Wednesday, March 25, 2009

ထီ

ထီ...

လူတိုင်း ထီထိုးဖူးကြပါသည်။
လူတိုင်း မဟုတ်ရင်တောင် ၉၉% သော လူတွေထီထိုးဖူးပါလိမ့်မည်။
ကျန်တဲ့ ၁% ကတော့ တခါတရံသာထိုးဖူးပြီး တသက်လုံး ထီတစ်ခါတောင်မှ မထိုးဖူးဘူးလို့ အရသာခံ ပြောလိုသူတွေအတွက် ဖြစ်ပါသည်။

ထီကိုဘာလို့ထိုးကြသနည်း...။
အဖြေကတော့ရှင်းပါသည်။ ငွေ အနည်းငယ်မျှသာရင်းပြီး၊ ထိုငွေထက် အဆပေါင်းများစွာ တန်ဖိုးရှိသော ဆုငွေကို လိုချင်မက်မောလို့ပဲဖြစ်ပါသည်။ နောက်တနည်းပြောရလျှင် အလွယ်တကူ သူဌေးဖြစ်လိုခြင်းပင် ဖြစ်သည်။

ထီထိုးတာကို သူဌေးဖြစ်ချင်လို့ထိုးကြပေမယ့်၊ ထိုးကြသူအများစုကတော့ ထီပေါက်မယ်လို့ မျှော်လင့်ချက် ကြီးကြီးမားမားထားတတ်ခြင်း မရှိတတ်ပေ။ ထီမပေါက်လို့ အင်မတန်ဝမ်းနည်းတဲ့သူမရှိပေမယ့် ထီပေါက်လျှင်တော့ ဆုကြီးကြီး၊ သေးသေး အင်မတန်မှ ၀မ်းသာကြသည်။

ဒါကလည်း သဘာဝကျပါသည်။ ထီလက်မှတ် အရေအတွက် သန်းဂဏန်းရောင်းပြီး ပထမ သုံးဆုလောက်သာလျှင် သူဌေးဖြစ်နိုင်လောက်တဲ့ ငွေကြေးပမာဏဖြစ်လေတော့ ပေါက်ဖို့ရာ အခွင့်အလမ်း နည်းပါးလှသောကြောင့် ဖြစ်သည်။ သို့ပေမယ့် ထီမဖွင့်မခြင်း သန်းချီသော ထီလက်မှတ်ပိုင်ရှင်အားလုံးမှာ သန်းကြွယ်သူဌေးဖြစ်တော့မည်ဆိုတဲ့ အိပ်မက်ခွင့်ရှိပါသည်။

ထီထိုးတယ်ဆိုတာကလည်း မျှော်လင့်ချက်ကြီးကြီးမားမားတစ်ခုကို ငွေစအနည်းငယ်ဖြင့် ပေးဝယ်ကာ အိပ်လှလှမက်နေရခြင်းပဲ ဖြစ်ပါသည်။

အဲဒါကြောင့်လည်း ပုံမှန်မဟုတ်တောင် မကြာမကြာ ထီထိုးလေ့ရှိပါသည်။ ထီထိုးတာနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ အကျင့်တစ်ခုရှိတာကတော့ ထိုးထားသော ထီလက်မှတ်ကို ထီဖွင့်ပြီး အင်မတန်နောက်ကျမှ တိုက်လေ့ရှိတာပါပဲ။ ထီမတိုက်သေးသ၍ စိတ်ကူးနဲ့ သန်းကြွယ်သူဌေး ဖြစ်နေနိုင်သေးတာကိုး။

အခု လက်ရှိတော့ ထီလက်မှတ်တစ်စောင် လက်ထဲမှာကိုင်ထားကာ အိပ်မက်လှလှမက်နေမိသည်။ ဆုကတော့တစ်ခုတည်းဖြစ်ပြီး ဘာလဲဆိုတာကလည်း ပဟေဠိ ဖြစ်နေပါသည်။ အကန့်အသတ်မဲ့ စိတ်ကူးတွေ ရှိနေနိုင်တဲ့ ဆုပဲဖြစ်သည်။

ထီဖွင့်မည့်ရက်ကို စောင့်နေမိသည်။ ဒါပေမယ့် ထီတိုက်ဖို့ရန်အတွက် ပြင်ဆင်ထားခြင်း မရှိပေ။ ဘာကြောင့်လည်းဆိုတော့ ထီမပေါက်ခဲ့လျှင် ဒီတခါ အင်မတန်ဝမ်းနည်းရလိမ့်မည်။


ဘယ်လို ခေါ်ရမှန်းမသိသော စာတစ်ပုဒ် စိတ်ကူးရသလို ရေးလိုက်ပါသည်။ သင့်သလိုသာ ဖတ်ပါလေ။ :)

11 comments:

ခင်မင်းဇော် said...

ဒီတခါထိုးတဲ့ထီက ဘ၀ဖေါ်ထီများလား ဟိဟိ
ဒါဆိုလဲ စိတ်ကြိုက် ထီဆုကြီးကို ဘ၀နဲ့လောင်းထိုးထားသမို့ ကြိမ်းသေပေါက်စေသတည်းးးးးး

sin dan lar said...

မခင်မင်းဇော်နဲ့အတွေးတူနေပြီ....။
ပေါက်ဖို့အလားအလာအများကြီးရှိတာပဲ....။
အောင်ဘာလေ.. အောင်ပါစေ....။

nu-san said...

အပေါ်က မမခင်မင်းဇော် ပြောသလိုပဲ ပြောလိုက်တော့မယ်.. ထီ သိန်းဆုကြီး ပေါက်ပါစေ...:)

သီဟသစ် said...

ကိုP.Ti ရေ
ဆုကြီးနဲ့သာ တည့်တည့်ကြီးတိုးပါစေကြောင်း ဆုတောင်းပေးသွားပါတယ်။

Moe Cho Thinn said...

အိပ်မက်ဟာ တကယ်ဖြစ်လာစေဖို့ ရင်ထဲက ဆုတောင်းပေးလိုက်ပါတယ် မောင်လေးရေ။
ဒီ ထီက တသက်တာအတွက် အရေးကြီးတဲ့ ထီ ထင်ပါရဲ့။

ပုံရိပ် / Pon Yate said...

ထီထိုးပြီး ထီမတိုက်ချင်သူ ပေါ့။ ဒါပေမယ့် မတိုက်ရင် တသက်လုံး ဆန့်ငင်ကြီး ဖြစ်နေမယ်နော...။

လင်း said...

ဖတ်နေရင်း တွေးမိတာက မခင်မင်းဇော်တို့  စင်စင် တို့ နဲ့ တထပ်တည်းဖြစ်နေပြီ။

ပေါက်ပါစေ ပီတိရေ။ ထီတိုက်ဖို့ လဲ ပြင်ဆင်ပါ၊ ထီဖွင့်တဲ့အချိန် ထီလက်မှတ်မပျောက်အောင် လည်ပင်းမှာ ဆွဲထား ။ စကားမစပ် ထီဖွင့်မဲ့ သူက ဘယ်သူတုန်း

Khin said...

ထီ မှာ ရက်လွန် Date မရှိဘူးမဟုတ်လား။ မမေ့သ၍ ကံကောင်းနိုင်ပါတယ်။
အချစ် မှာတော့ ရက်လွန် Date ရှိနိုင်သလား မသိဘူးနော်။ အချိန် ဆွဲ ရင်း အချိန်လွန် သွားဦးမယ်။
မြန်မြန်လေး တိုက်လိုက် ပါတော့။ :-)

မေ့သမီး said...

ညီမနဲ့မခင်မင်းဇော်တွေးတာချင်းတူနေပြီ။ :P ဆုကြီးပေါက်ပါစေ။

တန်ခူး said...

ကိုပီတိ ဒီထီက ထိုးပြီး တိုက်ကိုတိုက်ရမှာနော်…
တိုက်မယ့်သူမရှိရင် ပေါက်ကြောင်းပြောချင်တဲ့သူ စိတ်ကောက်သွားဦးမယ်…
ပေါက်သွားရင်လဲ ၀မ်းသာရအောင် ပေါက်ကြောင်းပြောဦးနော်…

ya pa said...

ထီပေါက်မှမိန်းမယူမယ်ဆိုတဲ့ လူ တွေ့ဖူးလိမ့်မယ်နော်
ထီပေါက်မှအိမ်ဆောက်မယ်ဆိုသူလဲတွေ့ဖူးသားဘဲ
ထီိပေါက်မှ ဆိုင် ကောင်းကောင်းဖွင့်လိုက်မယ်ဆိုဘဲ
အေးထားပါတော့ ထီပေါက်မှ ထီပေါက်မှ ဒီကတဲက
မင်း မှားပြီလို့ သင့်ရဲ့မိတ်ဆွေကောင်းဖြစ်သူကျွန်နော်က
(လုံးဝ)အသိပေးပါရစေလားနော်။စိတ်မဆိုးနဲ့နော်
ထီပေါက်မှ ဆို တာက ကိုယ်ပုံမှန်ကြိုးစားနေတာကို
(လုံးဝ)နှေးကွေးစေပါတယ် ဆိုတာ စစ်ဆေးချက်
အရတွေ့ရလို့ပြောပြတာပါနော် ထီထိုးခြင်းဝါသနာ
ပါသူ ကျွန်တော်.....ထီထိုးသူအားလုံးကျေးဇူးပါ.

Ratings