အဝေးက ငှက်ငယ်ပျံသန်းရင်း
လွတ်လပ်ခြင်းသီချင်း သီဆိုသွားတယ်
ငါတို့လည်း ကိုယ်ပိုင်သံစဉ်တွေနဲ့
သီချင်းတွေဆိုချင်လှပြီ။
စန္ဒားယားသံ သဲ့သဲ့
ကြားနေရတယ်
ပန်းလို နူးညံ့လှပတဲ့တေးသွားနဲ့
ဒါပေမယ့် သန်မာတဲ့ အားအင် အပြည့်ပါတယ်။
မျက်စိတဆုံး ကွင်းပြင်ကျယ်ကျယ်မှာ
ရင်ထဲကဖြစ်တဲ့ ငါတို့ရဲ့ သီချင်းကို
အတူတူဆိုကြဖို့
စာသားတွေပြင်ဆင် သံစဉ်တွေထည့်
အချိန်မလင့်ခင် ပြီးအောင်စပ်လိုက်ကြရအောင်...
ဘာလို့လဲဆိုတော့
အမေကပြောဖူးတယ်...
လွတ်လပ်ခြင်းရဲ့သီချင်းကောင်းတစ်ပုဒ်ဟာ
ရှည်လျားတဲ့ စကားလုံးတွေထက်
ပိုပြီးထက်မြက် တာသွားတယ်တဲ့ ကွ...
Monday, May 25, 2009
ငါတို့ရဲ့ သီချင်း
Posted by
P.Ti
at
Monday, May 25, 2009
6
comments
Links to this post
Labels: ကဗျာ
Tuesday, May 19, 2009
ပညာရေးမို့ လက်မနှေးစေလို
မြန်မာလူမျိုး တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မညှာမတာ ၀ါးမြို၊ ဖြိုဖျက် ခဲ့တဲ့ နာဂစ်မုန်တိုင်း ဟာ ဘယ်သူကမှ မဖိတ်ခေါ်ရပါပဲ ကျွန်တော်တို့ မြန်မာပြည်ကို ရက်ရက်စက်စက် ကျူးကျော် ၀င်ရောက် တိုက်ခတ်ခဲ့တာ အချိန်ကာလတာအားဖြင့် တစ်နှစ်တာ ကျော်လွန်ခဲ့ပါပြီ။
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အဓိကရှိရာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းမှ လူဦးရေ တစ်သိန်းခွဲကျော် အသက်ဆုံးရှုံးခဲ့ရပြီး သန်းနဲ့ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
သေဘေးမှလွတ် အသက်ရှင်ကျန်ခဲ့သူများအတွက် မြန်မာနိုင်ငံမှ ပြည်သူများ၊ နိုင်ငံတကာရှိ မြန်မာလူမျိုးတွေ၊ ကမ္ဘာအရပ်ရပ်က စေတနာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက မုန်တိုင်းဖြစ်ပြီးစမှာ အရေးပေါ် ကူညီခဲ့ကြပါတယ်။
အရေးပေါ် အကူအညီများ ဆောင်ရွက်လို့ မပြီးသေးခင်မှာပဲ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့ မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးများ ကျောင်း ဆက်တက်ဖို့ရာ အခက်အခဲများစွာရှိနေကြပါတယ်။
မိဘမဲ့ ကျောင်းသားကလေးတွေရဲ့ ပညာရေးကို ဆက်လက်နိုင်စေရန်သာမက လမ်းစ ပျောက်ဆုံးပြီး၊ အနာဂါတ်မဲ့တဲ့ ကလေးငယ်တွေအဖြစ်ကပါ ကာကွယ်ဖို့ အတွက်
စင်္ကာပူမှာရှိတဲ့ စေတနာရှင် သူငယ်ချင်းတစ်စုကနေပြီး သူတို့ ပတ်ဝန်ကျင်ရှိ အသိမိတ်ဆွေတွေဆီကနေ အလှူငွေ ကောက်ခံပြီး ကျောင်းစရိတ်ထောက်ပံ့ပေးတဲ့ အဖွဲ့လေးတစ်ခု ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ အဖွဲနာမည်ကိုတော့ ကုသိုလ် ဆိုပြီး နာမည်ပေးခဲ့ကြတယ်။
အဲဒီအဖွဲ့က ကောက်ခံရတဲ့ အလှူငွေများနဲ့ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း နဲ့ ရန်ကုန်မြို့နယ်တို့မှ မိဘမဲ့ ကလေးတွေ နဲ့ ကျောင်းနေချင်သော်လည်း ချို့တဲ့တဲ့ ကျောင်းသား စုစုပေါင်း ၅၃၉ ယောက် အတွက် ၂၀၀၈/၂၀၀၉ ပညာနှစ်ကျောင်းစရိတ်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
အခုတခါ ၂၀၀၉/၂၀၁၀ ပညာသင်နှစ်စတင်ချိန်လည်း နီးကပ်လာပြန်ပါပြီ။ ကုသိုလ်အဖွဲ့ရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေကို ဆက်လုပ်ဆောင်ရွက်နိုင်ဖို့ လုပ်အားအလှူရှင် တွေစုပေါင်းပြီး ကျောင်းစရိတ်ထောက်ပံ့ငွေများကို ထပ်မံကောက်ခံနေပါပြီ။ မနှစ်က ထောက်ပံ့ခဲ့တဲ့ ကျောင်းသားတွေကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးဖို့ အလှူငွေကို ကောက်ခံနေခဲ့ရာမှာ ကျောင်းသား ၁၀၀ ကျော်ခန့် အလှူငွေရရှိဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီး အခက်အခဲများစွာ ကြုံတွေ့နေကြရတဲ့ ကျောင်းသားလေးတွေရဲ့ အနာဂတ် အေးချမ်းစေ ဖို့အတွက် ကျွန်တော်တို့တတွေရဲ့ ထောက်ပံ့မှုတွေ အများကြီး လိုပါသေးတယ်။
ကုသိုလ်အဖွဲ့ရဲ့ ကျောင်းစရိတ် အလှူကောက်ခံတဲ့ နှုန်းထားတွေကတော့ -
မူလတန်းကျောင်းသားတစ်ယောက်ကို တစ်လ ကျောင်းစရိတ် S$15
အလယ်တန်းကျောင်းသားတစ်ယာက်ကို တစ်လ ကျောင်းစရိတ် S$20
အထက်တန်းကျောင်းသားတစ်ယောက်ကို တစ်လ ကျောင်းစရိတ် S$25
ဖြစ်ပါတယ်။ ၂၀၀၉/၂၀၁၀ စာသင်နှစ်အတွက် ၈ လစာကောက်ခံမှာဖြစ်လို့ လစဉ် ထောက်ပံ့နိုင်သလို သို့မဟုတ် ၈လစာအပြတ်လည်း ထောက်ပံ့နိုင်ပါတယ်။
လစဉ်ကျောင်းစရိတ်ထောက်ပံ့တဲ့ စေတနာရှင်တွေကို ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းကို ပေးပို့ပေးမှာ လည်းဖြစ်ပါတယ်။
ကလေးများအတွက် ကျောင်းစရိတ်ကို ထောက်ပံ့ဖို့် စိတ်ဝင်စားရင် enquiry@kutho.org ကို ဆက်သွယ် မေးမြန်း နိုင်ပါတယ်။
ကျွန်တော့် မေမေပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ “ပညာရေးကို ထောက်ပံ့ကူညီတယ်ဆိုတာ၊ ပညာရေးတစ်ခုအတွက်သာမက၊ လူမှုရေးတည်ငြိမ်မှုတွေကိုပါ ကူညီပြီးသားဖြစ်တယ်...” ဆိုတာပါပဲ။
ဆိုလိုတာကတော့ ပညာတတ်တဲ့ လူတစ်ယောက်ဟာ အသိပညာပိုပြီးကြွယ်ဝလာပြီး လူကောင်းတစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်း ပိုပြီး များသွားလို့ပဲဖြစ်ပါတယ်။
အဲဒါကြောင့် ပညာရေးအတွက် လက်မနှေးပဲ ကူညီကြပါလို့ တိုက်တွန်းပါရစေ။
ကျောင်းသားလေးတစ်ယောက်ရဲ့ ကျေးဇူးတင်စကား...
ထောက်ပံ့ငွေကို ဆရာတော်တွေ စနစ်တကျ ကူညီမျှဝေပေး...
Posted by
P.Ti
at
Tuesday, May 19, 2009
10
comments
Links to this post
Labels: မျှဝေခံစားခြင်း
Tuesday, May 5, 2009
ကြွားပါရစေ
လွန်ခဲ့တဲ့ ခြောက်လလောက်ကတုန်းက ဓာတ်ပုံရိုက်ချင်တဲ့ ရောဂါတက်ပြီးတော့ DSLR တစ်လုံး လက်ဆော့ပြီးဝယ်ခဲ့တယ်။ ပထမတော့ Nikon D90 ၀ယ်မယ်လို့ စိတ်ကူးထားပေမယ့် ကိုယ့်အကြောင်းကိုယ်သာသိတော့ ဈေးပိုချိုတဲ့ D60 ကိုပဲဝယ်လိုက်တယ်။ ကိုယ်အကြောင်းဆိုတာလည်း တစ်ခုခုလုပ်မယ်ဆို စိတ်ကအင်မတန် ထက်သန်နေပြီး သိပ်မကြာခင်မှာပဲ ထက်သန်နေတဲ့စိတ်က ပျောက်ပျောက်သွားတတ်လွန်းလို့ပါ။
ဒီဘလော့ရေးတာလည်း သူများတွေရေးတော့ ရေးချင်လာပြီး ဘလော့လုပ်လိုက်မိတာ။ ဒီလောက်ကြာအောင်တောင် ရေးဖြစ်မယ်ထင်ခဲ့မိဘူး။ ပျင်းတတ်တော့ ခဏရေးပြီး ရပ်သွားမယ်ထင်နေတာ။ ဘာလို့လဲဆိုတော့ အမေကတောင် စာတတန် ပေတတန် ရေးရလောက်အောင် စာစီစာကုံးဆို ရေးဖို့ရာ အင်မတန်ပျင်းတာလေ။ စာစီစာကုံးမှတင် မဟုတ်ဘူး ကိုယ့်အတွက်ပြဌာန်းထားတဲ့ ကျောင်းစာဆို ဖတ်ရမှာ အင်မတန်ပျင်းတယ်။ အကိုတွေ၊ အမတွေရဲ့ ကျောင်းစာအုပ်တွေဆိုရင်တော့ အကုန်လိုက်ဖတ်တော့တာပဲ။
အခုလည်းကြည့် ဒီဘလော့ကိုစရေးတော့ စိတ်ပါပြီးရေးခဲ့ပေမယ့် နောက်ပိုင်းတော့ သွေးအေးလာတယ်လေ။ ကင်မရာလည်း အဲလိုပဲ တော်ကြာ ဈေးကြီးတာဝယ်ပြီးတော့မှ စိတ်မ၀င်စားတော့ဘူးဆို မလိုအပ်ပဲ ပိုကုန်မှာစိုးလို့။ Lens ဆိုလည်း 18-200mm ကိုပဲ သေချာဝယ်ထားတယ်။ နောက်တစ်ခုကတော့ portrait lens တစ်ခု။ သိပ်တောင် မသုံးဖြစ်ပါဘူး။
နောက်တစ်ချက်က ဓာတ်ပုံပညာကိုလည်း သိပ်ပြီးတော့ နားမလည်ဘူးဆိုတော့ သင်ရင်းရိုက်မှာဆိုတော့ entry level တစ်လုံးဆိုရပြီဆိုပြီးတော့လည်း စိတ်ကူးတာပါ။ ဓာတ်ပုံတွေ လှမလှပဲ ခံစားတတ်ခဲ့တာကိုး။ အခုလည်း ဓာတ်ပုံပညာကို နားလည်အောင် သင်နေတုန်းပါပဲ။ အတွေ့အကြုံရှိတာတော့ လက်ရှိကင်မရာကိုတော့ သိပ်မကြိုက်တော့ဘူး၊ အဓိကကတော့ focal point နည်းတာ နဲ့ lens အဟောင်းတွေ သုံးမရတာပဲ။ လဲတော့လဲမယ် အခုတော့ ခဏနေလိုက်ပါဦးမယ်...
တခြားအကြောင်းတွေ ပြောနေတာနဲ့ လေရှည်နေပြီ... ကဲ တကယ်ကြွားချင်တာကဒီမှာ...
ဖေဖော်ဝါရီလတုန်းက အမျိုးသားစာကြည့်တိုက်အဖွဲ့ရဲ့ http://www.pl.sg/ မှာ Share & Learn through photos ဆိုတဲ့ ကဏ္ဍမှာ ဓာတ်ပုံသုံးပုံကို စိတ်လိုလက်ရနဲ့ တင်လိုက်ပါတယ်။ ကိုယ်ဓာတ်ပုံလှလှလေးတွေ သူများတွေလည်း ကြည့်ပါစေဆိုတဲ့ စိတ်နဲ့ပေါ့။ ကိုယ့်ရိုက်တဲ့ ဓာတ်ပုံကို သူများတွေက မလှဘူးထင်လည်း ကိုယ်ကတော့ လှတယ်နေတာပဲလေ။
ပြီးခဲ့လကပဲ မထင်မှတ်ပဲ library က email ရပါတယ်။ Email ရရချင်းမှာ စာအုပ်အပ်ဖို့ သတိပေးတာထင်နေတာ။ သေချာဖတ်ကြည့်တော့မှ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံက နှစ်ပတ်တစ်ခါ ပေးတဲ့ဆု တစ်ဆု ရပါတယ်တဲ့။ Border Book Store ရဲ့ $15 တန် Gift Card တစ်ခုပါ။ တန်ဖိုးအားဖြင့်နည်းပေမယ့် မထင်မှတ်ထားတာရော၊ ကိုယ့်ဓာတ်ပုံကို သဘောကျတယ်ဆိုတာနဲ့တင် ပျော်ပြီး ကြည်နှုးနေမိတယ်။
အပျော်တွေကို မျှဝေရင်း ဒီမှာလည်း ကြွားလိုက်တယ်နော်.. :D
ဒီပုံတွေကို တင်ခဲ့တာလေ...
အလှချင်းပြိုင် လို့ ဒီပို့စ် မှာတင်ခဲ့ဖူးတဲ့...
အနီးကပ်အလှ ဆိုတဲ့ပုံ...
Edges လို့ ကိုယ့်ဘာသာကို အမည်ပေးထားတဲ့ဒီပုံ...
အကြွားခံပြီး စာဖတ်သွားတာ ကျေးဇူး...
Posted by
P.Ti
at
Tuesday, May 05, 2009
19
comments
Links to this post
Labels: ဓာတ်ပုံများ, ပီတိအကြောင်း
Monday, May 4, 2009
တိုက်တိုက်ဆိုင်ဆိုင်
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ဧပြီ ၃၀ရက် ညနေက သူငယ်ချင်းမိသားစုရဲ့ အစီအစဉ်နဲ့ BBQ လုပ်ဖြစ်တယ်လေ။ သူငယ်ချင်းကလည်း လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက သုံးရက်ဆက်တိုက်ပိတ်ရက်ရှိတဲ့ အပတ်ကိုရွေးပြီ ခဲရခဲဆစ် နေရာကို ကြိုတင် booking လုပ်ထားလေရဲ့လေ။
လုပ်ပြီးတော့မှ BBQ လုပ်မယ့်နေ့ကို ကျွန်တော်ကိုပြောတော့…
“ဟဲ့... နင်ကငါ့မွေးနေ့ကိုလုပ်ပေးမှာလား...” ဆိုတော့
“ဟာ... ငါက သတိတောင်မရဘူး... အဲလိုမှန်းသိ မလုပ်လိုက်ပါဘူး” တဲ့လေ။
တိုက်ဆိုင်သွားတာလေ...
အနားနီးလာတော့ သူကလည်း သတိပေးရဲ့။ BBQ မှာ ဘာတွေလုပ်ကြမှာလဲလို့လည်း ပြောဖြစ်ကြတယ်။
“ငါကတော့ ဟိုတစ်ခါလုပ်တဲ့ ငါးကင်လုပ်မယ် လို့ စိတ်ကူးထားတယ်...” လို့ ကျွန်တော်ကပြောတော့...
“အေး...ဟုတ်တယ်... ငါလည်း အဲဒီ ငါးကင် နင့်ကို လုပ်ခိုင်းမလို့ပဲ...”
အရင်တစ်ခါတုန်းက လျှို့ဝှက်စွာရထားတဲ့ recipe ကို အသုံးချပြီး ငါးကင်လုပ်ထားတာကို စားကောင်းလို့ အဲဒီသူငယ်ချင်း သတိရနေတယ်ထင်ပါရဲ့...
“ပြီးတော့ ငါ အကြော်လည်း စားချင်တယ်...” လို့ ဆက်ပြောလိုက်တယ်။
“ကောင်းတယ် ကောင်းတယ် ငါလည်း အကြော်စားချင်နေတာ... အကြော်ကြော်စားရရင် ရှယ်ပဲ... ဗူးသီးကြော်မယ်၊ ကြက်သွန်ကြော်မယ်၊ ဗယာကြော်မယ်...” နောက် သူငယ်ချင်းတစ်ယောက်ကလည်း ၀င်ပြောတယ်။
တိုက်ဆိုင်မှုတွေ ထပ်ရှိနေပြန်တာ...
ရုံးကအစောပြန် BBQ ကို ရောက်တော့ ငါးကင်တွေက ကျက်လုကျက်ခင်။ ဘယ်သူ့ငါးတွေလဲမေးတော့ တခြားသူငယ်ချင်းများ လုပ်လာတာဆိုပဲ။ ငါးကင် လုပ်မယ်ဆိုတာတောင် လာပြီး တိုက်ဆိုင်နေပြန်တယ်နော်...
ကြက်ကင်... ၀က်ကင်... ငါးကင်... ပုဇွန်ကင်... ကင်းမွန်ကင်... ကန်ဇွန်းဥကင်... ပြောင်းဖူးကင်... ကညွတ်ကင်... ပျိုမေလက်ချောင်းကင်...
အကင်တွေ အစုံစား အသောက်တောင် ကောင်းကောင်းမဖက်ဖြစ်ခဲ့တာ၊ ပြီးတာနဲ့ ဂဏန်း သချာင်္ ပြန်လည်နွေး၊ ဘုရင်တွေ၊ ဘုရင်မတွေ နဲ့ မိုးလင်းခဲ့ရပေတော့တယ်။
အကြော်ကြော်မယ့်အလုပ်စဖို့ အားမွေးစိတ်ကူး တရေးတမှေး ခဏတာ အိပ်စက်လိုက်ပါတော့တယ်။
“ဒုန်း... ဒုန်း... ဒုန်း... သားတို့ သမီးတို့ ထ ထ ထ...”
“ဒုန်း... ဒုန်း... ဒုန်း... ဟဲ့ ထကြထကြ... ငါတို့ တနာရီ အတွင်း ဒီကနေ ထွက်ပေးတော့မှာတဲ့…”
အိပ်ကောင်းတုန်း ဒီလိုအိပ်မက်တွေက မက်တတ်တယ်။ ကိုယ့်အိမ်မဟုတ်တဲ့ နေရာမှာ အိပ်ရင် ဒီလိုတော့ ဖြစ်နေကြပါပဲ…
“ဒုန်း... ဒုန်း... ဒုန်း... ဟဲ့ ထကြဦး... စာလာပို့သွားပြီ… တနာရီ အတွင်း ဒီကနေထွက်ပေးရမယ်တဲ့...”
အဲဒီတော့မှ အပြင်က သူငယ်ချင်း အမေ တံခါးကိုထုပြီး နှိုးနေတာကို သတိထားမိလိုက်တော့တယ်။
“ဘာဖြစ်လို့လဲ...”
“ဘာလို့ ဖယ်ပေးရမှာလဲ...”
အိပ်ချင်မူးတူးတဲ့ ထလာတဲ့သူတွေက တယောက်တပေါက်မေးလိုက်တော့
“ဒီနေရာကို အစိုးရက swine flu အတွက် quarantine centre အဖြစ်သတ်မှတ်လိုက်လို့ တနာရီအတွင်း ချက်ချင်းဖယ်ပေးရမယ်တဲ့...”
သြော်… သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် .....
(ဒါကတော့ ဗဒင်)တိုက်ဆိုင်လိုက်တာများနော်။ ဧပြီလ ၃၀ရက်၊
BBQ နေရာကို Quarantine Centre လုပ်မယ်တဲ့၊ ပြောလိုက်တာ ထွက်ပေးပါ အကြာဆုံး တနာရီ။
တုံးလိုက်တဲ့ အစီအစဉ်တွေ ဘယ်ကလဲ မမေးပါနဲ့၊ အပူတွေဆင့်ကထူတဲ့ ပူကာစင် ကွဲ့။
ပစ္စည်းတွေနဲ့ ရှုပ်ထွေးကာပွေလီ။ အဟုတ်ပဲ ဖယ်ကာပေးရမည်ဆိုတော့၊
အကြော်တောင် မစားလိုက်ရ၊ အဖော်တွေ နဲ့ ကားတွေငှားရ၊
ဗူးသီးကိုဆွဲကာတင်၊ အဲဒီ အရူးကြီးတွေကို ဆဲကာပစ်လိုက်ချင်တယ်၊
ကဲမထူးပါဘူး အိမ်ရောက်မှပဲ တရှုးရှုးနဲ့ အိပ်လိုက်ပါတော့မယ်။
လွမ်းချင်းလို ငြီးငြီး၊ တွံ့တေးသိန်းတန်လို ဆိုဆို၊ ခမ်းခမ်းစိုင်းလှိုင်လို ဟစ်ဟစ်၊ ခံစားချက်ရှိသလိုသာ ဖတ်ပါတော့။ ဒီမှာတော့ အိမ်ကအအေးခန်းထဲမှာ အတောင်ပံတွေ ဖြန့်ခင်း ကာထားနေရဆဲ. . .
ဆက်စပ်ဖတ်ရှုရန်: http://newpaper.asia1.com.sg/news/story/0,4136,200757,00.html
Posted by
P.Ti
at
Monday, May 04, 2009
7
comments
Links to this post
Labels: ပီတိအကြောင်း, ဟိုရောက် ဒီရောက်