Tuesday, February 10, 2009

ကျွဲကိုပဲ ကြောက်တယ်

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်က...

ဖေဖေ ခေတ္တအလုပ်တာဝန်ကျရာသို့ ကျောင်းပိတ်ရက် အလည်ရောက်ရှိနေခိုက်ဖြစ်ပါတယ်။ ဖေဖေအလုပ်နားချိန်မှာတော့ အနီးအနားက ရွာလေးတွေဆီကို သွားရောက် လည်ပတ်လေ့ရှိပါတယ်။

ညနေခင်းလေးတစ်ခုမှာ ရွာနီးစပ်ချုပ်ကို အလည်ထွက်တော့ မိသားစုငါးယောက် လယ်ကွင်းအနီးက လမ်းကလေးအတိုင်း လျှောက်လာကြသည်။ ကျွန်တော်ကတော့ ကလေးပီပီ ဆော့ကာ အားလုံးရှေ့မှာနေ ခုန်ပေါက်ပြီး သွားနေပါတယ်။ နောက်မှာတော့ ဖေဖေနဲ့အကို၊ မေမေနဲ့အမတို့ ကပ်ပြီး လျှောက်လာကြပါတယ်။

လယ်ယာအလုပ်သိမ်းချိန်ဖြစ်လို့ ကျွဲ နွားတွေကလည်း အနီးနားဝန်းကျင်မှာ သွားလာနေကြပါတယ်။ တောရွာနဲ့ မရင်းနှီးတော့ ကျွဲနွားတွေကို ကြောက်လန့်ကာ ဝေးရာမှ ရှောင်ကွင်းပြီး သွားနေရပါတယ်။

ကျွန်တော့်စိတ်ထဲမှာ ကျွဲဆိုတဲ့ သတ္တ၀ါက အကောင်မည်းမည်း အရွယ်ကြီးကြီးဖြစ်တော့ ကြောက်စရာ ကောင်းပေမယ့် ကျန်တဲ့အကောင်တွေကတော့ သူ့လောက် ကြောက်စရာမကောင်းဟု ယူဆလိုက်မိပါတယ်။

တချိန်ထဲမှာပဲ ရှေ့မှာရောက်နေတဲ့ ကျွန်တော်က ရုတ်တရက် ကြေငြာလိုက်တာကတော့…
“ခွေးလည်းမကြောက်ဘူး… ၀က်လည်းမကြောက်ဘူး… နွားလည်းမကြောက်ဘူး… ကျွဲကိုပဲကြောက်တယ်…”

အဲဒီအချိန်မှာ ဘယ်ကနေရောက်လာမှန်မသိတဲ့ ခွေးတစ်ကောင် နောက်ကနေပြီးရောက်လာပါတယ်။ ခွေးက နောက်ကလျှောက်လာတဲ့ မေမေတို့ကိုကျော်တက်လာပါတယ်။ အဲဒီခွေး နောက်ကနေကျော်တက်လာတာကို ဖေဖေကသိပေမယ့် အန္တရာယ်မဖြစ်လောက်လို့ ကျွန်တော့်ကို လှမ်းပြီးတော့ မပြောပါဘူး။ ဒီအတိုင်း အသာပဲ ကြည့်နေပါတယ်။

အဲဒီအချိန်မှာ ရှေ့ကရောက်နေတဲ့ ကျွန်တော် နောက်လှည့်ကြည့်လိုက်မိပါတယ်။
ခွေးကြီးတစ်ကောင် အနားကိုရောက်လာတာ ရုတ်တရက်တွေ့လိုက်တော့
“အဖေ့………” လို့ အော်ကာ ချက်ချင်းခုန်တက်လိုက်တာ ဘယ်လိုလုပ်ပြီး ဖေဖေ့အပေါ်ရောက်သွားသည် မသိလိုက်ပါ။

အဲတော့မှ ဖေဖေက
“သားပြောတော့ ခွေးလည်းမကြောက်ဘူးဆိုကွ…”
“ကြောက်တယ်….”

ပြီးတော့မှ “မကြောက်နဲ့တော့နော်… ဖေဖေတို့ရှိတယ်… ”
လို့ပြောပြီး ချော့ပါတယ်။

နောက်ပိုင်းမှာ အဲလို ကြေငြာချက်တွေ မထုတ်တော့ပေမယ့် နှစ်သုံးဆယ်လောက် ကြာသည့်တိုင် အဲဒီ အကြောင်း အစအနောက်ခံနေရတုန်းပါပဲ။

အဲသည်လိုနဲ့ ကျွန်တော်တို့တတွေ အဖြည်းဖြည်းအရွယ်ရောက်လာကြတော့လည်း “... ကျွဲကိုပဲကြောက်တယ်...” ဆိုပြီး ကြုံးဝါးသလို ကိုယ့်ကိုယ်ကို လိုသည်ထက် အထင်ကြီးမှုတွေရှိတိုင်း သတိပေးတတ်ပြီး၊ လိုအပ်သည့်အချိန်တိုင်းမှာ လိုအပ်တဲ့ အားပေးကူညီမှုတွေနဲ့ မှန်ကန်တဲ့လမ်းညွှန်မှုတွေ အမြဲပေးတတ်တဲ့ ဖေဖေ အခုဆို အသက် ၆၇နှစ် ပြည့်ခဲ့ပါပြီ။ အခုအချိန် အထိတိုင် အလုပ်ကို တက်ကြွစွာ လုပ်ကိုင်ရင်း မိသားစုကို လုပ်ကိုင်ကျွေးမွေးနေဆဲပါ။

ဖခင်ကောင်းတစ်ယောက်ပီသပြီး မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်သူတစ်ယောက်ပါပဲ။
ဖေဖေ - ၆၇နှစ်မြောက်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။



သားကတော့ အဝေးကနေပြီးတော့ပဲ ကန်တော့လိုက်ပါတယ် ဖေဖေ...

9 comments:

Moe Cho Thinn said...

ကျွဲရော ခွေးပါ ကြောက်တတ်တဲ့ ပီတိလေး ဖေဖေ ပျော်ရွှင်ကျန်းမာတဲ့ မွေးနေ့ မင်္ဂလာ ဖြစ်ပါစေလို့ အရင်ဆုံး ဆုတောင်းပေးလိုက်ပါတယ်။

sin dan lar said...

ကိုပီတိရဲ့ ဖေဖေက တို့ဖေဖေ ထက်အများကြီး ငယ်သေးတာပဲ.....။
မင်္ဂလာမွေးနေ့ ဖြစ်ပါစေ.. ကိုပီတိရဲ့ဖေဖေ...။

ပုံရိပ် / Pon Yate said...

ကိုပီတိ ဖေဖေ အတွက် ဆုတောင်း ပေးပါတယ်။ ပုံရိပ်တော့ ကျွဲလည်းကြောက် ခွေးလည်းကြောက်။

ရွှေဂျမ်း said...

ကိုပီတိ ဖေဖေ အတွက် မင်္ဂမွေးနေ့ ဖြစ်ပါစေလို့ လာဆုတောင်းပါတယ်။ ခွေးကြောက်လို့ အဖေ့ပေါ် ခုန်တက်သွားတဲ့ ကလေးလေးကို မြင်ယောင်ကြည့်လို့ ရတယ်။

လင်း said...

ပီတိရဲ့ ခမည်းတော် သက်တော်ရာကျော်ရှည်ပါစေ။ ပီတိ ရဲ့  မျိုးဆက်သစ်လေးတွေထိ ဆုံးမလမ်းညွှန်မှုပေးနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်။

စကားမစပ် ကျွဲတွေ ခွေးတွေ လာနေပြီ ဟိဟိ

မေ့သမီး said...

နောက်ကျနေပေမယ့် ဆုတောင်းပေးလိုက်ပါတယ်။ ဒီနှစ်မွေးနေ့ကစလို့ ကိုပီတိဖေဖေပျော်ရွှင် ကျန်းမာပါစေ။ နောက်နှစ်မွေးနေ့ကို မိသားစုစုံစုံညီညီ ကျင်းပနိုင်ပါစေ။

Kay said...

ပီတိ ဖေဖေ အတွက် မိသားစု သားသမီး များနဲ့ ပျော်ရွှင်စွာ နေ့ရက်တွေ ရှည်ကြာပါစေ လို့..

ယောနသံစင်ရော် said...

ကိုပီတိ ဖေဖေတယောက် ကျန်းမာပြီး မိသားတစု စုံစုံလင်လင်နဲ့ နှစ်စဉ်မွေးနေ့ကိုပျော်ရွှင်စွာဆင်နွဲနိုင်ပါစေ.။

Pinkgold said...

ကိုပီတိ ဖေဖေတစ်ယောက် မွေးနေ့မှာ ပျော်နိုင်ပါစေလို့ belated wish လုပ်သွားပါတယ်ရှင်

Ratings