Wednesday, April 15, 2009

၎/၉၆ - ပဉ္စမပိုင်း

“ရွှီ…”

ဆရာမျိုးရဲ့ ၀ီစီသံနှင့်အတူ အိပ်ရာမှ အားလုံး နိုးလာကြသည်။ ဒီနေ့ ၀ီစီသံက တခြားအချိန်ကနဲ့မတူ ချိုသာနေပေတော့သည်။ Victoria တောင်တက်ခရီး စတင်ရတော့မည် ဆိုသော အသိနဲ့ လန်းဆန်းတက်ကြွနေမိသည်။

တောင်တက်ခရီးတွင်လိုအပ်မည့် ပစ္စည်းတွေကိုရွေးချယ်ပြီး၊ မလိုအပ်သော ပစ္စည်းများကိုတော့ တည်းခိုရာ အဆောင်တွင်ထားခဲ့ရန် သီးခြားထုပ်ပိုးနေကြ၏။ လိုအပ်သောပစ္စည်းများထဲမှ အ၀တ်အစားအပို တစ်စုံ၊ အနွေးထည်တစ်ထည်၊ ခြေအိတ်အပို နှစ်စုံတို့ကို ပလတ်စတစ်အိတ်နဲ့ထုပ်လိုက်သည်။ ဆရာမျိုးရဲ့ ပြောစကားအရ ဒီလိုရာသီမှာဆို တောင်ပေါ်မှာ မိုးရွာတတ်သည်ဆိုသောကြောင့် မိုးရေလုံစေရန် ကြိုတင်ပြင်ဆင်ထားလိုက်ခြင်းဖြစ်သည်။ မိုးကာ၊ ခွဲတန်းထဲက တစ်နပ်စာ ဆန်တချို့၊ အသားဗူး၊ ခေါက်ဆွဲခြောက် တို့ကိုတော့ တခြား ပလတ်စတစ်အိတ်နဲ့ခွဲထုပ်လိုက်ကာ ကျောပိုးအိတ်ထဲထည့်လိုက်သည်။ အရေးကြုံလျှင် သုံးဖို့ ဓားမသေးသေးကိုလည်း မမေ့အောင်ထည့်လိုက်သည်။ ကျန်တဲ့ အနွေးထည်တစ်ထည်၊ ညအိပ်ဖို့ရာ Ground Sheet၊ စောင်၊ ချည်ဖို့ ကြိုး နဲ့ ရိက္ခာတချို့ကိုတော့ အထမ်းသမားတွေဆီကိုပေးဖို့ သပ်သပ်ထုပ်လိုက်ပါသည်။


ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်မီး၊ ဓာတ်ခဲ၊ Swiss-knife၊ ဒဏ်ကြောဆေး၊ အရက်ပျံ၊ သောက်ဆေး၊ ဓာတ်ဆားမုန့်၊ ရေဆူဆေး စတဲ့ တိုလီမိုလီပစ္စည်းတွေကိုတော့ စစ်လွယ်အိတ်ထဲမှာထည့်ကာ လွယ်လိုက်သည်။ စစ်သုံးရေဗူးရေဗူးထဲ ရေဖြည့်၊ နေ့လည်စာအတွက် ထမင်းနဲ့ဟင်းကို ကြွပ်ကြွပ်အိတ်နဲ့ သတ်သတ်စီထုတ်ကာ ဟန်းကော(စစ်သုံးထမင်းချိုင့်) ထဲကိုထည့်လိုက်ပါသည်။

“ဟေ့ရောင်တွေ မြန်မြန်လုပ်ကြကွ... ငါးနာရီခွဲတော့မယ်”
ဆရာကြီးလေသံနဲ့ ဒွေးက အော်လိုက်သည်။ သူ့အကြောင်းသိတဲ့ ကျန်တဲ့လူတွေက ပြန်မေးသည်။
“အဲလိုပြောရအောင်… မင်းကရောပြီးပြီလား…”
“ပြီးသေးဘူးလေကွာ… ငါက မင်းတို့ကို မြန်မြန်လုပ်ဖို့ လောဆော်တာ…” တဲ့။

ခဏနေတော့ ဒွေး နဲ့ ကြက်ကြီး (ကျော်မျိုးသိန်း) စကားများကြသည်။ တခြားတော့မဟုတ် အဖွဲ့အားလုံးရဲ့ ဆေးပစ္စည်းတွေကို တပ်စိတ်တစ်စိတ်ချင်းဆီ ဝေမျှရေး၊ မမျှရေးပင်တည်း။ တစ်ယောက်က အလွယ်တကူရစေရန် မျှလိုပြီး တစ်ယောက်က ဆေးတွေမသုံးတတ်ပဲ သုံးလျှင် ဥပါဒ် ဖြစ်မည် စိုရိမ်သောကြောင့်ဖြစ်သည်။

ဘေးကကြည့်နေသော ပြောင်ကြီး မနေနိုင်တော့။ ပြောင်သလို နောက်သလို နဲ့ ၀င်ပြောသည်။
“ဟေ့ ဒွေး နဲ့ ကြက်ကြီး ဒီလောက် ဆုံးဖြတ်ရခက်မနေနဲ့။ ငါလည်း ကြက်ခြေနီတစ်ယောက် မင်းတို့မှာ ပါတဲ့ဆေးက သာလာဆပ် နဲ့ ပါရာစီတမော၊ လူတိုင်းသောက်တတ်တယ်၊ ဘာမှမပူနဲ့။ မဝေလည်းဘာမှမဖြစ်ဘူး လူတိုင်းမှာပါတယ်။ အဲတော့ မင်းတို့လုပ်ချင်တာလုပ် ရန်မဖြစ်နဲ့… နားငြီးတယ်…” ပြောင်ကြီးပြောပြီးတာနဲ့ အားလုံးက ၀ါးကနဲရယ်လိုက်ကြသည်။ ဒွေး နဲ့ ကြက်ကြီးလည်း ဘာမှမပြောတော့ပဲ ငြိမ်သွားတော့သည်။

အဆောင်ရှေ့ကနေ ကိုကျော်အေးက လှမ်းအော်သည်။
“အထမ်းသမားတွေဆီပေးမည့် ပစ္စည်းတွေ အဆောင်ရှေ့မှာ လာပုံထားပါ။ ကိုယ့်ပစ္စည်း ကိုယ် အမှတ်အသားလေးတွေလုပ်ပေးထားပါ… ”

အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာ မနက်စာအဖြစ် ခေါက်ဆွဲပြုတ်နဲ့ကော်ဖီကိုသောက်ရင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်နေကြ၏။

ခရီးမထွက်ခင် မေဂျာတူ သူငယ်ချင်း ဖြစ်တဲ့ သဲကြီး၊ အမပုတု၊ ဆရာမ၊ ဇာတ်ရူးတို့နဲ့ ဓာတ်ပုံထပ်ရိုက်ပြန်သည်။

ပစ္စည်းတွေ စီစဉ်ပြီးလောက်ဖြစ်တော့ ဆရာမျိုး ၀ီစီသံကိုကြားလိုက်ရသည်။

“ရွှီ့…”
“အားလုံး တန်းစီမယ်ဟေ့…” ပုံကြီးရဲ့ အသံ။

တပ်စိတ်အလိုက်တန်းစီပြီးတော့ ဆရာမျိုးက စကားပြောသည်။

“ဆရာတို့ ဒီနေ့ မင်းတပ်မြို့ကနေပြီးတော့ အေးစခန်းကိုသွားမှာဖြစ်တယ်။ ဒီကနေပြီး ချီချောင်းကိုဆင်းရမယ်၊ ချီချောင်းကနေမှ အေးစခန်းကို သွားရမှာဖြစ်တယ်။
လမ်းခရီးမှာ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ၀ိုင်းဝန်းဖြေရှင်းသွားပါ။ တောင်တက်တယ်ဆိုတာ မိမိတစ်ယောက်ထဲ တောင်ထိပ်ရောက်သွားလို့ အောင်မြင်တာမဟုတ်ဘူး။ တဖွဲ့လုံးရောက်မှသာ အောင်မြင်တယ်လို့ ခေါ်တယ်။ အဲဒီတော့ တယောက်နဲ့တယောက် ပြိုင်ဆိုင်စရာလည်းမလိုဘူး၊ အသင်းလိုက်အဖွဲ့လိုက် ပူပေါင်းဆောင်ရွက်ပြီး အောင်မြင်မှုကိုယူပါ လို့ မှာချင်ပါတယ်။

နောက်ပြီး ဆရာလည်း အထပ်ထပ်မှာထားပြီးသားလည့်း ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ရိုးရာဓလေ့တွေကို လေးစားပါ။ သူတို့ ပူဇော်ထားတဲ့ ပစ္စည်းတွေကို မကိုင်ပါနဲ့၊ မယူပါနဲ့။ အထမ်းသမားတွေကို ကိုယ်ကသူတို့ကို ပိုက်ဆံပေးထားတာပဲလို့ဆိုပြီး အခိုင်းအစေလို မဆက်ဆံပါနဲ့။ သူတို့မပါပဲနဲ့ ဆရာတို့ ဘယ်လိုမှ တောင်ထိပ်ကို မရောက်နိုင်ပါဘူး။ အထမ်းသမားတွေအားလုံးကို ကိုယ့်ရဲ့ ရဲဖော်ရဲဖက်လို သဘောထားပြီး ဆက်ဆံပါ။ သူတို့အခက်အခဲတွေကိုလည်း ကူညီပေးပါ။

နောက်တစ်ခုကတော့ မိမိယုံသည်မယုံသည် အပထားလို့ တောထဲမှာ တစ်ယောက်နဲ့တစ်ယောက် နာမည်ကို အကျယ်ကြီး မခေါ်ပါနဲ့။ အဝေးက တစ်ယောက်ယောက်ကို လှမ်းခေါ်ချင်တယ်ဆို ၀ူးးးး ဆိုတဲ့ အသံပေးပါ။ တစ်ဖက်ကလည်း ကြားကြောင်း ၀ူးးး ဆိုတဲ့ အသံပြန်ပေးလိုက်ပါ။ တောထဲကိုသွားတာဖြစ်လို့ တောဓလေ့ထုံစံကို လေးစားလိုက်နာတာ အကောင်းဆုံးပါပဲ… နိမိတ်မရှိ နမာမရှိတဲ့ စကားတွေကိုလည်း မပြောမိအောင် ဆင်ခြင်ကြပါ။ မပြောမိပါစေနဲ… ”

ဆရာမျိုးက တခြား အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေဖက်ကို ကိုလှည့်ပြီး
“ဆရာတို့ရော ဘာပြောစရာရှိသေးလဲ…”
“မရှိပါဘူး ဆရာ…”

ပြီတော့မှ တန်းစီနေသော ကျောင်းသားတွေဖက်ကိုပြန်လှည့်ပြီး
“ကဲ… ဒါဆို ခရီးစထွက်မယ်။ တပ်စိတ်၁ က ရှေ့ကနေသွားမယ်၊ တပ်စိတ်၂ နောက်ကလိုက်ပါ၊ ပြီးတော့ တပ်စိတ် ၃၊ ၄၊ ၅ နဲ့ တပ်စိတ်တစ်စိပ်ချင်းစီ နှစ်ယောက်တွဲပြီးလှမ်းလျှောက်ပါ။ တပ်စိတ် ၉ နောက်ဆုံးမှလိုက်ပါ။ တပ်စိတ် ၉ က ဘက်ကင်းဖြစ်လို့ ဘယ်သူမှ နောက်မှာ မကျန်ခဲ့အောင် တာဝန်ယူပါ…”

“ဟုတ်ကဲ့ပါ ဆရာ…” တပ်စိတ် ၉၊ တပ်စိတ်မှူး ကိုမျိုးချစ် ပြန်ဖြေလိုက်သည်။

ဆရာမျိုးမှ ရှေ့ဆုံးမှထွက်သွားကာ ရှေ့တပ်စိတ်များ နောက်ကနေ တစ်ဖွဲ့စီ အစဉ်လိုက် ထွက်သွားကြပါသည်။ ကျွန်တော်တို့ တပ်စိတ်က နောက်ဆုံးတပ်စိတ်ဖြစ်လေတော့ အဖွဲ့ဝင် အားလုံး တန်းစီသွားနေကြသည်ကို မင်းတပ်မြို့ရဲ့ မနက်ခင်း နေမထွက်သေးခင် အလင်းရောင်အောက်မှ လှမ်းမြင်နေရသည်။

အချိန်ကိုကြည့်လိုက်တော့ မနက် ၆း၃၀။

မင်းတပ်မြို့ပတ်လမ်းတလျှောက် ချီတက်လာခဲ့ကြသည်။ မြို့ပတ်လမ်းတစ်နေရာအရောက် ဘေးကိုခွဲဆင်းကာ ချီချောင်းရှိရာသို့ စဆင်းခဲ့ကြသည်။ ချီချောင်းသည် မင်းတပ်မြို့မှ ၄မိုင်ခန့်အကွာရှိ တောင်ခြေမှာရှိတဲ့ ၁၂ရာသီ စီဆင်းနေတဲ့ ချောင်းဖြစ်ပါသည်။ မင်းတပ်မှ ချီချောင်းသို့ ခရီးလမ်းသည် ပေ ၃၀၀၀ ခန့်ရှိသည့် အဆင်းလမ်းဖြစ်သည်။

စဆင်းခါစနေရာမှာ သစ်ပင်မျာွးထူထပ်စွာပေါက်နေပြီး တောအုပ်ကလေးလိုဖြစ်နေပါသည်။ စိတ်ထဲမှာ အတော်ပင်ပျော်ရွှင်သွားသည်။ ဒါမှ တကယ်ငါလာချင်တဲ့နေရာ၊ တောထဲတောင်ထဲသွားချင်တဲ့ ကျွန်တော် ဆန္ဒပြည့်ဝပြီလို့ထင်လိုက်မိသည်။ ခဏကြာ ဆက်ပြီးဆင်းလာတော့ သစ်ပင်ကြီးတွေကုန်ကာ သစ်ပင်ငယ်တွေကျန်၊ ပြီးတော့ တောင်ကတုံးလို ဘာမှမရှိတဲ့ ကွင်းပြင်ကြီးသာတည်း။

သစ်ပင်တွေရှင်းသွားသည့်နေရာမှ တစ်ဖက်ကိုလှမ်းကြည့်လိုက်တော့ တောင်ကြီးတစ်လုံး ပိတ်ရံကာတားစီးထား၏။ အောက်ကိုဆင်းလိုက်တိုင်း တစ်ဖက်က တောင်ကြီးက ပို၍ပို၍မြင့်မြင့်လာသလို ခံစားရသည်။ ၀ိတိုရိယတောင်ထိပ်မရောက်ခင် ဒီလိုတောင်ကြီးတွေ ဘယ်နှစ်လုံးတောင် ကာစီးထားပါသလဲ မသိ။ မစဉ်းစားပဲ ဆက်လျှောက်ခဲ့တော့သည်။

မင်းတပ်မှ ချီချောင်းအဆင်းလမ်းသည် တောင်ကမ်းပါးယံကို ပတ်ကာဖောက်ထားသော လူတစ်ယောက်သွားစာသာသာ လမ်းကျဉ်းလေးသာဖြစ်သည်။ လမ်းက မပြေပြစ်သလို အကာအရံကလည်းမရှိ။ ခြေချော်လက်ချော်ဆိုလျှင် ရုတ်တရက် အောက်ကချောက်ထဲကို ကျသွားနိုင်သည်။ ကျောမှာပိုးထားသည့် ကျောပိုးအိတ်ရဲ့ အလေးချိန်ကိုသယ်ရင်း ခြေချရာကို သတိထားကာ လျှောက်လာနေရသည်။ အဆင်းခရီးဖြစ်လို့ မမောသော်လည်း နေပူလာပြီဖြစ်လို့ ချွေးလေးတွေတော့ စို့လာနေပြီ။

လမ်းခရီးတစ်ဝက်လောက်တွင် နောက်မှလိုက်လာသာ အထမ်းသမား ချင်းအမျိုးသားတို့က ကျွန်တော်တို့ကို သွက်သွက်လက်လက်ကျော်တက်သွားကြသည်။ အသက်အရွယ်ကတော့ မျိုးစုံ၊ အမျိုးသမီးတွေလည်းပါသေးသည်။ တချို့က စကားပြောမပျက်၊ တချို့က ဆေးတံဖွာမပျက်၊ တချို့က ညှပ်ဖိနပ်နဲ့ တချို့ကတော့ ခြေဗလာဖြင့်။ သူတို့ရဲ့ ခေါင်းတွင် ပလိုင်းချိတ်ကာလွယ်၊ ထိုပလိုင်းထဲတွင် ကျွန်တော်တို့ရဲ့ အိပ်ရာလိပ်၊ ရိက္ခာထုပ်တွေထည့်ထားလို့ပေါ့။

တပ်စိတ်တွေအားလုံးရဲ့ နောက်ဆုံးမှာဖြစ်လို့ အောက်ကိုလှမ်းကြည့်လိုက်လျှင် လမ်းအကွေ့အ၀ိုက်များတွင် အင်္ကျီပြာပြာလေးများဖြင့် စီတန်းသွားနေကြသည့် ရှေ့တပ်စိတ်က သူငယ်ချင်းတွေမြင်နေရသည်။

လမ်းဘေးမှာ ချင်းအိမ် လေးငါးလုံ်းတစ်စုကိုတွေ့လိုက်ရသည်။ အိမ်တစ်အိမ်မှာမူ တိရိစ္ဆာန်အရိုးခေါင်းမျိုးစုံကို အိမ်ရှေ့မျက်နှာစာအပြည့် ချိတ်ထားသည်ကိုတွေ့ရသည်။ မုဆိုတစ်ဦးရဲ့အိမ်လား၊ နတ်တွေကို ပူဇော်ထားသည်လားတော့မသိပေ။ ဆရာမျိုးက မထိရ၊ မကိုင်ရဆိုတော့ အသာပင် ခေါင်းငဲ့ကာကြည့် ဆက်လျှောက်ခဲ့ပြန်သည်။

လမ်းကြောင်းလေးအတိုင်း ဆက်ပြီးဆင်းလာရာ မကြာခင်မှာပဲ ရေသံလိုလိုကြားကာ ချီချောင်းကို လှမ်းကာတွေ့လိုက်ရသည်။ အမြင်နီးနေပေမယ်လို့ ချောင်းနံဘေးက မြေပြန့်ရောက်ဖို့ ကွေ့ကာဝိုက်ကာ ဆင်းနေရသေးသည်။ ရှေ့အရင်ရောက်နှင့်နေသော သူများကတော့ ကျောပိုးအိတ်များချကာ ချောင်းဘေးကိုဆင်း ဓာတ်ပုံရိုက်၊ ရေဆော့နေကြပြီ။ ချီချောင်းနားအရောက် ကျောပိုးအိတ်ကိုချ ရေစပ်ကိုအပြေးလာကာ ချီချောင်းအလှကို ရှုမောမိသည်။

ကျောက်တုံးမဲမဲတွေကြားမှာ စီးဆင်းနေတဲ့ ကြည်လင်အေးမြသည့်ရေ၊ တသွင်သွင်စီးနေတဲ့ ရေစီးသံ တို့က ချက်ချင်းပင် အမောကိုပြေစေတော့သည်။ နောက်တစ်ခါရေရမည့်နေရာ ဘယ်လောက်ကြာအောင် သွားရမည်ဆိုတာ မသိတော့၊ လျော့နေတဲ့ ရေဗူးကို ဖြည့်လိုက်သည်။

ကျွန်တော်လည်း အားကျမခံ ကျောက်တုံးပေါ်တက် စစ်တိုက်ထွက်သည့် စစ်သားပမာ ပုံစံပေး၍ ဓာတ်ပုံရိုက်လိုက်သည်။

နောက်ကတော့ ချီချောင်းအပေါ်ဖြတ်ကျော်ကာ တည်ဆောက်ထားတဲ့ လှပတဲ့ ကြိုးတံတားပင်တည်း။ ကာလ အတန်ကြာနေပြီဖြစ်လို့ အတော်ပင်ဟောင်းနွမ်းနေပြီဖြစ်သည်။

ရှေ့ကတပ်စိတ်တို့ ခဏနားပြီး ချီချောင်းတစ်ဖက်ကတောင်ကြီးပေါ် ဆက်လက်တက်သွားပြီဖြစ်သော်လည်း ကျွန်တော်တို့ တပ်စိတ်ကတော့ နောက်မှ အေးအေးဆေးဆေးလိုက်မှာဖြစ်လို့ ချောင်းဘေးက ဇရပ်လေးပေါ်မှာ ထမင်းစားဖို့ပြင်လိုက်သည်။ အတွေ့အကြုံရှိတဲ့ ကိုကျော်အေးပြောစကားအရ ချီချောင်းအတက်တက်လျှင် အားအင်လိုအပ်သလို၊ တက်ပြီးပြန်ရင်လည်း မစားနိုင်လောက်အောင်မောသည် ဆိုတော့ သိပ်မဆာသေးသော်လည်း အဆာခံနိုင်ဖို့ အနည်းငယ်စားဖို့ ဆုံးဖြတ်လိုက်သည်။

ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လာခဲ့သော ထမင်းထုပ်၊ ကိုမျိုးချစ်ရဲက ငံပြာရည်ချက်၊ ငါးသေတ္တာ၊ မောင်ကြီးရဲ့ မြေပဲ တို့က ထမင်းကိုမြိန်စေပါသည်။

ထမင်းစားအပြီးမှာတော့ ချီချောင်းတံတားကိုဖြတ် တစ်ဖက်က တောင်ကြီးကို စတက်လိုက်သည်နှင့် ….

~~~~~~~~ ဆက်ရန်

ပဉ္စမပိုင်း ကိုတော့ ခပ်မြန်မြန် နဲ့ တိုတို ရေးလိုက်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

5 comments:

zizawa said...

Thanks, Ko Peti. I went to Kaylatha in 2001, so am familiar with some of the names in your post. Hiking is one of the most active, long-surviving groups in the country, and my trip with the members was very enjoyable!

Moe Cho Thinn said...

ပီတိရေ
တောင်တက်တယ်ဆိုတဲ့ ကိစ္စမျိုးက တောင်ပေါ်တက်လိုက်နိုင်ရုံနဲ့ ပြီးတာမဟုတ်ဘဲ အခက်အခဲတွေကို အုပ်စုနဲ့ တိုင်ပင် ဖြေရှင်းရပုံ၊ တယောက်နဲ့ တယောက် သည်းခံ နားလည်နိုင်စွမ်း၊ ကြံ့ခိုင်နိုင်စွမ်း စသဖြင့်ပေါ့။ တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ တကယ့်ဘ၀အတွက် လိုအပ်တဲ့ အရာတွေ ရတယ်။ ဖတ်ရတာ သဘောကျတယ်။
ပီတိက အသေးစိတ်ကို မှတ်မိနေတော့တာပဲ။ မှတ်တမ်းလေးလို ဖြစ်နေတာမို့ အခုလို ချရေးထားတော့ မမေ့တော့ဘူးပေါ့။ သူများကိုလဲ မျှဝေပြီးသား ဖြစ်တာပေါ့။ ကောင်းတယ် စာရေးဖြစ်လာလို့ ၀မ်းသာတယ်။

Ye-Mon said...

လုပ်ထား ကပီတိရေ။ နောက်ပို့စ်တွေကို ချီချောင်း အတက်နှုန်းနဲ့တော့ ရေးမနေနဲ့နော ...

P.Ti said...

Thanks Zizawa for reading my writings. I am glad to know one of hikers is reading it. Yeah...all those nick names are given with some reason and some are really funny, right?
Yeah Sayar Myo is the one of the main reason of long-surviving the team.
I am still remember every moments of the trip even though it was 13 years ago.

ဟုတ်တယ် အမချိုသင်း တောင်တက်တယ်ဆိုတာ အဖွဲ့လိုက် အားလုံးပူးပေါင်းပြီးမှရတဲ့ အောင်မြင်မှုလေ။ ကျေးဇူးအမ.. အမတို့ အားပေးလို့ ရေးဖြစ်နေတာ...

အဟား.. ကိုရဲမွန် ချီချောင်းအတက် အကြောင်း ရေးရမှာ တယ်မောသကိုးဗျ...

thinpapa said...

ကိုပီတိ
ချီချောင်း အတက်လေးကိုမြန်မြန်ဆက်ေ၇းပါအုံး
ကိုပီတိတို.၇ဲ. 96 က seniorတွေ ၇ဲ. ဆယ်နှစ်ပြည်.မှာ မကလျာကြီး။ ကိုပုံကြီး။ မပုတု တို.ပဲ ပြန်လိုက်ခဲ.တယ်နော်

Ratings