လူဆိုတာ ကိုယ်မွေးဖွားရာ ဇာတိမြေကိုတော့ စွဲလန်းတတ်ကြပါတယ်။
ဓာတ်ပုံကို ဒီက ယူထားပါသည်။
ဇာတိမြို့ကနေထွက်လာပြီး ရန်ကုန်ကိုရောက်တော့ ဘယ်ကလာတာလဲ ဆိုတာ အမေးခံရလေ့ရှိတယ်။ အဲလိုအမေးခံရတိုင်း ညောင်ဦးကလို့ပဲဖြေတယ်။ အဲလိုဖြေတိုင်းလည်း နှစ်ခါ နှစ်ခါ ပြန်ပြီး ဖြေရတယ်။ ညောင်ဦး ဆိုတာဘယ်နားမှာလဲဆိုတဲ့ မေးခွန်းကို ထပ်ပြီး အမေးခံရလို့ပါပဲ။ ပုဂံညောင်ဦး လို့ ဖြေတော့မှပဲ သေချာသိကြတာကိုး။
တကယ်တော့ ပုဂံညောင်ဦးကလို့ အစကတည်းက ဖြေရင်လည်း ရတာပဲလေ။ ဒါပေမယ့် ညောင်ဦး နဲ့ ပုဂံ မတူဘူးဆိုတာ သိစေချင်လို့ ညောင်ဦးကလို့ပဲဖြေလေ့ရှိတာပေါ့။
ပုဂံ နဲ့ ညောင်ဦးက အရင်တုန်းကတော့ ၄ မိုင်လောက်သာဝေးတဲ့ မြို့ကလေး နှစ်မြို့ပါ။ (ပုဂံမြို့ အပြောင်းခံရပြီးနောက် အခုတော့ ၈ မိုင်လောက် ဝေးသွားပါပြီ။) အဲလောက် နီးနေတော့လည်း မြို့တွေမှာနေကြတဲ့ လူတွေအနည်း နဲ့ အများတော့ ပြဿနာရှိကြတယ်။ ဇာတ်လမ်းတွေထဲမှာ ပါတတ်တဲ့ ရွာမြောက်ပိုင်းနဲ့ တောင်ပိုင်း မတည့်တဲ့ ဇာတ်လမ်းတွေလိုပေါ့။ အထူးသဖြင့် လူငယ်တွေကြားမှာ ပြဿနာ ဖြစ်လေ့ရှိပါတယ်။ ပုဂံ နဲ့ ညောင်ဦး ကန်တဲ့ ဘောလုံးပွဲတိုင်း ဘယ်သူ နိုင်မယ် ရှုံးမယ် ဆိုတာသာ မသေချာဖြစ်မယ်၊ ဘောလုံးပွဲမှာတော့ ရန်ဖြစ်မှာကတော့ အသေအချာပဲ။
ဘုရားပွဲချိန်တွေဆိုလည်း အဲဒီလိုပဲ မြို့နှစ်မြို့က လူငယ်တွေ ရန်ဖြစ်တယ်ဆိုတာကလည်း မဆန်းတော့ဘူး။ တစ်ဖက်နဲ့တစ်ဖက်ကလည်း ဘာကြောင့်ရယ်မဟုတ် ကြည့်မရတာကနေ ရန်ပွဲစဖြစ်ကြတာပါပဲ။ အဲဒါကြောင့် ပုဂံသား လို့ အခေါ်ခံရရင် ပုဂံသားမဟုတ်ဘူး ညောင်ဦးသားလို့ ပြန်ပြင်ပြောလေ့ရှိတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ ပုဂံသားလို့ အခေါ်လိုက်ရရင် ပိုပြီး နာတတ်လာပါတယ်။ ၈၈မှာတုန်းက တစ်ပါတီ အာဏာရှင် စနစ်ကို စတင်တော်လှန်ကြတော့ ညောင်ဦးမှာလည်း တစ်ကျောင်းတည်းသော အထက်တန်းကျောင်းက ကျောင်းသားတွေကပဲ စတင်ခဲ့ပါတယ်။
ကျောင်းသား အချင်းချင်း စည်းရုံးတဲ့ အနေနဲ့ ပုဂံကျောင်းက ကျောင်းသားတွေကို ပူးပေါင်းဖို့ သွားပြောတော့ မအောင်မြင်ခဲ့ပဲ ပုဂံသားတွေ ပြန်ပြောလိုက်တဲ့ စကားလုံးကတော့ ရာဇ၀င်တွင်ပြီး ကျန်ခဲ့ပါတော့တယ်။
ပုဂံဆိုတာကလည်း ရာဇ၀င်နဲ့ပေပဲကိုး...
မြန်မာနိုင်ငံကနေထွက်လာတော့မှ ကိုယ့်ရဲ့ ဇာတိမြေဒေသက မြန်မာတွေအတွက် အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ နေရာပါလားဆိုတာ ပိုသိလာရတယ်။ ပုဂံရဲ့အလှ ဓာတ်ပုံတွေ မြင်တိုင်း ငယ်ငယ်ကနေခဲ့တဲ့ နေရာဒေသကို ပိုပြီး သတိရလာတယ်။ လွမ်းလည်း လွမ်းမိတယ်။ အခွင့်အရေးပေးတာနဲ့ ပြန်ပြီး လည်ပတ်ဖို့စိတ်ကူးနေမိတယ်လေ။
အဲလိုနဲ့ မြန်မာပြည်က အသိမိတ်ဆွေတွေက ဘယ်ဇာတိလည်းမေးရင် ပုဂံကလို့ ပြန်ဖြေရင်း ဂုဏ်ယူတတ်လာတယ်။ နိုင်ငံခြားသား သူငယ်ချင်းတွေမေးလို့ရှိရင် ဓာတ်ပုံတွေပြရင်း ဒါ ငါ့ရဲ့ ဇာတိမြို့လေလို့ပြောပြရင် သူတို့ ပါးစပ်အဟောင်းသားနဲ့ ဓာတ်ပုံကိုကြည့်ကြတာကိုကြည့်ရင်း ကြည်နူးတတ်လာတယ်။ တလောက မကေက ပုဂံသားလို့ခေါ်တာတောင် ဘာမှပြန်မပြောပဲ နေတတ်လာတာသာ ကြည့်တော့။
ပြီးတော့… ပုဂံသားတွေ အနှစ်နှစ်ဆယ်လောက် ကိုယ်ထက် ခေတ်မှီခဲ့တာကိုလည်း စိတ်ထဲမှာ သတိရမိရင်း ၀ယ်နည်းစွာ ခံစားမိတယ်။ အခုတော့ ဟိုမှာ ဖြစ်သမျှ စိတ်ထဲမှာ ဝေမျှခံစားနေရုံ သာပဲ နေမိတော့တယ်လေ...
သြော် ၈၈တုန်းက ပုဂံသားတွေ ပြောခဲ့တာ စကားလား။
“မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီရမှတော့ ပုဂံမြို့ကို့ ချန်မထားပါဘူး... ” တဲ့လေ...
11 comments:
ပုဂံသားလော ညောင်ဦးသားလော
ပြောပါလော့ခွန်းတုံ့ပြန်စကား
ကိုပီတီရေ ဒေသစွဲလေးတွေကျနော်တို့ မြန်မာတွေမှာ ပိုကြီးမားသလိုပဲဗျ။ အားကစားပွဲတွေ ပြိုင်ပွဲတွေ စသည်စသည်တို့မှာကိုယ့်ဒေသကိုနိုင်ချင်တယ်။ ကိုယ့်ဒေသကပိုသာချင်တယ်။ အစုံပေါ့ဗျာ။ အစ်ကိုရေ ညောင်ဦးသားဖြစ်ရတာ ဂုဏ်ယူစရာနော်။ ဒေသခံမဟုတ်လေကျနော်တို့တွေ ချစ်တဲ့ ပုဂံမြေနဲ့ထိစပ်နေတာကိုး။
ကျနော်လည်း ရောက်တတ်ရာရာပြောသွားတယ်ဗျ
ပုဂံမြေမှာ တမြေတည်းနေ တရေတည်းသောက်တဲ့ ညောင်ဦးသား ကိုပီတိရေ..
ဒီမိုကရေစီ ရရင် ပုဂံကိုလဲ ချန်မထားလို့ ရတော့ အတူတူ ဖြစ်မှာပါ တဲ့လား။ တောက်ပြောင် ရဲရင့်ခဲ့တဲ့ မြန်မာ့သွေးတွေ ကြဲကုန်ပြီလားမသိ။ ရာဇ၀င် မရိုင်းတဲ့ ပုဂံဖြစ်ပါစေလို့ ဆုတောင်းမိတယ်။
မွေးမေလေ့! ။ ကောင်းရော။ ဘာမှ မပြောတတ်တော့ကြောင်း။
ပုဂံသိပ်ချစ်တယ်။ သိပ်ပျော်တယ်။ ပြည်မှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ တစ်ခါ။ ချစ်ချစ်နဲ့တစ်ခါ။ အိမ်ထောင်ကြပြီးတော့ မိဘတွေနဲ့နှစ်ခါ။ ခဏခဏရောက်တယ်။ ရောက်တိုင်း ပျော်တယ်။ ဒီတစ်ခေါက်ခွင့်ပြန်ရင် ထပ်သွားဦးမယ်။
ပုဂံသားကြီးရေ့
ကျမက ငါ့သရောက်မှာ မိဘတာဝန်ကျလို့နေဘူးတယ် ၈၇-၈၉ ပေါ့။ပြန်ချင်လိုက်တာနော်။
လာလည်တာကျေးဇူးပါ ကိုရွာသားရေ...
ဒေသစွဲကြီးဆို ငယ်ငယ်က တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲတွေကို သတိရတယ်... ဒီလိုပဲ ရောက်တတ်ရာရာ ပြောနေကြတာပဲ မဟုတ်လား...
အမချိုသင်းရေ ခေတ်သစ်ပုဂံကတော့ သွေးတွေရောလို့ပဲလားမသိ စီးပွားရေးပဲဆန်တော့တယ်လေ...
life and live ဆိုတာ profile မှာ ကြည့်တာ ထနောင်းလို့ ထင်ပါတယ်။ အဲလိုလူတွေများနေလေ အချိန်ကြာလေပေါ့။
ကျွန်တော်လည်း ပုဂံကို ချစ်တယ်။ ဟိုမှာနေကျတဲ့လူတွေအားလုံး ချစ်ကြတယ်။ ၇၅ ခုနှစ် ငလျင်လှုပ်တုန်းက ဘုရားတွေပျက်လို့ တမြို့ ငိုလိုက်ကြတာလို့ ပြောသံကြားဖူးတယ်။
အခုလည်း ဘုရားတွေအဖျက်ခံနေရတာ ကျွန်တော်တို့ ရင်ထဲမှာ ငိုနေမိတယ်။
အေး... င ထဲ သ ရောက်ထဲ ရွာပေါ့။ ငါ့သရောက် ထဲက ဆည်ရွာကိုတော့ ရောက်ဖူးတယ်။ လာလည်တာ ကျေးဇူးပါ။
အမြင်ကျယ်ကျယ်နဲ့ကြည့်တတ်ရင်တော့နေရာတွေဟာ နီးနီးလေးတွေပါဘဲ။ ဥပမာ- Google Earth မှာ ကြည့်လေ။ :-)
ကိုပီတိရေ… ကျွန်မကတော့ ညောင်ဦးကိုလဲ သံယောဇဉ်ကြီးတယ်… ပုဂံကိုလဲ သံယောဇဉ်ကြီးတယ်… အညာပြန်ရင် မသွားရ မနေနိုင်လောက်အောင်ပါ… ညောင်ဦးသားဆိုလို့  ကျောင်းမှာတုန်းက ညောင်ဦးသားကျွန်မသူငယ်ချင်းတယောက်ကို ကျွန်မnickname ပေးခဲ့တာ သတိရမိတယ်… ပုန်းရည်ကြီးတဲ့… သူကကဗျာအရေးသိပ်တော်တာ…
အဲလိုကြီးဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးလေ... ပြောပြမှ သိရတာမို့ ကျေးဇူးတင်ပါတယ်...
ဟစ်တလာခေတ် ဂျာမဏီပြည်သူတွေကလဲ သူတို့ကိုယ်သူတို့ မျိုးချစ်စိတ်ဓာတ် ပြင်းပြလှပါတယ်လို့ ကျွေးကျော်ခဲ့တာလေ...
တပြည်လုံးပြာကျမှ မှတ်တော့တာပဲ...
လူမျိုးစွဲ.. ဒေသစွ.. ပုဂ္ဂိုလ်စွဲ... ဘယ်အစွဲမှ မကောင်းပါဘူး...
သြော- ၄ မိုင်ထဲ ကွာတာများ..မခွဲခြားပါနဲ့လေ..ပုဂံသားက..ပုဂံသားပါပဲ.. ကျန်စစ်သား တောခိုတော့..တွေ့တဲ့ မထေရ်ကြီးသမီး အိမ်နားကလား..း)
-
ပုဂံသားတွေက..လှတောသား နဲ့ အမျိုးနီးကြတယ်ထင်ပါ့.. ပြုံးလိုက်ရတာ..အမြင်တောင်မကပ်နိုင်ဘူး.
ပုဂံ ကတော့ ကျွန်တော်တန်ဖိုးအထားရဆုံး နေရာတစ်ခုပါ ...ပုဂံသားမဟုတ်ပေမယ့် ပုဂံ ကိုချစ်တဲ့စိတ်ကတော့ ပုဂံသူ ပုဂံသားတွေထက်မရော့ပါဘူး ...ပုဂံ ကို လေးခေါက်ရောက်ဖူးပေမယ့် ထပ်တလဲလဲ လာ ချင်နေမိတာ ပုဂံဒေသ ကိုတန်ဖိုးထားလွန်းလို.ပါဗျာ
Post a Comment