Friday, June 26, 2009

ကြုံတွေ့ခဲ့ဖူးတဲ့ စာကြည့်တိုက်များ

တလောက စာကြည့်အကြောင်းနဲ့ပတ်သက်ပြီး သူများဘလော့တွေမှာ ရေးထားတာလေးတွေဖတ်လိုက်မိတော့ ရေးမယ်လို့ စိတ်ကူးထားပြီး မရေးဖြစ်တဲ့ ကြုံတွေ့ခဲ့ဖူးတဲ့ စာကြည့်တိုက်များအကြောင်းကို ရေးဖို့စိတ်ကူးရလာပါတယ်။

မူလတန်းကျောင်းသားဘ၀မှာ တက်ခဲ့ရတဲ့ကျောင်းက ဘုန်းကြီးကျောင်းမှာဆိုတော့ စာကြည့်တိုက်ဆိုတာ ဘယ်လိုပုံစံမှန်းတောင်မသိခဲ့ပါဘူး။

စာဖတ်ဝါသနာပါတဲ့ မိဘတွေကြောင့် စာအုပ်တွေ အများကြီးရှိတဲ့ အိမ်မှာ ကြီးပြင်းခဲ့ရတော့ ကိုယ့်အိမ်က ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ စာကြည့်တိုက်လို့ ပြောရင်လည်း မမှားဘူးပေါ့။ အိမ်မှာက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စတဲ့ ကလေးစာအုပ်တွေ စုထားတာရှိတော့ ကျောင်းပိတ်တဲ့အချိန် အဟောင်းတွေပြန်ဖွပြီးဖတ်ရတာ အရသာတစ်မျိုးပါပဲ။

လေးတန်းတက်နေတဲ့အချိန်မှာ ရုပ်ပုံတွေပါတဲ့ စာအုပ်တွေဖတ်ရတာ ရိုးလာပြီး ၀တ္တုအတိုလေးဖတ်ကြည့်လိုက်ရာက စာတွေကိုဖတ်ပြီး စိတ်ကူးထဲမှာ ပုံဖော်ပြီးမြင်ကြည့်ရတဲ့ အရသာကို တော်တော်လေးကြိုက်သွားပါတယ်။ အဲဒီကစပြီးတော့ အိမ်မှာရှိတဲ့ လူထုဦးလှရဲ့ ပုံပြင်စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဆွဲချပြီးဖတ်ပါတော့တယ်။ အဲဒီအချိန်မှာတုန်းကတော့ ကျွန်တော်သံလွင်ဖောင်စီးကျွန်တော် ဗြူရိုကရက်ကျွန်တော်ဆားချက်သမား စတဲ့စာအုပ်တွေကိုတော့ သိပ်ပြီး စိတ်မ၀င်စားမိသေးဘူး။

ငါးတန်း စတက်တော့ အထက်တန်းကျောင်းမှာ ကျောင်းတက်ရပါတယ်။ ကျောင်းမှာ စာကြည့်တိုက်ဆိုတာ အမည်သာရှိပေမယ့် ဟောခန်းမကြီးထဲက ချောင်တွေမှာ စာအုပ်ဗီရိုတွေကို စီကပ်ထားပြီး၊ အဲဒီဗီရိုတွေကို သော့ခလောက်တွေအမြဲခတ်ထားတာပါပဲ။ ဘယ်ကျောင်းသားမှ စာအုပ်ကို ငှားခွင့်မရှိသလို၊ ဘယ်လိုငှားရမယ်ဆိုတာလည်း မသိခဲ့ဘူး။

အဲဒီအချိန်မှာ အိမ်မှာ ကျွန်တော် ဖတ်နိုင်တဲ့ စာအုပ်တွေကလည်း တော်တော်လေးကုန်နေပြီ။ အဲဒီမှာ ခြောက်တန်းတက်နေတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက ပြန်ကြားရေးစာကြည့်တိုက်မှူး။ အဲဒီသူငယ်ချင်းဆီကနေ အသင်းဝင်ပြီး စာအုပ်ငှားလို့ရတယ်ဆိုတဲ့အကြောင်း သိပြီး အဲဒီစာကြည့်တိုက်မှာ
အသင်းဝင်လိုက်ပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ် စာကြည့်တိုက်ကို အသုံးပြုဖူးတာပါပဲ။

ပြန်ကြားရေးစာကြည့်တိုက်မှာ မဂ္ဂဇင်းတွေ နဲ့ စာပေဗိမာန်စာမူဆုရတဲ့ စာအုပ်ပဲရှိတာများပါတယ်။ စာကြည့်တိုက်ဆိုပေမယ့် အခန်းအကျယ်က အလျား ပေနှစ်ဆယ်၊ အနံ ဆယ်ပေလောက်ပဲ ရှိတဲ့ အခန်းထဲမှာ စာအုပ်စင် လေးစင်လောက်ပဲရှိပါတယ်။ နောက်ပြီး စာအုပ် ကတ်တလောက်ရယ်လို့ရှိပေမယ့် မသုံးဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီကတ်တလောက်မှာ စာရင်းရှိပေမယ့် စာအုပ်မရှိတာတွေလည်းရှိတာများနေတော့ လိုချင်တဲ့ စာအုပ်ကို စာအုပ်စင်မှာပဲ ရှာပြီးပဲငှားလိုက်တာပါပဲ။

အဲဒီကတည်းက ပိုင်မှဆိုင်မှ ရတယ်ဆိုတဲ့ စနစ်က ထွန်းကားနေပါပြီ။ ပြန်ကြားရေးစာကြည့်တိုက်မှာ ဘယ်တော့မှ စာအုပ်အသစ်၊ မဂ္ဂဇင်းအသစ်ဆို ငှားလို့မရပါဘူး။ သူတို့နဲ့ သိတဲ့လူတွေက လက်ဆင့်ကမ်းဖတ်နေကြပြီး တော်တော်လေးဟောင်းမှသာ သာမန်အသင်းသားတွေငှားလို့ရတဲ့ စင်ပေါ်ကိုရောက်ပါ့တယ်။ အဲတော့ အဟောင်းထဲက ကောင်းလေးတွေပဲ ရှာရှာပြီးပဲ ဖတ်ရပါတယ်။ အဲဒီစာကြည့်တိုက်ကနေပြီး ဖိုးကျော့၊ လယ်တွင်းသားစောချစ်၊ ကြူရတနာ မောင်မြကြိုင် စတဲ့ စာရေးဆရာတွေတဲ့ စာတွေကို ရင်းနှီးခဲ့ပါတယ်။ အရင်က စာပေဗိမာန် စာပေဆုကလည်း သေချာစီစစ်ပြီးမှပေးတော့ ဆုရစာအုပ်တွေကလည်း အင်မတန်ဖတ်လို့ကောင်းခဲ့တယ်။

၈၈ အရေးအခင်းဖြစ်ပြီးကာစ ကျောင်းတွေပိတ်ထားတော့ စာဖတ်နှုန်းကပိုမြန်လာပြီး ပြန်ကြားရေး စာကြည့်တိုက်က စာအုပ်တွေ တော်တော်များများကို ဖတ်ပြီးသွားပါပြီ။ အဲဒီတော့ကျမှ အရင်က မမှတ်ဖြစ်ခဲ့တဲ့ အိမ်က စာအုပ်တွေက ကိုပြန်ပြီးဖွပါတော့တယ်။

အရင်က ဦးနုဆိုတာ ၀န်ကြီးချုပ်ဟောင်းဆိုတာပဲ သိခဲ့ပြီး ရက်စက်ပါ့ပေကွယ် ဆိုတဲ့ စာအုပ်မှာ စာရေးသူနာမည်ကို ဦးနု လို့တွေ့တော့မှ စာလည်းရေးတယ်ဆိုတာသိခဲ့ရတယ်။ စာရေးတဲ့လူတွေက နိုင်ငံရေးလုပ်တာလား၊ နိုင်ငံရေးလုပ်တဲ့လူတွေက စာရေးတာလား မသိဘူး။ နိုင်ငံရေးသမားတွေရေးစာတွေကတော့ လက်က မချနိုင်အောင် ကောင်းပါတယ်။ ဦးနုရဲ့ ငရဲဆိုတာချိုနဲ့လား ဆိုတဲ့ စာအုပ်ကိုဆို ဖတ်လို့ကောင်းလို့ ၃ခေါက် ဖတ်ပြီးပါပြီ။

အရေးအခင်းပြီး ကျောင်းတစ်နှစ်လောက်ပိတ်ပြီး ပြန်ဖွင့်တော့ မေမေကို အထက်တန်းကျောင်းရဲ့ စာကြည့်တိုက်မှူး အဖြစ် တာဝန်ပေးလိုက်ပါတယ်။ တခြားဆရာမတွေက စာကြည့်တိုက်မှူတာဝန်မယူချင်ကြပါဘူး၊ စာသင်ရတဲ့အပြင် အလုပ်တစ်ခုပိုလာလို့ပါပဲ။ မေမေကတော့ စာကြည့်တိုက်မှူးဖြစ်သွားတာဟာ ကျောင်းသွားတွေကို စာကြည့်တိုက်နဲ့ ထိတွေ့ပေးဖို့ အခွင့်အရေးလို့ ယူဆပြီ ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းရဲ့ ဟောခန်းကြီးရဲ့ ချောင်ကပ်နေတဲ့ စာအုပ်တွေကို သေချာထားဖို့ အခန်းသီးသန့်တောင်းယူပြီး စာကြည့်တိုက်ကို သေချာပြင်ဆင်ပါတယ်။ ၀ါသနာပါတဲ့ ဆရာ၊ဆရာမများ နဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အကူအညီယူပြီးတော့ စာကြည့်တိုက်တခုပီပြင်စေခဲ့ပါတယ်။

စာကြည့်တိုက်မှူးဖြစ်လာတော့ မေမေက ကျောင်းကို စောစောသွားပြီး ကျောင်းသားတွေ ကျောင်းမတက်ခင် စာဖတ်နိုင်ဖို့ စာကြည့်တိုက်ကိုဖွင့်ပေးခဲ့ပါတယ်။ ကျောင်းကိုဘယ်လောက် စောစောသွားသွား စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ ကျောင်းသားလေးတွေက မနက်ဆို မေမေကို စောင့်လို့နေပါတယ်။ အဲလိုကျောင်းသားတွေက စိတ်အားထက်သန်လေ မေမေက ကျောင်းကို ပိုပြီး စောစောရောက်အောင်သွား ကြိုးစားသွားလေပါပဲ။ စာအုပ်ငတ်နေတဲ့ ကျောင်းသားလေးတွေ အငမ်းမရစာဖတ်တာကိုတွေ့ရတာ မေမေ ၀မ်းသာကြည်နူးပီတိဖြစ်ရပါတယ်လို့ ပြောပါတယ်။

ကျောင်းစာကြည့်တိုက်မှာ ဆရာရော ကျောင်းသားပါ အခွင့်အရေးအတူတူပဲ စာအုပ်ငှားခွင့်ရှိပါတယ်။ တချို့ဆရာတွေက အခွင့်အရေးပိုလိုချင်ပေမယ့် စည်းကမ်းကိုတင်းကြပ်ထားတော့ အခွင့်အရေးပိုလိုချင်တဲ့ တချို့ဆရာ ဆရာမတွေနဲ့ ငြိုငြင်မှုကို မေမေ ခံခဲ့ရပါတယ်။ နောက်ပြီး ကျောင်းသားတွေ စာအုပ်အပ်ရက်ကျော်ပြီး မအပ်ပဲနေရင် အတန်းထဲအထိလိုက်ပြီး အပ်ခိုင်းတတ်လို့ နောက်ပိုင်းမှာ ကျောင်းသားတွေလည်း စာအုပ်မအပ်ပဲ မနေရဲတော့ဘူးပေါ့။

ဆယ်တန်းအောင်ပြီး အထက်တန်းကျောင်းကထွက်လာ၊ ရန်ကုန်ရောက်လာတော့ အစ်ကိုဖြစ်တဲ့သူရဲ့ လမ်ညွှန်မှုနဲ့ အမေရိကန်သံရုံးရဲ့ ပြန်ကြားရေးလုပ်ငန်းက စာကြည့်တိုက်မှာ အသင်းဝင်ခဲ့ပါတယ်။ အသင်းဝင်ကြေးတော့ မပေးခဲ့ရပါဘူး။

နောက်ပိုင်းမှာတော့ British Council ကဖွင့်တဲ့ စာကြည့်တိုက်မှာ အခကြေးပေးပြီးတော့ (FEC ၉၀ လောက်ပေးရတယ် ထင်ပါတယ်။ မေ့တေ့တေ့ဖြစ်နေပြီ) စာအုပ်တွေငှားခဲ့ပါတယ်။ British Council က ခပ်လွယ်လွယ်ဖတ်လို့ရတဲ့ အင်္ဂလိပ်စာအုပ်ငယ်လေးတွေကို ဖတ်ရတာ သဘောကျမိတယ်။ ကိုယ့်အင်္ဂလိပ်စာကလည်း ခပ်ကောင်းကောင်းဆိုတော့ အ၀ါရောင်၊ အစိမ်းရောင် လေဘယ်ပါတဲ့ စာအုပ်လောက်တွေကို အဖတ်များခဲ့ပါတယ်။ အဲဒီထက်မြင့်ရင် Dictionary ကြည့်ရလွန်းလို့လေ။

မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက်က ခြောက်ထပ်ရုံးမှာ ရှိတယ်လို့ ကြားဖူးခဲ့ပါတယ်။ ဆရာမကြီး ယုဝတီခင်စိန်လှိုင်ရဲ့စကားနဲ့ဆို အဖိုးတန်စာအုပ်တွေကို ဟင်းရွက်ကန်စွန်းရွက်ထားသလို တောင်းတွေထဲမှာ စုပုံထည့်ထားတာ တွေ့ရတာ အင်မတန်ဝမ်းနည်းဖို့ကောင်းတယ်တဲ့။ ကိုယ်တိုင်လည်း သေချာမရောက်ဖူးခဲ့တော့ ဘယ်လိုရှိတယ်ဆိုတာ မသိခဲ့ပါဘူး။ အခုလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက် ဘယ်မှာရှိတယ်ဆိုတာ သိရင်ပြောသွားပါဦး။

အဲဒီလိုနဲ့ တက္ကသိုလ်ရောက်လာတော့ စာကြည့်တိုက်ကိုသွားကြည့်ခဲ့မိပါတယ်။ လှိုင်နယ်မြေမှာ ရှိတဲ့ စာကြည့်တိုက်ကတော့ တက္ကသိုလ်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ဘယ်လိုမှ မလိုက်ပါဘူး။ တစ်ထပ်ဆောင်မှာ စာအုပ်ကောင်းကောင်းမရှိတဲ့ ချွတ်တီးချွတ်ခြောက် စကြည့်တိုက်ပါပဲ။ အသင်းဝင်ချင်လို့မေးတာတောင် ကောင်းကောင်းပြန်ဖြေမယ့်သူမရှိခဲ့ဘူး။ မေးခွန်းဟောင်းတွေကိုပဲ တစ်ခါပဲ ငှားဖူးခဲ့တယ်။

ပညာရေးကို တကယ်ပဲအားပေးသလားဆိုတာ စာကြည့်တိုက်တွေရဲ့ အဆင့်အတန်းကို ကြည့်ရုံနဲ့ သိသာနိုင်ပါတယ်။

ဆက်ရန်...

(အမှန်ကတော့ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက် ကိုရေးဖို့ပါပဲ။ ရေးလက်စဖြစ်တဲ့ ဒီစာကို ပြန်ဖတ်မိလိုက်တာ ဆက်ရေးဖြစ်သွားတယ်။ ပြီးတော့ သူများရေးတဲ့စာကို ပြန်ရေးရတာ ထင်သလောက် မလွယ်ဘူး... :D အမချိုသင်း တံခါးခေါက်ထားတာကိုတော့ အားနာပါတယ်။)

7 comments:

Moe Cho Thinn said...

ကိုယ်သိခဲ့ ကြုံခဲ့ဖူးတဲ့ စာကြည့်တိုက်လေးတွေ အကြောင်း ဖတ်ရတာ ကောင်းလိုက်တာ။ မေမေက ကျောင်းသားလေးတွေကို စာဖတ်စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ခဲ့တာနော်။ သိပ်ကောင်းတာပဲ။

စာကြည့်တိုက်တခုဖွင့်တာ ထောင်တခု ပိတ်လိုက်တာနဲ့ တူသတဲ့။ ဒါပေမဲ့ အခုခေတ်မှာတော့ စာဖတ်တော့ ပိုသိ၊ ပိုသိတော့ မတရားတာကို လက်မခံ၊ ဒါနဲ့ ထောင်ထဲ ရောက်ရပြန်လေသလား မသိ။

၆ထပ်ရုံးက အမျိုးသား စာကြည့်တိုက်ဟာ အမ သွားတုန်းကတော့ အစုံဆုံးပဲ။ တကယ့်စာအုပ်ကောင်းတွေ စနစ်တကျရှိပါတယ်။ တက္ကသိုလ်စာကြည့်တိုက်ထက်တောင် ပိုစုံတယ် ထင်မိတယ်။ ဆရာ ဦးမြင့်ကြိုင် တို့ ဆရာလေး တို့ ခေတ်ကပါ။ ခုတော့ ဗဟန်း ကို ရောက်သွားတယ် ထင်တယ်။ ILBC နားမှာလို့ ကြားတာပဲ။ သေချာ မသိတော့ဘူး။ စာအုပ်တွေလဲ သေချာ မထိန်းသိမ်းနိုင်လို့ တော်တော်ပျက်စီးကုန်တယ် ကြားမိတယ်။

WWKM said...

စာကြည့်တိုက်အကြောင်းလေးလာဖတ်သွားပါတယ်.
အစ်မလည်း ဒီကစာကြည့်တိုက်အကြောင်းလေး မျှဝေ
ပေးဘို့ စီစဉ်ထားပါသေးတယ်.

ရွာသားလေးဝိုင်တီယူ said...

ဆက်ပါဦးခင်ဗျာ

BC စာကြည့်တိုက်ကြေးက ၉၈၊၉၉ မှာ ကျောင်းသားဆိုရင် FEC 7ကျပ်ပါ
နောက်တော့ ၂၅ကျပ်ဖြစ်သွားတယ်ထင်ပါတယ်

အခုတော့ဘယ်လောက်လဲမသိတော့ပါဘူးခင်ဗျာ

မေ့သမီး said...

ကိုပီတိအမေကတော်လိုက်တာနော်။ အကိုတို့ကို စာလည်းရေးတတ်အောင်သင်ပေး။ ကလေးတွေကိုလည်း စာအုပ်တွေနဲ့နီးစပ်အောင်လုပ်ပေးနိုင်တယ်နော်။ ညီမတို့ ပုသိမ်ကပြန်ကြားရေးစာကြည့်တိုက်မှာတော့ အရင်တုန်းက (ညီမ၈တန်းလောက်တုန်းက) စာအုပ်တော်တော်စုံပါတယ်။ ပေါ်လီယာနာတို့၊ ဒေါက်တာမောင်မောင်ညိုရဲ့ အင်္ဂလန်၊ အမေရိကန်နဲ့ မြန်မာနိုင်ငံသားတို့ဆိုတဲ့စာအုပ်မျိုးတွေ၊ ဘာသာပြန်နဲ့ အရင်တုန်းက၀တ္ထုတွေ အများကြီးပဲရှိတယ်။ နွေရာသီကျောင်းပိတ်ရက်တိုင်းအဲဒီစာကြည့်တိုက်ကို စက်ကျတာပေါ့။ အခုတခေါက်ပြန်သွားတော့ အရင်ရှိနေတဲ့စာအုပ်တွေတောင်ရှာမရတော့ဘူး။ ညီမတောင်အားရင်စာကြည့်တိုက်တွှေအကြောင်း ရေးမလို့စဉ်းစားထားသေးတယ်။ လက်ကမရောက်သေးဘူး။ :P

သီဟသစ် said...

ကပီတိရေ

စာကြည့်တိုက်တွေ အကြောင်းလာဖတ်သွားပြီ
ကျွန်တော်တို့ အထက်တန်းတုန်းက ကျောင်းစာကြည့်တိုက်ကတော့ ငှားလို့ ရခဲ့သဗျ

စကားမစပ် ဦးနုစာရေးတာလည်း ကောင်းတယ်ဗျ
နိုင်ငံရေးသမားမို့ အပြောကောင်း အရေးကောင်းတာလားတော့မသိ

ခင်မင်စွာဖြင့်
သီဟသစ်

သက်ဝေ said...

ကိုပီတိရဲ့ စာကြည့်တိုက်တွေအကြောင်းက ဖတ်လို့ကောင်းလိုက်တာ... အားလုံးထဲမှာ တူတာတခုက အမ မေမေကလဲ အထက်တန်းပြဆရာမ၊ ကျောင်းမှာ စာကြည့်တိုက်မှုး၊ မနက်ကို မေမေနဲ့ ကျောင်းစောစောသွားပြီး ဝါသနာတူ သူငယ်ချင်းတစုနဲ့အတူ မေမေ့ကို ကူပြီး စာအုပ်တွေ စီပေးတာ၊ စာရင်းတွေ မှတ်ပေးတာ တွေ လုပ်ခဲ့ဖူးတယ်။ ဒုတိယ အကြိမ် ကျောင်းတက်ခေါင်းလောင်းထိုးမှ စာသင်ခန်းထဲကို အပြေးဝင်ခဲ့ရတာတွေ ပြန်သတိရလာတယ်...
ဆက်ရေးပါအုံး မောင်လေးရေ... မျှော်နေမယ်...

P.Ti said...

အမချိုသင်း ကျေးဇူးပါ။ မေမေလုပ်ခဲ့တာကို အခုအချိန်အထိ ကြည်နှုးနေတုန်းပဲ။ ပီတိကိုစား အားရှိပါ၏ ဆိုတာထင်ပါတယ်။ ကျွန်တော့်ကို စားတာဟုတ်ဘူးနော်... အဟဲ...
၆ထပ်ရုံးစာကြည့်တိုက်ကို မရောက်ဖူးလိုက်ဖူးအမရယ်... ILBC နားက စာကြည့်တိုက်က မပြီးသေးပဲ တလောက လေလံတင်ရောင်းနေတာကြားမိတယ်။

မ၀ါရေ.. ရေးပါဦး။ ဂျပန်က စာကြည့်တိုက်အကြောင်း သိရတာပေါ့။

ကိုရွာသားလေး အမှားပြင်ပေးတာ ကျေးဇူး။ အဲတုန်းကတော့ ကျွန်တော်တို့အတွက် ဈေးတော်တော်ကြီးတာပဲနော်..

မေ့သမီးလည်းရေးပါဦး။ အခုနေကောင်းသွားပြီလား။ ပုသိမ်ကတော့ တိုင်းမြို့တော်မို့လို့များ စာအုပ် ပိုစုံသလားမသိဘူး။ ရှိပြီးသားတွေတောင် ပျောက်ပျက်ကုန်တာ နှမျောစရာပဲနော်...

သီဟသစ်တို့ကျောင်းက ကောင်းတာပေါ့။

အမသက်ဝေအမေနဲ့ ကျွန်တော့်အမေက တူတာပေါ့။ အထက်တန်းကျောင်းဆရာမ စာကြည့်တိုက်မှူးဆိုတော့။ မေမေကတော့ စာဖတ် စာရေး ၀ါသနာပါလို့သာ သူသင်သာ သင်္ချာ နဲ့ ရူပဗေဒလေ...

Ratings