Thursday, June 25, 2009

ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက်

ပျော်ရွှင်တဲ့ လူတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀ (100 Simple Secrets of Happy People) ဆိုတဲ့ စာအုပ်ကို မွေးနေ့တုန်းက လက်ဆောင် အဖြစ် ရခဲ့ပါတယ်။

တခြားစာအုပ်တွေ ဖတ်လက်စရှိနေတော့ အဲဒီစာအုပ်ကို ချက်ချင်းကောက်မကိုင်ဖြစ်ခဲ့ဘူး။ အခုဖတ်နေရင်း လက်တွေ့ဘ၀မှာ ကြုံရတဲ့ အတွေ့အကြုံတွေဆက်စပ်ပြီး ရေးဖို့ စိတ်ကူးပေါ်လာမိပါတယ်။

စာအုပ်လက်ဆောင်ပေးတဲ့သူရဲ့ ကျေးဇူးကြာင့်ပေါ့...
ဘလော့စကားနဲ့ပြောရရင် ဆားထုပ်ကြီး လက်ထဲရောက်လာတယ်ပဲပြောမလား၊ မိုးရေထည့်ထားတဲ့ ဆေးထိုးအပ် ရှိနေတယ်ပဲပြောမလား... ဘယ်လိုပြောပြော ဆားချက် ရေထိုးဖို့ အစီအစဉ် မကြာမှီ စပါတော့မည်။

တကယ်တော့ ရေးဖို့က မပျင်းဖို့ကလည်း လိုသေးတယ်။ နောက်ပြီး တိုင်းရေးပြည်ရေး သာယာဝပြောပြီး စိတ်ကြည်ဖို့ကလည်း လိုသေးတယ် မဟုတ်လား။ အမေကပြောဖူးတယ် “ငါ့သား စာရေးတယ်ဆိုတာ ဒီလောက်မခက်ဘူး၊ စာရေးမပျင်းဖို့ကသာ ခက်တာ။ စာရေးမပျင်းပဲ ချရေးဖြစ်ရင် စာရေးဆရာဖြစ်တယ်...” တဲ့။

အဲလိုဆိုရင်တော့ ကျွန်တော်စာရေးစားလို့မရပါ။ အခုတော့ မပျင်းပဲ ရေးဖို့ကြိုးစားပါမည်။ (ကြိုးစားမည်လို့ပဲ ပြောတာပါ… :P )

အဲဒီ စာအုပ်ရေးတဲ့သူကတော့ David Niven, Ph.D ပါ။ (အဲလို Ph.D ရပေမယ့် နာမည်ရှေ့မှာ ဒေါက်တာတွေဘာတွေ တပ်မထားပါဘူး။ ကြည့်ရတာ ဖတ်တဲ့လူတွေ စိတ်မချမ်းသာမှာစိုးလို့ထင်ပါရဲ့)။ David က အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်မှာ စာသင်နေတဲ့ စိတ်ပညာ နဲ့ လူမှုရေးသိပ္ပံပညာရှင်ဖြစ်ပါတယ်။ နောက်ပြီး အောင်မြင်တဲ့လူတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀၊ ကျန်းမာတဲ့လူတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀၊ ပျော်ရွှင်တဲ့ မိသားစုတွေရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀ စတဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက် ၁၀၀ အတွဲ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။ ဒီအတွဲစာအုပ်တွေကို စုစုပေါင်း စာအုပ်ရေ တစ်သန်းကျော် ရောင်းခဲ့ပြီးပါပြီ။

စာအုပ်ရဲ့အကြောင်းကို ရှင်းပြထားတာကတော့။

ဘာတွေက လူတွေကိုပျော်အောင်လုပ်နိုင်တာလဲဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေနေတာ ကြာပါပြီ တဲ့။ အဲလိုရှာဖွေလို့ ရလာတဲ့ တွေ့ရှိချက်တွေဟာ ဖတ်ရခက်တဲ့ ပညာရေးဆိုင်တာစာတမ်းတွေ အနေနဲ့သာရှိတော့ သာမန်လူတွေဖတ်ဖို့ရာ အလှမ်းဝေးနေပါတယ် တဲ့။ ဒီစာအုပ်ကတော့ ထောင်ပေါင်းများစွာသော သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိထားချက်တွေကို ဖတ်ရလွယ်ကူပြီး တန်ဖိုးရှိအကြံပေးချက်တွေဖြစ်အောင် အဆီအနှစ်ထုပ်ထားပါတယ် တဲ့။ တစ်ချက်ချင်းစီကိုလည်း နားလည်လွယ်အောင် ဥပမာပေးပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကနေ ပျော်ရွှင်တဲ့ဘ၀ကို ရအောင် ပြောင်းလဲနိုင်ဖို့ တည့်တိုးရှင်းပြထားပါတယ် တဲ့။

ပျော်ရွှင်စေတဲ့အချက် တချို့ကတော့၊
ကိုယ့်ကိုကိုယ်ယုံကြည်ခြင်း။ ။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်အရည်အချင်းကိုယ်ယုံကြည်တယ် ဆိုရင် ကိုယ့်ဘ၀ကိုယ် စိတ်ကျေနပ်မှုက ၄၀ ရာခိုင်နှုန်း တိုးတက်စေပါတယ်။ အဲလို ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းရှိတာဟာ အလုပ်မှာရော အိမ်မှာပါ ပျော်ရွှင်စေပါတယ်။

တီဗွီပိတ်ထားခြင်း။ ။ တီဗွီ အလွန်ကြည့်လို့ရှိရင် ဟိုဟာလိုချင် ဒီဟာလိုချင်တဲ့ ပိုင်ဆိုင်လိုစိတ်တွေဟာ သုံးဆတောင် တက်လာပါတယ်။ ပြီးတော့ တစ်နာရီ တီဗွီကြည့်လိုက်တိုင်း ကိုယ်တိုင်စိတ်ကျေနပ်မှုဟာ ၅ ရာခိုင်နှုန်း ကျကျလာပါတယ်။

အဲလို အချက်တွေ ၁၀၀ တောင်ပါတဲ့စာအုပ်ဆိုတော့ တစ်ပတ်တစ်ပုဒ်တင်ရင်တောင် အပတ် ၁၀၀=နှစ်နှစ်လောက်တော့ အသာလေး ဆားချက်လို့ရပြီပေါ့။

တကယ်တော့ စိတ်ချမ်းသာအောင် ဗုဒ္ဗမြတ်စွာဘုရားကဟောကြားထားပြီးသားပါပဲ။ ဗုဒ္ဗမင်္ဂလာတရားတော်တွေဟာ လူမှုပတ်ဝန်းကျင်မှာ သုံးဖို့ရာအတွက် ဟောကြားထားတာတွေပါ။ အဲဒါတွေလိုက်နာ ကျင့်သုံးရုံနဲ့ စိတ်ချမ်းသာမှုရပြီး ဘ၀မှာ အောင်မြင်မှုတွေလည်း ရနိုင်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မေမေရေးထားတာတွေလည်း ရှိပါသေးတယ်။ အရင်က ရေးထားတာတွေကို ဒီမှာမျှဝေခဲ့ဖူးပါတယ်။ နောက်တော့မှ စာအုပ်ထွက်ခါနီးပြီဆိုတော့ ရပ်လိုက်တာပါ။ အခုတော့ စာအုပ်က လက်ဆောင်ပေးချင်ရင်တောင် ကိုယ်တိုင်ဝယ်လို့မရတော့ဘူးဖြစ်နေတော့ ပြန်ပြီးဝေမျှဖို့လည်း စိတ်ကူးထားပါတယ်။ စာရေးသူဆီကို ခွင့်ပြုချက်တောင်းလိုက်ပါဦးမယ်။

ဆားတွေများနေပြီးလို့တော့ မထင်လိုက်ပါနဲ့... ဆားတွင်မက ကျန်တာတွေလည်း ချက်ဦးမှာပါ… (ရိုက်ထားတဲ့ ဓာတ်ပုံတွေတင်တာတို့ ဘာတို့ပေါ့ :D)


နောက်လာမယ့် ခေါင်းစဉ်
သင့်ဘ၀မှာ ရည်ရွယ်ချက် နဲ့ အဓိပ္ပာယ်ရှိပါစေ

(ဘာသာပြန်ရေးမယ် ဆိုပေမယ့် တိုက်ရိုက်ကြီးတော့လည်း ဘာသာမပြန်ချင်ဘူး။ သင့်သလို ရေးသွားပါဖို့ စိတ်ကူးထားပါတယ်။)

Ref:
- 100 Simple Secrets of Happy People (David Niven, Ph.D)
- http://www.davidniven.com

10 comments:

ThuHninSee said...

း)
ပျော်ရွှင်ဖို့ ...စိတ်ဆင်းရဲစရာတွေ မတွေးမိဖို့ပဲလိုပါတယ်။
အဲလိုမတွေးမိဖို့ ပျော်ရွှင်အောင်နေဖို့လိုပါတယ်။ ဒိတော့ကာ
အစ်မတော့ ခက်နေပြီ ။

ကိုလူထွေး said...

ဘလော့ပိတ်ထားခြင်းလဲ ပါမလားပဲ....
းဝ)

Moe Cho Thinn said...

ရေးမှာသာ ရေးပါလေ။
ဆားချက်တယ်တို့ ရေထိုးတယ်တို့လဲ မဟုတ်ပါဘူး။
ကိုယ်တိုင် တန်ဖိုးရှိလို့ မျှဝေသင့်တယ်လို့ ယူဆရင် စာဖတ်သူအဖို့မှာလဲ တခုခု ရသွားတာပါပဲ။

ပျော်ရွှင်မှုဆိုလို့ သိပ်စိတ်ဝင်စားတယ်။ ကိုယ်တိုင်လဲ ပျော်ပျော်ရွှင်ရွှင် ပဲ နေချင်လို့..

ပုံရိပ် / Pon Yate said...

ဟဲဟဲ ဆားကို ရေနဲ့ အသင့်စောင့် နေပါတယ်။ နောက်တာနော်...။ ဖတ်တဲ့ လူတွေ အတွက် အကျိုးရှိမှာပါ။

MrDBA said...

ကပီတိ .. လာဖတ်သွားတယ်ဗျို့ ...

P.Ti said...

ဟုတ်ပါ့ အမသုနှင်းဆီရယ်.. အဟိ.. ပျော်အောင်နေ စိတ်မဆင်းရဲဘူး

ကလူထွေး ဘလော့ကို ပိတ်ထားပြီး ဘာတွေလုပ်နေမလို့လဲ။ နည်းလမ်းလေးလည်း ပေးခဲ့ဦးလေ။

အမချိုသင်းအားပေးတာနဲ့ ရေးဖို့ အားဖြစ်နေပါပြီ။

ပုံရိပ် ပျောက်နေတယ်... ဆားချက်မယ်ဆိုတော့မှ လာပြီးဖျက်တယ်.. အဲ ပေါ်လာတယ်ပြောတာ...

ကဒီဘီ... ကျေးဇူးပါ

Thandar said...

Ko Pi Ti ( A Hi),

I will b waiting to read ur post.Carry on!!!

သီဟသစ် said...

TV ပိတ်တာတော့ ထားလိုက်တော့
အင်တာနက်နဲ့ဘလော့ကရော

အဲဒီမှာက လိုချင်စရာပိုများတယ်ထင်ပါ့

ခင်မင်စွာဖြင့်
သီဟသစ်

သက်ဝေ said...

ဆားချက်ပါ... အဲလေ မှားလို့... ဝေမျှပါ.. ဝေမျှပါ..။
ကိုယ့်ကိုကိုယ်ယုံကြည်ခြင်း နဲ့ တီဗွီပိတ်ထားခြင်း ဆိုတာကတော့ တော်တော်သေချာတဲ့ အချက်နှစ်ချက်ပါပဲ။
အမဆို TV မကြည့်ဘူး... စာပဲဖတ်တယ်... (ဘလော့ဂ်လဲ ဖတ်တယ်) သီချင်းနားထောင်တယ်...။
ဘေးကင်းတယ်၊ အကုသိုလ်နည်းတယ်...

P.Ti said...

မသန္တာကလုပ်တာနဲ့ ပီတိ(အဟိ)ဆိုတာကို မှတ်ပုံတင်ရတော့မယ်... အဟိ.. လုပ်ပြန်ပြီ :P

ကသီဟသစ်... အင်တာနက်နဲ့ ဘလော့လျှော့ရင်တော့ ကိုယ့်အတွက် အချိန်ပိုလာတာ အမှန်ပဲ... :P

အမသက်ဝေရေ... ဆားချက်မယ်ဆိုပြီး မချက်နိုင်သေးဘူး ဖြစ်နေတယ်...

ရေးတော့ရေးမယ်... နည်းနည်းတော့ ကြာမယ်... တောင်းပန်ပါတယ်... :D

Ratings