့်လို့ပေါ့… ” တဲ့…

အိမ်မှာဆို အဲဒီ သူငယ်ချင်းကို “ဘုရားကိုတောင် အပေးအယူ လုပ်တဲ့ကောင်…” ဆိုပြီး စနောက်လေ့ရှိပါတယ်။

ပြောချင်တာက အတူနေတဲ့ အကို ဘယ်လို ဘုရားရှိခိုးတယ်ဆိုတာ.. အခုတော့ ဟိုရောက်ဒီရောက်ဖြစ်နေပြန်ပြီ…

တလောက အိမ်ရှေ့က စားပွဲမှာ ကွန်ပျူတာသုံး ဘလော့ဖတ်နေတုန်း “ရှူး… ရှီး… ” ဆိုတဲ့ အသံ ရုတ်တရက်ကြားလိုက်တော့ ဘယ်ကလာတဲ့ ဘာအသံမှန်းမသိလိုက်ပါဘူး။ ဂရုစိုက်ပြီး ရှာနေတုန်း နောက်ထပ်တစ်ခါ “ရှူး… ရှီး… ” ဆိုပြီးထပ်ကြားလိုက်ပါတယ်။ ဒီတစ်ခါတော့ သေချာကြားလိုက်တာဆိုတော့ အသံက ဘုရားရှိခိုးနေတဲ့ အကို ဆီကကြားလိုက်တာပါပဲ။

ကျွန်တော်က အနားမှာရှိတဲ့ သူငယ်ချင်းကိုမေးလိုက်ပါတယ်။
“ဟေ့ကောင်… မင်းအကိုက ရှူးရှူး ရှားရှားနဲ့ ဘယ်လို ဘုရားရှိခိုးလဲကွ…”
“သိဘူးဗျ… အထက်လမ်းဆရာတစ်ယောက်ပေးတဲ့ နည်းလို့ပြောတာပဲ…”
“သြော်…”

ကြည့်တော့ အပေါ်အဖြူအောက်ကအဖြူ အဖြူဝတ်စုံဝတ်ပြီးမှ ဘုရားရှိခိုးနေတာဖြစ်ပါတယ်။ သေချာထပ်ကြည့်မိတော့ အပေါ်အဖြူဆိုတာ စွပ်ကျယ်ဂျိုင်းပြတ်ဖြစ်နေပါတယ်။

စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဘုရားဝတ်ပြုတာကိုကြည့်ရတာ ကျွန်တော်မျက်စိထဲမှာတော့ မသင့်တော်ဖြစ်နေပါတယ်။ ငယ်စဉ်အချိန်ကတည်းက မိဘတွေ ဆိုဆုံးမဖူးတာကတော့ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ဆို ဘုရားရှိခိုးဖို့ မဆိုထားနဲ့ ထမင်းတောင်မစားရပါဘူး။ မ၀တ်ဖို့ တားရတဲ့ အဓိကအကြောင်းကတော့ ကြည့်ရတာ မသင့်လျော်တာရယ်၊ မလေးမစားပုံစံ ဖြစ်နေတာရယ်ကြောင့်ပါ။

ဘုရားရှိခိုး နေတဲ့ အကိုက ပြီးတော့ တရားဆက်ထိုင်ပါသည်။ တရားထိုင်နေတုန်းမှာ သူ့ ဟန်းဖုန်းက အသံမြည်လာတော့ ဖုန်းကိုထကိုင်ပြီး တရားထိုင်နေလို့ နောက်တော့မှ ပြန်ဆက်မယ်လို့ပြောပြီး တရားဆက်ထိုင်ပါတယ်။ ဖုန်းကိုင်ပြီး နောက်မှ ပြန်ဆက်မယ်လို့ ပြောနိုင်တယ်ဆို လာတဲ့ဖုန်း မကိုင်ပဲ တရားဆက်ထိုင်စေချင်မိပါတယ်။

ခဏကြာတော့ ဘုရားစင်မှာရှိတဲ့ နာရီနှိုးစက်က အသံမြည်ကာ တရားထိုင်တာကို ရပ်လိုက်ပါတယ်။ ကြည့်ရတာ တရားထိုင်တာ ဘယ်လောက်ရမည်ဆိုသည်ကိုပါ ညွှန်ကြားချက်ကြောင့်ဖြစ်နိုင်ပါတယ်။

ဒီလို သူများယုံကြည်သလို ရှိခိုးတာ ကျွန်တော့်ရေးမိတာက အမြင်မှာ မသင့်တော်ဘူးလို့ ထင်လို့ပါ။

ကျွန်တော်ကိုယ်တိုင် ဘုရားရှိခိုး ၀တ်ပြုခြင်းအလုပ်ကို ပုံမှန်မလုပ်ဖြစ်ခဲ့ပါဘူး။ အကြောင်းပြချက်ကတော့ စိတ်ထဲမှာ ကိုယ်တိုင်ယုံကြည်လိုက်နာကျင့်သုံးတယ်ဆို ဘုရားရှိခိုးခြင်းအလုပ်ကို သိပ်ပြီးလုပ်စရာမလိုဘူးလို့ ယူဆမိလို့ပါ။ မိဘတွေကတော့ အမြဲလိုလို ဘုရားရှိခိုး ၀တ်ပြုခြင်းပုံမှန်လုပ်ဖို့တိုက်တွန်းပေမယ့် မလုပ်ဖြစ်ခဲ့ပါဘူး။

တစ်ရက်တော့ …
“သားငယ်… အဲလိုယူဆတယ်ဆိုရင် … သားက မေမေတို့ကို ရိုသေပါတယ် လေးစားပါတယ်လို့ စိတ်ထဲမှာထားတယ်၊ ဒါပေမယ့် ကိုယ်အမူအရာက မပြဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ မေမေတို့အနေနဲ့ ဘယ်သိသာမြင်နိုင်ပါလဲ။ ပြီးတော့ စိတ်နဲ့သာမက ကိုယ်အမူအရာနဲ့ပါ ယုံကြည်ဝတ်ပြုတယ်ဆို ပိုမကောင်းဘူးလား…” လို့ မေမေကမေးပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘုရားရှိခိုးခြင်းအလုပ်ကို ပုံမှန်နီးပါး ကြိုးစားပြီးလုပ်ဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ ဘုရားရှိခိုးတယ်ဆိုတာ သာမန်အခြေခံ ဘာသာရေးအလုပ်ဖြစ်ပေမယ့် ပုံမှန်လုပ်ဖြစ်ခဲ ပါတယ်။

ကိုယ်လက်သန့်စင်ကာ ကိုယ်တိုင် သပ်သပ်ရပ်ရပ်ဖြစ်ပြီးမှ ဘုရားရှိခိုးပူဇော်သင့်ပါတယ်။ ရှိခိုးပူဇော်တဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ၀တ်ပြုနည်းတွေ မရှိလေကောင်းလေပါပဲ။

ကျွန်တော်တို့ဟာ ကိုယ်ပိုင်အချိန်တွေနည်းကြတော့ သာမန် ဘုရားရှိခိုးတဲ့အလုပ်ကို လုပ်တဲ့အချိန်မှာ လေးလေးစားစား လုပ်စေချင်တဲ့ ဆန္ဒပါပဲ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

Read More...

Friday, January 23, 2009

အဝေးကအပြန်

အဝေးကြီးကိုထွက်သွားခဲ့တယ်
တိတ်တိတ်ကလေးပေါ့
တစ်ယောက်ထဲ
ဘယ်သူမှမရှိတဲ့နေရာ...

ကိုရဲမွန်ရဲ့ကိုယ်ပိုင်စာရွက်တွေမရှိတဲ့နေရာ...
ပန်ဒိုရာရဲ့ ဖြန့်ခင်းထားတာတွေတက်မနင်းရတဲ့နေရာ...
ပုံရိပ်ရဲ့ စိတ်ကူးနဲ့ တွေးမရတဲ့နေရာ...
ရွှေဂျမ်းရဲ့ အိမ်အလွမ်းတွေ မကြားရတဲ့နေရာ...
လင်းရဲ့ အပျင်းအလွဲတွေနဲ့ မကြုံရတဲ့နေရာ...
မကေရဲ့ ဝေမျှတာတွေမရတဲ့နေရာ...
အမချိုသင်းရဲ့မှတ်တမ်းတွေမဖတ်ရတဲ့နေရာ...
မတန်ခူးရဲ့ လေနုအေးတွေမရတဲ့နေရာ...
ယောနသံစင်ရော် ရဲ့ စိုးသင့်ဆွေ မရှိတဲ့နေရာ...
ခရီးသည်ရဲ့လွင့်မျောခြင်းတွေပျောက်တဲ့နေရာ...
... အဲဒီနေရာ...

ပြောရင်းနဲ့ရှည် အတိုချုပ်ရရင်
သူများတွေရေးတာမဖတ်
ကိုယ်ဖတ်တာတွေမရေးနိုင်ပဲ
အကြည်ဓာတ်မရ
ဒီကို ဓာတ်မကျ ဖြစ်နေတာပါ။

ကိုယ့်ဘလောဂ်ကိုရောက်
စာရေးဖော်တွေလာပြောထားတာတွေ့တော့
မပြောမဆို ထွက်သွားတာကို ခွင့်လွှတ်ပါတောင်းပန်ရင်း
ပြောပြောဆိုဆိုနဲ့ ပြန်ရောက်လာပါကြောင်း….

Read More...

Sunday, January 4, 2009

လွတ်လပ်ရေးနေ့



၂၀၀၉ ခုနှစ် ၆၁နှစ်မြောက် လွတ်လပ်ရေးနေ့မှာသည် မြန်မာပြည်သူအပေါင်း လွတ်လပ်မှုရအသာ အပြည့်အ၀ခံစားနိုင်စေရန် ဆုတောင်းလိုက်ပါတယ်။

Read More...

Saturday, January 3, 2009

ရှေ့သို့...

တောလမ်းကိုကြည့်
ညှောင့်ခလုတ်တွေများလှတယ်…

တောင်အမြင့်ကိုမြင်
လမ်းအတက်က မတ်စောက်တယ်...

မြစ်ပြင်ကိုတွေ့
လှိုင်းလေတွေက ထန်လွန်းလှတယ်...

ပန်းတိုင်ရောက်ဖို့
စွန့်စားဖို့ရန် တွန့်ဆုတ်နေရင်
နောက်မှာချန်ကာ ကျန်ရစ်ခဲ့တော့...

ကောင်ကင်ပေါ်ပျံ တောင်ပံကိုဖြန့်
အလင်းနှုန်းနဲ့ တိမ်လွှာဖောက်ကာ
အမြင့်ထက်က အာကာယံကို
ရဲရင့်သူ ငါ... သွားနှင့်ပြီ...

Read More...

Thursday, January 1, 2009

မင်္ဂလာနှစ်သစ် ၂၀၀၉

Read More...

Ratings