Monday, May 4, 2009

တိုက်တိုက်ဆိုင်ဆိုင်

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ဧပြီ ၃၀ရက် ညနေက သူငယ်ချင်းမိသားစုရဲ့ အစီအစဉ်နဲ့ BBQ လုပ်ဖြစ်တယ်လေ။ သူငယ်ချင်းကလည်း လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက သုံးရက်ဆက်တိုက်ပိတ်ရက်ရှိတဲ့ အပတ်ကိုရွေးပြီ ခဲရခဲဆစ် နေရာကို ကြိုတင် booking လုပ်ထားလေရဲ့လေ။

လုပ်ပြီးတော့မှ BBQ လုပ်မယ့်နေ့ကို ကျွန်တော်ကိုပြောတော့…
“ဟဲ့... နင်ကငါ့မွေးနေ့ကိုလုပ်ပေးမှာလား...” ဆိုတော့
“ဟာ... ငါက သတိတောင်မရဘူး... အဲလိုမှန်းသိ မလုပ်လိုက်ပါဘူး” တဲ့လေ။
တိုက်ဆိုင်သွားတာလေ...

အနားနီးလာတော့ သူကလည်း သတိပေးရဲ့။ BBQ မှာ ဘာတွေလုပ်ကြမှာလဲလို့လည်း ပြောဖြစ်ကြတယ်။
“ငါကတော့ ဟိုတစ်ခါလုပ်တဲ့ ငါးကင်လုပ်မယ် လို့ စိတ်ကူးထားတယ်...” လို့ ကျွန်တော်ကပြောတော့...
“အေး...ဟုတ်တယ်... ငါလည်း အဲဒီ ငါးကင် နင့်ကို လုပ်ခိုင်းမလို့ပဲ...”
အရင်တစ်ခါတုန်းက လျှို့ဝှက်စွာရထားတဲ့ recipe ကို အသုံးချပြီး ငါးကင်လုပ်ထားတာကို စားကောင်းလို့ အဲဒီသူငယ်ချင်း သတိရနေတယ်ထင်ပါရဲ့...

“ပြီးတော့ ငါ အကြော်လည်း စားချင်တယ်...” လို့ ဆက်ပြောလိုက်တယ်။
“ကောင်းတယ် ကောင်းတယ် ငါလည်း အကြော်စားချင်နေတာ... အကြော်ကြော်စားရရင် ရှယ်ပဲ... ဗူးသီးကြော်မယ်၊ ကြက်သွန်ကြော်မယ်၊ ဗယာကြော်မယ်...” နောက် သူငယ်ချင်းတစ်ယောက်ကလည်း ၀င်ပြောတယ်။
တိုက်ဆိုင်မှုတွေ ထပ်ရှိနေပြန်တာ...

ရုံးကအစောပြန် BBQ ကို ရောက်တော့ ငါးကင်တွေက ကျက်လုကျက်ခင်။ ဘယ်သူ့ငါးတွေလဲမေးတော့ တခြားသူငယ်ချင်းများ လုပ်လာတာဆိုပဲ။ ငါးကင် လုပ်မယ်ဆိုတာတောင် လာပြီး တိုက်ဆိုင်နေပြန်တယ်နော်...

ကြက်ကင်... ၀က်ကင်... ငါးကင်... ပုဇွန်ကင်... ကင်းမွန်ကင်... ကန်ဇွန်းဥကင်... ပြောင်းဖူးကင်... ကညွတ်ကင်... ပျိုမေလက်ချောင်းကင်...

အကင်တွေ အစုံစား အသောက်တောင် ကောင်းကောင်းမဖက်ဖြစ်ခဲ့တာ၊ ပြီးတာနဲ့ ဂဏန်း သချာင်္ ပြန်လည်နွေး၊ ဘုရင်တွေ၊ ဘုရင်မတွေ နဲ့ မိုးလင်းခဲ့ရပေတော့တယ်။

အကြော်ကြော်မယ့်အလုပ်စဖို့ အားမွေးစိတ်ကူး တရေးတမှေး ခဏတာ အိပ်စက်လိုက်ပါတော့တယ်။

“ဒုန်း... ဒုန်း... ဒုန်း... သားတို့ သမီးတို့ ထ ထ ထ...”
“ဒုန်း... ဒုန်း... ဒုန်း... ဟဲ့ ထကြထကြ... ငါတို့ တနာရီ အတွင်း ဒီကနေ ထွက်ပေးတော့မှာတဲ့…”

အိပ်ကောင်းတုန်း ဒီလိုအိပ်မက်တွေက မက်တတ်တယ်။ ကိုယ့်အိမ်မဟုတ်တဲ့ နေရာမှာ အိပ်ရင် ဒီလိုတော့ ဖြစ်နေကြပါပဲ…

“ဒုန်း... ဒုန်း... ဒုန်း... ဟဲ့ ထကြဦး... စာလာပို့သွားပြီ… တနာရီ အတွင်း ဒီကနေထွက်ပေးရမယ်တဲ့...”

အဲဒီတော့မှ အပြင်က သူငယ်ချင်း အမေ တံခါးကိုထုပြီး နှိုးနေတာကို သတိထားမိလိုက်တော့တယ်။

“ဘာဖြစ်လို့လဲ...”
“ဘာလို့ ဖယ်ပေးရမှာလဲ...”
အိပ်ချင်မူးတူးတဲ့ ထလာတဲ့သူတွေက တယောက်တပေါက်မေးလိုက်တော့

“ဒီနေရာကို အစိုးရက swine flu အတွက် quarantine centre အဖြစ်သတ်မှတ်လိုက်လို့ တနာရီအတွင်း ချက်ချင်းဖယ်ပေးရမယ်တဲ့...”

သြော်… သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် .....
(ဒါကတော့ ဗဒင်)


တိုက်ဆိုင်လိုက်တာများနော်။ ဧပြီလ ၃၀ရက်၊
BBQ နေရာကို Quarantine Centre လုပ်မယ်တဲ့၊ ပြောလိုက်တာ ထွက်ပေးပါ အကြာဆုံး တနာရီ။
တုံးလိုက်တဲ့ အစီအစဉ်တွေ ဘယ်ကလဲ မမေးပါနဲ့၊ အပူတွေဆင့်ကထူတဲ့ ပူကာစင် ကွဲ့။
ပစ္စည်းတွေနဲ့ ရှုပ်ထွေးကာပွေလီ။ အဟုတ်ပဲ ဖယ်ကာပေးရမည်ဆိုတော့၊
အကြော်တောင် မစားလိုက်ရ၊ အဖော်တွေ နဲ့ ကားတွေငှားရ၊
ဗူးသီးကိုဆွဲကာတင်၊ အဲဒီ အရူးကြီးတွေကို ဆဲကာပစ်လိုက်ချင်တယ်၊
ကဲမထူးပါဘူး အိမ်ရောက်မှပဲ တရှုးရှုးနဲ့ အိပ်လိုက်ပါတော့မယ်။

လွမ်းချင်းလို ငြီးငြီး၊ တွံ့တေးသိန်းတန်လို ဆိုဆို၊ ခမ်းခမ်းစိုင်းလှိုင်လို ဟစ်ဟစ်၊ ခံစားချက်ရှိသလိုသာ ဖတ်ပါတော့။ ဒီမှာတော့ အိမ်ကအအေးခန်းထဲမှာ အတောင်ပံတွေ ဖြန့်ခင်း ကာထားနေရဆဲ. . .

ဆက်စပ်ဖတ်ရှုရန်: http://newpaper.asia1.com.sg/news/story/0,4136,200757,00.html

7 comments:

ရွှေဂျမ်း said...

အကင်တွေ စားချင်စရာပါလား။ ဖတ်ရင်း ငါးကင်ကို စားချင်လာတယ်။ မွေးနေ့ပွဲ နောက်နေ့မနက်မှာ အိပ်ရေးပျက်သွားတာ စိတ်မကောင်းပါဘူး။ အစိုးရကိုယ်တိုင်က အဲဒီလို ပြင်ဆင်ထားတယ်ဆိုတာ ကောင်းတော့လည်း ကောင်းပါတယ်။ ဒီမှာလည်း swine flu ကြောက်နေကြလေရဲ့။

Moe Cho Thinn said...

အော် သူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင်ပါလား။
ဖြစ်မှ ဖြစ်ရလေ။
အကင်တွေကိုတော့ သွားရည်ကျသလေ..
တို့ စလုံးလာလည်ရင်လဲ အဲဒီလို လုပ်ကျွေးနော်..

မေ့သမီး said...

အကင်စားချင်လိုက်တာ။

မေ့သမီး said...

အဲဒီစင်္ကာပူအစိုးရက လုပ်ပါတယ်။ အဲလိုပဲ။ ဘာ flu ညာ flu တွေပေါ်လာတိုင်း၊ ဆားစ်ဆိုလည်း သေချာလုပ်ပါတယ်။ ဒါပေမယ့် ကြည့်လို့မရတာက ပြီးတာနဲ့ သူတို့လုပ်လိုက်လို့ ဘယ်လိုအောင်မြင်သွားတယ်ဆိုတာကို စာအုပ်စာတမ်းနဲ့ ကြွားတော့တာ။ ပြီးတော့ ဖတ်ချင်မှန်းမသိ၊ မဖတ်ချင်မှန်းမသိ ကျောင်းကပွဲတွေမှာလာပေးပြီ။ အမြင်ကတ်တယ်။

နန်းဝါ၀ါမောင် said...
This comment has been removed by the author.
nanwarwarmg said...

အကင်တွေကရှယ်ပဲနော်...
ပို့စ်လေးကို ပြုံးပြုံးလေးနဲ့ ဖတ်သွားပါတယ်....း)

P.Ti said...

ရွှေဂျမ်းရေ... အကင်တွေကတော့ရှယ်ပဲ နောက်တစ်ရက်စာတောင်ကျန်သေးတယ်။ ငါးကင်ကတော့ ရှယ်ပဲ... စားချင်ရင်ပြော secret recipe ကိုပေးမယ်လေ...
swine flu အတွက် ပြင်ဆင်တာကောင်းပါတယ် မကောင်းတာက ထွက်ပေးဖို့ တစ်နာရီပဲ အချိန်ပေးတာပဲ။ ထွက်ပေးရတာ ၀ရုန်းသုန်းကားလေ။

အဟဲ အမချိုသင်း လာမယ့်အချိန်သာကြိုပြော... အကင်တွေအဆင်သင့်ဖြစ်စေရမယ်...

ဟုတ်တယ် မေ့သမီး.. သတို့က လုပ်တာထက် ပြောတာများများပဲ... လုပ်တော့လုပ်သေးတာပေါ့လို့ အောက်မေ့ရတာပဲ။

ကျေးဇူးပါ နန်းဝါ၀ါမောင်.. အကင်တွေအတွက် ကျန်တဲ့ တောင်ပံတွေ အိမ်မှာတောင်ကျန်နေသေးတယ်လေ။ ပြုံးသွားတယ်ဆိုလို့ ၀မ်းသာပါတယ်း)

Ratings