Tuesday, July 7, 2009

လက်ဆင့်ကမ်း...

၁၉၉၆ ရဲ့ ဒီဇင်ဘာလဆန်းစ တညနေမှာ…
ကျောင်းကအပြန် ရေချိုး၊ ထမင်းစားပြီး ပင်းယဆောင် အလယ်ထပ် လသာဆောင်မှာ သူငယ်ချင်းတွေ စုရပ်ကာ စကားပြောနေတုန်း

“ပင်းယသားတွေ ထွက်ခဲ့ကြဟေ့...” ဆိုတဲ့ အောက်က အော်တဲ့ အသံကြားလိုက်ရပါတယ်။

အဆောင်ရှေ့မှာ ကျောင်းသားတွေအုပ်လိုက်ကြီးစုကာ စက်မှုကျောင်းသား ညီအစ်ကိုတွေကို အားပေးထောက်ခံ ဆန္ဒပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှာ အဆောင်ရဲ့တစ်ဖက်ကနေ အင်းဝ၊ စစ်ကိုင်း ကကျောင်းသားတွေ၊ တခြားတစ်ဖက်က ပဲခူး၊ သထုံဆောင်က ကျောင်းသားတွေ အစုလိုက်ထွက်လာကြတာတွေ့လိုက်ရတဲ့အခါ စကားပြောနေတဲ့ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချက်ချင်းအောက်ကို ပြေးဆင်းသွားမိကြတယ်။

အဆောင်အောက်မှာတော့ အဆောင်မှူးက မျက်စိမျက်နှာပျက်ပျက်နဲ့
“သားတို့ ကျောင်းဝိုင်းထဲမှာပဲနေနော်... အပြင်မထွက်နဲ့နော်...” လို့ သူတတ်နိုင်သလောက် မှာနေပါတယ်။

အဓိပဓိလမ်းမပေါ်ရောက်တော့ အားလုံး စနစ်တကျတန်းစီပြီး ကြွေးကြော်သံတွေအော်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတယ်။ ရွှေဘိုဆောင်ဖက်ကို စီတန်းပြီးလျှောက်၊ ပြီးတော့ တောင်ငူဆောင်ဖက်ကိုသွား၊ ရာမညဆောင်ရှေ့နားရောက်တော့ ကြွေးကြော်သံတွေကို ပိုပြီး ကျယ်ကျယ် အော်မိကြတယ်။

တစ်ဖက်က လှည်းတန်းက အိမ်တွေရှိတော့ ပြည်သူတွေရှိတယ်လေ။ ပြည်လမ်းမပေါ်က ရဲတွေ၊ လုံထိန်းတွေလည်းရှိတယ်။ စိတ်မထိန်းနိုင်တဲ့ ကျောင်းသားတစ်ချို့က ဆဲမိကြတော့ ဘေးကသူငယ်ချင်းတွေကထိန်းကြတယ်။

“ဟေ့ကောင်တွေ သူတို့က ငါတို့ ရန်သူတွေမဟုတ်ဘူး... ”

ဟုတ်တယ်... ငါတို့ ကျောင်းသားတွေ ဆန့်ကျင်တာ မတရားတဲ့လုပ်ရပ်တွေ၊ မတရားတဲ့အမှုတွေ၊ မတရားတဲ့ စံနစ်တွေ။ သူတို့က သာမန်အောက်ခြေက၀န်ထမ်းတွေ၊ အပေါ်ကခိုင်းလို့လုပ်ရတာ၊ အဲဒါလည်း စံနစ်ကြောင့် ဆိုတာ ကျောင်းသားတွေ နားလည်ကြတယ်။ ဒါပေမယ့် သူတို့တွေက ကျောင်းသားတွေကို နားလည်မပေးကြပဲ ရန်သူလို့သတ်မှတ်မှုကိုသာပြန်ပေးခဲ့ကြတယ်။ အဲဒီအတွေးတွေ ၀င်လာတော့ အားလုံးရင်ထဲမှာ အသက်ပေးပြီး မတရားမှုတွေကို တော်လှန်ခဲ့ကြတဲ့ ကျောင်းသားအစ်ကိုကြီးတွေကို သတိရ၀မ်းနည်းလာမိတယ်။ ကြွေးကြော်သံတွေအော်နေပေမယ့် ၀မ်းနည်းသံတွေပါလာတယ်။

မန္တလေးဆောင်နားရောက်တော့ ခံစားချက်က ပိုပြီးပြင်းလာကြတယ်။
ငါတို့ရဲ့ အစ်ကိုကြီးတွေ မန္တလေးဆောင်ထဲကနေပြီး အားပေးနေသယောင် ခံစားမိတယ်။ ငါတို့ကိုကြည့်ပြီး လက်သီးကိုကျစ်ကျစ်ဆုတ် မျက်နှာကြောတွေတင်းအောင် အံကြိတ် နေတဲ့ အစ်ကိုကြီးတွေကို မြင်နေမိတယ်။

ရှေ့ကကျောင်းသားတွေ မန္တလေးအဆောင်ရှေ့က မြေကွက်လပ်က တံခါးကိုကြိုးစားဖွင့်နေကြတယ်။ တံခါးပွင့်သွားတော့ အားလုံး မြေကွက်လပ်အလယ်မှာရှိတဲ့ ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ စုပြီး ငြိမ်သက်စွာရပ်နေကြတယ်။ ဒီနေရာမှာ လွတ်လပ်ရေး သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး ခန့်ညားစွာရှိခဲ့တယ်လေ။ အခု ငါတို့ ဒီနေရာ ခြေချထားတယ်။ အဲဒီအသိက ငါတို့ကို အားအင်သစ်တွေဖြစ်လာစေတယ်။ နိုင်ငံတောင်သီချင်းဆိုချိန်လိုက်မှာတော့ ကြက်သီးတွေ တဖြန်းဖြန်းထပြီး အားလုံး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့...

ငါတို့ ကျောင်းသားတွေရဲ့ အမှန်ကိုမြတ်နိုးတဲ့စိတ်ဓာတ်၊ မတရားတာတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တဲ့စိတ်ဓာတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်ဓာတ်တွေဟာ ဗိုလ်အောင်ကျော်၊ ဗိုလ်အောင်ဆန်းတို့မှ ခေတ်အဆက်အဆက်၊ စံနစ်အဆက်အဆက် လက်ဆင့်ကမ်းခဲ့တာ မတရားတာတွေရှိနေသမျှ လက်ဆင့်ကမ်း ရှိနေဦးမှာပဲ...

အခုလည်း ရှိနေဆဲ...

11 comments:

ဂျူနို said...

ပြန်လည်နိုးကြားတက်ကြွလာသလို ခံစားလိုက်ရတယ်

ပီတိဖြစ်ရလို့ ကျေးဇူးပါ ပီတိရယ်

ကိုလူထွေး said...

အဲဒီနေ့က တံတားဖြူနဲ့ ခပေါင်းလမ်းထဲမှာ မီးသတ်ကားတွေ အဆင်သင့်ရောက်နေပြီ။

ပစ်ဟယ်ခတ်ဟယ်ဖြစ်လာခဲ့ရင် ချက်ချင်းရေဆေးပစ်လို့ ရအောင်လို့လား
မီးသတ်ပိုက်နဲ့ လူစုခွဲဖို့လား မသိနိုင်ဘူးလေ...

အောင်သာငယ် said...

သမဂ္ဂစိတ်ဓါတ် အဓွန့်ရှည်ပါစေ...
လွတ်မြောက်ရေးသူရဲကောင်းများ ကိုယ်ရောစိတ်ပါကျန်းမာပါစေ...

Moe Cho Thinn said...

ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး မြင်ယောင်သွားပြီ မောင်လေးရေ။
ခွပ်ဒေါင်း စိတ်ဓာတ်ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့။ ဘယ်သူကမှ သွေးဆောင် ဖြားယောင်းစရာ မလိုဘဲ အမှန်တရားအတွက် သွေးနီးခဲ့ကြတာလေ။
အမြဲတမ်းညီညွတ်ဖို့ တို့တတွေ သွေးစည်းမှ ဖြစ်မယ်။
ခရီးမဆုံးသေးဘူး မဟုတ်လား။

Kay said...

ခံစားပဲ့တင်ရတယ်။

မေ့သမီး said...

ကိုယ်မသိလိုက်တာတွေမို့ ဝေငှပေးတာကျေးဇူးပါအကို။ ဒီစိတ်ဓါတ်ကကျောင်းသားတွေအဆက်ဆက် လက်ဆင့်ကမ်းသွားရမှာပဲလေ။

ခင်မင်းဇော် said...

၉၆ ကျောင်းသားလှုပ်ရှားမှုကလဲ .. တကယ့်ရာဇ၀င်ပါပဲ..

JulyDream said...

အဲဒါကို သိတောင် မသိလိုက်ဘူး။ ဒါပေမယ့် ဆယ်တန်း အောင်ပြီးတော့ ကျောင်းတွေ မဖွင့်တာတော့ သိလိုက်တယ်။ ဒီလိုနဲ့ ကျောင်းတွေ ပြန်ဖွင့်တော့လည်း မြို့ထဲမှာ မထားရဲတော့ပဲ မဲဇာမြိုင်ကို နှင်ချခံလိုက်ရ သတည်းပေါ့ဗျာ။

ရွာသားလေးဝိုင်တီယူ said...

ကျောင်းရယ်လို့ ပီပီမကြုံလိုက်ရတဲ့ ကျနော်တို့အတွက် ရှေ့အဆက်ဆက်စာလေးတွေ ဖတ်ပြီး မြင်ယောင်ကြည့်ရုံပဲပေါ့

ကောင်းကင်ကို said...

အဲဒီ့ရက်တွေကို ပြန်သတိရမိတယ်ဗျ။ ကျနော်လည်း ၉၆ တုန်းက ပထမနှစ်။ ဒီလင့်ခ်လေး ယူသွားတယ်နော်။

မေဇင် said...

မြန်မာပြည်မှာ အလုပ်လုပ်တုန်းက မန်နေဂျာ မမ ကအဲ့ဒီတုန်းက ကျောင်းသားလေ...သူပြောပြရင်များ အလုပ်မလုပ် တော့ဘူး ပြောပါဦး အစ်မ ပြောပါဦး အစ်မ နဲ့... ခုလို စာတွေ ဖတ်ရတော့လဲ ဖတ်ရတာ အားမရဘူး...များများရေးပေးပါ...။

Ratings