Monday, March 16, 2009

ကျေးဇူးပါ မေမေ

မေမေ့အတွက် စာတပုဒ်လောက်ရေးမယ်ဆိုပြီး စိတ်ကူးထားတာ တပတ်လောက်ရှိပေမယ့် ရေးဖို့ရာ စိတ်ကမရွှင်တော့ ဘာမှမရေးဖြစ်ဘူးဖြစ်နေတာ။ ဘာဖြစ်လို့ ရေးချင်တာလဲ ဆိုတော့ ဒီနေ့က မေမေ့မွေးနေ့လေ။

ပိုပြီးထူးထူးခြားခြားရေးချင်ပေမယ့် အခြေအနေနဲ့ အချိန်အခါက မပေးတော့ အချိန်မှီမရေးနိုင်ပါဘူး။ ဘာမှမရေးတော့ပဲ ဖုန်းဆက် ဆုတောင်း ကန်တော့လိုက်တော့မယ်ပဲ စိတ်ကူးနေတုန်း အမချိုသင်းရေးထားတဲ့ စာထမင်း စာဟင်း ကိုဖတ်လိုက်ရတာ အနည်းငယ်ရေးဖို့ တွန်းအားပေးလိုက်တာပါပဲ။

ကမ္ဘာ့စီးပွားရေး အခြေအနေက ပိုဆိုးလာတော့ အလုပ်ကလည်း အခြေအနေမကောင်းပါဘူး။ တနေ့ထက်တနေ့ ပိုပြီးစိတ်ပူလာမိပါတယ်။ အနည်းဆုံး တပတ်တခါဖုန်းဆက်ပြီး စကားပြောဖြစ်တဲ့ အချိန်တွေမှာဆို အခြေအနေကို မိဘတွေနဲ့ ပြောဆိုရင်ဖွင့် မိပါတယ်။ အဲဒီအချိန်တွေတိုင်းမှာဆို မေမေပြောလေ့ရှိတာကတော့…

“သားငယ်ရေ… သားတို့ လုပ်သင့်တာ လုပ်ချင်တာသာလုပ်ပါ… မေမေတို့ကတော့ ဘာပဲလိုလို ပံ့ပိုးပေးဖို့ အဆင်သင့်ပဲ။ မေမေတို့လည်း သားလို့အလုပ်တွေ သိပ်နားမလည်တော့ ဒီလိုလေးပဲ ပံ့ပိုးပေးနိုင်တယ် သားရယ်…”

မေမေတို့ ဒီလိုလေးပဲ ပံ့ပိုးနိုင်တယ်လို့ ဆိုပေမယ့်၊ တကယ်တော့ မိဘက သားသမီးတွေ လုပ်ချင်တာကို အားပေး ပံ့ပိုးပေးတာကိုက သားသမီးတွေအတွက် ကြီးမားတဲ့ ဆုလာဒ်တခုပါပဲ။

ငယ်စဉ် ကလေးဘ၀ကစပြီး အခုအချိန်အထိ သားသမီးတွေရဲ့ အလိုဆန္ဒကို စိတ်ဓာတ်အင်အား၊ လူအင်အား၊ ငွေအင်အား ဘာကိုမှ မငြီးမငြူ ပံ့ပိုးကူညီပေးနေဆဲဖြစ်တဲ့ မေမေ နဲ့ ဖေဖေ တို့ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဆပ်မကုန်နိုင်တဲ့ မိဘကျေးဇူးကို တတ်စွမ်းသလောက်ဆပ်နိုင်အောင် ကြိုးစားသွားပါမယ်။

ကျေးဇူးပါ မေမေ။

8 comments:

အောင်သာငယ် said...

ကိုပီတိ မိခင် အသက်ရာကျော်ရှည်ပါစေ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ... လို့ ဆုမွန်ကောင်းတောင်းပါတယ်ဗျာ...

မေ့သမီး said...

ကိုပီတိရေ ကိုယ့်ကိုအားပေးမယ့်၊ ပံ့ပိုးမယ့်မိဘတွေ ရှိတာဟာ ဘ၀မှာအကောင်းဆုံးဆုလာဒ်ပါပဲ။ ဒီဆုလာဒ်ကိုသက်ဆုံးတိုင်ပိုင်ဆိုင်နိုင်ပါစေ။

Khin said...

အန်တီ သက်ရာရှည် ပြီး အန်ကယ် နဲ့အတူ မြေးမြစ် တွေကိုလဲ ဆက်ပြီး ပံ့ပိုး ပေးနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။
BTW မိဘကျေးဇူး ကို သိပြီး ပြန်ပြီး ကျေးဇူးဆပ် ဖို့ကြိုးစား နေတဲ့  သားလေး မို့ ဘာမှစိတ်မပူပါနဲ့။
ဘာဖြစ်ဖြစ် ကောင်းဖို့ ဖြစ်တယ် လို့ တွေးနေပါ။ ကိုယ့်ဖက်ကလဲ ဝီရိယ မလျှော့ စေ နဲ့ပေါ့။

Phyo Maw said...

“သားငယ်ရေ… သားတို့ လုပ်သင့်တာ လုပ်ချင်တာသာလုပ်ပါ… မေမေတို့ကတော့ ဘာပဲလိုလို ပံ့ပိုးပေးဖို့ အဆင်သင့်ပဲ။ မေမေတို့လည်း သားလို့အလုပ်တွေ သိပ်နားမလည်တော့ ဒီလိုလေးပဲ ပံ့ပိုးပေးနိုင်တယ် သားရယ်…”

:D တူနေလိုက်တဲ့ ဖြစ်ခြင်း...
လွမ်းပါရဲ့အမေ့ဆီ

Moe Cho Thinn said...

အံတီ့မွေးနေ့က ဒီနေ့ကိုး။
လိမ်မာ သိတတ်တဲ့ သားလေးတယောက် ပိုင်ဆိုင်ထားတဲ့ အံတီတယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပူပန်သောက ကင်းပြီး အေးချမ်း ပျော်ရွှင်နိုင်ပါစေ။ စာတွေလဲ အများကြီး ရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ပီတိရေ..အားမငယ်ပါနဲ့။ အများနဲ့အတူ ခံရုံပေါ့ကွာ။ စီးပွားကျတာ တို့တတ်နိုင်တဲ့ ကိစ္စမှ မဟုတ်ဘဲ။ အဖော်တွေ ရှိပါတယ်။ ကြုံလာတဲ့ အခက်အခဲကို ခေါင်းအေးအေးနဲ့ ဖြေရှင်း ရင်ဆိုင်နိုင်ဖို့သာ တို့တွေ ကြိုးစားရမှာပါ။ စိတ်ရွှင်မှ စာရေးပေါ့။ နားလည်နေပါတယ်။

Kay said...

ပီတိ မေမေ့ မွေးနေ့ အတွက်.. သက်ရှည် ကျန်းမာ စိတ်ချမ်းသာစေ ကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
ဒီလို သားသမီးတွေကို မွေးကျွေးသုတ်သင်ခဲ့တဲ့ မိခင် တယောက်ရဲ့ ဂုဏ်အင်္ဂါတွေကို ဒီစာတွေက တဆင့် မြင်ရကြောင်းလဲ .. ပြောပြလိုက်ပါ.. ပီတိရေ-

တန်ခူး said...

ကိုပီတိမေမေမွေးနေ့ က အမမေမေမွေးနေ့ နဲ့  ၅ရက်ပဲ ကွာတယ်…
ကိုပီတိမေမေ အသက်ရှည်စွာ အနာကင်းကြောင်း ဆုတောင်းပေးပါတယ်….

sin dan lar said...

Happy Birthday ပါ။

Ratings