Friday, July 31, 2009

စံပယ် … အဝေး (သို့) အငေး

စာမရေးဖြစ်တာ ဘာလိုလိုနဲ့ နှစ်ပတ်လောက်ကြာလာတော့ အသစ်များရှိမလား လာရှာတဲ့လူတွေကို အားနာမိပါတယ်။ ကိုယ်တိုင်လည်း ဘလော့မဖတ်ဖြစ်နေတာကြာနေပြီ။ နောက်ပြီး ဆက်ရန်လုပ်ထားတာတွေကလည်း များနေပြီလေ။ ဆက်မယ်ဆက်မယ်နဲ့ မဆက်ဖြစ်တာတွေ စာဖတ်တဲ့သူတွေတောင် မေ့နေလောက်ပြီ။
အခုလည်း ရေးပြီးသားမရှိဖြစ်နေတာ။



တနေ့က ခင်တဲ့ အမကြီးတစ်ယောက်ရဲ့ G-Talk မှာ စံပယ်ပန်းဓာတ်ပုံတင်ပြီး “စံပယ်ဖြူတွေတောင် ပွင့်ပြီကွယ်…” ဆိုတဲ့ စာရေးထားတာတွေ့တော့ နောက်ချင်တာနဲ့ ဒီလိုကဗျာလေးစပ်ပြီး အဲဒီအမကိုပို့ရင်း မကေ၊ ညီမ နဲ့ ကျန်တဲ့နှစ်ယောက်ကိုပါ ပို့လိုက်ပါတယ်။

စံပယ်အတွေး
စံပယ်ဖြူ တငုံနှစ်ငုံဖူးတော့
ရင်ခုန်ကာ ကြည်နူးမိတယ်...
ဒီနှစ်တွင် ထူးလိမ့်မယ်လို့
စိတ်ထဲမှာကူးမိပေမယ့်
မဖြစ်လျှင် ရူးမိမှာစိုး...

ခဏနေတော့ မကေက ဘာတွေဖြစ်ကုန်တာလဲ ဆိုပြီး ပြူးတူးပြာတာဖြစ်ပြီး မသိချင်ယောင်ဆောင် မေးတယ်လေ။
ညီမ ကတော့ “တယ်ကောင်းတဲ့ကဗျာလေး... ဆက်စပ်ပေးလိုက်တယ်။ မမကြီး ပြောလေ့ရှိတဲ့စကားလေးသုံးလို့ အဟိ...” တဲ့။


စံပယ်အတွေး
စံပယ်ဖြူ တစ်ငုံနှစ်ငုံဖူးတော့
ရင်ခုန်ကာ ကြည်နူးမိတယ်...
ဒီနှစ်တွင် ထူးလိမ့်မယ်လို့
စိတ်ထဲမှာကူးမိပေမယ့်
မဖြစ်လျှင် ရူးမိမှာစိုးလို့
စံပယ်ဖြူ ဖူးငုံတွေကြား
တစ်ကိုယ်တည်း အေးအေးချမ်းချမ်းနေပါရစေကွယ်။

ခဏလည်းကြာ မကေက အော်ကြီးဟစ်ကျယ်နဲ့ စာပို့ပါလေရော…
“အားးးးးးးး လုပ်ကြပါအုံး..ကျုပ်ကို ဂျီတော့မှာ ပြသာနာ ရှာနေပြီ... ကပီတိ… ထွက်ခဲ့… သူစတာ... မပါဝူး..ကြောက်တယ်။”
မကေက ကြောက်တယ်ပြောတော့ ကျွန်တော်ဆိုပိုကြောက်တာပေါ့။ သာမန်စာတောင် မရေးရဲတော့ပဲ အမျက်ဖြေကဗျာ တစ်ပုဒ် အမြန်စပ်ပြီး ပို့လိုက်တယ်။

စံပယ်တွေပွင့်နေလည်း
အချိန်ကလင့်ပြီမို့
မခူးပဲထားမယ်ကြံရွယ်
ထူးထူး မထူးထူး ကွယ်
ဒီအတိုင်းပဲနေတော့မယ်။

မကေကတော့ အားပေးရှာတယ်လေ “ဒါဆို..ခေါင်းစဉ်လေးတော့ ပေးချင်တယ်.. စံပယ် အဆွေး” တဲ့...

အဲဒီမှာပဲ အမကြီးစိတ်ဆိုးသွားတယ်ထင်တယ် အီးမေးတောင် ပြန်မလာတော့ဘူး။ ဘာလုပ်ရမှန်းမသိတာနဲ့ ကဗျာတစ်ပုဒ်ထပ်စပ်လိုက်တာပေါ့။ အမကြီးကို မပြရဲတာနဲ့ ရေးပြီးတဲ့ကဗျာ မပုပ်သိုးခင် ဒီမှာပဲ ချရေးလိုက်ရပါတော့တယ်။

စံပယ်တွေပွင့်တာကိုမြင်
အချိန်မလင့်မှီ ခူးလိုက်မယ်ပြင်
ပန်လိုက်မယ် ကြံရွယ်လိုက်ပေမယ့်
ပန်းဆိုတာ အပင်ထက်မှာသာ အလှဆုံးပေမို့
ကမ်းလာတဲ့ လက်တွေကိုရှောင်ဖယ်
တစ်ယောက်ထဲပဲ နေတော့မယ်လို့
ဆုံးဖြတ်လိုက်တယ်။

ကဗျာကို ခေါင်းစဉ်ကိုဘာပေးရမယ်ဆိုတာတောင် မစဉ်းစား လိုက်နိုင်လိုက်ဘူး...
မကေကတော့ အကြံပေးပါတယ် "ခေါင်းစဉ် ပေးလိုက်မယ်... စံပယ်အဝေး (သို့) စံပယ်အငေး " တဲ့။

စံပယ်အဝေး ကတော့ပိုလိုက်မယ်ထင်တယ်နော်... ဘယ်လိုထင်လဲ... အမကြီးတော့ စိတ်ဆိုးပြေကောင်းလောက်ပါရဲ့ :D

နောက်ဆက်တွဲ သတင်း
အခုပို့စ်တင်ပြီးတော့ "ကဗျာရေးပြီးစကြလို့ စိတ်မဆိုးတဲ့အပြင် ကဗျာလေးတွေကိုလည်း ကြိုက်ပါတယ်..." လို့ အမကြီးက ပြောလာပါတယ်။ နောက်ပြီး ကဗျာတွေကိုလည်း "အမှတ်တရ လုံခြုံစွာသိမ်းဆည်းထားပါမယ်... " တဲ့။
စိတ်မဆိုး ဗွေမယူတာ ကျေးဇူးပါ အမကြီးရေ... ခင်လို့ စကြတာ ပျော်စရာကောင်းလို့ပါ...

[ကျန်တဲ့နှစ်ယောက်ကတော့ စပ်ထားတဲ့ကဗျာကို လိုက်မမှီလို့ပဲလား၊ ဒါမှမဟုတ် ကလေး ကဗျာလေးပါလို့ ထင်လို့လားမသိ၊ သူတို့ဆီက ပြန်စာမရခဲ့ပါဘူး။ :D]

8 comments:

Kay said...

အင်း..တကယ်တော့..စံပယ်ကို ..ကဗျာရှင်..ဆီမှာကို တွေ့နေရသလိုပါလား။း)
စံပယ်ကတော့..အဖူးလည်း လှ..အပွင့်လည်းလှ..အကြွေလည်းလှ..
အသွေးအဆင်လည်း အေးမြ..ရနံ့ဘ၀င် လည်း..မွှေးမြ..
ကဲ..ကာရန်တွေ ထွက်ကျကုန်ပြီ။း))

အမကြီးရေ- စံပယ်ပန်းလေးကို..ဘယ်မှာမြင်ရ မြင်ရ..း)

မေ့သမီး said...

စပယ်ပန်းလေးလှလိုက်တာ။ ကဗျာလေးတွေလည်း လှနေတာပဲ။

အောင်သာငယ် said...

အင်း....
လူပျက်တွေ နောက်လေ့ရှိတာ သွားသတိရတယ်...

ဒီမယ်... ပပ...
မင်း... ငွေတွင်းကို နှိုက်ရင်... ငွေရမယ်...
အေး... မြွေတွင်းတော့...
ယောင်လို့တောင်... သွား မနှိုက်လေနဲ့... မြွေကိုက်လို့.. သေလိမ့်မကွယ့်...

အင်း... ကပီတိ.... ကပီတိ...
ငွေတွင်းနဲ့ ရွှေတွင်းနဲ့မှားနေလေရော့သလား...
အဲလေ... မြွေတွင်းနဲ့ မှားနေလေရော့သလား...

ဂျူနို said...

စံပယ်က နှစ်ပွင့်ကိုး။ ငယ်ငယ်က ကြားဖူးတဲ့ ကဗျာလေး သတိရတယ်။

စံပယ် နှစ်ပွင့် ထရံကာ
ငါ့ကိုချစ်ရင် စာပြန်ပါ။

ရည်းစား စာတွေ ထဲ အဲ့လို့ ထဲ့ရေးကြတယ်လေ။

မအယ်

Khin said...

My Dear,
Actually it's the time for you to wake up. :-)
I know that you know. :-)

A Ma said...

မောင်လေးပီတိ, ညီမလေး ...
ချစ်စရာကဗျာလေးတွေအတွက် ကျေးဇူးကမ္ဘာပါ ... စိတ်ဆိုးတယ် ဆိုရင် ကဗျာလေးတွေ ထပ်ထွက်လာအုံးမလားဟင် ???? :-)))

ဒေါ်ကေ ...
ရှင်ကတော့ ချွန်တွန်း Specialist .... ဒါပေမ.ဲ ကဗျာခေါင်းစဉ် ပေးတာတော့ ကောင်းပ :-)))

အမကြီးခင်ရေ ...
မနိုးပရစေနဲ့...... ငြိမ်းချမ်းလွန်းလို.ပါ .... :-)))

P.Ti said...

ဟားဟား ဒေါ်ကေ ချွန်တွန်း specialist တဲ့... ဟုတ်သားပဲ.. ကြည့်ပါလား.. အဟိ

မေ့သမီးကျေးဇူးပါ။ မေ့သမီးရေးထားတာတွေ ဖတ်ဖြစ်ပေမယ့် မှတ်ချက်မရေးနိုင်တာကြာ... အားရင်လာမယ်နော်...

ကအောင်သာငယ် မြွေတွင်းလားတော့သိဘူးဗျ .. အာ.. ဒီလူကြီး ဘာတွေလာပြောနေတာလဲဗျ..

ဟုတ်လား မအယ်.. ကျွန်တော်တော့ ရည်းစားစာမရဘူးတော့ မသိဘူးဗျာ... ဟီး...

အမကြီးခင်ရေ... ဒီအမကြီးကတော့ အိပ်ဆေးသောက်ပြီးတောင် အိပ်နေတာလေ.. ဟားဟား

အမကြီးရေ.. စိတ်မဆိုးလို့ကျေးဇူးပါ။ ဟီး.. ဟုတ်တော့ဟုတ်တယ်.. စိတ်ဆိုးရင် ထွက်လာဦးမယ်ထင်တယ်...

အားလုံးကို ကျေးဇူး အထူးတင်ပါသည်။

Kay said...

ဒေါ်ကေ..က..အနစ်နာ..စေတနာ.. လက်နာ..( နာသုံးနာ) နဲ့..ချွန်တွန်းရတာပါနော်။
း)

Ratings