Friday, June 26, 2009

ကြုံတွေ့ခဲ့ဖူးတဲ့ စာကြည့်တိုက်များ

တလောက စာကြည့်အကြောင်းနဲ့ပတ်သက်ပြီး သူများဘလော့တွေမှာ ရေးထားတာလေးတွေဖတ်လိုက်မိတော့ ရေးမယ်လို့ စိတ်ကူးထားပြီး မရေးဖြစ်တဲ့ ကြုံတွေ့ခဲ့ဖူးတဲ့ စာကြည့်တိုက်များအကြောင်းကို ရေးဖို့စိတ်ကူးရလာပါတယ်။

မူလတန်းကျောင်းသားဘ၀မှာ တက်ခဲ့ရတဲ့ကျောင်းက ဘုန်းကြီးကျောင်းမှာဆိုတော့ စာကြည့်တိုက်ဆိုတာ ဘယ်လိုပုံစံမှန်းတောင်မသိခဲ့ပါဘူး။

စာဖတ်ဝါသနာပါတဲ့ မိဘတွေကြောင့် စာအုပ်တွေ အများကြီးရှိတဲ့ အိမ်မှာ ကြီးပြင်းခဲ့ရတော့ ကိုယ့်အိမ်က ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ စာကြည့်တိုက်လို့ ပြောရင်လည်း မမှားဘူးပေါ့။ အိမ်မှာက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စတဲ့ ကလေးစာအုပ်တွေ စုထားတာရှိတော့ ကျောင်းပိတ်တဲ့အချိန် အဟောင်းတွေပြန်ဖွပြီးဖတ်ရတာ အရသာတစ်မျိုးပါပဲ။

လေးတန်းတက်နေတဲ့အချိန်မှာ ရုပ်ပုံတွေပါတဲ့ စာအုပ်တွေဖတ်ရတာ ရိုးလာပြီး ၀တ္တုအတိုလေးဖတ်ကြည့်လိုက်ရာက စာတွေကိုဖတ်ပြီး စိတ်ကူးထဲမှာ ပုံဖော်ပြီးမြင်ကြည့်ရတဲ့ အရသာကို တော်တော်လေးကြိုက်သွားပါတယ်။ အဲဒီကစပြီးတော့ အိမ်မှာရှိတဲ့ လူထုဦးလှရဲ့ ပုံပြင်စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဆွဲချပြီးဖတ်ပါတော့တယ်။ အဲဒီအချိန်မှာတုန်းကတော့ ကျွန်တော်သံလွင်ဖောင်စီးကျွန်တော် ဗြူရိုကရက်ကျွန်တော်ဆားချက်သမား စတဲ့စာအုပ်တွေကိုတော့ သိပ်ပြီး စိတ်မ၀င်စားမိသေးဘူး။

ငါးတန်း စတက်တော့ အထက်တန်းကျောင်းမှာ ကျောင်းတက်ရပါတယ်။ ကျောင်းမှာ စာကြည့်တိုက်ဆိုတာ အမည်သာရှိပေမယ့် ဟောခန်းမကြီးထဲက ချောင်တွေမှာ စာအုပ်ဗီရိုတွေကို စီကပ်ထားပြီး၊ အဲဒီဗီရိုတွေကို သော့ခလောက်တွေအမြဲခတ်ထားတာပါပဲ။ ဘယ်ကျောင်းသားမှ စာအုပ်ကို ငှားခွင့်မရှိသလို၊ ဘယ်လိုငှားရမယ်ဆိုတာလည်း မသိခဲ့ဘူး။

အဲဒီအချိန်မှာ အိမ်မှာ ကျွန်တော် ဖတ်နိုင်တဲ့ စာအုပ်တွေကလည်း တော်တော်လေးကုန်နေပြီ။ အဲဒီမှာ ခြောက်တန်းတက်နေတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက ပြန်ကြားရေးစာကြည့်တိုက်မှူး။ အဲဒီသူငယ်ချင်းဆီကနေ အသင်းဝင်ပြီး စာအုပ်ငှားလို့ရတယ်ဆိုတဲ့အကြောင်း သိပြီး အဲဒီစာကြည့်တိုက်မှာ
အသင်းဝင်လိုက်ပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ် စာကြည့်တိုက်ကို အသုံးပြုဖူးတာပါပဲ။

ပြန်ကြားရေးစာကြည့်တိုက်မှာ မဂ္ဂဇင်းတွေ နဲ့ စာပေဗိမာန်စာမူဆုရတဲ့ စာအုပ်ပဲရှိတာများပါတယ်။ စာကြည့်တိုက်ဆိုပေမယ့် အခန်းအကျယ်က အလျား ပေနှစ်ဆယ်၊ အနံ ဆယ်ပေလောက်ပဲ ရှိတဲ့ အခန်းထဲမှာ စာအုပ်စင် လေးစင်လောက်ပဲရှိပါတယ်။ နောက်ပြီး စာအုပ် ကတ်တလောက်ရယ်လို့ရှိပေမယ့် မသုံးဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီကတ်တလောက်မှာ စာရင်းရှိပေမယ့် စာအုပ်မရှိတာတွေလည်းရှိတာများနေတော့ လိုချင်တဲ့ စာအုပ်ကို စာအုပ်စင်မှာပဲ ရှာပြီးပဲငှားလိုက်တာပါပဲ။

အဲဒီကတည်းက ပိုင်မှဆိုင်မှ ရတယ်ဆိုတဲ့ စနစ်က ထွန်းကားနေပါပြီ။ ပြန်ကြားရေးစာကြည့်တိုက်မှာ ဘယ်တော့မှ စာအုပ်အသစ်၊ မဂ္ဂဇင်းအသစ်ဆို ငှားလို့မရပါဘူး။ သူတို့နဲ့ သိတဲ့လူတွေက လက်ဆင့်ကမ်းဖတ်နေကြပြီး တော်တော်လေးဟောင်းမှသာ သာမန်အသင်းသားတွေငှားလို့ရတဲ့ စင်ပေါ်ကိုရောက်ပါ့တယ်။ အဲတော့ အဟောင်းထဲက ကောင်းလေးတွေပဲ ရှာရှာပြီးပဲ ဖတ်ရပါတယ်။ အဲဒီစာကြည့်တိုက်ကနေပြီး ဖိုးကျော့၊ လယ်တွင်းသားစောချစ်၊ ကြူရတနာ မောင်မြကြိုင် စတဲ့ စာရေးဆရာတွေတဲ့ စာတွေကို ရင်းနှီးခဲ့ပါတယ်။ အရင်က စာပေဗိမာန် စာပေဆုကလည်း သေချာစီစစ်ပြီးမှပေးတော့ ဆုရစာအုပ်တွေကလည်း အင်မတန်ဖတ်လို့ကောင်းခဲ့တယ်။

၈၈ အရေးအခင်းဖြစ်ပြီးကာစ ကျောင်းတွေပိတ်ထားတော့ စာဖတ်နှုန်းကပိုမြန်လာပြီး ပြန်ကြားရေး စာကြည့်တိုက်က စာအုပ်တွေ တော်တော်များများကို ဖတ်ပြီးသွားပါပြီ။ အဲဒီတော့ကျမှ အရင်က မမှတ်ဖြစ်ခဲ့တဲ့ အိမ်က စာအုပ်တွေက ကိုပြန်ပြီးဖွပါတော့တယ်။

အရင်က ဦးနုဆိုတာ ၀န်ကြီးချုပ်ဟောင်းဆိုတာပဲ သိခဲ့ပြီး ရက်စက်ပါ့ပေကွယ် ဆိုတဲ့ စာအုပ်မှာ စာရေးသူနာမည်ကို ဦးနု လို့တွေ့တော့မှ စာလည်းရေးတယ်ဆိုတာသိခဲ့ရတယ်။ စာရေးတဲ့လူတွေက နိုင်ငံရေးလုပ်တာလား၊ နိုင်ငံရေးလုပ်တဲ့လူတွေက စာရေးတာလား မသိဘူး။ နိုင်ငံရေးသမားတွေရေးစာတွေကတော့ လက်က မချနိုင်အောင် ကောင်းပါတယ်။ ဦးနုရဲ့ ငရဲဆိုတာချိုနဲ့လား ဆိုတဲ့ စာအုပ်ကိုဆို ဖတ်လို့ကောင်းလို့ ၃ခေါက် ဖတ်ပြီးပါပြီ။

အရေးအခင်းပြီး ကျောင်းတစ်နှစ်လောက်ပိတ်ပြီး ပြန်ဖွင့်တော့ မေမေကို အထက်တန်းကျောင်းရဲ့ စာကြည့်တိုက်မှူး အဖြစ် တာဝန်ပေးလိုက်ပါတယ်။ တခြားဆရာမတွေက စာကြည့်တိုက်မှူတာဝန်မယူချင်ကြပါဘူး၊ စာသင်ရတဲ့အပြင် အလုပ်တစ်ခုပိုလာလို့ပါပဲ။ မေမေကတော့ စာကြည့်တိုက်မှူးဖြစ်သွားတာဟာ ကျောင်းသွားတွေကို စာကြည့်တိုက်နဲ့ ထိတွေ့ပေးဖို့ အခွင့်အရေးလို့ ယူဆပြီ ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းရဲ့ ဟောခန်းကြီးရဲ့ ချောင်ကပ်နေတဲ့ စာအုပ်တွေကို သေချာထားဖို့ အခန်းသီးသန့်တောင်းယူပြီး စာကြည့်တိုက်ကို သေချာပြင်ဆင်ပါတယ်။ ၀ါသနာပါတဲ့ ဆရာ၊ဆရာမများ နဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အကူအညီယူပြီးတော့ စာကြည့်တိုက်တခုပီပြင်စေခဲ့ပါတယ်။

စာကြည့်တိုက်မှူးဖြစ်လာတော့ မေမေက ကျောင်းကို စောစောသွားပြီး ကျောင်းသားတွေ ကျောင်းမတက်ခင် စာဖတ်နိုင်ဖို့ စာကြည့်တိုက်ကိုဖွင့်ပေးခဲ့ပါတယ်။ ကျောင်းကိုဘယ်လောက် စောစောသွားသွား စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ ကျောင်းသားလေးတွေက မနက်ဆို မေမေကို စောင့်လို့နေပါတယ်။ အဲလိုကျောင်းသားတွေက စိတ်အားထက်သန်လေ မေမေက ကျောင်းကို ပိုပြီး စောစောရောက်အောင်သွား ကြိုးစားသွားလေပါပဲ။ စာအုပ်ငတ်နေတဲ့ ကျောင်းသားလေးတွေ အငမ်းမရစာဖတ်တာကိုတွေ့ရတာ မေမေ ၀မ်းသာကြည်နူးပီတိဖြစ်ရပါတယ်လို့ ပြောပါတယ်။

ကျောင်းစာကြည့်တိုက်မှာ ဆရာရော ကျောင်းသားပါ အခွင့်အရေးအတူတူပဲ စာအုပ်ငှားခွင့်ရှိပါတယ်။ တချို့ဆရာတွေက အခွင့်အရေးပိုလိုချင်ပေမယ့် စည်းကမ်းကိုတင်းကြပ်ထားတော့ အခွင့်အရေးပိုလိုချင်တဲ့ တချို့ဆရာ ဆရာမတွေနဲ့ ငြိုငြင်မှုကို မေမေ ခံခဲ့ရပါတယ်။ နောက်ပြီး ကျောင်းသားတွေ စာအုပ်အပ်ရက်ကျော်ပြီး မအပ်ပဲနေရင် အတန်းထဲအထိလိုက်ပြီး အပ်ခိုင်းတတ်လို့ နောက်ပိုင်းမှာ ကျောင်းသားတွေလည်း စာအုပ်မအပ်ပဲ မနေရဲတော့ဘူးပေါ့။

ဆယ်တန်းအောင်ပြီး အထက်တန်းကျောင်းကထွက်လာ၊ ရန်ကုန်ရောက်လာတော့ အစ်ကိုဖြစ်တဲ့သူရဲ့ လမ်ညွှန်မှုနဲ့ အမေရိကန်သံရုံးရဲ့ ပြန်ကြားရေးလုပ်ငန်းက စာကြည့်တိုက်မှာ အသင်းဝင်ခဲ့ပါတယ်။ အသင်းဝင်ကြေးတော့ မပေးခဲ့ရပါဘူး။

နောက်ပိုင်းမှာတော့ British Council ကဖွင့်တဲ့ စာကြည့်တိုက်မှာ အခကြေးပေးပြီးတော့ (FEC ၉၀ လောက်ပေးရတယ် ထင်ပါတယ်။ မေ့တေ့တေ့ဖြစ်နေပြီ) စာအုပ်တွေငှားခဲ့ပါတယ်။ British Council က ခပ်လွယ်လွယ်ဖတ်လို့ရတဲ့ အင်္ဂလိပ်စာအုပ်ငယ်လေးတွေကို ဖတ်ရတာ သဘောကျမိတယ်။ ကိုယ့်အင်္ဂလိပ်စာကလည်း ခပ်ကောင်းကောင်းဆိုတော့ အ၀ါရောင်၊ အစိမ်းရောင် လေဘယ်ပါတဲ့ စာအုပ်လောက်တွေကို အဖတ်များခဲ့ပါတယ်။ အဲဒီထက်မြင့်ရင် Dictionary ကြည့်ရလွန်းလို့လေ။

မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက်က ခြောက်ထပ်ရုံးမှာ ရှိတယ်လို့ ကြားဖူးခဲ့ပါတယ်။ ဆရာမကြီး ယုဝတီခင်စိန်လှိုင်ရဲ့စကားနဲ့ဆို အဖိုးတန်စာအုပ်တွေကို ဟင်းရွက်ကန်စွန်းရွက်ထားသလို တောင်းတွေထဲမှာ စုပုံထည့်ထားတာ တွေ့ရတာ အင်မတန်ဝမ်းနည်းဖို့ကောင်းတယ်တဲ့။ ကိုယ်တိုင်လည်း သေချာမရောက်ဖူးခဲ့တော့ ဘယ်လိုရှိတယ်ဆိုတာ မသိခဲ့ပါဘူး။ အခုလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက် ဘယ်မှာရှိတယ်ဆိုတာ သိရင်ပြောသွားပါဦး။

အဲဒီလိုနဲ့ တက္ကသိုလ်ရောက်လာတော့ စာကြည့်တိုက်ကိုသွားကြည့်ခဲ့မိပါတယ်။ လှိုင်နယ်မြေမှာ ရှိတဲ့ စာကြည့်တိုက်ကတော့ တက္ကသိုလ်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ဘယ်လိုမှ မလိုက်ပါဘူး။ တစ်ထပ်ဆောင်မှာ စာအုပ်ကောင်းကောင်းမရှိတဲ့ ချွတ်တီးချွတ်ခြောက် စကြည့်တိုက်ပါပဲ။ အသင်းဝင်ချင်လို့မေးတာတောင် ကောင်းကောင်းပြန်ဖြေမယ့်သူမရှိခဲ့ဘူး။ မေးခွန်းဟောင်းတွေကိုပဲ တစ်ခါပဲ ငှားဖူးခဲ့တယ်။

ပညာရေးကို တကယ်ပဲအားပေးသလားဆိုတာ စာကြည့်တိုက်တွေရဲ့ အဆင့်အတန်းကို ကြည့်ရုံနဲ့ သိသာနိုင်ပါတယ်။

ဆက်ရန်...

(အမှန်ကတော့ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက် ကိုရေးဖို့ပါပဲ။ ရေးလက်စဖြစ်တဲ့ ဒီစာကို ပြန်ဖတ်မိလိုက်တာ ဆက်ရေးဖြစ်သွားတယ်။ ပြီးတော့ သူများရေးတဲ့စာကို ပြန်ရေးရတာ ထင်သလောက် မလွယ်ဘူး... :D အမချိုသင်း တံခါးခေါက်ထားတာကိုတော့ အားနာပါတယ်။)

Read More...

Thursday, June 25, 2009

ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက်

ပျော်ရွှင်တဲ့ လူတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀ (100 Simple Secrets of Happy People) ဆိုတဲ့ စာအုပ်ကို မွေးနေ့တုန်းက လက်ဆောင် အဖြစ် ရခဲ့ပါတယ်။

တခြားစာအုပ်တွေ ဖတ်လက်စရှိနေတော့ အဲဒီစာအုပ်ကို ချက်ချင်းကောက်မကိုင်ဖြစ်ခဲ့ဘူး။ အခုဖတ်နေရင်း လက်တွေ့ဘ၀မှာ ကြုံရတဲ့ အတွေ့အကြုံတွေဆက်စပ်ပြီး ရေးဖို့ စိတ်ကူးပေါ်လာမိပါတယ်။

စာအုပ်လက်ဆောင်ပေးတဲ့သူရဲ့ ကျေးဇူးကြာင့်ပေါ့...
ဘလော့စကားနဲ့ပြောရရင် ဆားထုပ်ကြီး လက်ထဲရောက်လာတယ်ပဲပြောမလား၊ မိုးရေထည့်ထားတဲ့ ဆေးထိုးအပ် ရှိနေတယ်ပဲပြောမလား... ဘယ်လိုပြောပြော ဆားချက် ရေထိုးဖို့ အစီအစဉ် မကြာမှီ စပါတော့မည်။

တကယ်တော့ ရေးဖို့က မပျင်းဖို့ကလည်း လိုသေးတယ်။ နောက်ပြီး တိုင်းရေးပြည်ရေး သာယာဝပြောပြီး စိတ်ကြည်ဖို့ကလည်း လိုသေးတယ် မဟုတ်လား။ အမေကပြောဖူးတယ် “ငါ့သား စာရေးတယ်ဆိုတာ ဒီလောက်မခက်ဘူး၊ စာရေးမပျင်းဖို့ကသာ ခက်တာ။ စာရေးမပျင်းပဲ ချရေးဖြစ်ရင် စာရေးဆရာဖြစ်တယ်...” တဲ့။

အဲလိုဆိုရင်တော့ ကျွန်တော်စာရေးစားလို့မရပါ။ အခုတော့ မပျင်းပဲ ရေးဖို့ကြိုးစားပါမည်။ (ကြိုးစားမည်လို့ပဲ ပြောတာပါ… :P )

အဲဒီ စာအုပ်ရေးတဲ့သူကတော့ David Niven, Ph.D ပါ။ (အဲလို Ph.D ရပေမယ့် နာမည်ရှေ့မှာ ဒေါက်တာတွေဘာတွေ တပ်မထားပါဘူး။ ကြည့်ရတာ ဖတ်တဲ့လူတွေ စိတ်မချမ်းသာမှာစိုးလို့ထင်ပါရဲ့)။ David က အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်မှာ စာသင်နေတဲ့ စိတ်ပညာ နဲ့ လူမှုရေးသိပ္ပံပညာရှင်ဖြစ်ပါတယ်။ နောက်ပြီး အောင်မြင်တဲ့လူတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀၊ ကျန်းမာတဲ့လူတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀၊ ပျော်ရွှင်တဲ့ မိသားစုတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀ စတဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀ အတွဲ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။ ဒီအတွဲစာအုပ်တွေကို စုစုပေါင်း စာအုပ်ရေ တစ်သန်းကျော် ရောင်းခဲ့ပြီးပါပြီ။

စာအုပ်ရဲ့အကြောင်းကို ရှင်းပြထားတာကတော့။

ဘာတွေက လူတွေကိုပျော်အောင်လုပ်နိုင်တာလဲဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေနေတာ ကြာပါပြီ တဲ့။ အဲလိုရှာဖွေလို့ ရလာတဲ့ တွေ့ရှိချက်တွေဟာ ဖတ်ရခက်တဲ့ ပညာရေးဆိုင်တာစာတမ်းတွေ အနေနဲ့သာရှိတော့ သာမန်လူတွေဖတ်ဖို့ရာ အလှမ်းဝေးနေပါတယ် တဲ့။ ဒီစာအုပ်ကတော့ ထောင်ပေါင်းများစွာသော သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိထားချက်တွေကို ဖတ်ရလွယ်ကူပြီး တန်ဖိုးရှိအကြံပေးချက်တွေဖြစ်အောင် အဆီအနှစ်ထုပ်ထားပါတယ် တဲ့။ တစ်ချက်ချင်းစီကိုလည်း နားလည်လွယ်အောင် ဥပမာပေးပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကနေ ပျော်ရွှင်တဲ့ဘ၀ကို ရအောင် ပြောင်းလဲနိုင်ဖို့ တည့်တိုးရှင်းပြထားပါတယ် တဲ့။

ပျော်ရွှင်စေတဲ့အချက် တချို့ကတော့၊
ကိုယ့်ကိုကိုယ်ယုံကြည်ခြင်း။ ။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်အရည်အချင်းကိုယ်ယုံကြည်တယ် ဆိုရင် ကိုယ့်ဘ၀ကိုယ် စိတ်ကျေနပ်မှုက ၄၀ ရာခိုင်နှုန်း တိုးတက်စေပါတယ်။ အဲလို ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းရှိတာဟာ အလုပ်မှာရော အိမ်မှာပါ ပျော်ရွှင်စေပါတယ်။

တီဗွီပိတ်ထားခြင်း။ ။ တီဗွီ အလွန်ကြည့်လို့ရှိရင် ဟိုဟာလိုချင် ဒီဟာလိုချင်တဲ့ ပိုင်ဆိုင်လိုစိတ်တွေဟာ သုံးဆတောင် တက်လာပါတယ်။ ပြီးတော့ တစ်နာရီ တီဗွီကြည့်လိုက်တိုင်း ကိုယ်တိုင်စိတ်ကျေနပ်မှုဟာ ၅ ရာခိုင်နှုန်း ကျကျလာပါတယ်။

အဲလို အချက်တွေ ၁၀၀ တောင်ပါတဲ့စာအုပ်ဆိုတော့ တစ်ပတ်တစ်ပုဒ်တင်ရင်တောင် အပတ် ၁၀၀=နှစ်နှစ်လောက်တော့ အသာလေး ဆားချက်လို့ရပြီပေါ့။

တကယ်တော့ စိတ်ချမ်းသာအောင် ဗုဒ္ဗမြတ်စွာဘုရားကဟောကြားထားပြီးသားပါပဲ။ ဗုဒ္ဗမင်္ဂလာတရားတော်တွေဟာ လူမှုပတ်ဝန်းကျင်မှာ သုံးဖို့ရာအတွက် ဟောကြားထားတာတွေပါ။ အဲဒါတွေလိုက်နာ ကျင့်သုံးရုံနဲ့ စိတ်ချမ်းသာမှုရပြီး ဘ၀မှာ အောင်မြင်မှုတွေလည်း ရနိုင်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မေမေရေးထားတာတွေလည်း ရှိပါသေးတယ်။ အရင်က ရေးထားတာတွေကို ဒီမှာမျှဝေခဲ့ဖူးပါတယ်။ နောက်တော့မှ စာအုပ်ထွက်ခါနီးပြီဆိုတော့ ရပ်လိုက်တာပါ။ အခုတော့ စာအုပ်က လက်ဆောင်ပေးချင်ရင်တောင် ကိုယ်တိုင်ဝယ်လို့မရတော့ဘူးဖြစ်နေတော့ ပြန်ပြီးဝေမျှဖို့လည်း စိတ်ကူးထားပါတယ်။ စာရေးသူဆီကို ခွင့်ပြုချက်တောင်းလိုက်ပါဦးမယ်။

ဆားတွေများနေပြီးလို့တော့ မထင်လိုက်ပါနဲ့... ဆားတွင်မက ကျန်တာတွေလည်း ချက်ဦးမှာပါ… (ရိုက်ထားတဲ့ ဓာတ်ပုံတွေတင်တာတို့ ဘာတို့ပေါ့ :D)


နောက်လာမယ့် ခေါင်းစဉ်
သင့်ဘ၀မှာ ရည်ရွယ်ချက် နဲ့ အဓိပ္ပာယ်ရှိပါစေ

(ဘာသာပြန်ရေးမယ် ဆိုပေမယ့် တိုက်ရိုက်ကြီးတော့လည်း ဘာသာမပြန်ချင်ဘူး။ သင့်သလို ရေးသွားပါဖို့ စိတ်ကူးထားပါတယ်။)

Ref:
- 100 Simple Secrets of Happy People (David Niven, Ph.D)
- http://www.davidniven.com

Read More...

Friday, June 19, 2009

အေးချမ်းပါစေ


လွတ်လပ်ပျော်ရွှင် ကျန်းမာရွှင်လန်း စိတ်အေးချမ်းပါစေ။

Read More...

Monday, June 15, 2009

ပုဂံစိတ်ဓာတ်သစ်

လူဆိုတာ ကိုယ်မွေးဖွားရာ ဇာတိမြေကိုတော့ စွဲလန်းတတ်ကြပါတယ်။


ဓာတ်ပုံကို ဒီက ယူထားပါသည်။

ဇာတိမြို့ကနေထွက်လာပြီး ရန်ကုန်ကိုရောက်တော့ ဘယ်ကလာတာလဲ ဆိုတာ အမေးခံရလေ့ရှိတယ်။ အဲလိုအမေးခံရတိုင်း ညောင်ဦးကလို့ပဲဖြေတယ်။ အဲလိုဖြေတိုင်းလည်း နှစ်ခါ နှစ်ခါ ပြန်ပြီး ဖြေရတယ်။ ညောင်ဦး ဆိုတာဘယ်နားမှာလဲဆိုတဲ့ မေးခွန်းကို ထပ်ပြီး အမေးခံရလို့ပါပဲ။ ပုဂံညောင်ဦး လို့ ဖြေတော့မှပဲ သေချာသိကြတာကိုး။

တကယ်တော့ ပုဂံညောင်ဦးကလို့ အစကတည်းက ဖြေရင်လည်း ရတာပဲလေ။ ဒါပေမယ့် ညောင်ဦး နဲ့ ပုဂံ မတူဘူးဆိုတာ သိစေချင်လို့ ညောင်ဦးကလို့ပဲဖြေလေ့ရှိတာပေါ့။

ပုဂံ နဲ့ ညောင်ဦးက အရင်တုန်းကတော့ ၄ မိုင်လောက်သာဝေးတဲ့ မြို့ကလေး နှစ်မြို့ပါ။ (ပုဂံမြို့ အပြောင်းခံရပြီးနောက် အခုတော့ ၈ မိုင်လောက် ဝေးသွားပါပြီ။) အဲလောက် နီးနေတော့လည်း မြို့တွေမှာနေကြတဲ့ လူတွေအနည်း နဲ့ အများတော့ ပြဿနာရှိကြတယ်။ ဇာတ်လမ်းတွေထဲမှာ ပါတတ်တဲ့ ရွာမြောက်ပိုင်းနဲ့ တောင်ပိုင်း မတည့်တဲ့ ဇာတ်လမ်းတွေလိုပေါ့။ အထူးသဖြင့် လူငယ်တွေကြားမှာ ပြဿနာ ဖြစ်လေ့ရှိပါတယ်။ ပုဂံ နဲ့ ညောင်ဦး ကန်တဲ့ ဘောလုံးပွဲတိုင်း ဘယ်သူ နိုင်မယ် ရှုံးမယ် ဆိုတာသာ မသေချာဖြစ်မယ်၊ ဘောလုံးပွဲမှာတော့ ရန်ဖြစ်မှာကတော့ အသေအချာပဲ။

ဘုရားပွဲချိန်တွေဆိုလည်း အဲဒီလိုပဲ မြို့နှစ်မြို့က လူငယ်တွေ ရန်ဖြစ်တယ်ဆိုတာကလည်း မဆန်းတော့ဘူး။ တစ်ဖက်နဲ့တစ်ဖက်ကလည်း ဘာကြောင့်ရယ်မဟုတ် ကြည့်မရတာကနေ ရန်ပွဲစဖြစ်ကြတာပါပဲ။ အဲဒါကြောင့် ပုဂံသား လို့ အခေါ်ခံရရင် ပုဂံသားမဟုတ်ဘူး ညောင်ဦးသားလို့ ပြန်ပြင်ပြောလေ့ရှိတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ ပုဂံသားလို့ အခေါ်လိုက်ရရင် ပိုပြီး နာတတ်လာပါတယ်။ ၈၈မှာတုန်းက တစ်ပါတီ အာဏာရှင် စနစ်ကို စတင်တော်လှန်ကြတော့ ညောင်ဦးမှာလည်း တစ်ကျောင်းတည်းသော အထက်တန်းကျောင်းက ကျောင်းသားတွေကပဲ စတင်ခဲ့ပါတယ်။
ကျောင်းသား အချင်းချင်း စည်းရုံးတဲ့ အနေနဲ့ ပုဂံကျောင်းက ကျောင်းသားတွေကို ပူးပေါင်းဖို့ သွားပြောတော့ မအောင်မြင်ခဲ့ပဲ ပုဂံသားတွေ ပြန်ပြောလိုက်တဲ့ စကားလုံးကတော့ ရာဇ၀င်တွင်ပြီး ကျန်ခဲ့ပါတော့တယ်။

ပုဂံဆိုတာကလည်း ရာဇ၀င်နဲ့ပေပဲကိုး...

မြန်မာနိုင်ငံကနေထွက်လာတော့မှ ကိုယ့်ရဲ့ ဇာတိမြေဒေသက မြန်မာတွေအတွက် အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ နေရာပါလားဆိုတာ ပိုသိလာရတယ်။ ပုဂံရဲ့အလှ ဓာတ်ပုံတွေ မြင်တိုင်း ငယ်ငယ်ကနေခဲ့တဲ့ နေရာဒေသကို ပိုပြီး သတိရလာတယ်။ လွမ်းလည်း လွမ်းမိတယ်။ အခွင့်အရေးပေးတာနဲ့ ပြန်ပြီး လည်ပတ်ဖို့စိတ်ကူးနေမိတယ်လေ။

အဲလိုနဲ့ မြန်မာပြည်က အသိမိတ်ဆွေတွေက ဘယ်ဇာတိလည်းမေးရင် ပုဂံကလို့ ပြန်ဖြေရင်း ဂုဏ်ယူတတ်လာတယ်။ နိုင်ငံခြားသား သူငယ်ချင်းတွေမေးလို့ရှိရင် ဓာတ်ပုံတွေပြရင်း ဒါ ငါ့ရဲ့ ဇာတိမြို့လေလို့ပြောပြရင် သူတို့ ပါးစပ်အဟောင်းသားနဲ့ ဓာတ်ပုံကိုကြည့်ကြတာကိုကြည့်ရင်း ကြည်နူးတတ်လာတယ်။ တလောက မကေက ပုဂံသားလို့ခေါ်တာတောင် ဘာမှပြန်မပြောပဲ နေတတ်လာတာသာ ကြည့်တော့။

ပြီးတော့… ပုဂံသားတွေ အနှစ်နှစ်ဆယ်လောက် ကိုယ်ထက် ခေတ်မှီခဲ့တာကိုလည်း စိတ်ထဲမှာ သတိရမိရင်း ၀ယ်နည်းစွာ ခံစားမိတယ်။ အခုတော့ ဟိုမှာ ဖြစ်သမျှ စိတ်ထဲမှာ ဝေမျှခံစားနေရုံ သာပဲ နေမိတော့တယ်လေ...

သြော် ၈၈တုန်းက ပုဂံသားတွေ ပြောခဲ့တာ စကားလား။
“မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီရမှတော့ ပုဂံမြို့ကို့ ချန်မထားပါဘူး... ” တဲ့လေ...

Read More...

Thursday, June 4, 2009

လွတ်လွတ်လပ်လပ်လင်းပါစေ


အမှောင်ကိုခွင်းတဲ့အလင်း
လမ်းမှန်ကိုမြင်စေခြင်းနဲ့
ကြောက်ရွံ့ခြင်းကိုကင်းစေခဲ့တယ်။

အခုတော့ အဲဒီအလင်းကို
ခပ်ရှုပ်ရှုပ် ကောင်တွေက
ဇွတ်အတင်းပဲ အမှောင်ချတော့မှာတဲ့...

အခုအချိန်
လိုရာဆုတောင်းရမယ်ဆို
ဘုရားသခင်ကိုယ်တိုင်ကြွလို့
ရှိသမျှတန်ခိုး အကုန်သုံးကာ
အားလုံးတတဲ့ လမင်းကို
ခပ်ရှင်းရှင်းပဲ လင်းခွင့်ပေးလိုက်စမ်းပါဗျာ...

Read More...

Ratings