Wednesday, March 25, 2009

ထီ

ထီ...

လူတိုင်း ထီထိုးဖူးကြပါသည်။
လူတိုင်း မဟုတ်ရင်တောင် ၉၉% သော လူတွေထီထိုးဖူးပါလိမ့်မည်။
ကျန်တဲ့ ၁% ကတော့ တခါတရံသာထိုးဖူးပြီး တသက်လုံး ထီတစ်ခါတောင်မှ မထိုးဖူးဘူးလို့ အရသာခံ ပြောလိုသူတွေအတွက် ဖြစ်ပါသည်။

ထီကိုဘာလို့ထိုးကြသနည်း...။
အဖြေကတော့ရှင်းပါသည်။ ငွေ အနည်းငယ်မျှသာရင်းပြီး၊ ထိုငွေထက် အဆပေါင်းများစွာ တန်ဖိုးရှိသော ဆုငွေကို လိုချင်မက်မောလို့ပဲဖြစ်ပါသည်။ နောက်တနည်းပြောရလျှင် အလွယ်တကူ သူဌေးဖြစ်လိုခြင်းပင် ဖြစ်သည်။

ထီထိုးတာကို သူဌေးဖြစ်ချင်လို့ထိုးကြပေမယ့်၊ ထိုးကြသူအများစုကတော့ ထီပေါက်မယ်လို့ မျှော်လင့်ချက် ကြီးကြီးမားမားထားတတ်ခြင်း မရှိတတ်ပေ။ ထီမပေါက်လို့ အင်မတန်ဝမ်းနည်းတဲ့သူမရှိပေမယ့် ထီပေါက်လျှင်တော့ ဆုကြီးကြီး၊ သေးသေး အင်မတန်မှ ၀မ်းသာကြသည်။

ဒါကလည်း သဘာဝကျပါသည်။ ထီလက်မှတ် အရေအတွက် သန်းဂဏန်းရောင်းပြီး ပထမ သုံးဆုလောက်သာလျှင် သူဌေးဖြစ်နိုင်လောက်တဲ့ ငွေကြေးပမာဏဖြစ်လေတော့ ပေါက်ဖို့ရာ အခွင့်အလမ်း နည်းပါးလှသောကြောင့် ဖြစ်သည်။ သို့ပေမယ့် ထီမဖွင့်မခြင်း သန်းချီသော ထီလက်မှတ်ပိုင်ရှင်အားလုံးမှာ သန်းကြွယ်သူဌေးဖြစ်တော့မည်ဆိုတဲ့ အိပ်မက်ခွင့်ရှိပါသည်။

ထီထိုးတယ်ဆိုတာကလည်း မျှော်လင့်ချက်ကြီးကြီးမားမားတစ်ခုကို ငွေစအနည်းငယ်ဖြင့် ပေးဝယ်ကာ အိပ်လှလှမက်နေရခြင်းပဲ ဖြစ်ပါသည်။

အဲဒါကြောင့်လည်း ပုံမှန်မဟုတ်တောင် မကြာမကြာ ထီထိုးလေ့ရှိပါသည်။ ထီထိုးတာနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ အကျင့်တစ်ခုရှိတာကတော့ ထိုးထားသော ထီလက်မှတ်ကို ထီဖွင့်ပြီး အင်မတန်နောက်ကျမှ တိုက်လေ့ရှိတာပါပဲ။ ထီမတိုက်သေးသ၍ စိတ်ကူးနဲ့ သန်းကြွယ်သူဌေး ဖြစ်နေနိုင်သေးတာကိုး။

အခု လက်ရှိတော့ ထီလက်မှတ်တစ်စောင် လက်ထဲမှာကိုင်ထားကာ အိပ်မက်လှလှမက်နေမိသည်။ ဆုကတော့တစ်ခုတည်းဖြစ်ပြီး ဘာလဲဆိုတာကလည်း ပဟေဠိ ဖြစ်နေပါသည်။ အကန့်အသတ်မဲ့ စိတ်ကူးတွေ ရှိနေနိုင်တဲ့ ဆုပဲဖြစ်သည်။

ထီဖွင့်မည့်ရက်ကို စောင့်နေမိသည်။ ဒါပေမယ့် ထီတိုက်ဖို့ရန်အတွက် ပြင်ဆင်ထားခြင်း မရှိပေ။ ဘာကြောင့်လည်းဆိုတော့ ထီမပေါက်ခဲ့လျှင် ဒီတခါ အင်မတန်ဝမ်းနည်းရလိမ့်မည်။


ဘယ်လို ခေါ်ရမှန်းမသိသော စာတစ်ပုဒ် စိတ်ကူးရသလို ရေးလိုက်ပါသည်။ သင့်သလိုသာ ဖတ်ပါလေ။ :)

Read More...

Sunday, March 22, 2009

မနက်စာ ပဲပလာတာ

ဒီနေ့မနက် နိုးလာတော့ မနက်လို့ ခေါ်လို့ရရုံလေးသာ...

ရုံးပိတ်ရက် မနက်စာ ဘာစားရင်ကောင်းမလဲ စဉ်းစားမိတဲ့အခါ သောကြာနေ့ ရုံးအပြန် ၀ယ်လာခဲ့တဲ့ ပဲပြုတ်ကို သတိရလိုက်မိတယ်...

ထမင်းနဲ့ပဲပြုတ် ဆီလေးဆမ်း ဆားလေးဖြူးစားလိုက်ရင်ကောင်းမယ်လို့တွေးလိုက်မိတယ်။

ထမင်းအိုးကိုကြည့်တော့ ထမင်းချက်ထားတာမရှိ။ ဘာရှိလဲ ရေခဲသေတ္တာထဲမှာ ကြည့်တော့ တနေ့က ကြက်သား ပလာတာ လုပ်စားထားတုန်းက ကျန်နေတဲ့ ပလာတာတွေ ရှိနေတာနဲ့...

ကြက်သွန်နီ ကို ဆနွမ်းနဲ့ ဆီသတ်။ ဆီသတ်နေတုန်း ကြက်သွန် တ၀က်ကို ခဏဆယ်ထားပြီး တ၀က်ကိုတော့ ကြွပ်သွားအောင် ဆက်ကြော်လိုက်ပါတယ်။ ဒယ်အိုးထဲက ကြက်သွန်ကြွပ်သွားတဲ့အခါ ဆီထဲကဆယ်ထား... ပြီးတော့မှ ခုနကဖယ်ထားတဲ့ ကြက်သွန်တွေကိုဆီထဲပြန်ထည့်၊ ခဏနေ ပဲပြုတ်ကိုထည့်ပြီး ဆီနဲ့ နည်းနည်းကြော်လိုက်ပါတယ်။ ဆားကိုတော့ သင့်သလိုပဲထည့်လိုက်တယ်။

ပလာတာကတော့ ပူပူလေးမှ စားလို့ကောင်းမှာမို့လို့ ပဲပြုတ်ကြော်ပြီးမှပဲ ကြော်လိုက်ပါတယ်။ ဆီကိုတော့ နည်းနည်းလေးပဲထည့်ပြီးကြော်ရတယ်။ မဟုတ်ရင် ဆီတွေများပြီးတော့ အီတတ်လို့ပါ။ ပဲပြုတ်ကိုတော့ ဆီလေးများများနဲ့ကြော်မှ စားလို့ကောင်းတယ်နော်...

ပဲပြုတ်ကို ဒယ်အိုးထဲကနေ ပန်ကန်ထဲထည့် ပြီးတော့ ကြက်သွန်ကြွပ်ကြွပ်ကလေးတွေကို အပေါ်ကနေ ဖြူး...

ခဏနေဦး... ပဲပလာတာနဲ့လိုက်တာကတော့ လက်ဖက်ရည်ပေါ့။ လက်ဖက်ရည်သောက်ချင်တဲ့အခါ သောက်ရအောင် အမြဲဝယ်ထားတဲ့ အလွယ်တကူလည်းဖျော်လို့ရ အရသာလည်းကောင်း မလေးရှားက နာမည်ကြီး old town အထုပ်ကို ဖောက် ရေနွေးထည့်က ဖျော်လိုက်တယ်။

ကဲ အိမ်မှာလုပ်တဲ့ မနက်စာ ပဲပလာတာ နဲ့ လက်ဖက်ရည်ရပါပြီ... စကားပြောရင်း အတူတူစားရအောင်… :)


သြော် ဆားချက်တယ်ထင်မှာစိုးလို့... ဆားချက်တာ မဟုတ်ပါဘူး။ ပဲပလာတာ နဲ့ လက်ဖက်ရည် ပါ။


ထပ်စားချင်ရင် အားမနာနဲ့ လက်ဖက်ရည်ထုပ်ရှိတယ်၊ ပဲပြုတ်နဲ့ ပလာတာလည်းကျန်သေးတယ်နော်...




Read More...

Thursday, March 19, 2009

How the credit crisis happened?

လက်ရှိ တကမ္ဘာလုံးမှာဖြစ်နေတဲ့ credit crisis ဘယ်လိုစပြီး ဖြစ်တယ်ဆိုတာကို စိတ်ဝင်တစားနဲ့ သတင်းတွေဖတ်၊ အကြောင်းအရင်းမြစ်တွေကို ရှာဖွေဖတ်ပေမယ့် ငွေကြေးလုပ်ငန်းအကြောင်း အခြေခံနားလည်မှုကနည်းတော့ သိပ်ပြီးတော့ သဘောမပေါက်လှဘူး ဖြစ်နေတယ်။

ဒီနေ့ အလုပ်မှာ ပျင်းပျင်းရှိ ဘလော့တွေလိုက် ဖတ်နေမိတယ်။ စင်ကာပူက နာမည်ကြီး ဘလော့ဂါ Mr. Brown ဆီကိုသွားဖတ်တာ credit crisis ဘယ်လိုဖြစ်တယ်ဆိုတာ မြင်သာအောင် ရှင်းပြတဲ့ သရုပ်ပြ ရှင်းလင်းတဲ့ ဗွီဒီယိုကို တွေ့လိုက်တယ်။ ကြည့်ပြီးတော့ တကမ္ဘာလုံးမှာတက်တဲ့ ပြဿနာ တော်တော်လေးရှင်းလင်း သဘောပေါက်သွားတော့ပါပဲ။

တကယ့်မူရင်းကိုတော့ http://crisisofcredit.com/ ကယူထားတာ ဖြစ်ပါတယ်။ Jonathan Jarvis ဆိုတဲ့ ကျောင်းသားက သူ့ရဲ့ ဒီဇိုင်းပရောဂျက်အတွက် လုပ်ခဲ့တာပါတဲ့။ ရည်ရွယ်ချက်ကတော့ ကျွန်တော့်လို ဒီပြဿနာရဲ့ အရင်းအမြစ်ကို သိပ်ပြီးတော့ မရင်းနှီး နားမလည်တဲ့လူတွေ နားလည်သဘောပေါက်လွယ်အောင် လို့လည်း ပြောထားပါတယ်။

သူ့ရည်ရွယ်ချက် အောင်မြင်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်ပါ။



Read More...

Monday, March 16, 2009

ကျေးဇူးပါ မေမေ

မေမေ့အတွက် စာတပုဒ်လောက်ရေးမယ်ဆိုပြီး စိတ်ကူးထားတာ တပတ်လောက်ရှိပေမယ့် ရေးဖို့ရာ စိတ်ကမရွှင်တော့ ဘာမှမရေးဖြစ်ဘူးဖြစ်နေတာ။ ဘာဖြစ်လို့ ရေးချင်တာလဲ ဆိုတော့ ဒီနေ့က မေမေ့မွေးနေ့လေ။

ပိုပြီးထူးထူးခြားခြားရေးချင်ပေမယ့် အခြေအနေနဲ့ အချိန်အခါက မပေးတော့ အချိန်မှီမရေးနိုင်ပါဘူး။ ဘာမှမရေးတော့ပဲ ဖုန်းဆက် ဆုတောင်း ကန်တော့လိုက်တော့မယ်ပဲ စိတ်ကူးနေတုန်း အမချိုသင်းရေးထားတဲ့ စာထမင်း စာဟင်း ကိုဖတ်လိုက်ရတာ အနည်းငယ်ရေးဖို့ တွန်းအားပေးလိုက်တာပါပဲ။

ကမ္ဘာ့စီးပွားရေး အခြေအနေက ပိုဆိုးလာတော့ အလုပ်ကလည်း အခြေအနေမကောင်းပါဘူး။ တနေ့ထက်တနေ့ ပိုပြီးစိတ်ပူလာမိပါတယ်။ အနည်းဆုံး တပတ်တခါဖုန်းဆက်ပြီး စကားပြောဖြစ်တဲ့ အချိန်တွေမှာဆို အခြေအနေကို မိဘတွေနဲ့ ပြောဆိုရင်ဖွင့် မိပါတယ်။ အဲဒီအချိန်တွေတိုင်းမှာဆို မေမေပြောလေ့ရှိတာကတော့…

“သားငယ်ရေ… သားတို့ လုပ်သင့်တာ လုပ်ချင်တာသာလုပ်ပါ… မေမေတို့ကတော့ ဘာပဲလိုလို ပံ့ပိုးပေးဖို့ အဆင်သင့်ပဲ။ မေမေတို့လည်း သားလို့အလုပ်တွေ သိပ်နားမလည်တော့ ဒီလိုလေးပဲ ပံ့ပိုးပေးနိုင်တယ် သားရယ်…”

မေမေတို့ ဒီလိုလေးပဲ ပံ့ပိုးနိုင်တယ်လို့ ဆိုပေမယ့်၊ တကယ်တော့ မိဘက သားသမီးတွေ လုပ်ချင်တာကို အားပေး ပံ့ပိုးပေးတာကိုက သားသမီးတွေအတွက် ကြီးမားတဲ့ ဆုလာဒ်တခုပါပဲ။

ငယ်စဉ် ကလေးဘ၀ကစပြီး အခုအချိန်အထိ သားသမီးတွေရဲ့ အလိုဆန္ဒကို စိတ်ဓာတ်အင်အား၊ လူအင်အား၊ ငွေအင်အား ဘာကိုမှ မငြီးမငြူ ပံ့ပိုးကူညီပေးနေဆဲဖြစ်တဲ့ မေမေ နဲ့ ဖေဖေ တို့ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဆပ်မကုန်နိုင်တဲ့ မိဘကျေးဇူးကို တတ်စွမ်းသလောက်ဆပ်နိုင်အောင် ကြိုးစားသွားပါမယ်။

ကျေးဇူးပါ မေမေ။

Read More...

Thursday, March 12, 2009

ဆန္ဒ

အသွားအပြန် စုံဆန်နှင်တဲ့
ရထားပေါ်မှာ အသိဟောင်းက
ခေါင်းခြေစုံကြည့် မေးလိုက်တာ
မင်းကဘာလဲ... တဲ့။

ရုံးကိုလာတဲ့ ဧည့်သည်ဈေးဝယ်
ချိုသာနှုတ်ဆက် စကားဖက်တုန်း
ရုတ်တရက်မေးလာ
မင်းကဘာလဲ...တဲ့။

မပြတ်ပညာ လက်မှတ်အလို့ငှာ
စာသင်ခန်းကို တခေါက်ရောက်ခိုက်
အသစ်မိတ်ဆွေ မေးတာကလည်း
မင်းကဘာလဲ...တဲ့။

အကြည့်ချင်းဖလှယ် ချစ်စဖွယ်နဲ့
မျက်ခုံးပင့်ခါ အသံချိုအေး
သူကမေးတာ
ကို ကဘာလဲ... တဲ့။

တပတ်တစ်ခါ သာကြောင်းမာစ
အကြိုးမေး အကြောင်းဖြေ
အမေနဲ့ပြောတုန်းကလည်း
အခု သားကဘာလဲ... တဲ့။

နဖူးပေါ်လက်တင် အိပ်ယာအ၀င်
မေးခွန်းရဲ့ အဖြေရလေမလား...

လက်မှိုင်ချကာ စိတ်ဒုန်းဒုန်းချ
အိပ်မယ်လုပ်တော့မှ...
နှလုံးသားက တိုးတိုးညင်သာပြောလိုက်တာ
"ဘာလဲမသိ အပူအပင်ကင်းတဲ့ အမေ့ရင်ခွင်ထဲက ကလေးသားငယ် တဖန် ဖြစ်ချင်စမ်းပါဘိ..." တဲ့လေ။

Read More...

Ratings