Sunday, March 22, 2009

မနက်စာ ပဲပလာတာ

ဒီနေ့မနက် နိုးလာတော့ မနက်လို့ ခေါ်လို့ရရုံလေးသာ...

ရုံးပိတ်ရက် မနက်စာ ဘာစားရင်ကောင်းမလဲ စဉ်းစားမိတဲ့အခါ သောကြာနေ့ ရုံးအပြန် ၀ယ်လာခဲ့တဲ့ ပဲပြုတ်ကို သတိရလိုက်မိတယ်...

ထမင်းနဲ့ပဲပြုတ် ဆီလေးဆမ်း ဆားလေးဖြူးစားလိုက်ရင်ကောင်းမယ်လို့တွေးလိုက်မိတယ်။

ထမင်းအိုးကိုကြည့်တော့ ထမင်းချက်ထားတာမရှိ။ ဘာရှိလဲ ရေခဲသေတ္တာထဲမှာ ကြည့်တော့ တနေ့က ကြက်သား ပလာတာ လုပ်စားထားတုန်းက ကျန်နေတဲ့ ပလာတာတွေ ရှိနေတာနဲ့...

ကြက်သွန်နီ ကို ဆနွမ်းနဲ့ ဆီသတ်။ ဆီသတ်နေတုန်း ကြက်သွန် တ၀က်ကို ခဏဆယ်ထားပြီး တ၀က်ကိုတော့ ကြွပ်သွားအောင် ဆက်ကြော်လိုက်ပါတယ်။ ဒယ်အိုးထဲက ကြက်သွန်ကြွပ်သွားတဲ့အခါ ဆီထဲကဆယ်ထား... ပြီးတော့မှ ခုနကဖယ်ထားတဲ့ ကြက်သွန်တွေကိုဆီထဲပြန်ထည့်၊ ခဏနေ ပဲပြုတ်ကိုထည့်ပြီး ဆီနဲ့ နည်းနည်းကြော်လိုက်ပါတယ်။ ဆားကိုတော့ သင့်သလိုပဲထည့်လိုက်တယ်။

ပလာတာကတော့ ပူပူလေးမှ စားလို့ကောင်းမှာမို့လို့ ပဲပြုတ်ကြော်ပြီးမှပဲ ကြော်လိုက်ပါတယ်။ ဆီကိုတော့ နည်းနည်းလေးပဲထည့်ပြီးကြော်ရတယ်။ မဟုတ်ရင် ဆီတွေများပြီးတော့ အီတတ်လို့ပါ။ ပဲပြုတ်ကိုတော့ ဆီလေးများများနဲ့ကြော်မှ စားလို့ကောင်းတယ်နော်...

ပဲပြုတ်ကို ဒယ်အိုးထဲကနေ ပန်ကန်ထဲထည့် ပြီးတော့ ကြက်သွန်ကြွပ်ကြွပ်ကလေးတွေကို အပေါ်ကနေ ဖြူး...

ခဏနေဦး... ပဲပလာတာနဲ့လိုက်တာကတော့ လက်ဖက်ရည်ပေါ့။ လက်ဖက်ရည်သောက်ချင်တဲ့အခါ သောက်ရအောင် အမြဲဝယ်ထားတဲ့ အလွယ်တကူလည်းဖျော်လို့ရ အရသာလည်းကောင်း မလေးရှားက နာမည်ကြီး old town အထုပ်ကို ဖောက် ရေနွေးထည့်က ဖျော်လိုက်တယ်။

ကဲ အိမ်မှာလုပ်တဲ့ မနက်စာ ပဲပလာတာ နဲ့ လက်ဖက်ရည်ရပါပြီ... စကားပြောရင်း အတူတူစားရအောင်… :)


သြော် ဆားချက်တယ်ထင်မှာစိုးလို့... ဆားချက်တာ မဟုတ်ပါဘူး။ ပဲပလာတာ နဲ့ လက်ဖက်ရည် ပါ။


ထပ်စားချင်ရင် အားမနာနဲ့ လက်ဖက်ရည်ထုပ်ရှိတယ်၊ ပဲပြုတ်နဲ့ ပလာတာလည်းကျန်သေးတယ်နော်...




12 comments:

Phyo Maw said...

အားပါး စားချင်စရာ ပဲပလာတာ
အမှန်ပဲ...

မေ့သမီး said...

ဆားချက်တာတော့မဟုတ်ပါဘူးပေါ့။ ဒါပေမယ့် စားချင်အောင်လုပ်တာတော့ မကောင်းပါဘူး။ သွားရည်တောင်ကျလာတယ်။

Moe Cho Thinn said...

ကိုယ့်မောင်လေး လုပ်ထားတာ ဆိုတော့ တို့ အားရပါးရ စားသွားရင် ပီတိစားဖို့ ကျန်ပါ့မလား..:)

ပုံရိပ် / Pon Yate said...

ပဲပြုတ်ကို ပြုတ်ပြီးသား ၀ယ်တာလား။ ကုန်ပြီစားသွားတာ။

pandora said...

လာစားမယ်..
ဒါမှမဟုတ် လာပို့ဟာ..

ရွှေဂျမ်း said...

လက်ဘက်ရည်ဆိုင်တွေမှာ စားသလို ပဲအီကြာတို့ ပဲနံပြားတို့ပါ သတိရသွားပြီ။ စားချင်တယ်။ လက်ဘက်ရည် ချိုဆိမ့်လေးနဲ့ဆို ကွက်တိနေမှာပဲ။

အောင်သာငယ် said...

ကပီတိ လုပ်မှပဲ ဝေါဟာရတွေ အသစ်ထွက်တော့မယ်... ဆားချက်တာ မဟုတ်ဘူး ပလာတာ လုပ်စားတယ်လို့ နောက်ဆို ပြောရတော့မယ် ထင်တယ်...း)
ပလာတာတွေ လွမ်းလိုက်တာ...း(

sin dan lar said...

လုပ်စားဦးမယ်

Khin said...

Yummmmmm....Yummmmm... :-)

nu-san said...

ပဲပြုတ်နဲ့ ပလာတာကို တ၀ ကြီး ငမ်းသွားပါတယ်.. :D

တန်ခူး said...

ကိုပီတိရေ… လုပ်တတ်တယ်တော့… စားချင်စရာလေး… အမလဲ တခါတလေ အဲဒီလို လုပ်စားဖြစ်တယ်… ဟိုတနေ့ က မူစတာဖာသွားတာ နံပြားရယ်ဒီမိတ် အထုတ်တွေ့ တာနဲ့  ၀ယ်ခဲ့သေးတယ်… အိုးကင်းပူတိုက်ပြီး ကျွတ်နေအောင်လုပ်လိုက်ရင် စားလို့ ရသွားပြီ… ပေါင်မုန့် ထုတ်တွေ ရောင်းတဲ့နားမှာပဲ… စမ်းကြည့်ပါလား.. ပဲနံပြားအလွမ်းပြေလေ… လုပ်ရတာလဲလွယ်တယ်…

kyaw linn said...

ပလာတာ လုပ်တဲ့ ဂျုံကို ဘယ်လိုစပ်လဲဆိုတာလေးတစ်ဆိတ်လောက်---ကျေးဇူးးးးး

Ratings