Wednesday, July 1, 2009

ကြုံတွေ့ခဲ့ဖူးတဲ့ စာကြည့်တိုက်များ - ၂

၁၉၉၆ ခုနှစ်ကစပြီး ပိတ်လိုက်တဲ့ ကျောင်းတော်ကြီး၊ ဘယ်တော့များမှ ပြန်ဖွင့်မယ်ဆိုတာ ဘယ်သူမှမသိနိုင်တဲ့အချိန်… တခုခုလုပ်မှဖြစ်မယ်ဆိုပြီး စင်ကာပူကိုလာ ကျောင်းတက်ခဲ့တယ်။ အဲဒါတောင် သူများတွေထက် တော်တော်နောက်ကျပြီးမှ ထွက်လာဖြစ်ခဲ့တာ…

ဒီမှာ ကျောင်းတက်ဖြစ်တော့ ဒီပလိုမာ ရမယ့် ကျောင်းကိုတက်ရတာဆိုတော့ ပထမပိုင်းမှာ ကိုးလို့ကန့်လန့်တော့ ခံစားရတာပေါ့။ ကိုယ်တက်ခဲ့တာက တက္ကသိုလ်ဆိုတဲ့ အတွေးလည်းပါတာပေါ့။

ကျောင်းအပ်ပြီးနောက်နေ့ မှာပဲ ကျောင်းရဲ့ စာကြည့်တိုက်ကိုသွားခဲ့တယ်။ စာကြည့်တိုက်ကိုရောက်တော့ တော်တော်လေး ကျေနပ်သွားမိတယ်။ ထင်တာထက် အများကြီး ကြီးနေတဲ့ စာကြည့်တိုက်ကြီးဖြစ်နေတာကိုး… စာကြည့်တိုက်က နှစ်ထပ်၊ ပြီးတော့ အလယ်တောင်ပံ၊ တောင်ဖက် တောင်ပံ၊ မြောက်ဖက် တောင်ပံ လို့ဆိုပြီး နေရာသုံးနေရာတောင် ခွဲခြားထားတာ။ (တောင်ပံ=wing :P)

စာအုပ်တွေကလည်း စုံတဲ့အပြင်၊ အပြင်အဆင် အထားအသို၊ သုံးတဲ့ ပစ္စည်းကိရိယာ အားလုံးက အဆင့်တန်းမြင့်မြင့်ပါပဲ။ စာကြည့်တိုက်မှာ ကျောင်းစာနဲ့ပတ်သက်တဲ့ စာအုပ်တွေ အပြင်၊ ၀တ္ထုစာအုပ်တွေ၊ တခြားလေ့လာဖို့ စာအုပ်တွေကလည်း စုံပါတယ်။ နောက်ပြီး စာဖတ်ဖို့ နေရာတွေသပ်သပ်ရှိတယ်၊ဆွေးနွေးဖို့ အခန်းတွေရှိတယ်၊ CDတွေ DVD တွေ နားထောင်လို့၊ ကြည့်လို့ရတဲ့ နေရာတွေရှိတယ်၊ အပြင်ကို ငှားခွင့်မပေးတဲ့ ရည်ညွှန်းချက် စာအုပ်တွေကို ကော်ပီကူးချင်ရင်လုပ်ပေးထားတဲ့နေရာရှိတယ်၊ အင်တာနက်သုံးလို့ရတဲ့ ကွန်ပျူတာ နေရာတွေရှိတယ်။ ဒီမှာ ရှိတဲ့ ဒီပလိုမာသာပေးတဲ့ ကျောင်းတစ်ကျောင်းရဲ့ စာကြည့်တိုက်က ရန်ကုန်မှာ ကိုယ်သုံးခဲ့တဲ့ စာကြည့်တိုက်တွေထက် အများကြီးပြည့်စုံနေတာ တွေ့ရတော့ ကိုးလို့ကန့်လန့်တော့ ခံစားရတာ နည်းနည်း သက်သာသွားပါတယ်။


ရောက်တဲ့ နေ့မှာပဲ ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကိုဆွဲပြီး ငှားဖို့လုပ်ပါတယ်။ စာအုပ်ကိုယူပြီး ရှေ့ကကောင်တာမှာ ငှားမယ်လို့ သွားပြောတော့ Self-Check Machine မှာ ကိုယ်တိုင်ငှားပါလို့ပြန်ပြောတယ်။ ပထမတော့ သူတို့ပြောတာ နားမလည်ပဲ အူကြောင်ကြောင်ဖြစ်နေပါတယ်။ တောသားမြို့ရောက် ဘ၀ဖြစ်နေတာမျိုးလေ… နောက်တော့မှ သူများလုပ်တာကို လုပ်ကြည့်ပြီး ကျောင်းသားကတ်ကို စက်မှာပြ၊ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကိုနှိပ်၊ ပြီးတော့မှ ငှားချင်တဲ့စာအုပ်ကို စက်ပေါ်တင်ကာ ပထမဆုံးစာအုပ်ကို အောင်မြင်စွာ ငှားနိုင်ခဲ့ပါတော့တယ်။

ပထမဆုံးငှားခဲ့တဲ့ စာအုပ်ကတော့ ကျောင်းစာကလွဲအကုန်ဖတ်သည်ဆိုသည့် ကိုယ်ပိုင် မူအတိုင်း American Star ဆိုတဲ့ ၀တ္ထုစာအုပ်ပါပဲ။

ဒါနဲ့ စကားမစပ် အင်္ဂလိပ်ဝတ္ထု ဖတ်တဲ့အကျင့်က ရန်ကုန်မှာကတည်းက အကို့ဆီက ရတာပါ။ အကိုက သိင်္ဂီရွှေရည်ဆိုတဲ့ စာအုပ်အငှားဆိုင်က အင်္ဂလိပ်ဝတ္ထုတွေငှားလာတတ်ပါတယ်။ ရန်ကုန်အိမ်မှာက ဖတ်စရာရှားတော့ တွေ့ရာ အင်္ဂလိပ်ဝတ္ထုကို ကောက်ကိုင်ဖတ်လိုက်ရာက နားမလည်တာတွေ အဘိဓာန်ကြည့်ပြီးတောင် ကြိုးစားဖတ်တော့တာပါပဲ။ ဒီစာအုပ်နာမည်ကိုတော့ စိတ်ထဲမှာ စွဲနေတော့ တွေ့တာနဲ့ ငှားမိလိုက်တာပေါ့။ ဘာလို့ ဖတ်လို့ကောင်းတာလဲဆိုတာကိုတော့ သိကြမှာပါ :D

ကျောင်းတက်စမှာ အချိန်ပိုင်းအလုပ်လည်း မလုပ်သေး၊ သင်တဲ့စာတွေကလည်း ကိုယ့်အတွက် လွယ်နေတော့ အားတဲ့အချိန်ဆို စာကြည့်တိုက်ထဲရောက်နေမိတယ်။ (သင်တဲ့စာတွေကလွယ်ဆို ကျွန်တော်က ကျောင်းအတူတူတက်တဲ့ အတန်းဖော်တွေထက် အသက်ကြီးတာကတစ်ကြောင်း၊ သင်တဲ့စာတွေကို ရန်ကုန်မှာ အလုပ်အဖြစ်လုပ်လာခဲ့တာက တစ်ကြောင်းဆိုတော့ ဒီက ကလေးတွေကို အနိုင်ကျင့်သလိုဖြစ်နေတာလေ… )
စာကြည့်တိုက်မှာက အင်တာနက်ကိုလည်းသုံးလို့ရတော့ သွားနေတာလည်းပါတယ်။ အဲဒီတုန်းက အင်တာနက်ဆိုတာ အိမ်တွေမှာလည်း ရှားပါးသေးတယ်။ SCV ဆိုတာ Singapore Cable Vision ဆိုတဲ့နာမည်နဲ့ရှိသေးတယ်။ StarHub ဆိုတာ ပေါ်ကာစ ကာလ။
နောက်ပိုင်းမှာ အချိန်ပိုင်းအလုပ်လုပ်လာတော့ စာကြည့်တိုက်ကို အရောက်အပေါက် နည်းနည်း လာပါတယ်။

ကျောင်းတက်နေတုန်း အချိန်မှာတော့ ကျောင်းစာကြည့်တိုက်ကိုပဲရောက်ဖြစ်တယ်။ အပြင်က စာကြည့်တိုက်တွေကို သွားချိန်မရှိတာနဲ့ အလည်းအဖြစ် တစ်ခါပဲရောက်ဖူးခဲ့တယ်…

အလုပ်စလုပ်တဲ့အချိန်ရောက်မှပဲ National Library မှာ အသင်းဝင်အဖြစ် ၀င်ရောက်ပြီး ဒီက အများပြည်သူ စာကြည့်တိုက်တွေကို ပုံမှန်သွားဖြစ်ပါတော့မယ်။ အသင်းဝင်ကြေးပေးစရာမလိုပဲ ကဒ်ဖိုး S$5 တစ်ခါသာပေးတာနဲ့ အသင်းဝင်ဖြစ်သွားတာမို့ ရန်ကုန်က BC မှာထက်စာရင်တောင် သက်သာနေပါတယ်။

ရန်ကုန် British Council စာကြည့်တိုက်ကြေးက ကိုရွာသားလေး ပြောသလို FEC 7 ပါ။ ကျွန်တော်က သင်တန်းကြေးနဲ့ မှားပြီးမှတ်ထားလို့ပါ။ ကျေးဇူးပါ ကိုရွာသားလေး...



ဆက်ရန်...

ပို့စ်များရန် မရည်ရွယ်ပါ။ အခုတလော အိမ်ပြန်နောက်ကျနေတော့ မရေးဖြစ်ဘူးဖြစ်နေတယ်...

5 comments:

ရွာသားလေးဝိုင်တီယူ said...

ကိုပီတီရေ စာကောင်းလေးတွေကို စောင့်ဖတ်ဖို့ အဆင်သင့်ပါခင်ဗျ။ အိမ်ပြန်စောဖို့လည်း ဆုတောင်းလိုက်ပါတယ် တော်ကြာ တစ်ထောင်တစ်ညဖြစ်နေမှာစိုးလို့ဗျ :P

ပုံရိပ် / Pon Yate said...

အမှန်ပဲ ဒီရောက်တော့ စာကြည့်တိုက်တွေကို သဘောကျမိတယ်။ တော်တော်များများက အလကားဝင်ကြေး သို့မဟုတ် အရမ်း သက်သာတယ် ၀င်ကြေးနဲ့ စာအုပ်တွေ ငှားခွင့်ရှိတယ်။ မြန်မာပြည်မှာတော့ စာကြည့်တိုက်တွေကို အလွယ်တကူ မ၀င်နိုင်လို့ စာအုပ် အငှားဆိုင်တွေနဲ့ စာအုပ်အဟောင်းတန်းတွေကို အဖော်လုပ်ပြီးနေလာခဲ့တာလည်း အရသာ တမျိုးပေါ့။

Kay said...

ရေးလည်းရေးသေးတယ်။ ဖြေရှင်းလိုက်ရတာလည်း အမော..း)

စာကြည့်တိုက် ဗမာပြည်မှာ ကျယ်ပြန့်လား မပြန့်လား..တခါ.. မြ၀တီက လွှင့်တဲ့.. စကားထာဝှက် ပြိုင်ပွဲမှာ.. မင်းသမီး ဆုပန်ထွာက.. ( ဟို..လေ.. အရင်တုန်းက..လူတွေ စာအုပ်ရှာတဲ့ဟာ...) လို့ပြောသွားပါတယ်။
သေလို့ရပြီ။

Moe Cho Thinn said...

ပီတိရဲ့ ဒီက စာကြည့်တိုက်အကြောင်းလေး ဖတ်ရတာ ကောင်းတယ်။ ဟုတ်တယ် စာကြည့်တိုက်ဆိုတာ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း အသင်းဝင်ကြေး အသက်သာဆုံး ထားရင် ပို အဆင်ပြေတာပေါ့။

အခု အမတို့အိမ်နဲ့ ဒီမြို့က public library လေးနဲ့ မျက်စောင်းထိုးပဲ။ အမ တယောက်တည်း စာသွားဖတ်တာ အမ အမျိုးသားရဲ့ သူငယ်ချင်းအကိုကြီး တယောက်က ပြောတယ်။ မကောင်း ကျောင်းပို့ ပဲ ကြားဖူးပါတယ်ကွာ၊ မကောင်း စာကြည့်တိုက်ပို့ လို့ မကြားဖူးပါဘူး တဲ့။ အမကို စာကြည့်တိုက် ပို့ခဲ့တယ် ဆိုလို့လေ..။ :(

P.Ti said...

ဟားဟား ကိုရွာသားလေးရေ... တစ်ထောင့်တစ်ညတော့ ဖြစ်နေပြီ...

ဟုတ်တယ် ပုံရိပ်... တစ်မျိုးစီပေါ့လေ။ အဟောင်းဆိုင်မှ စာအုပ်ထိုင်ဖတ်ရတာကိုက အရသာတစ်မျိုး...

ရေးပြီးတော့ ဖြေရှင်းရတာပေါ့ အမကေရယ်...
ဟားဟား ဟုတ်လား.. အရင်တုန်းကလည်း.. အခုတော့ မရှိတော့ဘူးဆိုတော့ သဘောပေါ့..
သေတော့ မသေးပါဘူး။

အမချိုသင်းကလည်း မကောင်းကျောင်းပို့ပဲရှိတာလေ...
အမက ကောင်းလွန်းလို့ စာကြည့်တိုက်လို ကောင်းတဲ့နေရာ ပို့ခဲ့တာပေါ့... :D

Ratings