Thursday, August 27, 2009

နောက်ကျ ပိုးကောင် နဲ့ နောက်ကျငှက်



တစ်နေ့က အိပ်ရေးမ၀တ၀နဲ့ နောက်ကျနေလို့ ရုံးကို ခပ်သုတ်သုတ်ကလေး လမ်းလျှောက်နေတုန်း မျက်နှာချင်းဆိုင်မှာ အမျိုးသမီးကြီးတစ်ယောက် ပူပန်စိုးရိမ်စိတ်တွေနဲ့ ခပ်သွက်သွက် လမ်းလျှောက်လာတာ တွေ့လိုက်ရပါသည်။

ဘေးကရှောင်သွားတုန်း အဲဒီမိန်းမကနေ တရုတ်လို ကွိစိကွစ စကားလာပြောပါသည်။ ဒီတခါတော့ နည်းနည်းလည်သွားပါပြီ။ ဝေါပုဝှေ့ကျန်ဝှါရီ လို့ ပြန်မပြောလိုက်တော့ဘူး။

အင်္ဂလိပ်လိုပဲ ပြောလိုက်ပါသည်။

“ငါ တရုတ်လိုမပြောတတ်ဘူး…” လို့…
အဲတော့မှ “ဒါဆို အင်္ဂလိပ်လိုတော့ ပြောတတ်တာပေါ့နော်…”
“အင်း…”
“ငါ့ကို တစ်ခုလောက်ကူညီပါ… ငါ့သမီးလေးကို အိမ်မှာ အိမ်တံခါးပိတ်ထားခဲ့မိတယ်။ သော့ကိုလည်း ငါယူလာခဲ့မိတယ်။ အခု သမီးကျောင်းသွားဖို့ အိမ်ထဲမှာ ပိတ်မိနေတာ ငါပြန်ပြီး ဖွင့်ပေးရမှာ... အခုအိမ်ပြန်ဖို့ ရေးကြီးသုတ်ပြာ အလုပ်ကထွက်လာတာ ပိုက်ဆံအိတ် ကျန်ခဲ့တယ်…”
“အိုကေ…”


အဲဒီအမျိုးသမီးကြီး ဒီစကားကို မရပ်မနားဆက်ပြောသည်။
“ငါအိမ်ပြန်ဖို့ လမ်းစရိတ် ခဏချေးလိုက်ပါ… ပြီးတော့ နင့်ဖုန်းနံပါတ်ကို ငါ့ကိုပေးလိုက်... ငါ့ယောင်္ကျား နေ့လည်ကျတော့ ပြန်လာပေးလိမ့်မယ်… နော်.. ကူညီပါဦး”

အလောတကြီးဖြစ်နေပုံ ပေါ်နေသည်။

“ဟုတ်လား… ငါ့မှာလည်း ပိုက်ဆံထုတ်ထားတာ နည်းနေတယ်…” ဆိုပြီး ပိုက်ဆံအိတ်ဖွင့်လိုက်တော့ ၁၀ တန်တစ်ရွက်နဲ့ အကြွေတွေပဲတွေ့တော့
“ငါ့မှာ တစ်ဆယ်ပဲရှိတယ်…”
“ဟင် တစ်ဆယ်ထဲလား… ရှိသေးလား ရှာပါဦး… အရေးကြီးလို့ပါ…” ပြီးတော့ ဆက်တိုက်ပြောသည်။
“ရတယ် ရတယ်.. ဒီတစ်ဆယ်ရရင် ငါနောက်တစ်ယောက်ဆီက ထပ်ချေးလိုက်မယ်… ငါ တက္ကစီ ငှားရမှာဆိုတော့ မလောက်သေးဘူး။ ငါ့ကိုလည်း ဖုန်းနံပါတ်ပေးလိုက်ဦးနော်…”

ကျွန်တော်လည်း ယောင်ယောင်မှားမှားနဲ့ လိပ်စာကဒ်ထုတ်ပေးလိုက်မိသည်။ အ

အဲဒီအမျိုးသမီး ထွက်သွားတော့မှ … အတွေးတွေက၀င်လာသည်။
အလုပ်ကလာတယ်လို့သာပြောတယ် ပုံစံက စုတ်စုတ်ပြတ်ပြတ်နဲ့။ အင်းလေ.. ဒီနားမှာ စားသောက်ဆိုင်တွေရှိတော့ ရုံးမှာလုပ်တာမဟုတ်ပဲ ဆိုင်တွေမှာလုပ်တာနေမှာပေါ့။

သြော် ငါကလည်း ငါ့ဖုန်းနံပါတ်တော့ ပေးလိုက်ပြီး သူ့ဖုန်းနံပါတ်မှ မတောင်းလိုက်မိ။
တစ်ဆယ်ထဲနဲ့ ပြန်လာပေးရမှာ သူအလုပ်ရှုပ်နေပါဦးမယ်။ မပေးနဲ့လို့ ပြောလိုက်ရကောင်းသား နဲ့ အတွေးတွေ ပလုံစီကာ ဆက်ပြီးတော့ လမ်းလျှောက်လာခဲ့သည်။

ညနေ ရုံးဆင်းခါနီးတော့မှ မနက်က ပိုက်ဆံတောင်းသွားတဲ့ မိန်းမကို ပြန်သတိရကာ… ဖုန်းဆက်ပြီး ပြန်ပေးမယ်ဆိုတာ… မလာသေးပါ့လား…. မိုးသာချုပ်သွားသည် ဖုန်းလည်းဆက်မလာ။ အဲဒီတော့မှ စိတ်ကို ဒုန်းဒုန်းချ ငါ အလိမ်ခံလိုက်ရပြန်ပြီလို့သိလိုက်ပြီး အလှူအဖြစ်သဘောမထားနိုင် စိတ်ရှုပ်သာတာ အဖတ်တင်ကျန်ခဲ့ပါသည်။

မိတ်ဆွေကြီး ကိုရဲမွန်ကတော့ သေနတ်ပြ ပိုက်ဆံအတောင်းခံရပေမယ့် တစ်ပြားမှမပေးလိုက်ရ။ ဘာမှ မပြပဲအတောင်းခံလိုက်ရတဲ့ ကျွန်တော်ကတော့ ပိုက်ဆံ တစ်ဆယ်အိတ်ထဲက သေချာထုတ်ပေးလိုက်ရပါသည်။ တော်သေးတာပေါ့…တစ်ဆယ်ထဲမို့လို့။ ဒီထက်များတဲ့ ပိုက်ဆံများထည့်ထားမိရင် အကုန်ပါဦးမှာပဲ။

နောက်ကျထမိတဲ့ ပိုးကောင် နောက်ကျမှ ထတဲ့ ငှက်အစာဖြစ်သွားတာပေါ့။

ရန်ကုန်မှာသာ…
လှိုင်သာယာပြန်ရမှာ ပိုက်ဆံမလောက်လို့ပါ ဆိုတဲ့လူတွေ…
ပိုက်ဆံအိတ်ပျောက်သွားလို့ နယ်ပြန်စရာကားခလေး သနားပါ ဆိုတဲ့လူတွေ…
ဖိနပ်ပြတ်သွားလို့ ဖိနပ်အလှူခံတဲ့ ခပ်တင်းတင်း ကိုယ်တော်တွေ…
ကိုတော့ ပေးဖူးပါတယ်။ ဒီမှာတော့ ဒါမျိုးကြုံတာ ပထမဆုံးပါပဲ နောက်ဆုံးတော့ ဟုတ်မှာမဟုတ်ပေ။

နောက်တစ်ခါလာလုပ်ကြည့် ခေါင်းအေးအေးထားပြီး မေးခွန်းတွေ မေးပစ်လိုက်ဦးမယ်။
ဘာမှတ်နေလဲ...

[ခေါင်းစဉ်ကို ကိုရဲမွန်ဆီကနေ ယူထားပါသည်။ အခုတလော စာလည်း မရေးဖြစ် ဘလော့အလည်မသွားဖြစ်။ မှတ်ချက်လည်း မရေးဖြစ်။ ခွင့်လွှတ်ကြပါကုန်…]


12 comments:

pandora said...

သဘောကောင်းတဲ့ ဥပဓိ ရှိတော့ ဒီလိုဖြစ်တတ်ပါတယ်။

ပုံရိပ် / Pon Yate said...

စိတ်ကောင်းရှိတဲ့လူ မို့လို့...။

သက်ဝေ said...

ဘယ်လိုမေးခွန်းမျိုးတွေ မေးပစ်လိုက်မှာလဲ...
"တဆယ်နဲ့ လောက်တယ်မဟုတ်လား ဟင်..." လို့ မေးလိုက်မှာမဟုတ်လား...
ဟင်းးးးးး ဘာမှတ်နေလဲ... :-)

sin dan lar said...

စိတ်ကောင်းရှိတဲ့ တို့ကိုလည်း အဲလိုတောင်းတာခံရဖူးတယ်...။ :P

Clementi MRT မှာရထားစောင့်နေတုံး..သန်သန်မာမာ ဖ လား၊ အင်ဒိုလားမသိ လူတစ်ယောက် လေယာဉ်ကွင်းကို အချိန်မီသွားရမှာ၊ ပိုက်ဆံအိတ် ပျောက်သွားလို့တဲ့ ပိုက်ဆံ 10 လာတောင်းတယ်....။
ကိုပီတိထက်လူရည်လည်လို့ မပေးလိုက်ဘူး... :)
(တကယ်က အိတ်ထဲမှာထုတ်ထားတဲ့ပိုက်ဆံက ပိုက်ဆံက 10 တောင်မရှိဘူး)

Thant said...

တို့တော့ ၂ ခါရှိပြီကွယ် ။ တစ်ခါက အဖွားကြီး ၊ နောက်တစ်ခါက ယောက်ကျားကြီး ။ အဖွားကြီးက တရုတ်လို ကွိစိကွစပြောတောင်းတာ။ ယောက်ကျားကြီးကတော့ ကွိစိကွစပြောရင်းနဲ့ တို့ရှေ့မှာတောင် ဒူးထောက်ပြီး တောင်းပန်လိုက်သေးတယ် ။ ပြောသေးတယ် ။ ၁ဝ လောက်တဲ့ ။ ၂ခါစလုံး ကိုယ့်အိပ်ထဲကပါသွားတာပါပဲ ။ :P နောက်တစ်ခါတွေ့ရင် ဘယ်လိုမေးခွန်းတွေမေးပစ်လိုက်တယ်ဆိုတာ ပြောပါဦးနော် ။

sonata-cantata said...

အမတော့ အိမ်ထဲနေရင်း အလိမ်ခံရတာ။
အိမ်ပေါက်ဝကနေ လာတောင်းတာပါ။
အဲ့လိုပဲ ငါအပေါ်ထပ်ကပါတဲ့ သမီးက ကျောင်းကနေ နေမကောင်းဘူး လာခေါ်ပါ ဖုန်းဆက်ခေါ်လို့ပါ.. သွားခေါ်စရာ ပိုက်ဆံမရှိလို့ ခဏချေးပါ.. ညနေကျ မိန်းမအလုပ်က ပြန်လာရင် ပြန်ပေးပါမယ် ဆိုလို့ ထုတ်ပေးလိုက်တာ...ပါသွားရော

Kay said...

လူပျိုကြီးက..ရိုးတာကိုး..ကွယ်..
၁၀ ဖိုးမို့ တော်သေးတာပေါ့.. ကလေးကြိုဖို့..ခဏ လိုက်ခဲ့ပေးပါဆို.. ( ရုံးအဆင်းဆို..လိုက်သွားမလာ..မသိနော်)

နောက်တခါတောင်..ထပ်တွေ့..မေးချင်သေးသကိုး..
စေတနာ အကျိုးပေးမှာပါလေ.. :D

တန်ခူး said...

ကိုပီတိရေ… ကျွန်မက ခဏခဏ ကြုံဖူးတယ်… ဟိုတနေ့ ကတော့ နဲနဲ ထူးဆန်းတယ်… shop and save က စတစ်ကာလေးတွေတောင်းတာ… ပထမတနေ့ က အမျိုးသားက ဘယ်ထားမိမှန်းမသိလို့  မပေးလိုက်ရဘူး… စတစ်ကာလေးတွေကပ်ပြားလေးမှာ အပြည့်ကပ်ပြီး claimရင် ၉ ကျပ်လားမသိရတယ်… ပထမတခါတွေ့ တော့် ဈေးဝယ်တဲ့ အဖွားကြီး တယောက် စတစ်ကာ နဲနဲလိုနေလို့ တောင်းတယ်ထင်နေတာ… နောက်မှ အပတ်တိုင်း သူ့ ကိုတွေ့ ရမှ စတစ်ကာလေးတွေ အလှူခံနေတာ သဘောပေါက်တော့တယ်…သူကတော့ လိမ်တာ မဟုတ်ပါဘူး… အလှူခံနည်းတမျိုးပေါ့နော်…

လူလ said...

မင်္ဂလာပါ ကိုပီတိ

ဒါလေးများ... လှူတယ်လို့ သဘောထားလိုက်လေ ဟဲဟဲ။ သူမရှိလို့ တောင်းတယ်လို့ မှတ်လိုက်ပါ...

စကားမစပ် ကျွန်နော်လဲ ဘလောဂ်ရောဂါ နည်းနည်း ကျလာတယ်။ သွားမဖြစ် မလာဖြစ်နေတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

Ma May said...

ကိုပီတိ ရေ ရီဟာဇယ်သဘောမျိုး အနေနဲ. ဘာတွေ မေး မှာလဲဆိုတာ ပြောပြပါလား :-)))

မေ့သမီး said...

အကို သဘောကောင်းတဲ့သူတွေက အလိမ်ခံရတယ်ဆိုတာ တကယ်။ ညီမဆိုခဏခဏပဲ။ :P

Moe Cho Thinn said...

တကယ်က အဲဒီမိန်းမကြီးက သူ့ကလေး အခန်းထဲမှာ တကယ်ပိတ်မိနေတာ။ ပီတိရဲ့ ပိုက်ဆံနဲ့ သူ တက်စီ ငှားပြီး ပြန်တာပဲ။ မလောက်လို့ ကျန်တဲ့လမ်းကို MRT ဆက်စီးသွားရသေးတယ်။ အိမ်ပြန်ရောက်တော့ ကလေးကိုလဲ ကျောင်းအမီ လိုက်ပို့လိုက်သေးတယ်။

ညနေကျတော့ ပီတိလိပ်စာကဒ်ကြည့်ပြီး ဖုန်းဆက် ပိုက်ဆံပေးမလို့ပါပဲ။ အဲဒီမှာ ပီတိမျက်နှာကို ပြန်မြင်ပြီး သဘောသိပ်ကောင်းတာလဲ ယုံသွားတယ်။ တဆယ်တည်းနဲ့ တကူးတက လာယူရမှာကိုလဲ အားနာသွားတယ်။ ပြန်မပေးလဲ သူ စိတ်မဆိုးလောက်ဘူးလို့ စဉ်းစားမိနေတယ်။ ကလေးနဲ့ဆိုတော့ အလုပ်ကလဲ ရှုပ်တယ်။ ဒါကြောင့် မေ့ချင်ယောင်ဆောင်လိုက်တာ။

ပီတိကလဲ အလှူလို့ သဘောထားပြီး စိတ်မဆိုးဘူး ဟုတ်။ မေးခွန်းတွေ မေးပစ်လိုက်အုံးမှာ သာ ပြောတာ၊ ရိုက်ထုတ်ပစ်လိုက်မယ်လို့မှ မပြောဘဲ။ နောက်တခါလဲ ပေးအုံးမှာပဲ မဟုတ်လား လို့။

Ratings