Friday, July 31, 2009

ကျမတို့သုံးယောက်အကြောင်း

ခေါင်းစဉ်တွေ့လိုက်တော့ ကျွန်တော်တစ်ယောက် မိန်းကလေးအနေနဲ့ ခံစားပြီး စာတွေရေးနေပြီးထင်နေဦးမယ်။ အခုလေးတင် ကောက်ရထားတဲ့ ညီမတစ်ယောက်ရေးပြီးပို့လိုက်လို့ ဒီမှာတင်လိုက်တာပါ။



ကျမတို့သုံးယောက်အကြောင်း

သူ့နာမည်ကိုကြားကြားချင်း အဲဒီနာမည်တနေရာရာမှာကြားဖူးသလိုပဲလို့ တွေးလိုက်မိတယ် ။ နောက်မှသိရတာ သူက ကျမမောင်လေးနဲ့ကျောင်းတုန်းက course အတူတက်ခဲ့ဖူးတာ ။ အဲဒီတုန်းက မြန်မာစကားသိပ်မကြွယ်ဝတဲ့ မောင်လေးက အတူတက်နေတဲ့ မြန်မာဖြစ်တဲ့သူ့နာမည်ပြောတော့ နာမည်ကြီးကလည်း တမျိုးပါလား … မောင်လေးပဲအမှတ်မှားတာ ဖြစ်မှာပါလို့ ထင်မိတာ ။ မောင်လေးကသူ့နာမည်ထဲက ပထမတလုံးတော့မှန်အောင်ပြောနိုင်တာ သူနဲ့သိမှသိတော့တယ် ။ အတန်းထဲမှာ အသက်ကြီးနေပေမယ့် စာတော်တဲ့သူ့အနား ကောင်မလေးတွေဝိုင်းနေတာပဲလို့လည်း မောင်လေးက ပြောဖူးတယ် ။ တကယ်ဆို မောင်လေးနဲ့သူအတူတက်တဲ့ course က ပြီးတာ သုံးလေးနှစ်ကြာမှ သူနဲ့ကျမက စသိကျွမ်းရတာ ။ ဒါပေမယ့် သူကမောင်လေးနာမည်ကို မှတ်မိနေသေးတာတွေ့တော့ အံ့သြမိတယ် ။ သူနဲ့တွေ့တော့မှပဲ ကမ္ဘာကြီးက တခါတလေတကယ်ပဲ တိုက်ဆိုင်မှုတွေများလှချည်လားလို့ တွေးမိတယ် ။ ကျမကတော့ သူနဲ့စသိရချိန်ကစပြီး ခုချိန်ထိ အဲဒီတိုက်ဆိုင်မှုအတွက် အရမ်းပဲကျေးဇူးတင်မိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီတိုက်ဆိုင်မှုက ကျမဘ၀အတွက် အစ်ကိုတယောက်ကို ယူဆောင်လာပေးလို့ပဲ ။

သူများကို ကူညီပေးတတ်တဲ့သူက ကျမအကူအညီတခုခုလိုပြီဆိုရင် သူ့ဆီကတောင်းရင် လုပ်ပေးမယ်ဆိုတာ သိနေပြီးသား ။ နောက် အပြင်မှာအတူတူစားကြရင် တွေ့ကြရင် အစ်ကိုကြီးတယောက်လို အမြဲဂရုတစိုက်နဲ့ အလိုက်သိတတ်တဲ့အတွက် တခါတလေ သူက အိမ်မှာအငယ်ဆုံးဆိုတာ ဟုတ်ရဲ့လားလို့တောင် သံသယ၀င်မိသေး ။ လူပျိုကြီးစာရင်းဝင်တော့မယ့်သူ့ကို ကျမက ညီမ၀မ်းကွဲလေးတွေနဲ့လည်း သဘောတူ ၊ အမ၀မ်းကွဲနဲ့လည်း စပ်ဖို့စကားစမိ … ဒါပေမယ့် သူကလည်း ဂျီးက ခပ်များများ … အေးဆေးနေချင်ပါသေးတယ်လေး ဘာလေးနဲ့ ။ ဘာပဲဖြစ်ဖြစ် ကျမကတော့ သူ့ကို ခင်မင်စရာကောင်းတဲ့ မိန်းကလေးတယောက်နဲ့တွေ့တိုင်း “ဘယ်လိုလဲ စိတ်ပါပြီလား” လို့ မေးတတ်မြဲ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာကျောင်းသားလေးတွေတက်နေတဲ့ကျောင်းတကျောင်းအတွက် အလှူငွေကောက်တဲ့အီးမေးလ်တစောင်ကနေစပြီး ကျမနဲ့သူမ ဆုံတွေ့ခဲ့ရတယ် ။ သူမနာမည်ကို အီးမေးလ်မှာတွေ့တော့ အလယ်စကားလုံးကို ဘယ်လိုဖတ်ရမယ် မသိ ။ မြန်မာပြည်က တိုင်းရင်းသားလူမျိုးနာမည်လား ဘာလားဆိုပြီး အတွေးဝင်မိတယ် ။ တခုတိုက်ဆိုင်တာကတော့ သူမရော ကျမရော ဒီနိုင်ငံမှာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီးသင်ကြားပေးတဲ့ institution တွေမှာ အသီးသီး ဆရာမလုပ်နေကြတာပဲ ။ နောက် ကျမလည်းစိတ်ပါဝင်စားတဲ့ social work ဆန်ဆန်ကိစ္စတွေကိုလည်း သူမကလုပ်နေတာသိရတော့ အလိုလိုစိတ်ထဲက ခင်သွားမိတယ် ။ ဘယ်ကနေ ဘယ်လို သူမနဲ့အရမ်းခင်မင်သွားလဲဆိုတာ အခုချိန်ပြန်စဉ်းစားတော့ တကယ်မမှတ်မိတော့ဖူး ။ ဒါပေမယ့် ကျမနဲ့ အလုပ်အကိုင်ချင်းလည်းတူ ၊ စိတ်နေသဘောထားချင်းလည်းတူ ၊ ခံစားချက်ရှိတဲ့ကိစ္စတွေမှာလည်းတူ ၊ တိုင်ပင်ဖော်တိုင်ပင်ဖက် ၊ အမြဲရှိနေပေးတတ်တဲ့ အစ်မတယောက်ကိုရအောင် ဖန်တီးပေးလိုက်တဲ့ အဲဒီအီးမေလ်ကိုတော့ ကျမက ခုချိန်ထိ ကျေးဇူးတင်နေတုန်းပါပဲ ။

သူမကလည်း သူ့လိုပဲ အပျိုကြီး ။ သူမရဲ့အချစ်ဆုံးသူငယ်ချင်းတယောက်ကတော့ သူမကို no hope တဲ့ ။ ကျမတို့ကလည်း no hope လို့ ထင်ပေမယ့် သူမကိုတော့ ဘယ်တော့စွံမလဲလို့ စ မိ တုန်း ။ တကယ်ကတော့ သူမက မစွံတာမဟုတ်ပါဖူး ။ အေးအေးလူလူနေချင်လို့ တယောက်တည်းနေရတာကို အသားကျနေလို့ … တယောက်တည်းပဲနေချင်တော့တယ်ဆိုတဲ့ သီချင်းကို တနေ့တနေ့ တယောက်တည်းနေတဲ့ သူမတိုက်ခန်းထဲမှာ သီကျူးနေတာပါ ။ ထမင်း ဟင်းချက်ဖို့ ၀ါသနာမပါတဲ့ ကျမက သူမကိုနောက်လေ့ရှိတဲ့စကားက … ကျမလည်း အပျိုကြီးဖြစ်တော့မယ်ဆိုရင် သူမနဲ့လာနေမယ်လို့ ။ ကျမကိုဟင်းချက်ကျွေးမလားလို့ ။ သူမကတော့ အမြဲကြိုဆိုလျက်ပါတဲ့ ။ အဲဒီစကားကို ကျမက အမြဲစိတ်ထဲမှာမှတ်ထားမြဲ ။

သူမနဲ့ကျမက ဖုန်းပြောပြီဆိုရင် … ဒါမှမဟုတ် အပြင်မှာတွေ့ဖြစ်ရင် ပြောစရာတွေက အများသား ။ အလုပ်ထဲက အကြောင်းတွေ ဖလှယ်တာဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ခံစားချက်တွေ မိသားစုရေးရာတွေကို ရင်ဖွင့်တာပဲဖြစ်ဖြစ် ။ အများအားဖြင့်တော့ ကျမက ရင်ဖွင့်တတ်ပြီး သူမက နားထောင်ပေး ၊ အကြံဥာဏ်ပေးတတ် ၊ သူမကြုံတွေ့ခဲ့ရတာလေးကို ပြန်ပြောပြတတ် ။ တခါတလေ သူမအသံတိတ်နေရင် မကြာခဏဖျားတတ်တဲ့သူမ ဖျားများ ဖျားနေလားလို့ လှမ်းမေးရသေး ။ ဒါပေမယ့် အလုပ်သိပ်များတဲ့ သူမနဲ့ အလုပ်ရှုပ်တတ်တဲ့ကျမတို့က အေးဆေးတွေ့ဖို့အချိန်က အမြဲလိုတော့ မရှိသေးဖူး ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူရယ် သူမရယ် ကျမရယ် သုံးယောက်သားတွေ့ကြပြီဆိုရင် အမြဲတမ်းပါးစပ်မပိတ်ရအောင် ရယ်နေရတယ် ။ သုံးယောက်လုံးကလည်း ရယ်စရာတွေ ပေါက်ကရတွေပြောတတ် ၊ နောက်ပြီး တယောက်နဲ့တယောက်ကြားလည်း ခင်မင်ပြီး ပွင့်လင်းတဲ့ သံယောဇဉ်အစစ်အမှန်နဲ့ မောင်နှမတွေလို ခင်တွယ်နေကြတော့ ။ သုံးယောက်လုံးကလည်း တကိုယ်တည်းသမားတွေဆိုတော့ ။ အငယ်ဆုံးဖြစ်တဲ့ကျမကို သူတို့နှစ်ယောက်လုံးက အမြဲဂရုစိုက် သံယောဇဉ်တွေ ဗလဗွနဲ့ ။ တခါတလေကျတော့ သူတို့ကြားမှာ အငယ်ဆုံးဖြစ်နေတာများတော့ ကျမအသက်ကျမတောင် မေ့သွားမိတယ် ။

မှတ်မှတ်ရရ သူက ကျမရယ် သူမရယ် နောက် ညီမလေးတယောက်ရယ်ကို chili crab ပထမဆုံး treat အနေနဲ့ လိုက်ကျွေးဖူးတယ် ။ အဲဒီတုန်းက လိုက်ကျွေးတဲ့နေရာက ဈေးကခပ်ကြီးကြီး ။ ဘာလို့လိုက်ကျွေးတာလဲဆိုတော့ ခု မေ့သွားပြီ ။ မှတ်မိတာကတော့ အဲဒီ chili crab က သိပ်အရသာရှိတာပဲ ။

သူမလက်ရာကို စစားဖူးတာကတော့ ကြာဇံချက် ။ အဲဒီနေ့က အစစအရာရာ စနစ်တကျပြင်ဆင်ထားတဲ့ သူမရဲ့ထမင်းစားပွဲဝိုင်းကိုကြည့်ပြီး ဆရာမလုပ်နေတာချင်းတူပေမယ့် သူမလို ဘာမှလည်း ဟင်းမချက်တတ် မလုပ်တတ်တဲ့ကျမက အားပါးတရနဲ့ သူမချက်ထားတာကိုစားပေးဖို့တော့ တတ်နိုင်ခဲ့တယ် ။ ကြာဇံချက်ကို တပွဲမကုန်ခင် နောက်ထပ်ထည့်ပြီးစားတော့ ကျမက ဘယ်နှစ်ပွဲစားတယ်ဆိုတာ သူများတွေသိလို့ မရတော့ဖူး… သိပ်လည်တာပဲလို့ အဲဒီအကြောင်းကို စကားစပ်မိတိုင်း သူမက ကျမကိုနောက်မြဲ ။ အဲဒီနေ့က သူမအိမ်မှာ စားပြီး ခနပဲနေမယ်ဆိုပြီး ခန့်မှန်းထားတဲ့ သူကလည်း ၊ ကြာဇံချက်ပြီးတော့ လက်ဖက်စားရင်းနဲ့ ကျမတို့ သုံးယောက်စကားလက်စုံကျနေကြတာ နောက်ထပ် သူ့ appointment အတွက် နောက် ကျ ၊ အဲဒီသူငယ်ချင်းတွေက သူ့ကို ဖုန်းတကွမ်ကွမ်ခေါ်နဲ့ ။ နောက်ဆိုရင်တော့ တရက်လုံး booking လုပ်ပြီးမှ သူမအိမ် သွားကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် သူမက ဒီနိုင်ငံရဲ့အရှေ့ပိုင်းမှာ နေတယ် … ကျမနဲ့သူက အနောက်ပိုင်းမှာနေတယ် ။ အဲလိုနဲ့ သူမကြာဇံချက်နဲ့ ဝေးနေရတာ ကြာလှပေါ့ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစကားမှာရှိတယ်လေ … ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းလို့ ။ ကျမကတော့ မိုးပေါ်ကကောက်ရခဲ့တဲ့ အစ်ကိုရင်း အစ်မရင်းလိုဖြစ်သွားတဲ့ သူနဲ့ သူမကို တသက်တာခင်မင်တွယ်တာနေမိမှာပါ ။


ညီမ
၃၁ ဇူလိုင် ၂၀၀၉

(ဖတ်ပြီးတော့ တကယ်ပဲ ခံစားရပါတယ်။ ဒီလိုရေးပေးလိမ့်မယ်လို့ မထင်မှတ်မိတော့ အံ့သြ၀မ်းသာ ဖြစ်သွားမိတယ်။ မောင်နှမရင်းချာတွေလိုဖြစ်သွားတာလည်း ရေစက်ကြောင့်ပါပဲ။ အခုလို မအားလပ်တဲ့အချိန်မှာတောင် ရေးပြီးပို့လာတဲ့ ညီမကို ကျေးဇူးလည်းတင်မိတယ်။)

10 comments:

ခင်မင်းဇော် said...

အဲဒီ ညီမဘယ်သူလဲ တို့ဖတ်ရင်း သိသွားပါတယ် ကိုပီတိရေ... အမလဲ သတိရနေတယ်....

khin oo may said...

chili crab တို့လဲစားချင်တယ။် အစ်မလုပ်ပရစေ။

လင်းဒီပ said...

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုတာတော့ အမှန်ပါဘဲ ဆန်းတော့ဆန်းတယ် လုပ်မယူဘဲ အလိုလို ချစ်ခင်သွားတတ်ကြတာမျိုး....။

Kay said...

အိ.. ဒီက..အမကြီးလဲ ပါချင်တယ်..အတင်းဝင်တိုးအုံးမယ်။ အဲဒီ သုံးယောက် ကို နောက်တခါ မုန့်ထပ်ဝယ်ကျွေးခိုင်းအုံးမယ်။

sin dan lar said...

ကပီတိက သူ ပေါ့....။

မေ့သမီး said...

သူဆိုတာက ကိုပီတိလား။ နားမလည်ဘူးနော်။ နာမည်လေးတွေပါပါရင်ကောင်းမှာ။ အဟိ။

ကိုလူထွေး said...

မိသားစုတိုးချဲ့ရေး စီမံကိန်းပါလား...
ချစ်ချစ်ခင်ခင်ရှိကြတာမြင်ရတော့ ဝမ်းသာစရာပေါ့...

းဝ)

တန်ခူး said...

ကြည်နူးနွေးထွေးစရာလေးနော်… အဖြူရောင်သံယောဇဉ်လေးတွေ…

A Ma said...

ညီမရေ ... အမ အတွက်လည်း email ကနေတဆင့်သိရပြီး အခုလို နက်နက် ရှိုင်းရှိုင်း ခင်မင်ရင်းနှီးမိတာ ညီမ က ပထမဆုံးပါပဲ ... ကိုပီတိ ပြောတဲ.ရေစက် က ကြီးလွန်းလို. ကြာဆံချက်အိုး က ကြီးကြီးဝယ်ရတော့မယ်.... :-)

P.Ti said...

အမခင်မင်းဇော်ရေ... အမလည်းသိလောက်ပါတယ်။ ခင်ဖို့ကောင်းတဲ့ ညီမတစ်ယောက်ရတာ ကံကောင်းတယ်။

အမခင်ဦးမေ။ အစ်မလုပ်လို့ပါတယ်... အခုလည်း အမပဲ မဟုတ်ဘူးလား... အကြီးတွေက လိုက်ကျွေးရတာနော်...

ဟုတ်တယ်နော် လင်းဒီပ... ဆွေမျိုးရင်းချာမရှိတဲ့နေရာမှာ ဒီလိုနေရတော့ အထီမကျန်တော့ဘူးပေါ့။

ဟားဟား အမကြီးကေ နောက်တစ်ခါလာရင် ပုလင်းကြီးကြီးယူလာပါ။ အ၀ဘူး.. ဟိ

သူကလား... ဆင်ဆင်... ဟုတ်သလိုလိုပဲ... :P

မေ့သမီးကလုပ်ပြီ.. နာမည်တွေပါရင် ကောင်းပေမယ့် နာမည်တွေ မှတ်ရတာနဲ့ ရှုပ်ကုန်မှာစိုးလို့ သူတွေ သူမတွေ သုံးထားတာ နေမှာပေါ့။

ဟုတ်ပါ့ ကလူထွေးရယ်...

ဟုတ်တယ် အမတန်ခူး အဖြူရောင်တွေပဲ ငြိမ်းချမ်းတယ်နော်... :D

ဟားဟား အမကြီးကတော့လုပ်ပြီ။ ရေစက်ကြီးပေမယ့် အစားမကြီးပါဘူး ဟိုတစ်ခါ အိုးနဲ့ဆိုလည်းလောက်မှာပါ... ညီမကိုသာပြောထား သိပ်မစားနဲ့လို့ :P

Ratings