Saturday, February 7, 2009

Broken Thoughts - 28

ကျွန်တော် ဆယ်တန်းဖြေပြီး ချက်ချင်းဆိုသလိုပဲ အညာဇာတိမြို့ကနေ ရန်ကုန်မြို့ကြီးကိုလာပြီး ကွန်ပျူတာသင်တန်းတစ်ခုကို တက်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာရှိတဲ့ နည်းပြ ဆရာ ဆရာမတွေ အလုပ်လုပ် ဆက်ဆံတဲ့ပုံကိုကြည့်ရတာ အင်မတန်ပျော်ဖို့ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီအကိုမောင်နှမတွေလို ဆက်ဆံပြောဆိုကြတော့ နွေးနွေးထွေးထွေးရှိလို့ပါပဲ။

ကျွန်တော်လည်း သင်တန်းသုံးဆင့်တက်ပြီးချိန်မှာတော့ အဲဒီသင်တန်းကျောင်းရဲ့ Software House မှာပဲ အလုပ်ဝင်ပြီးလုပ်ခဲ့ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ကူညီဖေးမကြတော့ လုပ်ငန်းခွင်မှာလည်း အဆင်ပြေကြတယ်။ အဲဒီအထဲက တချို့သူတွေကတော့ ကူညီဖေးမကြတာတွေများပြီး ဘ၀လက်တွဲဖော်တွေပါ ဖြစ်ကုန်ကြပါတယ်။

အခုအချိန်မှာ အဲဒီတုန်းက အလုပ်လုပ်အတူတူလုပ်ခဲ့သူတွေ အားလုံးနီးပါး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိအလုပ်လုပ်နေကြပါပြီ။ ဘယ်နေရာရောက်ရောက် အတူအလုပ်လုပ်ခဲ့ကြတာတွေကို သတိတရရှိနေကြဆဲပါ။ အဲဒါကြောင့်လည်း အားလုံးအဆက်အသွယ်မပြတ်စေရန် Social Networking Site တစ်ခုမှာ group တစ်ခုလုပ်ထားပြီး အတွေးတွေ၊ ဓာတ်ပုံတွေ၊ လိပ်စာတွေ၊ လက်ရှိဖြစ်ပျက်နေတာတွေကို မျှဝေလေ့ရှိပါတယ်။

မျှဝေတဲ့အထဲမှာ အမတစ်ယောက်က သူ့ရဲ့နေ့စဉ်မိသားစုဘ၀ ကြုံတွေ့တာလေးတွေကို အတွေးလေးတွေ အဖြစ်ရေးပြီးတင်လေ့ရှိပါတယ်။ ဖတ်ရတာလည်း အင်မတန် စိတ်ဝင်စားစရာပါပဲ။ အမှန်ပြောရရင် အဲဒီအမ အဲလိုမျိုးရေးလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

သူ့ရဲ့ ၂၈ ခုမြောက် တစ်ပိုင်းတစ်စအတွေးကတော့ ကျွန်တော့်ကိုလည်း အတွေးလေးတွေဖြစ်စေပါတယ်။ အဲဒါကြောင့် ဒီမှာလည်းမျှဝေပေးဖို့ စိတ်ကူးရတာနဲ့ စာရေးသူအမကို ခွင့်တောင်းလိုက်တာ လိုလိုလားလားနဲ့ ခွင့်ပြုလိုက်ပါတယ်။

ရေးထားတဲ့အထဲမှာပါတဲ့ အမရဲ့ အိမ်ဦးနတ်ဆိုတာကလည်း ကျွန်တော်နဲ့ အကိုတစ်ယောက်လို ခင်မင်ပါတယ်။ သူကတော့ ကူညီဖေးမတာလွန်သွားတဲ့အထဲက တစ်ယောက်ပေါ့...

စာမရေးနိုင်သေးပဲ အခုလို သူများဆားကိုယူကျွေး အဲ... ယူချက်လိုက်တာပါ... ကျေးဇူးတင်ပါတယ်။


Broken Thoughts - 28

ကျွန်မတို့ရဲ့ ဘဝခရီးလမ်းမှာ သွားနေရင်းနဲ့ ရွေးချယ်စရာ လမ်းခွဲလေးတွေဟာ အချိန်တိုင်းမဟုတ်ပေမဲ့ တော်တော်တော့ ရှိနေခဲ့ (ဒါမှမဟုတ်) ရှိနေတာ အထူးအဆန်း မဟုတ်ပါဘူး။

ဒါပေမဲ့ စိတ်ဝင်စားစရာက အဲဒီရွေးခဲ့မိလိုက်တဲ့ လမ်းခွဲတွေ အကြောင်းပါ။ ဘာကြောင့် ရွေးတယ်ဆိုတဲ့ အကြောင်းပြချက် ရှိသလို စိတ်ကူးပေါက်သလို သွားခဲ့မိတာလဲရှိ တာဘဲ မဟုတ်လား။ တစ်ခါတစ်ခါတော့လဲ သွားနေရင်း နဲ့ လမ်းမှားကို ဦးတည်မိ နေပြီလားလို့ သံသယ ဖြစ်မိတဲ့အခါတွေလဲ ကြုံဖူးကြမှာပါ။

အဲဒီမှာ သွားရမဲ့ ဦးတည်ချက် အတွက် လမ်းညွှန် မြေပုံ ရှိနေရင်တော့ ကိုယ်ဘယ်ကို ရောက်နေတာဆိုတာရော၊ အမှန်အမှားပါ သိနိုင်မှာပါ။ လမ်းညွှန် မြေပုံ မရှိခဲ့ဘဲ ကိုယ်မှား နေပြီလို့ သံသယ ဖြစ်မိရင် တောင် နီးစပ်ရာ အကြံပြုနိုင် သူတွေ၊ ဆရာသမား တွေ ဆီက လမ်း မေးပြီး လမ်းမှန်ကို အရောက် သွားနိုင်ပါသေးတယ်။ မှားတာကို မှားနေမှန်းမသိဘဲ ဆက် သွားနေမိရင်တော့ ကုသိုလ်ကံဘဲပေါ့။ ကံကောင်းရင် တော့လဲ လမ်းမှန် ပြန်တွေ့ပြီး ကိုယ်လိုရာရောက်မှာပေါ့။ ပိုကောင်းတဲ့ နေရာ ကိုလဲ ဆိုက်ရောက်နိုင်တာဘဲ။ ကံမကောင်း ရင်တော့ လမ်းပျောက် ပြီး တဝဲဝဲ လည်လည် ဖြစ်နေရောလေ။

ကျွန်မစဉ်းစား နေတာရှိသေးတယ်။ ရီစရာလဲကောင်းချင်ကောင်း ပါလိမ့်မယ်။ လက်တွေ့လောက နည်းပညာ အလွန်ထွန်းကား နေတဲ့ ဒီခေတ်ကာလ ကြီးထဲမှာ (အဓိက ကားမောင်းသွားရတဲ့ ခရီး) ခရီးသွား မြေပုံစာအုပ်တွေ မသုံးကြ တော့ဘဲ Sat Nav လို့ခေါ်တဲ့ satellite navigator တွေ သုံးလာကြပါတယ်။ အဲဒီ Sat Nav သုံးခြင်းရဲ့ နောက်ကွယ် ပုံပြင် လေးတစ်ချို့ကိုလဲ ကြားဘူးပါတယ်။

စတ်ကချိုးဝင် ခိုင်းတဲ့လမ်းဟာ မဝင်ရလမ်း ဖြစ်နေတာတို့၊ တဲ့တဲ့သွားခိုင်းတဲ့ လမ်းဟာ အုပ်တံတိုင်းပိတ် ဖြစ်နေတာတို့ အစရှိသဖြင့်ပေါ့။ အဲတာမျိုးကို ကျွန်မတို့ ဘဝရဲ့ လမ်းခရီး တွေမှာလည်း ကြုံနိုင်တာပဲလေ။ လမ်းသွားနေရင်း အခြားသူရဲ့ မတော်တဆ ထိခိုက်မှု က လဲ ကိုယ်သွားတဲ့ လမ်းကို ပိတ်သွားနိုင်တာဘဲ။ လမ်း တလျှောက် ရှိနေမဲ့ မီးပွိုင့် တွေရဲ့ မီးနီ တွေ ကိုလဲ မေ့ ထားလို့ မရဘူး မဟုတ်လား။ မီးဝါလဲ ဖြတ်မယ် ဆိုတဲ့ သဓိဌာန် နဲ့ မောင်းရတာ မကောင်းပေမဲ့ အရေးကြီးရင် ဖြတ်ကြတာပါဘဲ။

တစ်နေ့မှာ ဂျီးဂျီး လို့ ချစ်စနိုး ခေါ်ခံ ရတဲ့ မစန္ဒာ နဲ့ စကားစပ်မိ ရင်း သူ့အရပ်၊ ကိုယ့်အရပ် က Traffic တွေအကြောင်း ပြောမိကြပါတယ်။ သူနေတဲ့အရပ် မှာ ရုံးချိန်ဆို အလုအယက် ဦးသူ သွားစတမ်း ကားမောင်းရတယ်လို့ ပြောပါတယ်။ သူက မြို့ ကြီးမှာ နေသူဖြစ်ပြီး ကျွန်မတို့နေတဲ့ အရပ်က နယ်ဆန်ပါတယ်။ ပြောရရင် နယ်ဖက်ကလူ တွေရဲ့ စရိုက်က ပိုပြီး အချင်းချင်း ဖေးမတတ်သလား မသိပါဘူး။ ကားမီးကြီး ထိုးပြပြီး လမ်းပေးတာ ယဉ်ကျေးမှု တစ်ခုလိုပါဘဲ။ မြို့ကြီး မှာလောက် Struggle မလုပ်ရဘူးထင်မိပါတယ်။

ကျွန်မက အဲလို ပြောတော့
"ဒါကတော့ ကိုယ်ဘယ်လောက် အရေးကြီးနေတယ် ၊ ဘယ် လောက် Rush ဖြစ်နေတယ် ဆိုတဲ့ အပေါ် တည်မှာပါ" လို့သူပြန်ဖြေ ပါတယ်။

တကယ်တော့ ဂျီးဂျီး ပြောတာ အရမ်းမှန်ပါတယ်။ တပါးသူကို ကူညီနိုင်ဖို့ ဆိုတာက ကိုယ့်ကိုယ်တိုင်က အရင် စိတ်အေး နေရမှာ မဟုတ်လား။ ကိုယ်စိတ်ရှုပ်နေ၊ ခေါင်းပူနေချိန်မှာ ငယ်ငယ်တုန်းက ဖတ်စာ ထဲကလို ဘယ်လိုလုပ်ပြီး "ကောင်းမှုတစ်ခု နေ့စဉ်ပြု" တို့၊ "အများအကျိုးဆောင် ကိုယ့်အကျိုးအောင်" တို့ဆိုတာတွေကို သတိရနိုင်ပါ့မလဲ။

အကြောင်း အမျိုးမျိုး အတွက် အချိန်မှီ ရောက်အောင် ပြေးနေရ တဲ့လူ အချင်းချင်း ကြားမှာ "ဟင် သူက ငါ့ကို လမ်းမပေးဘူး၊ ရိုင်းလိုက်တာ" လို့ ဘယ်လို ပြောလို့ရပါ့မလဲ။ နယ်ဖက် မှာက အေးအေးဆေးဆေး အချိန် ပေးနိုင် တဲ့ အဖိုးကြီး၊ အဖွားကြီး လူဦးရေ က မြို့ပြ မှာ ထက်များ တာ အသေအချာ ဘဲ မဟုတ်လား။

တကယ်တော့ ကျွန်မ ပြောချင်တာက အခုမှ လာတာပါ။

ကျွန်မ သမီး ဟာ Physical Education မှာ တော်တော်လေး ညံ့ခဲ့ပါတယ်။ မနှစ်တုန်းက သူ့ရဲ့အတန်းပိုင်ဆရာမ က "မီးမီး PE ချိန်မှာ သိပ်မပြေးနိုင် မကစားနိုင် ဘဲ ခြေထောက် နာတယ် ပြောပြော နေတယ်" လို့ ကျွန်မနဲ့ ကြုံတုန်းပြောခဲ့ပါတယ်။

ကြည့်ရတာ သမီး ဟာ အခြား ခလေး တွေ လို ကစားနိုင်ဖို့ အတော်လေး Struggle လုပ်နေရတယ် ထင်ပါရဲ့။ ဟုတ်ပါတယ်။ သူများ ခလေးတွေလို ငယ်ကထဲက ပန်းခြံထဲမှာ ပြေးကစား နေချိန် များများ လုပ်မပေးဘဲ အိမ်ထဲ မှာဘဲ တစ်ချိန်လုံး ထားခဲ့မိ တဲ့ ကျွန်မတို့ အပြစ်မကင်းပါဘူး။ ဒါနဲ့ အနီးနားမှာ ဘယ်လို ကိုယ်ကာယ လေ့ကျင့်ခန်း သင်တန်းတွေရှိ လဲစုံစမ်း ကြည့်တော့ "ဘဲလေး အက သင်တန်းနဲ့ ကရာတေး သင်တန်း" ရှိပါတယ်။ ကျွန်မတို့လဲ ကရာတေးကို ရွေးခဲ့ ပါတယ်။

အခြေခံ က နေ စခဲ့တာ ခါးပါတ် အနီ ထိ တက်လာချိန် မှာ သမီးဟာ တော် တော်လေး ဟုတ်လာပါတယ်။ PE ချိန်မှာ လဲ Balance ကျအောင် ကစားလာနိုင်ခဲ့ပါတယ်။ အဲဒီချိန်မှာ သူ အခြား Struggle လုပ်နေရတဲ့ နောက်ပြဿနာ တစ်ခု ကိုတွေ့လာရ ပြန် ပါ တယ်။ မနှစ်ကအထိ ရေကူးကန် အသေးမှာ ၅ မီတာ လောက် ကို ပျော်ပျော်ရွှင်ရွှင် ကူးနေ ခဲ့ ရာက နေ ဒီနှစ် မှာ ရေကူးကန် အကြီးကို ပြောင်းပြီး ၁၀၊ ၁၅မီတာ ကို ရေနက်မှာ ကူးရ ပါတယ်။ တစ်ပါတ်တစ်ရက် ရေကူး ရှိတဲ့နေ့ဆို ရင် အကြောင်းအမျိုးမျိုး ပြပြီး ကျောင်းမသွား ချင်တဲ့ အထိ ဖြစ်လာ တာကို သတိပြုမိလာ ခဲ့ပါတယ်။ ဒီတော့ ကျောင်း က ရေကူး Lessons တင်မကဘဲ အပြင်မှာလဲ အပို သင်ဖို့လိုလာတဲ့ သဘောပါဘဲ။ Technically ပြောရရင် Practice လုပ်ချိန်များလာရင် Confidence ပိုပြီး ရှိလာရင် Struggle သိပ်လုပ်စရာ မလို တော့ ဘူး မဟုတ်လား။

ဒီတော့ သူ့မှာ ကျောင်းက ပေးတဲ့ Home works လုပ်ချိန်၊ Music Lesson အတွက် လေ့ကျင့် ချိန် တွေကို ညနေ တိုင်း နေ့စဉ် မလုပ်မနေ လုပ်ရ ပါမယ်၊ အခု ရေကူး သင်တန်း က လာပါ တော့မယ်။ ကရာတေး က တစ်ပါတ်မှာ ညနေ ၃ ရက် သွားရပါတယ်။ အခု ခါးပါတ် အနီ က နေ အဖြူ၊အပြာ ကျား ဖြစ်လာတော့ ညနေ ငါးနာရီ လေးဆယ့်ငါး က ခြောက်နာရီ ခွဲ ကို အချိန် ပြောင်းရပါတယ်။ တစ်ရက် က ခုနှစ်နာရီ တစ်ဆယ့်ငါး ထိလေ့ကျင့် ရပါမယ်။ သူ့ရဲ့ အိပ်ရာဝင် ပြင်ဆင်ချိန် ကို ခုနှစ်နာရီ ခွဲ သတ်မှတ် ထားရာက နေ ရှစ်နာရီ လောက် အထိ ဖြစ် ပါတော့မယ်။ ည ရှစ်နာရီ ကျော်မှ စလုပ်ရင် ခွဲကျော်မှ အိပ်ပါမယ်။ ဒါဆို မနက် ကိုထချိန် ရှစ်နာရီ နီးပါး ဖြစ်ပြီး ရေချိုး၊ မနက်စာ စား လုပ်ပြီးရင် အိမ်ကနေ ရှစ်နာရီ ခွဲနီးပါး မှ ထွက်နိုင်ပါမယ်။ ဒါတောင် ကားထဲရောက် မှ အီးပါ ချင်လို့ ဆိုတာကို မေ့ထားလိုက် ပါတော့။ ဒီတော့ ဟိုး အရင် က ရှစ်နာရီ မခွဲ ခင် ရောက်လို့ ကျောင်းတံခါး အဖွင့်ကို စောင့်ခဲ့ ရတာက နေ ဒီနှစ်ဆန်း ပိုင်းက စပြီး ရှစ်နာရီ လေးဆယ့်ငါး ၊ ငါးဆယ် ရောက်အောင်တောင် မနဲပြေးနေ ရပါတော့ တယ်။ ကျောင်းက ကိုးနာရီမှ တက်တာ ဒီလောက် ပြေးနေ စရာ လိုလို့ လားလို့ မမေး ချင်ကြဘူးလား။ အကြောင်း နှစ် ချက်ကြောင့်ပါ။

(တစ်) ကျွန်မ အလုပ်ချိန်က ရှစ်နာရီခွဲ က သုံးနာရီခွဲ အထိ သတ် မှတ် ပေး ထားပါတယ်။ မီးမီး ကို ရှစ်နာရီခွဲ ကျောင်းပို့ နိုင်ရင်တောင် ရုံးကိုပုံမှန် သွားချိန် ၁၀မိနစ် မို့ ရှစ်နာရီ လေးဆယ်မှ ရုံးရောက်ပါတယ်။ တကယ်လို့ လမ်းမှာ ကားတွေ ပိတ်ကြပ် မနေခဲ့ ရင်ပေါ့။ ခုဆိုရင် တော့ ကိုးနာရီကျော်မှ ရုံးရောက်ပါတယ်။ နာရီဝက် စာ ပုံမှန်နောက်ကျ နေပြီပေါ့။


(နှစ်) မီးမီးရဲ့ ကျောင်းရှေ့လမ်းမကြီး မှာကားရပ် နိုင် ခဲ့ရင် ကျောင်းဝင်းထဲကို လမ်းနဲနဲ ဘဲလျှောက် ဝင် စရာလိုပါတယ်။ ဒါပေမဲ့ နေရာ က ပေါပေါ သီသီ မရှိ လှပါဘူး။ မဟုတ်ရင် အနားက လမ်းကြားတွေထဲ နေရာလွတ် ရှာရပ်ရ ပါတယ်။ အိမ်တွေ က ကား တွေ ရပ် ထား တာ အပြည့်မို့ နေရာလွတ်ရှာရ အလွန်ခက်ပါတယ်။ တစ်ခါတစ်ခါ အဝေးကြီးမှာရပ် ရတာ မို့ လမ်းနဲနဲလျှောက်ရပါတယ်။ မိုးရွာချိန်ဆို ပိုဆိုးပါတယ်။ အချိန်လဲ ၂ဆ မက ပိုကြာမှာ သိကြ ရောပေါ့။ ဒီတော့ ကျွန်မ ဖြစ်နိုင်သ၍ ကျောင်းကို စောရောက် ချင်ပါတယ်။


ဒါပေမဲ့ ည အိပ်ရာဝင် နောက်ကျလို့ မနက်မှာ နှစ်နှစ်ခြိုက်ခြိုက် တစ်ရှူးရှူး နဲ့ အိပ်မောကျ နေတဲ့ ခလေး ကို ကျွန်မ အတင်း ဘယ်လို နှိုးရက်ပါ့မလဲ။ ကရာတေး သင်တန်းရော၊ ရေကူး သင်တန်း ပါ စနေ၊ တနင်္ဂနွေနေ့ တွေမှာ မဖွင့်ပါဘူး။ ဒီတော့ လောလောဆယ် လိုအပ်မှု အနည်းဆုံး ဖြစ်တဲ့ ကရာတေးသင်တန်း ကို ဖြုတ်ဖို့ ကျွန်မ စဉ်းစား လိုက်ပါတယ်။

အဲဒီလိုပြောပြီးနောက် သူအရမ်း ပျော်နေတဲ့ သင်တန်းကို ရပ်လိုက် ရတော့မှာ မို့မီးမီး ဟာ Upset ဖြစ် သွား ပါတယ်။ ဒီအချိန် ကျွန်မရဲ့ အိမ်ဦးနတ်ကြီး က သူရဲကောင်း ဝင်လုပ်ပါတယ်။ သူနဲနဲ စောပြန်လာပြီး ကရာတေးချိန် သုံး ရက်လုံး ကို သူ တာဝန်ယူ ပို့ပါ့မယ် တဲ့။

ဒါပေမဲ့ ပြဿနာ က ညနေ ကျောင်းပြန် ချိန် မဟုတ် ဘဲ မနက် ကျောင်း သွားချိန် မဟုတ် လား။ မနက် ကို သူ့အဖေ လဲတာဝန် မယူနိုင်ပါဘူး။ သူ့ရဲ့ အလုပ်ချိန် က ကျွန်မထက် ပိုပြီး Flexible ဖြစ်ပေမဲ့ ရုံးသွားချိန် က တစ်နာရီ ကားမောင်းရပါတယ်။ Traffic ကြပ်ရင် ကြပ် သလို အချိန်ပို ထပ်ပေါင်း ရပါတယ်။ ဒီတော့ မနက် နောက်ကျရင် ညနေ အိမ်ကို ခုနှစ်နာရီ လောက်မှ ပြန်ရောက် ပါမယ်။ နောက်ပြီး သူက ကျွန်မ ကို စွဲချက်တင် ပါတယ်။

"အမှန် က သမီး က Struggle လုပ်ရ မှာ မကြောက်ဘဲ You က Struggle မလုပ်ချင် နေတာ" တဲ့လေ။

ဟုတ်ပါတယ်။ ဒီတစ်ခါ Struggle လုပ်ရသူ က မီးမီး မဟုတ်ပါဘူး။ ကျွန်မ ဖြစ်ပါတယ်။ ပြော ရရင် တော့ ကျွန်မ ရဲ့ အလုပ် ချိန်ကို အရမ်း နောက် မကျ ချင်တာ လေ။

သူ မလုပ်ရတိုင်း လာပြောတော့ ကျွန်မ စိတ်တို သွားခဲ့ပါတယ်။ ပြီးတော့ "တော်ပြီ။ ဘာမှ မပြောနဲ့ တော့။ မနက်ဖြန် ကရာတေးသင်တန်း ကို မာမီ ပို့မယ်။ နောက်လ ကျရင် သင်တန်း ကထွက်ပြီလို့ ပြောမယ်" လို့ အော်လိုက်ပါတယ်။ အမေ့ရဲ့အာဏာ ကို မလွန်ဆန် နိုင် သေး တဲ့ အရွယ် မို့ အပြင်းအထန် Complaint မတက်ပေမဲ့ မျက်နှာလေး က မကောင်း ပါဘူး။ အိမ်ဦးနတ်ကြီး လဲငြိမ်သွားပါတယ်။

အဲဒီ ညဖက် ကျွန်မတော်တော် နဲ့ အိပ်မပျော်ခဲ့ ပါဘူး။ ကျွန်မ အချိန်ကို (တနည်း ပြောရရင် လမ်းကို) မပေးချင် လို့ သမီး လုပ်သင့်တာ တွေကို ပိတ်လိုက် တာဘဲ။ ဟိုး အရင် သူ ကျွန်မ တို့ ဘဝထဲ ကို စဝင်လာ ကထဲ က ကျွန်မ ဟာ သူ့အတွက် ဖြစ်ခဲ့ ပြီဘဲ။ ကျွန်မ သွား နေတဲ့ လမ်းဟာ ကျွန်မ ကိုယ်တိုင် အတွက် မလုပ်သင့်ဘဲ သူ့အတွက် လမ်းဖွင့် ပေးရမှာ မဟုတ် လား။

ကျန်တဲ့ အချိန်တွေ မှာ အလုပ်တာဝန် အပြည့်အဝ ကျေပြွန် နိုင်ဖို့ဘဲ ကျွန်မ ကြိုးစား ရမှာပါ။ အလုပ်ထဲမှာ လူတိုင်း၊လူတိုင်း ကို ပျော်အောင် ထားနိုင် နေသ၍ ကျွန်မ ရဲ့ နောက်ကျ ချိန် ကို သူတို့ ignore လုပ်ထားကြ မှာပါ။တစ်ခါတစ်ခါ လဲ မနက်အစောထဲက ကျွန်မရဲ့ ရုံးအခန်း တံခါး မှာ ကပ်သွား ကြတဲ့ SOS Sticker လေးတွေ တွေ့ရင်တော့လဲ အပေါ် အနွေးထည် တောင် မချွတ် နိုင်ဘဲ အပြေး သွားကာ ပြဿနာ ဖြေရှင်း ပေး တတ်တဲ့ကျွန်မ ကို သူတို့ နားလည် ကြမယ်ထင်တာပါဘဲ။ အလုပ်လုပ် တဲ့ မိခင်ဘဝ ဟာ ဘယ်လောက် Struggle လုပ်ရတယ် ဆိုတာ သိကြမှာပါ။ ဒါပေမဲ့ ကျွန်မ ရဲ့ အိမ်ဦးနတ် ကြီး အမြဲ တိုက်တွန်း လေ့ ရှိတဲ့ “(အားလုံး Rush လုပ်ပြီး ပြေးနေ ရတဲ့)ပိုကြီးတဲ့ Company ကြီး” တွေ မှာ ဘယ်သူ က ကျွန်မ ကို ဒီလို နားလည်နိုင်ပါ့မလဲ။ တကယ်တော့ ဘာကိုမဆို လုပ်နိုင် တဲ့ Experience နဲ့Confidence ကျွန်မ မှာ အပြည့် ရှိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ Road Ahead မှာ ကျွန်မက ရပ်ပြီး ဦးစားပေးရမဲ့ လမ်းတစ်ခု အမြဲ ရှိနေ တာကို မှ မေ့ထားလို့ မရ တာလေ။

ပြောရရင် နောက်နေ့မနက် မှာ မီးမီး ကို ကျွန်မမေးပါတယ်။ "မနက် တိုင်း မာမီ နှိုးချိန် ကို ကောင်းကောင်းမွန်မွန် ဂျီမကျ ဘဲ ထ ရင် ကရာတေးကို ဆက်သွားခွင့် ပေးမယ်" ဆိုတော့ အရမ်းပျော်သွားတဲ့ သူ့မျက်နှာ ကြည့်ရင်း အရမ်းကြည်နှူးခဲ့ပါတယ်။

အဲဒီနေ့ ရုံးရောက်တော့ အိမ်ဦးနတ်ကြီးဆီက ဘာကြောင့် မီးမီး ကို ကရာတေး သင်တန်း ဆက်ပေးသင့်တယ် ဆိုတဲ့ အယူခံလွှာ အီးမေး ရှည် ကြီး ဖတ်ရပါတယ်။ ဘာဘဲဖြစ်ဖြစ် အတော်လေး ကြွေစရာ ကောင်းပါတယ်။ (Note : If you interested in his appeal e-mail, see the attachment picture. :-) ဒါပေမဲ့ သေချာ တာက ကျွန်မရဲ့ ကိုယ်ပိုင် အကြွင်းမဲ့ ချစ်မေတ္တာနဲ့ ကျွန်မ သမီးကို ကျွန်မရဲ့ ဦးစားပေးလမ်း အဖြစ် ပေးခဲ့ တာမဟုတ်လား။ ကျွန်မ ရဲ့ လမ်းရွေးမှု ဟာ ကျွန်မ အတွက်တော့ မှန်နေ တာ ပါဘဲလေ လို့တွေးမိခဲ့ ရင် ကျွန်မ မမှားပါဘူးနော်။

နိဂုံး ချုပ်ရရင်တော့ ကျွန်မ အတွေး ကို ပြောရရင် Struggle ဆိုတာ ဘဝ ရှင်သန်ရပ်တည်ဖို့၊ ဆက်လက်တိုးတက်နိုင်ဖို့၊ ဒါမှမဟုတ် ကျဆုံးရှုံးနိမ့် မသွားဖို့ ထည့် ပေး နေရတဲ့ effort လို့ထင် တာပါဘဲ။ ကိုယ်ကိုယ် တိုင်အတွက်လား၊ အခြားသူ အတွက်လား၊ ဖြစ်နေ (ဒါမှမ ဟုတ်) ဖြစ်တော့မယ့် အကြောင်းအရာ အခြေအနေ တွေအတွက်လား ဆိုတာ မူတည်ပြီး Struggle ကို Handle လုပ်ရပုံ ခြင်းတော့ကွာမှာပါ။ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် အဲဒီ Struggle လုပ်ရတာကို ကျော်သွားနိုင်ခဲ့ ရင်တော့ ဒါဟာ ဘဝရဲ့ Success တစ်မျိုးပါဘဲ။ ဒီတော့ မိမိကိုယ်မိမိ Struggle လုပ်နေရတယ် လို့ ထင်ရင် အဲဒါကို ဂုဏ်ယူသင့်ပါတယ်။

ရှုံးတော့ မရှုံးစေနဲ့ပေါ့။ ဒါကြောင့် “Life is a struggle, Fight it” လို့ အဆိုရှိတယ်မဟုတ်လား။

Struggle ဆိုရာမှာ ၂ မျိုး တွေ့နိုင်ပါတယ်။

တစ်မျိုးက Struggle လုပ်နိုင်တဲ့ အရည်အချင်းရော လုပ်ဖို့အခွင့်အလမ်းပါ ရှိရက်နဲ့ အ ကြောင်း ပြချက် မျိုးစုံ နဲ့ မလုပ်ဘဲနေရင် ကိုယ့်အတွက် တိုးတက်မှု ရသင့်သလောက် ရမှာ မဟုတ်ပါဘူး။ အမြဲ သူများ နောက် မှာ ကျန် နေဖို့များပါလိမ့်မယ်။

နောက်တစ်မျိုး ကတော့ အဲဒီ Struggle လုပ်ရမယ့် အလုပ်အတွက် ကိုယ့်မှာ ပင်ကို ပြည့်ဝတဲ့ စွမ်းအင် မရှိတာ ဖြစ်နိုင်ပါတယ်။ ဒီတော့ အဲဒီ စွမ်းအင် ရအောင် နည်းမျိုးစုံနဲ့ စစ်ကူခေါ် မ လား။ အဲဒါကို ရှောင် ထွက်ပြီး နေမှာလား။

တစ်ခုရှိတာက မနိုင်ဝန် ထမ်းလွန်းရင် Depression ဖြစ်ပြီး ဘဝ ပျော်ရွှင်မှု မရနိုင်သလို Struggle ကို မခံချင်/ မခံနိုင် လို့ ရင်မဆိုင် ရင်လဲ ဘဝ အောင်မြင် မှု အပြည့်ရနိုင်မယ် မထင်ပါဘူး။ ဘာမှ Stress သိပ်မရှိလို့ စိတ် အေးချမ်း ချင်လဲ အေးချမ်း နေမှာပေါ့။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါဘဲ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


စာကြွင်း။ ။တစ်ပါတ် တစ်ရက် ကျောင်းက အပြန် လေးနာရီ ခွဲက ငါးနာရီထိ ရေကူးသင်တန်း ကို ကျွန်မ တာဝန် ယူပါတယ်။ ဒီအပါတ်မှာ ကရာတေး ခါးပါတ် တစ်ဆင့်တက် ပြီး Monday ကစလို့ သင်တန်းချိန် ပြောင်းသွား ပါတယ်။

တနင်္လာနေ့ က မီးမီးဟာ ကြိုးစားထပါတယ်။ သူထချိန် ဟာ ရှစ်နာရီ ထိုးခါနီး ဖြစ်လို့ ကျွန်မ ဟာ ပုံမှန် ကိုးနာရီ ကို ရုံးရောက်ပါတယ်။ ကျွန်မ ရဲ့ ချစ်စွာသော အိမ်ဦးနတ် ကြီး ဟာ ညနေ ငါးနာရီ ကျော်လောက် ပြန်လာပြီး သားအဖ နှစ်ယောက် တက်ကြွစွာ ကရာတေး သင်တန်း သွားပါတယ်။ ၇နာရီ တစ်ဆယ့်ငါး ထိ အချိန်ကို မဖြစ်မနေ ယူစရာ မလိုတဲ့ အတွက် တစ်ပါတ် သုံးရက် ညနေငါးနာရီ လေး ဆယ့်ငါး က ခြောက်နာရီ ခွဲ ကို သူတာဝန် ယူပါတယ်။

ဘာဘဲဖြစ်ဖြစ်ကျွန်မ အနေနဲ့ ညနေစာ ချက် ပြုတ် ချိန် ကို Struggle လုပ်စရာ မလိုတော့ဘူး ပေါ့။ သူတို့သင်တန်းက ပြန်လာရင်တန်းစား ရုံပါဘဲ။
အဲဒီနေ့က ညစာပြင်ရင်း “အပြန် နောက်ကျလို့ အိမ်မှာနေရရင် ညစာပြင်တဲ့ တာဝန်ယူရ မှာစိုးလို့ ဒါမှမဟုတ် ဖြစ်သလိုလွယ်ရာ စားရမှာစိုးလို့ အိမ်ဦးနတ်ကြီးဟာ စောပြန်လာပြီး သမီးကို သွားပို့သလား” ဆိုတာကို တော့ တွေးမနေတော့ပါဘူး လေ။

His appeal e-mail:

9 comments:

Moe Cho Thinn said...

စာဖတ်ရတာ ကောင်းလိုက်တာ။ စာရေးတဲ့သူ ဘယ်သူ၊ ဘယ်ဘလော့ဂ်က ဆိုတာ ပြောပြပါအုံး။ သွားဖတ်ချင်လို့ပါ။
ဘ၀မှာ struggles တွေ များလှတယ်။ မိသားစု အရေးကို ဦးစားပေးတဲ့အခါမှာ တခြားဟာတွေနဲ့ balance ဖြစ်အောင် အတော်ကြိုးစားယူရတတ်တယ်။ တယောက်နဲ့ တယောက် ညီညီညွတ်ညွတ် အခုလို ၀ိုင်းထမ်းကြရင် ကောင်းကောင်းကျော်ဖြတ်နိုင်ပါတယ်။
ဒါနဲ့ ဒက်ဒီရဲ့ appeal letter က သမီးကို ချစ်စိတ်အပြည့် နဲ့မို့ ဘယ်မိခင်မဆို ကြွေသွားမှာပဲလေ..:)

khin oo may said...

မိုးချိုသင်းက သေချာခံစားဖတ်သွားတာဘဲ

ပုံရိပ် / Pon Yate said...

သမီးကို ချစ်တဲ့စိတ်နဲ့ အလုပ်အပေါ်မှာ တာဝန်ကျေချင်တဲ့ စိတ်နှစ်မျိုးလုံးကြောင့် လွန်ဆွဲ ရတဲ့ ဘ၀အမောတွေကို မြင်ရတယ်။ ဒီလိုအဖြစ်အပျက်မျိုး မိသားစု တော်တော်များများမှာ ကြုံရမယ် ထင်တယ်နော်။

လူသစ် said...

မနက် ၇နာရီ နောက်အကျဆုံးအိမ်ကထွက်ပြီး ည၈နာရီလောက်မှ အိမ်ပြန်ရောက်ကြရတဲ့မိသားစုတွေ ဘယ်လို struggles လုပ်နေကြလဲ သိချင်လှပါရဲ့။ လောလောဆယ်တော့ နေ့တ၀က်နီးပါးသမားတွေ struggles လုပ်ကြရတာတွေ ဖတ်သွားလေရဲ့။

Myawadi said...

အဲဒီ ကျတော့လဲ ကိုယ့်သားသမီး တွေ ကို သူများတွေ နဲ့ လွှဲပြီး Struggle လုပ်ခိုင်းရတော့မှာပေါ့။

မေ့သမီး said...

Wow! အရမ်းကိုကောင်းတာပဲ။ ရေးထားတဲ့စာရော၊ email ပါဖတ်သွားတယ်။ ကိုယ့်အလှည့်ရောက်လာတဲ့ အခါလည်း ဘယ်လို struggle လုပ်ရမလဲဆိုတာ စဉ်းစားပြီးတော့။ :P အခုလည်း struggle လုပ်နေ ရတာပါပဲ။

MrDBA said...

ဟုတ်ပါရဲ့ဗျာ .. နေ့ဝက်လောက်အချိန်တွေကို အလုပ်ထဲမှာပေးထားရတဲ့ ကျွန်တော်တို့ ဘဝတွေပါ။ ခံစားသွားပါတယ်။

Khin said...
This comment has been removed by the author.
Khin said...

အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
မိုးချိုသင်း လိုနာမယ်ကျော် စာရေးဆရာမ ရဲ့ အားပေး မှု က ကျွန်မ အတွက် ဂုဏ်ယူ စရာပါ။ :-)
ဒါပေမဲ့ ကျွန်မ မှာ ကိုယ်ပိုင Blog မရှိပါဘူး။ ကိုယ်လက်တွေ့ဖြစ် နေတာတွေကို စိတ်ကူးပေါက် ရာအတွေး တွေ နဲ့ရောပြီး ကိုယ်ချစ်တဲ့ မောင်ညီမ လေး တွေ ကို Social Online Network ထဲမှာ ရှိတဲ့ အချိန်လေးပေးပြီး ဝေမျှနေရုံပါဘဲ။
ကျွန်မ အတွေး မှားချင်မှား နိုင်ပေမဲ့ ငယ်သူတွေ အတွက် ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာ သိလာဖို့ သဲတစ်မှုံ ပါ။ :-)

Ratings