Monday, April 13, 2009

၎/၉၆ - စတုတ္ထပိုင်း

စကားပြောသံ သဲ့သဲ့ကြားလိုက်မိရင်း အိပ်ရာမှနိုးလာပါသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုမျိုးချစ် နဲ့ သူရ အိပ်မုံစုံမွားပုံနဲ့ ထိုင်ပြီးစကားပြောနေတာတွေ့လိုက်သည်။ သူတို့ကလည်း ကျွန်တော်ထလာတာတွေ့တော့ ကိုမျိုးချစ်က “ကောင်လေး နိုးပြီလား… ထတော့… ဈေးသွားပြီး မုန့်သွားဝယ်စားရအောင်…”
“အိုကေ… ခဏစောင့် မျက်နှာသစ်လိုက်ဦးမယ်…” ဆိုပြီး ရေဗူးထဲက ရေနဲ့ ပလုပ်ကျင်း၊ မျက်နှာသစ်၊ လွယ်ထားတဲ့ စစ်လွယ်အိတ်ထဲက တဘက်နဲ့သုပ်ပြီးတာနဲ့ ဈေးဖက်ကို ထွက်လာခဲ့ကြသည်။

မနက်စောစာ ဝေလီဝေလင်း ကျောက်ထုရွာလေး၏ ရှုခင်းမှာ တမျိုးကြည့်ကောင်းနေသည်။ မီးရောင်လေးတွေနဲ့ ကျောက်ထုဈေးကိုလည်း လှမ်းမြင်နေရသည်။ ဈေးလို့ခေါ်ပေမယ့် အဆောက်အဦးရယ်လို့ ပီပီပြင်ပြင်ရှိသည်မဟုတ်၊ မြေပြင်ပေါ်မှာပဲ တောင်းတွေ၊ဗန်းတွေ ချပြီးဈေးရောင်းနေကြသည်။ ဈေးထဲက အကြော်ဆိုင်မှ အကြော်ပူပူနွေးနွေး ၀ယ်ပြီးစားရသည်မှာ အင်မတန်မှ အရသာရှိလှသည်။

ဈေးမှပြန်လာတော့ မိကျော်မတို့ ဈေးဖက်ကိုလာနေတာကိုတွေ့ရပြီး အကြော်ကောင်းကြောင်းသတင်းပေးလိုက်သေးသည်။ ညအိပ်ခဲ့တဲ့ ထမင်းဆိုင်ကိုပြန်ရောက်တော့ တော်တော်များများ နိုးနေကြပြီး မျက်နှာသစ်နေကြသည်။ မင်းသန့်စိုး ကတော့ သေချာ သွားပွတ်တံနဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်နေလေရဲ့။ ကျွန်တော်တို့အများစုကတော့ ခရီးကြမ်းသွားတဲ့အခါ ခပ်ကြမ်းကြမ်းနဲ့ သိပ်ပြီးမနုတော့ပဲ သူကတော့ တစ်မူထူးနေတော့ နာမည်ပြောင် မောင်နုလို့တောင် ရနေပါပြီ။


ခဏကြာတော့ ဆရာမျိုးရဲ့ ရွှီ… ဆိုတဲ့ ၀ီစီသံကြားလိုက်ရပါသည်။ အားလုံးတန်းစီ လူစစ်ပြီးတာနဲ့ မနက် ၇ နာရီခန့်မှာ ကျောက်ထုရွာမှ မင်းတပ်မြို့သို့ထွက်လာကြသည်။ နာရီဝက်လောက်မောင်းပြီးတော့ ကန်ကြီးဆိုတဲ့ရွာမှာ ကားကိုခဏရပ်ကာ ကားသမားတွေ ဆိုင်ထဲဝင်သွားကာ မနက်စာစားနေသည်။ ကားသမားများ ညကသောက်ထားတာကို ဖြေရန် မောနင်းပက် လုပ်နေတယ်ထင်ရပါသည်။ ဆရာမျိုးကတော့ ကားသမားတွေကို သတိပေး အသောက်မလွန်စေရန် ဆိုင်အပြင်ဖက်မှနေ လက်ပိုက်ကာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလေရဲ့။ တကယ်လည်း အန္တရာယ်များတဲ့ တောင်တက်လမ်းဖြစ်လို့ တစ်စုံတစ်ခုကြောင့် အမှားမခံနိုင်ပါဘူး။ ကျောင်းသားခရီးစဉ်ဖြစ်နေတော့ ဦးဆောင်တဲ့ဆရာမျိုးအနေနဲ့လည်း တာဝန်ကလည်းကြီးလှပါသည်။

သိပ်မကြာခင်မှာပဲ ခရီးဆက်လာနိုင်လို့တော်ပါသေးတယ်။

မနက် ၈နာရီခန့်တွင်တော့
“ဟေးးးးးးးးး…. ချင်းပြည်နယ်စပ်ကို ရောက်ပြီဟေ့….”
ကားရှေ့ခန်း အပေါ်မှာထိုင်လိုက်လာတဲ့ ဇာတ်ရူးက အော်ပြောလိုက်တော့ မတ်တပ်ရပ်ကာကြည့်လိုက်မိသည်။ ချင်းပြည်နယ်ထဲရောက်ပြီဆိုတာနဲ့ ၀ိတိုရိတတောင်နဲ့ နီးလာပြီဆိုတဲ့အသိစိတ်နဲ့ ပြန်မထိုင်မိတော့ပဲကားရှေ့နားမှာ မတ်တပ်ရပ်ကာ ချင်းတောင်တန်းတွေရဲ့ အလှတွေကိုငေးမောလိုက်ပါမိတော့သည်။

ချင်းပြည်နယ်ထဲကိုဝင်ရောက်လာပြီး အတက်လမ်းတွေက ပိုပြီးမတ်စောက်လာသည်။ သစ်ပင်တွေနဲ့ အရောင်သွေး အမျိုးအစားတွေလည်း ကွဲပြားလာသည်။ ရာသီဥတုကလည်း အေးစိမ့်စိမ့်ဖြစ်လာသည်။ တစ်ဖက်က တောင်နံရံမြင့်မြင့်၊ တစ်ဖက်က ချောက်ကမ်းပါးနက်နက်၊ အဝေးက တောင်တန်းစိမ်းပြာပြာ၊ အောက်ဖက်မှာတော့ တိမ်လွှာဖြူဖြူတို့နဲ့ ပြည့်စုံနေတဲ့ရှုခင်းကတော့ အသက်ရှူမှားလောက်အောင်ပင် လှပနေပါသည်။

ကျွန်တော်တို့ပါလာသော ကုန်းလမ်းပို့ဆောင်ရေးက ကုန်တင်ကားနှစ်စီး တစ်ကွေ့ပြီးတစ်ကွေ့တက်၊ တစ်တောင်ပြီးတစ်တောင်ကျော်ကာ ဖြည်းဖြည်းချင်း မင်းတပ်မြို့ဆီသို့ ချီဆက်လာနေပါသည်။

အတက်ခရီးကကြမ်းလေတော့ ကားတွေမှာလည်း ငယ်သံပါအောင်အော်ဟစ်ကာ အားကုန်ရုန်းတက်နေရလေသည်။ လမ်းတစ်နေရာမှာတော့ ကားများခဏနားကာ ရေဆင်းအထည့် လမ်းပြင်နေတဲ့ ချင်းလူမျိုးမိသားစုလေးတွေကို ဆရာမျိုးက ချိုချဉ်ဝေကာပေးနေတော့သည်။ ဟစ်လုံနဲ့အဖွဲ့ကလည်း လမ်းဘေးမှာပေါက်နေတဲ့ အပင်မြင့်မြင့်ပေါ်တွင်ပွင့်နေတဲ့ သစ်ခွပန်းတွေကို မှန်ပြောင်းနဲ့ကြည့်နေလေသည်။

ခဏနေကာ ခရီးဆက်ထွက်ခဲ့ရာ ကားပေါ်ပါ ဟိုက်ကာ (hiker) အကုန် ပြန်မထိုင်နိုင်တော့ပဲ ချင်းတောင်တန်းရဲ့အလှကို မတ်တပ်ရပ်၊ သံတန်းများကိုကိုင်ကာ အချင်းချင်း စကားပင်မပြောနိုင် ငေးမောကာ လိုက်ပါကြတော့သည်။ ကွေ့လိုက်တက်လိုက် ဆက်တက်လာရာ ၁နာရီလောက်ကြာတော့ အကွေ့တစ်ခုကိုကျော်လိုက်သည်နဲ့ အိမ်ခြေတစ်ချို့ကိုတွေ့လိုက်ကတော့ … “မင်းတပ်ကိုရောက်ပြီဟေ့…” ဆိုတဲ့အသံကို ကိုကျော်အေးဆီမှကြားလိုက်ရသည်။

ပြီးနောက်
“မင်းတပ်ကိုရောက်ပြီဟေ့…”
“မင်းတပ်ကိုရောက်ပြီဟေ့…”
တစ်ယောက်ပြီးတစ်ယောက် ပျော်ရွှင်စွာ ထပ်အော်လိုက်မိသည်။

“ဗွမ်း….”
“အောင်မလေးဗျ အေးလိုက်တာ…”
လမ်းဘေးက ကလေးတွေကရေလှမ်းအပက် ရေခဲရေတမျှ အေးမြလှတဲ့ရေကို ရုတ်တရက် ခံစားလိုက်ရတော့ အော်လိုက်တဲ့ ကျွန်တော်တို့တွေရဲ့အသံတွေ။

သင်္ကြန်ရောက်နေပြီကိုး ဒီနေ့ အေပရယ် ၁၃ရက် ၁၉၉၆ ။ အချိန်ကား နံနက် ၉း၄၅။

မင်းတပ်မြို့ကအိမ်ခြေအနည်းသာရှိပုံပေါ်သည်။ ရှိတဲ့ အဆောက်အဦးတို့ကတော့ အခိုင်အခန့် သပ်သပ်ရပ်ရပ်နှင့်ပင်ဖြစ်သည်။ ဘာသာရေးအနေနဲ့လည်း တောင်ကုန်းတစ်ခုပေါ်တွင် စေတီဖြူဖြူ သပ္ပါယ်စွာရှိနေသလို တစ်ဖက်က တောင်ကုန်းမှာလည်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကလည်း ခန့်ငြားစွာရှိနေသည်။ မင်းတပ်မြို့သည် မြို့ငယ်သော်ငြား ခရိုင်မြို့တစ်မြို့ဖြစ်လေတော့ ဆေးရုံ၊ ကျောင်း၊ ဆက်သွယ်ရေးစခန်း တွေနဲ့ ပြည့်ပြည့်စုံစုံရှိနေပါသည်။

ကားရပ်လိုက်သည်နှင့်
“ဟေး…..ရောက်ပြီဟေ့….”
၉ရက်နေ့က ရန်ကုန်က ထွက်လာခဲ့သော ခရီးရှည် မင်းတပ်ကိုရောက်တော့ အားလုံးပျော်ရွှင်နေကြသည်။ အားလုံးရဲ့ အိပ်မက်ဖြစ်သော ၀ိတိုရိယတောင်ကိုတက်ရန် အင်မတန်လည်း နီးကပ်နေပြီမဟုတ်ပါလား။

ဆင်းလိုက်တော့ ကားရပ်သည်နေရာက မင်းတပ်မြို့ရဲ့ အထက်တန်းကျောင်းဖြစ်နေပါသည်။
“ဆရာ… ဒီကျောင်းမှာတည်းရမှာလား…” ဆရာစိန်ကိုမေးကြည့်လိုက်သည်။
“ငါလည်း မသိဘူးကွ… ဆရာမျိုးကိုမေးကြည့်ရမှာပဲ…”။

ထိုစဉ် မင်းတပ်မြို့ခံလှပျိုဖြူလေးနှစ်ယောက် စက်ဘီးစီးကာ ကျောင်းထဲဝင်လာကာ အမောတကြီးမေးရှာသည်။
“အိုင်အာက သရဲပါလား… အိုင်အာက သရဲပါလား”
“သရဲမပါဘူး၊ ဒီမှာ လူသားချောချောလေးတွေပဲပါတယ်…” ပြောင်ကြီး က နောက်လိုက်သည်။
“အမလေးဟယ်… မဲမဲတူးတူး အားလုံး သရဲရုပ်တွေကများ…”
“ဟေ့ကောင်တွေ… အဲဒါငါ့သူငယ်ချင်းတွေကွ…” ကိုဖုန်းက ၀င်ပြောပြီး သူတို့သူငယ်ချင်း အချင်းချင်းစကားပြောနေကြသည်။

“ဟေး… အားလုံး ဓာတ်ပုံရိုက်ရအောင်ဟေ့…လာကြ လာကြ…”
ရုတ်တရက် Dirty က ကုန်းကာအော်သည်။

ကင်မရာများရှေ့မှာ အာလုံးပုံစံအမျိုးမျိုးလုပ်ကာ ဓာတ်ပုံအရိုက်ခံကြသည်။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်းက ကိုဖုန်းက ရှေ့မှာကားယားကားယားလုပ်ပြသည်။ နောက်က ကျော်ပိုင်၊ ဘေးမှာ ဟစ်လုံက ပီးစ်လုပ်ပြ၊ တကယ့်ပုံစံက အမျိုးမျိုး။

ပြီးတော့ မေဂျာတူသူငယ်ချင်းတွေပေါင်းပြီး အမှတ်တရရိုက်ကြပြန်သည်။

ဓာတ်ပုံရိုက်ပြီးတော့မှ ပစ္စည်းတွေကို ကားပေါ်မှ ကျောင်းဆောင်များထဲသို့ နေရာချထားသည်။ နေ့လည်စာ ချက်ပြုတ်ပြင်ဆင်ဖို့ ကျောင်းဝိုင်းထဲမှာ ရှိနေသောထင်းများကို အနီးနားက ကုန်းလေးပေါ်မှာရှိတဲ့ တောင်တန်းသာသနာပြု ဘုန်ကြီးကျောင်းပေါ်ကို တစ်ယောက်တစ်လက်နဲ့ ပို့လိုက်ကြသည်။ နေ့လည်စာကိုတော့ ဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားဆောင်မှာ ထမင်းချက်အဖြစ်လိုက်ပါလာတဲ့ ပင်းယဆောင်ရဲ့စားဖိုမှူး ဦးကျော်လင်းက ဦးဆောင်ကာ ဆရာမများ နဲ့ ကျောင်းသူများက ၀ိုင်းဝန်းကူညီ ချက်ပြုတ်ကြပါသည်။

ဆွမ်းစားဆောင်ဘေး ပန်းကန်ဆေးရာ နေရာမှ လှမ်းကြည့်လိုက်ရင် မြူနှင်းတွေ ဖွေးဖွေးဖြူနေတဲ့ လွင်ပြင်ကြီးနဲ့ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ တောင်စွယ်တောင်တန်းတွေကို လွမ်းမောဖွယ်ရာမြင်တွေ့ရသည်။

“ပီတိကြီး… ရော့..သောက်မလား…”
တောင်တန်းကြီးကိုငေးမောကြည့်နေတုန်း ဘေးက သူရရောက်လာပြီး စီးကရက်တစ်လိပ်ကို လှမ်းပေးလိုက်သည်။
ဘေးဘီကြည့်ရင်း ဆရာမျိုးလစ်သည်နှင့် “အေး… သောက်မယ်… ” ဆိုပြီး လှမ်းယူလိုက်သည်။ ဆေးလိပ်ကို သောက်ရင်း သူရ နဲ့နှစ်ယောက်သား တောင်တန်းတွေကို ငေးမောကြည့်နေမိသည်။

“သူရ.. ငါတို့ မနက်ဖြန်ဆို ၀ိတိုရိယကိုစပြီးတက်ပြီနော်… ငါကတော့ မစောင့်နိုင်တော့ဘူးကွာ…”
“ငါလည်း မနက်ဖြန်ရောက်ချင်လှပြီ ကွ…”

နေ့လည်စာ အဆင်သင့်ဖြစ်တော့ အားလုံးဝိုင်းကာ စားလိုက်ကြသည်။ ဗိုက်ဆာနေသည့်အပြင် အတူတူ စကားပြောလိုက် နောက်ပြောင်လိုက် စားလိုက်တော့ ခပ်ပေါ့ပေါ့ အားလူး နဲ့ ကြက်ဥဟင်းတောင် အင်မတန်စားကောင်းနေပေတော့သည်။

ထမင်းစားပြီးတော့ နားလို့မရသေးပေ။ မင်းတပ်ရဲ့ နယ်မြေခံတပ်ရင်းက သင်္ကြန်အခမ်းအနားဖိတ်ထားလို့ သွားရမည်လို့ ဆရာမျိုးကပြောထားသည်။ စားပြီးခဏနား ကျောင်းရှေ့မှာလူပြန်စုကာ တပ်ရင်းရှိရာသို့ထွက်လာကြသည်။ လမ်းဘေးတစ်ဖက်တစ်ချက်ဆီမှ ပက်လိုက်သောရေက သဘာဝအလျောက်ပင် အေးစိမ့်နေလို့ အတော်ပင် ခံစားလိုက်ရသည်။

တပ်ရင်းကိုရောက်တော့ ကျောင်းသားတွေကို မဏ္ဍပ်ထဲမှာ သေချာ ရေရာချထားပေးသည်။ မင်းတပ်မြို့ခံ Vakok တီးဝိုင်းအဖွဲ့က တီးခတ်ဖျော်ဖြေနေသည်။ တပ်သားတစ်ချို့ကတော့ တော်တော်လေးမှန်နေကာ ခုန်ပေါက်ကခုန်နေပြီ။ သင်္ကြန်မုန့်အဖြစ် မုန့်လက်ဆောင်းဖြင့်လည်း ဧည့်ခံပြန်သည်။

ချစ်ကြည်ရေးအနေဖြင့် တပ်ရင်းမှူးက ဆရာမျိုးထံ လက်တွဲသီချင်းဆိုရန် မေတ္တာရပ်ခံလာလို့ ဟိုက်ကာတွေထဲမှ သီဆိုတတ်သူ၊ ကတတ်သူများကို ထွက်ခိုင်းလာသည်။ အမပုတု၊ ဇာကြီး တို့က သီချင်းတစ်ပုဒ်စီဖြင့်သီဆိုကြသည်။ ကိုဖုန်းကလည်း သီချင်းတော့ ဆိုချင်ရှာသည်၊ ဒါပေမယ့် အစပျောက်တော့…
“ဟေ့ကောင်.. ပီတိ… ဟယ်ရီလင်းရဲ့ အကောင်းဆုံးပဲ ကြင်နာပါ့မယ် ကိုယ့်ရဲ့ ချစ်သူလေး ဆိုတဲ့ သီချင်းရဲ့ အစကိုလုပ်ပါဦး .. ငါမေ့နေလို့…”
“အဲ… ကျွန်တော်လည်း စဉ်းစားလို့မရဘူး…”
“လုပ်ပါဦး ငါဆိုရတော့မှာကွ….” လို့ပြောရင်း သူ့အလှည့်ရောက်တော့ စင်ပေါ်တက်သွားရရှာလေသည်။
ဘယ်ကနေ ဘယ်လို စလိုက်သည်မသိ သီချင်းဆိုတော့ အဆင်ကိုချောနေသည်။ ဟယ်ရီလင်းရဲ့ အားကုန်ဟစ်ရသည့်နေရာမှာဆို ကိုဖုန်းတစ်ယောက်လည်း အားကုန်ညှစ်ကာ ကုန်းကုန်းကွကွ အားရပါးရဆိုလေသည်။

အဆုံးသတ်မှာဖြင့် ဟိုက်ကာမယ်တို့ကလည်း မြနန္ဒာသီချင်းဖြင့် ကပြဖျော်ဖြေကာ အဆုံးသတ်လိုက်တော့သည်။ အပြန်လမ်းမှာဖြင့် အေးစိမ့်လှသော မင်းတပ်မြို့ရဲ့ သင်္ကြန်ရေကို ခံစားရပြန်သည်။ မြူတွေဝေနေသည့် တောင်တန်းနောက်ခံထားလျက် ဗိုလ်ချုပ်မြင်းစီးရုပ်ကိုလည်း ခန့်ခန့်ငြားငြားတွေ့လိုက်ရသေးသည်။

အထက်တန်းကျောင်းကိုပြန်ရောက်တော့ ရေစိုအ၀တ်တွေကိုလဲကြသည်။ အထက်တန်းကျောင်းနေရာသည် အိပ်ဖို့ရာအဆင်မပြေတော့ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ကာ နေရာယူရပြန်သည်။

“ရွှီ….”
ညနေ ၅း၃၀မှာ ဆရာမျိုးရဲ့ ၀ီစီသံကိုကြားတော့ အားလုံးတန်းစီရသည်။

“ဆရာတို့ မနက်ဖြန်မနက် ၆နာရီမှာ ဒီကနေပြီး စထွက်မယ်။ မသွားခင် ပစ္စည်းတွေကို အထမ်းသမားတွေနဲ့ ထည့်ပေးဖို့ စီစဉ်ရမယ်၊ ပြီးတော့ မနက်စာစားပြီးမှထွက်မှာဖြစ်လို့ မနက် ၄နာရီမှာ အားလုံးထရပါမယ်။ အခု တန်းဖြုတ်ပြီးတာနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အပြင်ထွက်လို့ရပါတယ်။ ညစာကိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် စားကြပါ။ ပြီးတော့ တစ်ယောက်ထဲ၊ ဘယ်သူမှ မသိပဲ မသွားကြပါနဲ့။ သွားမယ်ဆိုရင်လည်း ကိုယ့်ရဲ့ တပ်စိတ်မှူးတွေကို ပြောပြီးသွားကြပါ။ ဒေသခံတွေရဲ့ ဓလေ့ထုံးစံတွေကိုလည်း လေးစားပါ။
မီးစက်ကတော့ ည ၈နာရီမှာပိတ်ပါတယ်။ လူကိုတော့ ည ၇း၃၀မှာ စစ်မယ်။ ၈နာရီနောက်ပိုင်းမှာ တည်းခိုဆောင်ကနေပြီး ဘယ်သူမှ မထွက်ကြနဲ့။ အဖွဲ့နဲ့ သွားတာဖြစ်လို့ အားလုံး စည်းကမ်းကိုလိုက်နာပါ။ မိမိတစ်ယောက်ကြောင့် အဖွဲ့အစည်းရဲ့ နာမည်ကို မထိခိုက်ပါစေနဲ့။ နောက်ပြီး ရေကို့ ယောင်္ကျားလေးတွေက ဘုန်းကြီးကျောင်းမှာ ချိုးလို့ရတယ်၊ မိန်းကလေးတွေကတော့ ဟိုးအောက်က အိမ်လေးမှာချိုးနိုင်ပါတယ်။ ကဲ… ဘာမေးစရာရှိသေးလဲ…”
“မရှိပါဘူး…”
“မရှိရင် တန်းဖြုတ်လိုက်မယ်…”

ဆရာမျိုးပြောပြီးသည်နှင့် ရေကို ချမ်းချမ်းအေးအေးနဲ့ အပြေးအလွှားချိုးကာ မင်းတပ်မြို့ထဲကို သူရ၊ ကိုမျိုးချစ် တို့နဲ့ထွက်လာကြသည်။ ညနေက မှောင်ရီးပျိုးစဖြစ်နေလို့ မြို့ထဲက ဆိုင်တွေတောင် ပိတ်တော့မည်။ ခဏခဏရောက်ဖူးသော ကိုကျော်အေးရဲ့လမ်းညွှန်မှုဖြင့် ညစာအဖြစ် နွားနောက်သားစွပ်ပြုတ်ကို အရသာရှိစွာသောက်ရသည်။ ခေါင်ရည်ရလားလို့ ဆိုင်ရှင်ကိုမေးလိုက်တော့… နာရီဝက်လောက်စောင့်ရင် ဦးရည်ဖောက်ပေးမည်လို့ဆိုကာ ချက်ချင်းလက်ငင်း ပြင်ဆင်ပေးတော့သည်။

ဒေသတစ်ခုကိုရောက်တုန်း အဲဒီဒေသရဲ့ အစားအသောက်ကို စားသောက်ရမှသာလျှင် ပြည့်စုံပေမည်။ အခုတော့ နွားနောက်သားစွပ်ပြုတ် နဲ့ ချင်းခေါင်ရည်ကို အရသာရှိရှိ စားသောက်လိုက်ရတော့ စိတ်ကျေနပ်သွားသည်။ ခေါင်ရည်သောက်တာကိုတော့ ဆရာမျိုးကို အသိပေးလို့ မဖြစ်ပေ။

ညစာစားပြီးပြန်ရောက်တော့ ယောင်္ကျားလေးအဖွဲ့က ပစ္စည်းတွေပြင်ဆင်ထုပ်ရင်း စကားပြောနေကြသည်။ ပြောင်ကြီးက ဘယ်ကနေပြီးဘယ်လိုစကားစလိုက်သည်မသိ။ သူရဲ့ထုံစံအတိုင်း ပုံတိုပတ်စ စပြောလိုက်သည်။

“ဟိုး ရှေးရှေးတုန်းကပေါ့ကွာ… သူဌေးတစ်ယောက်ရှိတယ်တဲ့… အဲဒီသူဌေးမှာ အင်မတန်မှ လိမ္မာတဲ့ မြင်းတစ်ကောင်ရှိတယ်တဲ့။ မြင်းကလည်း လူစကားတော်တော်နားလည်ပြီး သိတတ်တယ်တဲ့ကွ။ ပြီးတော့ သူဌေးမှာ အင်မတန်ချောမောလှပတဲ့ သမီးတစ်ယောက်လည်း ရှိတယ်… သူဌေးသမီးက နေ့တိုင်း နေ့တိုင်း မြင်းကိုစီးလေ့ရှိတယ်တဲ့…”

ပြောင်ကြီးထုံးစံ နားထောင်တဲ့ ပရိတ်သတ်ကို တချက်ကြည့်လိုက်သည် ပြီးတော့ ဆက်ပြောသည်။

“အဲလိုနေ့တိုင်းစီးနေတော့ မြင်းက သူဌေးသမီးကို စွဲလန်းလာတာပေါ့… တစ်နေ့လောက်များ သူဌေးသမီး မြင်းစီးမလာဘူးဆို မြင်းကြီးမှာ လွမ်းနာကျနေတာပေါ့… အဲလိုနဲ့ မြင်းကြီးက မဖြစ်နိုင်မှန်းမသိ အဝေးကနေပဲ သူဌေးသမီးကို မျှော်လင့်နေရတာပေါ့… ”

ပြောနေတာ ခဏရပ်လိုက်ပြီး…. “ဟေ့ကောင် သူရ မင်းလည်း မြင်းကြီးလို မဖြစ်နိုင်တဲ့အရာကို မမျှော်လင့်နေတာကိုး….”
“ဟားဟား…”
ပြောင်ကြီးပြောချင်တာ အားလုံးသဘောပေါက်ကာ ရယ်လိုက်ကြသည်။ အကြောင်းကတော့ သူရက မယ်ကြီးကိုကြိုက်နေတာကို ကိုပြောင်ကြီးက နောက်လိုက်တာပါ။ ဒီအတိုင်းရပ်မနေသေး ဆက်ပြီးတော့
“မင်းကတော့ ပုတော့ မြင်းတော့မြင်း ဒါပေမယ့် မြင်းပုပေါ့ကွာ…”
သဘောကောင်းတဲ့ သူရခမျာ ဘာမှပြန်မပြောနိုင် ရယ်ပြီးတော့သာနေရတော့သည်။

နာမည်အရင်းက စိုးပိုင်၊ အဲလို ပြောင်လွန်းနောက်လွန်းလို့ သူ့ကို ပြောင်ကြီးလို့ နာမည်ပေးထားရသည်။

“ကိုပြောင်ကြီး တော်တော်ဆိုးတယ်….”
အဲနောက်ပိုင်းမှာတော့ သူရလည်း မြင်းပု လို့နာမည်ပြောင်အပေးခံရတော့သည်။

ည ၈နာရီထိုး မီးစက်မပိတ်ခင် ပစ္စည်းတွေ ပြီးအောင်ထည့်၊ ညအိပ်ဖို့ရာပြင်ဆင်ထား ကြရသည်။

အားလုံးကတော့ မနက်ဖြန်ထွက်ရမယ့်ခရီးအတွက် စိတ်လှုပ်ရှားစွာဖြင့် အိပ်ယာထဲသို့ဝင်ကာ မအိပ်နိုင်သေးပဲ စကားတပြောပြောလုပ်နေကြသေးသည်။ ဆရာမျိုးက အိပ်ဖို့ရန် သတိပေးလိုက်တော့မှ ငြိမ်သွားကာ… ခရီးကလည်းပန်းလာကြတော့ အိပ်ပျော်သွားကြလေတော့သည်။

မနက်နိုးလာချိန်မှာတော့ အားလုံး ပင်ပန်းတကြီးလေ့ကျင့်ထားကာ အိပ်မက်မက်ခဲ့ရသော ၀ိတိုရိယတောင်တက်ခရီးစဉ်စရပေတော့မည်။

~~~~~~~~ ဆက်ရန်

အရင်ရေးခဲ့တဲ့ အပိုင်းတွေကတော့

၁။ ၂/၉၆ - ပထမပိုင်း
၂။ ၂/၉၆ - ဒုတိယပိုင်း
၃။ ၂/၉၆ - တတိယပိုင်း
၎။ ၃/၉၆
၅။ ၄/၉၆ - ပထမပိုင်း
၆။ ၄/၉၆ - ဒုတိယပိုင်း
၇။ ၄/၉၆ - တတိယပိုင်း

တတိယပိုင်းရေးအပြီး တနှစ်အကြာမှာ စတုတ္ထပိုင်းကို ရေးလိုက်ပါတယ်။ ဖတ်ဖူးတဲ့ သူတွေလည်း မေ့လောက်ပါပြီ။ အခုမှ ခံစားချက်လေးပြန်ရလာကာ ရေးမိတာပါ။ ၁၉၉၆ခုနှစ် ဒီလိုနေ့မှာဖြစ်ခဲ့တာပေါ့။ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

5 comments:

Ye-Mon said...

ဟုတ်ပ .. မေ့လောက်ရှိမှ ပြန်ရေးလာတယ်။ ဆက်ပါဦး မောင်ရင်ရ။ ကိုယ်က အဲ့ဒီလောက် အသေးစိတ်တွေ မမှတ်မိဘူး။ မောင်ရင်ရေးတာကို ဖတ်ရကာမှ F5 နှိပ်လိုက်သလို ကိုယ့်အတွေ့အကြုံတွေ ရီဖရှက် ဖြစ်လာတယ်။

မေ့သမီး said...

ဟိ သိပ်မကြာပါဘူး ကိုပီတိရယ်။ ရှေ့ပိုင်းတွေသွား ပြန်ဖတ်ရဦးမယ်။

Moe Cho Thinn said...

ဟုတ်ပါ့အေ။ သူက သင်္ကြန်ရေဖျန်းလို့ ခုမှ နိုးပြီး ထ ရေးတာကိုး။ ရေးလိုက်တော့လဲ စုံစိလို့။ ဆက်ရေးပါအုံး ပီတိရေ။ စာပြန်ရေးလာတာ နှစ်သစ်နဲ့အတူ ကြိုဆိုလိုက်ပါတယ်။

ပုံရိပ် / Pon Yate said...

ရေးလိုက်တော့လည်း အရှည်ကြီးပဲ။ ဖတ်ရတာနဲ့တင် ပျော်စရာ။

P.Ti said...

ကိုမင်းရေ... မေ့လိုက်မှရေးဖြစ်ပေမယ့် စိတ်ထဲမှာ ရေးနေတာကတော့ အမြဲတန်းပါပဲ။ အတွေ့အကြုံတွေ ရီဖရှက်ဖြစ်တယ်ဆိုရင်ပဲ ၀မ်းသာပါတယ်။

ဟုတ်ပါ့ မေ့သမီးရေ... ပြန်ဖတ်ပြီး ဝေဖန်ပါဦး :P

အဟဲ.. အမချိုသင်း။ တကယ်ပဲ သင်္ကြန်ရောက်ပြီးဆို အဲဒီခရီးစဉ်ကို ပိုပြီး သတိရတတ်လို့ပါ။ ကျေးဇူးပါ..

ကျေးဇူးပုံရိပ်။ ကျွန်တော်လည်း တွေးလိုက်တိုင်း ပျော်နေမိတယ်။ အဲလို ခံစားချက်ရရင်ပဲ ရေးလိုက်ရတာအတွက် ပျော်သွားပါတယ်။

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။

Ratings