Tuesday, May 19, 2009

ပညာရေးမို့ လက်မနှေးစေလို

မြန်မာလူမျိုး တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မညှာမတာ ၀ါးမြို၊ ဖြိုဖျက် ခဲ့တဲ့ နာဂစ်မုန်တိုင်း ဟာ ဘယ်သူကမှ မဖိတ်ခေါ်ရပါပဲ ကျွန်တော်တို့ မြန်မာပြည်ကို ရက်ရက်စက်စက် ကျူးကျော် ၀င်ရောက် တိုက်ခတ်ခဲ့တာ အချိန်ကာလတာအားဖြင့် တစ်နှစ်တာ ကျော်လွန်ခဲ့ပါပြီ။

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အဓိကရှိရာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းမှ လူဦးရေ တစ်သိန်းခွဲကျော် အသက်ဆုံးရှုံးခဲ့ရပြီး သန်းနဲ့ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

သေဘေးမှလွတ် အသက်ရှင်ကျန်ခဲ့သူများအတွက် မြန်မာနိုင်ငံမှ ပြည်သူများ၊ နိုင်ငံတကာရှိ မြန်မာလူမျိုးတွေ၊ ကမ္ဘာအရပ်ရပ်က စေတနာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက မုန်တိုင်းဖြစ်ပြီးစမှာ အရေးပေါ် ကူညီခဲ့ကြပါတယ်။

အရေးပေါ် အကူအညီများ ဆောင်ရွက်လို့ မပြီးသေးခင်မှာပဲ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့ မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးများ ကျောင်း ဆက်တက်ဖို့ရာ အခက်အခဲများစွာရှိနေကြပါတယ်။

မိဘမဲ့ ကျောင်းသားကလေးတွေရဲ့ ပညာရေးကို ဆက်လက်နိုင်စေရန်သာမက လမ်းစ ပျောက်ဆုံးပြီး၊ အနာဂါတ်မဲ့တဲ့ ကလေးငယ်တွေအဖြစ်ကပါ ကာကွယ်ဖို့ အတွက်
စင်္ကာပူမှာရှိတဲ့ စေတနာရှင် သူငယ်ချင်းတစ်စုကနေပြီး သူတို့ ပတ်ဝန်ကျင်ရှိ အသိမိတ်ဆွေတွေဆီကနေ အလှူငွေ ကောက်ခံပြီး ကျောင်းစရိတ်ထောက်ပံ့ပေးတဲ့ အဖွဲ့လေးတစ်ခု ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ အဖွဲနာမည်ကိုတော့ ကုသိုလ် ဆိုပြီး နာမည်ပေးခဲ့ကြတယ်။


အဲဒီအဖွဲ့က ကောက်ခံရတဲ့ အလှူငွေများနဲ့ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း နဲ့ ရန်ကုန်မြို့နယ်တို့မှ မိဘမဲ့ ကလေးတွေ နဲ့ ကျောင်းနေချင်သော်လည်း ချို့တဲ့တဲ့ ကျောင်းသား စုစုပေါင်း ၅၃၉ ယောက် အတွက် ၂၀၀၈/၂၀၀၉ ပညာနှစ်ကျောင်းစရိတ်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

အခုတခါ ၂၀၀၉/၂၀၁၀ ပညာသင်နှစ်စတင်ချိန်လည်း နီးကပ်လာပြန်ပါပြီ။ ကုသိုလ်အဖွဲ့ရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေကို ဆက်လုပ်ဆောင်ရွက်နိုင်ဖို့ လုပ်အားအလှူရှင် တွေစုပေါင်းပြီး ကျောင်းစရိတ်ထောက်ပံ့ငွေများကို ထပ်မံကောက်ခံနေပါပြီ။ မနှစ်က ထောက်ပံ့ခဲ့တဲ့ ကျောင်းသားတွေကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးဖို့ အလှူငွေကို ကောက်ခံနေခဲ့ရာမှာ ကျောင်းသား ၁၀၀ ကျော်ခန့် အလှူငွေရရှိဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီး အခက်အခဲများစွာ ကြုံတွေ့နေကြရတဲ့ ကျောင်းသားလေးတွေရဲ့ အနာဂတ် အေးချမ်းစေ ဖို့အတွက် ကျွန်တော်တို့တတွေရဲ့ ထောက်ပံ့မှုတွေ အများကြီး လိုပါသေးတယ်။

ကုသိုလ်အဖွဲ့ရဲ့ ကျောင်းစရိတ် အလှူကောက်ခံတဲ့ နှုန်းထားတွေကတော့ -
မူလတန်းကျောင်းသားတစ်ယောက်ကို တစ်လ ကျောင်းစရိတ် S$15
အလယ်တန်းကျောင်းသားတစ်ယာက်ကို တစ်လ ကျောင်းစရိတ် S$20
အထက်တန်းကျောင်းသားတစ်ယောက်ကို တစ်လ ကျောင်းစရိတ် S$25
ဖြစ်ပါတယ်။ ၂၀၀၉/၂၀၁၀ စာသင်နှစ်အတွက် ၈ လစာကောက်ခံမှာဖြစ်လို့ လစဉ် ထောက်ပံ့နိုင်သလို သို့မဟုတ် ၈လစာအပြတ်လည်း ထောက်ပံ့နိုင်ပါတယ်။

လစဉ်ကျောင်းစရိတ်ထောက်ပံ့တဲ့ စေတနာရှင်တွေကို ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းကို ပေးပို့ပေးမှာ လည်းဖြစ်ပါတယ်။

ကလေးများအတွက် ကျောင်းစရိတ်ကို ထောက်ပံ့ဖို့် စိတ်ဝင်စားရင် enquiry@kutho.org ကို ဆက်သွယ် မေးမြန်း နိုင်ပါတယ်။

ကျွန်တော့် မေမေပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ “ပညာရေးကို ထောက်ပံ့ကူညီတယ်ဆိုတာ၊ ပညာရေးတစ်ခုအတွက်သာမက၊ လူမှုရေးတည်ငြိမ်မှုတွေကိုပါ ကူညီပြီးသားဖြစ်တယ်...” ဆိုတာပါပဲ။

ဆိုလိုတာကတော့ ပညာတတ်တဲ့ လူတစ်ယောက်ဟာ အသိပညာပိုပြီးကြွယ်ဝလာပြီး လူကောင်းတစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်း ပိုပြီး များသွားလို့ပဲဖြစ်ပါတယ်။

အဲဒါကြောင့် ပညာရေးအတွက် လက်မနှေးပဲ ကူညီကြပါလို့ တိုက်တွန်းပါရစေ။


ကျောင်းသားလေးတစ်ယောက်ရဲ့ ကျေးဇူးတင်စကား...


ထောက်ပံ့ငွေကို ဆရာတော်တွေ စနစ်တကျ ကူညီမျှဝေပေး...



10 comments:

တန်ခူး said...

မနှစ်က အမ ကလေးတယောက်ကို လှူဖြစ်တယ်… ဒီနှစ်အဲဒီကလေးကို ဆက်လှူမယ့်အပြင် နောက်ထပ် ကလေးနှစ်ယောက်လှူဖို့ ပြောထားတယ်… ခုလို နှိုးဆော်တာ ကျေးဇူးပါကိုပီတိရေ….

သက်ဝေ said...

အမမှာလဲ မွေးစားထားတဲ့ သားတစ်ယောက်နဲ့ သမီးလေး နှစ်ယောက်ရှိပါတယ်... မနှစ်က စာမေးပွဲတွေ သူတို့ အောင်ကြတယ်... ဒီနှစ်လဲ အဲဒီ ၃ ယောက်ကိုပဲ ဆက် တာဝန်ယူထားပါတယ်...
ကိုပီတိ ပြောတဲ့ အဖွဲ့နဲ့ တဖွဲ့ထဲပါပဲ... နောက်ထပ်အလှုရှင်တွေ ပေါ်လာအောင်
နှိုးဆော်ပေးတာ သာဓုပါ ကိုပီတိရေ...

sonata-cantata said...

“ဒို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ဒို့လုပ်ရမယ့် အရာ” ကို လုပ်ကြရမှာပါ ကိုပီတိရေ...

မိုးခါး said...

ခုလို ပြောပြပေးတာကျေးဇူးတင်ပါတယ် .. ဆက်သွယ်လိုက်ပါ့မယ် ..

P.Ti said...

@အမတန်ခူး နဲ့ အမသက်ဝေ
ဘလောကာတွေ စာရေးတာလက်သွက်သလို ကူညီတဲ့နေရာမှာလဲ လက်မနှေးဘူးဆိုတာ သိရလို့ ၀မ်းသားဂုဏ်ယူမိပါတယ်

@မသီတာ
ဟုတ်ပါတယ် အမ။ ဘာကြောင့် ဘာတွေ ဖြစ်ဖြစ် လုပ်သင့်တာကို လုပ်ရမှာပါပဲ

@မိုးခါး
ကျေးဇူးအများကြီးတင်ပါတယ် :)

Kay said...

ပီတိရေ- သာဓု သာဓု
မတန်ခူးတို့ မသက်ဝေ တို့လိုပဲ.. ကလေးသာ မွေးစားလိုက်တော့နော်... ( စောင့်မနေနဲ့တော့)

း))))

စကားချပ်- ပီတိ မေမေပြောတဲ့စကား သိပ်မှန်တာပေါ့။

P.Ti said...

မကေရေ.. ကျွန်တော်က ကလေးလိုချင်တယ်လို့ပြောရသေးဘူးနော်... တဆင့်ကျော်ချင်လို့ ဘယ်ဖြစ်ပါ့မလဲ...

အဟဲ မကေလည်း မွေးစားချင်ရင်ပြော...

Kay said...

သိဘူးလေ.. အလုပ်ရှုပ် သက်သာအောင်.. ရယ်ဒီမိတ် များ တွေးနေသလားလို့း)

P.Ti said...

အဲလိုတွေးရင်တော့ ရယ်ဒီမိတ်ထက် Buy-One-Get-One-Free က ပိုမကောင်းဘူးလား.. ဟိဟိ

JulyDream said...

နိုင်သလောက် လုပ်ပေးနေကြတာကို မြင်မိတော့ လေးစားပါတယ်ဗျာ။ အားလည်း ကျပါတယ်။ အတုလည်း ယူပါတယ်။

ကျွန်တော်လည်း ပတ်ဝန်းကျင်မှာ လက်ဆင့်ကမ်း နှိုးဆော်ပေးပါအုံးမယ်။

Ratings