Thursday, April 30, 2009

ဒီနှစ်အတွက် လက်ဆောင်

နှစ်တိုင်း မိသားစုဝင်တွေဆီက လက်ဆောင်ရနေကြလေ။ ဒီနှစ်မှာရတဲ့ လက်ဆောင်ကိုတော့ အကြိုက်ဆုံးပါပဲ။ ပထမတစ်ခုကတော့ မေမေ့ဆီကပါ။ နောက်တစ်ခုကတော့ အမဆီက။ နှစ်ခုစလုံးကို ကြည့်ပြီး ကြည်နူးနေမိပါတယ်။

အမြဲတန်းအမှတ်တရရှိပြီး တစ်မဟုတ် တစ်ခု အမှတ်တရပေးလေ့ရှိတဲ့ အဖေ၊အမေ၊ အကို နဲ့ အမ တို့ကို ကျေးဇူး အများကြီးတင်မိပါတယ်။ သူတို့ကြောင့် ကျွန်တော့်ရဲ့စိတ်ဓာတ်ခွန်အား အမြဲတန်းပြည့်နေလို့ပါပဲ။


"တော်သေးတာပေါ့"

မရောက်တာကြာပြီမို့ ၊ ခြံဝရောက်ရောက်ချင်း ၊ ခြံတံခါး မလှပ်သေးဘဲ ၊ ခြံဝင်းထဲကို ကြည့်မိပါတယ်။ရွှေဝါရောင် ကဗ္ဗလာခင်းထားသကဲ့သို့ တမာရွက်ခြောက်တွေက ထူထပ်နေပါတယ်။ ရွက်ဟောင်းကုန်လို့ ရွက်သစ်ဝေရုံမက ၊ တမာပွင့်လွှာလေးတွေ ၊လေဟုန်စီး ၊ ပျံဝဲပြီး ၊တခြံလုံး တမာရနံ့သင်းကြိုင်နေပါတော့တယ်။ အညာမြေ နွေအပူတော့ မမှုသေးဘူး ၊၀င့်ကြွားနေသယောင်ပေါ့။

ခြံတခါးဖွင့်၊ အိမ်တံခါးတွေလှပ်လိုက်တော့ ဖုံမှုန့်တွေက အထပ်ထပ် ပြည့်သိပ် နူညက်လို့နေတယ်။ ပစ္စည်းတွေ အပြင်မှာ ခဏထား ဖုံတွေလှဲကျင်း သုတ်သင်ရှင်းလင်းပြီးမှ အထုပ်တွေ ယူပြီး ချထားလိုက်တယ်။

ခြံဝင်းထဲလည်း လမ်းဖြစ်အောင် အမှိုက်ရှင်းလိုက်တော့ သွားလာဖြစ်သွားပါပြီ။ အချိန်တိုအတွင်း နေသားတကျဖြစ်သွားပါတယ်။ ဆယ်စုနှစ် ၂စုနီးပါး နေလာခဲ့တဲ့ ကိုယ့်အိမ်ဆိုတော့ စိမ်းမနေပါဘူး ။ ရင်းနှီးပြီးသားကိုး။

နေရတာ အေးချမ်းလိုက်တာ စိတ်ချမ်းမြေ့ မှု အပြည့်အ၀ ရတယ်။ ကျယ်ဝန်းတယ်။ သန့်ရှင်းတယ်။ အနံ့အသက် ဘာမျှ မရှိဘူး။ စိတ်လုံခြုံမှုရှိတယ်။ အထပ်ထပ်ဖုံတွေ သုတ်သင်လိုက်တော့ နေချင်စရာလေး ဖြစ်သွားပါတယ်။

"၀မ်းလျားထိုးမှောက်ပြီး စာဖတ်လိုက်ချင်တယ်…"
လို့သားငယ်ဆိုတဲ့ အမေတို့ အခန်းထဲက နှစ်ယောက်အိပ်ကုတင်ကြီးကိုလည်း အထပ်ထပ် အ၀တ်နဲ့တိုက်လို့ ပြောင်လက်သွားပြီပေါ့။ ၀မ်းလျားထိုးမှောက် စာဖတ်နေတဲ့ သားငယ်ရဲ့  ပုံကိုတောင် မြင်ယောင်လာမိသေးတယ်

သားသမီး ၃ ဦးရဲ့  ပုံရိပ်လေးတွေက ပေါ်လာတယ်။ နေရာတိုင်းမှာ ပေါ်လာတာလေ ။ သားနှစ်ယောက်ရဲ့ အခန်းထဲ ၀င်လိုက်တော့ စာကြည့်စားပွဲက နေရာမယွင်း မီးချောင်းကလည်းမပျက်မစီး လင်းလက်ပါပဲ။ သားသမီး ၃ယောက် စလုံးရဲ့  စာကျက်ခဲ့ကြတဲ့ နေရာလေးပေါ့။ ဒီအခန်းထဲ ဒီနေရာလေးမှာ စာကျက်ခဲ့ကြပြီး ၁၀တန်း အောင်မြင်သွားခဲ့ကြတယ်။

သားကြီး ၁၀တန်းအောင်လို့ တက္ကသိုလ်သွားတော့ သားမိ ၃ ယောက်ကျန်ခဲ့တယ်။ ဒီအခန်းထဲမှာ စုနေကြပြီး စာကြည့် ၊ စာရေး အတူတူလုပ်ခဲ့ကြတယ်လေ။ ကိုယ့်အခန်းကို မပြန်ကြတော့ဘူး။

သမီး ၁၀တန်းအောင်ပြီး တက္ကသိုလ်သွားပြန်တော့ သားငယ် နဲ့ သားမိ နှစ်ယောက်ကျန်ခဲ့တော့တယ်။ သားကြီးက ဘွဲ့ရပြီး ဆက်ကျောင်းတက်၊ သားငယ်ကလည်း ၁၀ တန်းအောင် တက္ကသိုလ်ကိုလည်းသွားရော အမေ တစ်ယောက်ထဲ ကျန်ခဲ့တော့တယ်။ ဒီအခန်းထဲမှာပဲ ဆက်နေလိုက်တယ်။ အခုလို ခဏတဖြုတ်ပြန်လာတော့လည်း ဒီအခန်းထဲဘဲ ၀င်နေဖြစ်တယ်။ အခန်းလေးက ဆောင်းရာသီမှာ နွေးပြီး နွေရာသီမှာ အေးပါတယ်။ အလွန်အဆင်ပြေတဲ့ အခန်းဖြစ်ပါတယ်။

ကျွန်မက စာစီစာကုံးရေးသားခြင်းကို အလေးထားတယ်။ ကျောင်းပိတ်ရက်ရှည်မှာ သားသမီး တို့ကို စာစီစာကုံးရေးခိုင်းလေ့ရှိပါတယ်။

စာစီစာကုံးရေးသားခြင်းဟာ ကိုယ်ပိုင်အတွေးအခေါ်ရင့်သန်စေတယ်။ နီးစပ်ရာ ပတ်ဝန်းကျင်ကို လေ့လာ စူးစမ်းပြီးသားဖြစ်တယ်။

မြန်မာစာပေအရေးအသား ပြေပြစ်စေတယ်။ ဒီအကျိုးတရားတွေ ရစေတဲ့အပြင် ကလေးတွေရဲ့ စိတ်ထဲကို ထိုးဖောက်မြင်နိုင်စေတယ်။

အဲဒီအချက်ကို ကျွန်မ အလိုချင်ဆုံးပါပဲ။
သူတို့ စိတ်ထဲ ဘာရှိလည်း ကျွန်မ သိချင်တယ်လေ။ ကျွန်မတို့ မိဘက သားသမီး သူတို့ကို ပြုစုပျိုးထောင် ပေးရသူ မဟုတ်လား။ သန်သန်မာမာ ဖြစ်ထွန်းစေချင်တယ်။ ထူးချွန် ထက်မြက်စေချင်တယ်။ လိမ္မာရေးခြား ရှိစေချင်တယ်။ ပြည့်စုံအောင်မြင်တဲ့ အနာဂတ် ကို ပိုင်ဆိုင်စေချင်တယ်။ ပျော်ရွှင်ချမ်းမြေ့ စေချင်တယ်။

သားသမီးကိုဖြစ်ထွန်းစေချင်ရင် သူတို့ရဲ့  စိတ်အထားကို သိပြီး ပံ့ပိုးကူညီ ထောက်ပံ့ပေးမှ ဖြစ်စေချင်တဲ့ ဆန္ဒပြည့်ဝမှာပေါ့။ ပညာပြည့်ဝ နှလုံးလှတဲ့ သူလေးတွေ ဖြစ်လာမယ်လေ။

အကြီးနှစ်ယောက်ရေးခဲ့ကြတဲ့ စာစီစာကုံးများကို အမှတ်မထင်ရှိခဲ့ပေမယ့်. သားငယ်ရေးတဲ့ စာစီစာကုံး နှစ်ပုဒ် ကိုတော့ အမှတ်တရ ရှိနေမိတယ်။

မူလတန်းအဆင့်မှာ သားငယ်ရေးတဲ့ "ကျနော့်အမေ" စာစီစာကုံးကိုဖတ်ပြီး ကျွန်မ တို့ သားအမိတတွေ ရယ်မောလိုက်ကြရတာ။ အဲဒီစာစီစာကုံး စာရွက်လေးကို သိမ်းတောင် ထားမိသေးတယ်။ အချိန်ကြာလာတော့ ဘယ်ထားမိမှန်းမသိပြန်ဘူး။ အခုအိမ်ကို ရောက်ခိုက် အဲဒီစာရွက်ကလေး ရှာကြည့်မိသေးတယ်။ စာရွက်မတွေ့တော့ စိတ်ထဲ မှတ်မိသမျှ ပြန်ရေးချမိတယ်။

"ကျနော့်အမေ"
အမေက ငါးအလွန်ကြိုက်ပါသည်။ ကျွန်တော်က ငါးမကြိုက်ပါ။ ငါးသေးသေးလေး ဟင်းချက်တိုင်း အရိုးပါဝါးစားလို့ ခိုင်းပါသည်။ ကယ်လ်စီယံဓါတ် ၊ပရိုတင်းဓါတ်တွေ ရဖို့ စားရမည်လို့ ပြောပါသည်။

သားငယ်၁၀တန်းနှစ်မှာ စာစီစာကုံးခေါင်းစဉ် "ပန်းအိုးကလေး" လို့ အမည်ပေးပြီး အရေးခိုင်းမိပါသည်။



"ပန်းအိုးကလေး"
ပန်းအိုးကလေးကို ဧည့်ခန်းထောင့်က စားပွဲ ပုလေးပေါ်မှာ ထားပါသည်။ ခြံထွက်ပန်းများထိုးစိုက်ထား၍ လန်းဆန်းလှပနေပါသည်။ ပန်းရနံ့  ကလည်း ဧည့်ခန်းတစ်ခန်းလုံး ကြိုင်သင်းနေပါသည်။

လာသမျှ ဧည့်သည်များကို ပန်းအိုးအလှ ပန်းရနံ့ တို့က ခေတ္တခဏ ဧည့်ခံထားနိုင်စွမ်းရှိပါသည်။ (မှတ်ချက် - ကန်းသူ နှင့် ရှမ်းသူမှ အပ)

ထိုပန်းအိုးကလေးကို ကျွန်တော်နှစ်သက်ပါသည်။ ဧည့်ခန်း၏ ကျက်သရေကို ဆောင်သည်ဟု ထင်မြင်မိပါသည်။ ပန်းများကလည်း ကျွန်တော် ရေလောင်း ဂရုစိုက်၍ ပွင့်လာသော ပန်းများဖြစ်သည်။ ကျွန်တော် အလွန်တန်ဖိုးထား မိပါသည်။

ပန်းညှိုးလျှင် အသစ်ထပ်မံ ဖြ ည့်ခြင်းဖြင့် လန်းဆန်းလှပသော ပန်းများကို အမြဲမြင်နေရပါသည်။ ထို့ကြောင့် ကျွန်တော့် စိတ်လည်း အမြဲ လန်းဆန်းချမ်းမြေ့နေပါတော့သည်။


သားငယ်ရေးတဲ့ စာစီစာကုံးက ဖြစ်ရပ်မှန်ကို ပေါ်လွင်အောင် ရေးပြထားတာမို့ ဖတ်လို့ကောင်းပါတယ်။ စိတ်ခံစားချက်ကိုလည်းမြင်သာပါတယ်။

သားငယ်က နဂိုနေအတိုင်းဆိုလျှင် မျက်နှာလေးက ပြုံးချိုပြီး ရွှင်မြူးဆော့ကစား နေလေ့ ရှိပါတယ်။ စာကျက်ခိုင်းရင်သာ မျက်နှာက အိုသွားပြီး ပါးစပ်က ပွစိပွစိ ပြောတတ်ပါတယ်။ စာအုပ်ကိုထုတ် စာရွက်ကို တဗြန်းဗြန်းလှန်ကာ စိတ်မပါ တပါ ဖတ်ပါတယ်။

တစ်ခါတရံ အိပ်ရာပေါ်မှောက်ယားကြီးထိုး မေးဖျားကို လက်နှစ်ဖက်နဲ့ထောက် ခြေထောက်၂ ချောင်း ဒူးဆစ်ချိုး မြှောက်ရက်ကြီးနဲ့ စာအုပ်ကို မျက်နှာအောက်မှာ ဖွင့်ထားပါတယ်။

ခြေရင်းကကြည့်ရင် စာကြည့်နေရှာသားလို့ ထင်စရာပါ။ ရှေ့တည့်တည့်က သွားကြည့်မှ စာအုပ်ဖွင့် မေးထောက် အိပ်ငိုက်နေတော့တာကိုး။

အဲသလောက် စာဖတ်ပျင်းတဲ့ကလေး အတော်ငယ်တဲ့ အရွယ်ကဆို စာကျက်ခိုင်းလို့ကတော့ အစ်ကို အမ အရင်းရော ၀မ်းကွဲ တွေရော ပြဿနာ ရှာ ရန်လုပ်ပြီး အိပ်ရာဝင်တော့တာပဲလေ။ စာမဖတ်ရအောင် လုပ်လေ့လုပ်ထ ရှိတဲ့ နည်းပေါ့။

စာရေးခိုင်းရင်လည်း တစ်ခုခုတော့ ရွဲ့ရက်ပြီး လုပ်လိုက်တော့တာပဲ။ "ပန်းအိုးကလေး" စာစီစာကုံးမှာ မှတ်ချက် - ကန်းသူနဲ့ ရှမ်းသူမှတပါးလို့ ထည့်ရေးထားတာ ကြည့်ပေတော့။

အဲဒီလောက် စာဖတ်စာရေးပျင်းသူက ပီတိအမည်နဲ့ blog မှာ စာရေးနေသတဲ့။ အတန်းပညာအနေနဲ့လည်း တက္ကသိုလ်က ဘွဲ့ကို အောင်မြင်ပြီးပြီးဆိုတော့ တော်သေးတာပေါ့လို့ ပဲ အောက်မေ့မိပါတော့တယ်။

"သားငယ်ရဲ့ မွေးနေ့ အမှတ်တရ"
အမေ




အမေချက်တဲ့ ငါးသေးသေး

“သားငယ် ဒီပဲရွက်တွေက ဘီတာမင်အေတွေ အများကြီးပါတယ် စား နော်” ဟုပြောပြောဆိုဆို နှင့် အမေက သားငယ် ပန်းကန် ထဲကို ထည့်စဉ် သားငယ် က သူ့ပန်းကန်ထဲ ကို ထဲ့အံ့ဆဲဆဲ ဟင်းရွက်များကို မထည့်ရန် လက်ကတားရင်း ပါးစပ်ကလည်း “ဟိုးဟိုး တော်ပါပြီ တော်ပါပြီ သားမှာ ဘီတာမင်အေတွေများပြီး အရပ်ပုနေပါမယ်”

တကယ်တော့ သားငယ် လုပ်သူက အရပ်ပုမှာ ကြောက်သည်ထက် အမေထည့်ပေးသည့် ဟင်းရွက်တွေကို စားရမှာ ကြောက်သောကြောင့် ထိုသို့ ငြင်းခြင်းဖြစ်ပါသည်။ ဒါကို အမေသာ မက ကျန်အိမ်သားအားလုံးကလည်း သိသည်။ အမေသည် ကျမတို့ မောင်နှမတွေ အတွက် ဘီတာမင်ပြည့်စုံဖို့ နေ့စဉ် ဟင်လျာများတွင် ဟင်းသီးဟင်းရွက် တခွက်ပါရန် အလုပ်မအားသည့်ကြားမှ စီစဉ်လေ့ရှိပါသည်။

အရိုးများသန်မာစေရန် ကယ်စီယမ် ဓါတ်ပြည့်စုံ ဖို့အတွက် အရိုးပါ ၀ါးစားနိုင်သော ငါးသေးသေးလေးများကို အိုးကပ်ချက်ပြီး နံနံပင်ရွက်ကလေးများအုပ်ကာ မကြာခဏချက်ကြွေးလေ့ရှိပါသည်။ ငယ်ငယ်တုံးကတော့ ထိုငါးလေးချက် ကို ကျွန်မတို့မောင်နှမတွေ မကြိုက်ကြ။ ထိုငါးလေးများချက်သောနေ့ ဆိုလျှင် ထမင်းဝိုင်း ထိုင်လိုက်သည် နှင့်…
“ကယ်စီယမ်ဓါတ်တွေ အများကြီးပါတယ် အရိုးကို သန်မာစေတယ်”
ဟု မောင်နှမတတွေက အမေ မပြောခင် အမေပြောမည့်စကား ကို ကြိုတင် ကာ ပြောလေ့ရှိကြပါသည်။

ငယ်ငယ်က ကျွန်မတို့မောင်နှမတတွေ အမေ၏ ငါးဟင်းကို မစားချင်ခဲ့ပေမဲ့ ဇာတိမြို့ကခွာပြီး ရန်ကုန်မှာ နေကြတဲ့အခါမှာတော့ အမေရဲ့ငါး သေးသေးလေးဟင်းကိုတမ်းတ ကြပါပြီ။

ရန်ကုန်မှာက ငါးသေးသေးလေး တွေကို ရခဲ တယ်လေ။

တနင်္ဂနွေတရက်မှာတော့ငါးသေးသေးလေး ရတာနဲ့ မေမေက အိုးကပ်ချက်ထားပေးပါတယ်။ ဖြစ်ချင်တော့ ထိုနေ့က သားငယ် အလုပ်ရှိတာနဲ့ နေ့လည်စာပဲစားပြီး အလုပ်အရေးကြီးတာနဲ့ အလုပ်ထဲမှာဘဲအိပ်လိုက်ရတဲ့အတွက် သားငယ်က နောက်တနေ့ နေလည်ရုံးမှာ ထမင်းစားချိန် ထမင်းချိုင်ကို ဖွင့်ပြီး

“မမ မနေ့က ငါးသေးသေးလေး ချက် မထည့်ခဲ့ဘူးလား...”
“အေး မနေ့ညကပဲကုန်သွား ပြီလေ...”
“နင်တို့ကလည်း အစားကို ပုတ်လိုက်တာ...”

သားငယ် ဒီလိုပြန်ပြောလိုက်တာကို အစ်မတစ်ယောက်အနေနဲ့ စိတ်မဆိုးမိပဲ တော်တော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။ သူခမျာ အလုပ်အရေးကြီးလိုသာ အိမ်မပြန်ရပဲရုံးမှာ အိပ်လိုက်ရပေမဲ့ အမေ့ရဲ့ ငါးဟင်းချက် ကလေးကို တော့ တမ်းတနေပြီး မနက်ထမင်းချိုင့်ကျရင်ဖြင့် ပါတန်ကောင်းရဲ့နဲ့ မျော်လင့်နေရှာတာလေ။

အခုလည်းကြည့်ပါဦး သူ့ blog မှာပေးထားတဲ့ message ကလေးက အမေရဲ့ ငါးသေးသေးလေးကို နံနံပင်အုပ်ထားတဲ့ဟင်း၊ ပဲဟင်းနှပ် နဲ့ ချဉ်ပေါင်ရွက်ချဉ်ရေဟင်းကိုလွမ်းတယ်တဲ့လေ...

ပီတိရေ...
ပီတိရဲ့မွေးနေ့မှာ သူများတွေလို မွေးနေ့ကိတ်ပေးမယ့်အစား ငါးသေးသေးလေးကို နံနံပင်အုပ်ထားတဲ့ဟင်း၊ ပဲဟင်းနှပ် နဲ့ ချဉ်ပေါင်ရွက်ချဉ်ရေဟင်း ကို ပေးချင်ပေမဲ့ မမ ကိုတိုင်လည်း မွေရပ်မြေနဲ့ အဝေးမှာရှိနေပြီး ကိုကိုယ်တိုင်လည်း ဒီဟင်းတွေကို လွမ်းနေရတယ်လေ...

ပီတိရဲ့မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ဘ၀မှာ အောင်မြင်မှုများနှင့် ပြည့်စုံပါစေ။

မမ



အဲလိုပြောပေမယ့် အမကတော့ သူကိုယ်တိုင် ကိတ်မုန့်ကိုဖုတ်ပြီး ပို့လိုက်လေရဲ့။ နေကြရတဲ့ နေရာတွေကဝေးတော့လည်း ဘလော့တွေထဲမှာ ကျွေးသလို ဓာတ်ပုံကိုပဲပို့ပြီး ကျွေးနိုင်တော့တယ်။ ကြည်နူးရတာနဲ့တင် ပြည့်စုံနေပါပြီ။



12 comments:

Moe Cho Thinn said...

ပီတိ မွေးနေ့ကိုး။ မေမေ နဲ့ မမက ဒီသားငယ်လေးကို ချစ်လိုက်ကြတာနော်။

စာရွက်တွေ တဗြန်းဗြန်းလှန်ပြီး မှောက်ယားထိုး ငိုက်နေတဲ့ ကလေးက လိမ်မာတာ ဟုတ်ပါ့မလား။ ငါးကလေးအိုးကပ်ကို ကြိုက်သွားတဲ့ကလေးကို အမေနဲ့ အမ က ဘာလုပ်လုပ် ချစ်နေလို့ ထင်ပါရဲ့။

မောင်လေးရေ အမလဲ “ပျော်ရွှင်ပြီး လိုတိုင်းရ တ တိုင်း ပြည့်တဲ့ ဆုနဲ့ မစောင့်မဆိုင်းရဘဲ ပြည့်ပါစေလို့၊ ထီအကြီးကြီးလဲ ပေါက်ပါစေလို့..”ဆုတောင်းတယ်နော်။

ဒါနဲ့ ကိတ်မုန့်မှာ စတော်ဘယ်ရီလေး ၃လုံးဆိုတော့ ၃နှစ်တော့ မဖြစ်နိုင်ဘူး။ ၃၀ လား၊ ၃၀၀လား တခုခုပဲ။ :)

khin oo may said...

မွေးနေ့မှာပျော်ရွင်ပါစေ.။

Khin said...

Happy Birthday PTI!

"I wish you happiness and joy in life And many more birthdays to bring you delight."

sin dan lar said...

Happy Birthday!!

ပုံရိပ် / Pon Yate said...

ကိုပီတိ မွေးနေ့ကိုး။ အသက်ဘယ်လောက်ကြီးပြီလဲ.. အဲလေ ဘယ်လောက် ရှိပြီလဲ။ ကန်းသူနဲ့ ရှမ်း (လျှမ်း)သူလို့ ရေးထားတာကို ရယ်မိတယ်။ မွေးနေ့ မှာမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ။

သက်ဝေ said...

ပျော်ရွှင်ကြည်နူးစရာ မွေးနေ့ပိုစ့်လေးကို လာဖတ်သွားပါတယ်...
မောင်လေး ပီတိ မွေးနေ့မှာ ပျော်ရွှင်ပါစေ...

pandora said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ
သူငယ်ချင်းတွေ မောင်နှမတွေကို ကျွေးမွေးပြုစုရင် ပိုပြီးပျော်ရွှင်ပါစေ :)

မေ့သမီး said...

မွေးနေ့မှာပျော်ရွှင်ပါစေ။ နောက်ကျနေပြီလားမသိ။ မိသားစုတွေ ပြန်လည်ပေါင်းစည်းပြီး ပျော်ရွှင်နိုင်ပါစေနော်။

S.S said...

အမှတ်တရဖြစ်အောင် ဒီမှာ လာရေးသွားတယ် ..

ကိုပီတိကြီး business တွေကောင်းပြီး ပိုက်ပိုက်တွေ များများရလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အပျင်းများများ ထူနိုင်ပါစေ

ဟဲဟဲ

ရွှေဂျမ်း said...

ကိုပီတိနဲ့ ကိုပီတိ မေမေလိုပဲ မမကလည်း စာရေးကောင်းတာပဲနော်။ မွေးနေ့တင်မက အမြဲ ပျော်ရွှင်ပါစေ။ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပါစေ လို့ ဆုတောင်းပါတယ်။း)

P.Ti said...

မွေးနေ့အတွက် ဆုတောင်းပေးကြတဲ့ အမချိုသင်း၊ မခင်ဦးမေ၊ မမျိုး၊ SinDanLar၊ ပုံရိပ်၊ မသက်ဝေ၊ ပန်ဒိုရာ၊ မေ့သမီး၊ S.S နဲ့ ရွှေဂျမ်း တို့ကို ကျေးဇူး အထူးတင်မိပါတယ်။

မိသားစုနဲ့ဝေးနေတဲ့အချိန် သူငယ်ချင်းတွေရဲ့ ဆုတောင်းဟာ တအားဖြစ်စေတာပါပဲ...

ရွှင်လန်းချမ်းမြေ့ပါစေ။

မိုးခါး said...

အိမ်ကို သတိရသွားပြီ

Ratings