Wednesday, October 14, 2009

အားလပ်ရက် ၀၉ (၃)

ဂျပန်ရထားတွေရဲ့ထိုင်ခုံတွေက စင်ကာပူကလို ပလတ်စတစ်ထိုင်ခုံတွေမဟုတ်ပဲ ဆိုဖာထိုင်ခုံတွေဆိုတာ သတိထားမိလိုက်ပါတယ်။ နောက်ပြီး ရထားတွဲရဲ့ မျက်နှာကျက်မှာ စင်ကာပူမှာလို ရှင်းရှင်းကြီးရှိမနေပဲ ကြော်ငြာတွေနဲ့ တို့လို့တွဲလောင်း ရှိနေပါတယ်။ ကြည့်ရတာ အမြင်မရှင်းပေမယ့် အဆိုးကြီးတော့လည်း မဟုတ်လှပါဘူး။ အရမ်းရှင်းနေတော့လည်း ပျင်းစရာကောင်းနေသလိုပါပဲ။


နာရီတာလေဆိပ်မှ တနာရီကျော်ကျော် ရထားစီးပြီး Nippori (နစ်ပိုးရီ) မှာ ရထားထပ်ပြောင်းရပါတယ်။ ပြောင်းလိုက်တဲ့ ရထားလိုင်းရဲ့နာမည်က Yamanote Line ပါ။ ပြီးတော့ အဲဒီနာမည်ကိုလည်း ရင်းနှီးပြီးသားဖြစ်နေလို့ မှတ်မိနေတာပါ။

ဘာလို့ ရင်းနှီးနေတာလဲဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ရန်ကုန်မှာ ဂျပန်စာသင်တုန်းအချိန်မှာ အကိုကလည်း ဂျပန်ကိုသွားပြီး သင်တန်းတက်ပြီးပြန်လာပါတယ်။ သူက ဂျပန်အတွေ့အကြုံတွေပြောပြတုန်းက Yamanote Line ဆိုတာ တိုကျိုမှာရှေးအကျဆုံး ရထားလိုင်းဖြစ်ပြီးတော့ အားလုံးက မြေပေါ်မှာပဲပေါ်မှာသွားတဲ့ ရထားလိုင်းဖြစ်ကြောင်း၊ Yamanote ဆိုတာ တောင်ရဲ့လက်လို့ အဓိပ္ပာယ်ရကြောင်း ကိုပြောပြထားတာကို သတိရနေသေးလို့ပါပဲ။ တကယ့်အဓိပ္ပာယ်က တောင်ရဲ့လက်ဆိုတာထက် တောင်တွေရှိတဲ့နေရာလို့ပြောတယ်လို့ နောက်တစ်ယောက်ကပြောပါတယ်။ နာမည်တစ်ခုအနေနဲ့ မှတ်ထားတာထက် တစ်ခုခုနဲ့တွဲမှတ်မှ မှတ်မိတတ်တဲ့ ကျွန်တော့်အတွက်က အဲလိုလေးတွေပြောထားမှ မမေ့ပဲဖြစ်နေတတ်ပါတယ်။


Yamanote လိုင်းကို ရထားပြောင်းပြီး Nippori ကနေ မိနစ် ၁၅မိနစ်လောက်စီးပြီးတော့ တည်းမယ့်ဟိုတယ်ရှိရာ Ikebukuro (အိခဲဘုခုရို) ဘူတာကိုရောက်ပါတယ်။ Ikebukuro ဘူတာက တိုကျိုမှာ အရှုပ်ဆုံး နဲ့ အကြီးဆုံးဘူတာကြီးတွေထဲမှာပါပါတယ်။ Ikebukuro မှာ ရထားလိုင်း ရှစ်လိုင်းလောက်ဆုံပြီးတော့ ဘူတာကလည်း အထပ်မြေအောက်မှာ ၇ ထပ်လောက်ရှိပါတယ်။ အဲသည်တော့ ရထားလိုင်း ၃လိုင်း နဲ့ သုံးထပ် ဘူတာပဲ ရှိသေးတဲ့ စင်ကာပူကလာတဲ့လူတစ်ယောက်အတွက် တော်တော် မျက်စိလည်စရာပါပဲ။ ဂျပန်မှာနေတာကြာတဲ့လူကတောင် သွားနေကျမဟုတ်ရင် သူတို့လည်း မျက်စိလည်တယ်ဆိုတော့ အခုမှရောက်သူအဖို့ ပြောဖွယ်မရှိတော့ပြီ။

အမလာကြိုပေမယ့် သူက တိုကျိုမှာနေတာမဟုတ်တော့ သူလည်း ထွက်ပေါက်နေရာတွေကို ချက်ချင်းမသိဘူးဖြစ်နေပါတယ်။ ဘူတာကနေ အပြင်ရောက်ဖို့ကို အနောက်ဖက်ထွက်ပေါက်ကို တော်တော်ရှာရတယ်။ အပြင်ရောက်တော့ ဘူတာရှေ့မှာ ယောင်လည်လည်နဲ့ အထုပ်တွေချ မြေပုံကိုကြည့်ြ့ပီး ဟိုတယ်ကိုသွားရမယ့်လမ်းကိုရှာပါသေးတယ်…

အမကမြေပုံကိုင်ထားတော့ ဘယ်နေရာသွားမှာလဲမေးလိုက်တော့…
“အိုအိ အိုအိ ဆိုတဲ့ အဆောက်အဦးကိုရှာ အဲဒီဖက်ကိုသွားရမှာ… ”
အဲဒါနဲ့ နေရာနည်းနည်းပြောင်းပြီးကြည့်လိုက်တော့ ရှေ့ကတိုက်တွေကွယ်နေတဲ့ 0101 ဆိုတဲ့ စာလုံးရေးထားတဲ့ အဆောက်အဦးကြီးကိုတွေ့လိုက်ရတော့…
“ဟဲ့.. မမ.. ဟိုဖက်ကိုဆက်လျှောက်ရမှာထင်တယ်… နင်ပြောတဲ့ အိုအိ အိုအိ ဆိုတာ အဲဒီအဆောက်အဦးလား…”
“အေးအေး.. ဟုတ်တယ်.. အဲဒီဖက်ပဲ… ”

အပြင်လူကြည့်ရင်တော့ ရွာကအဖွဲ့ရန်ကုန်ဘူတာကြီးရှေ့ဘယ်သွားရမှန်းမသိ ယောင်ချာချာဖြစ်နေတဲ့ပုံပေါက်နေမှာပဲနော်…

ဟိုတယ်ကိုအသွား လမ်းဖြတ်ကူးပြီးတော့ အကိုပြောထားတဲ့ စကားတစ်ခုကိုသတိရတော့ အမကိုလှမ်းမေးလိုက်သေးသည်။
“0101 ကို အိုအိ အိုအိ လို့ဖတ်တာမဟုတ်ပါဘူး.. မာရုအိ မာရုအိ လို့ဖတ်ရမှမဟုတ်လား…”
“အေးဟုတ်တယ်လေ… နင်မဖတ်တတ်မှာစိုးလို့ အိုအိ အိုအိ လို့ပြောလိုက်တာ…”
“အောင်မယ်… ငါကမှ နင်ထက် ဂျပန်လို တစ်လုံးစ နှစ်လုံးစ ပိုသိသေးတယ်…”
“အေးပါ… ဟုတ်ပါပြီ… အဲဒါငါ မေ့သွားလို့ပါကွာ…”

0101 ရဲ့ logo ကလည်း OIOI လိုပုံမျိုးဖြစ်နေတာဆိုတော့ နိုင်ငံခြားသားတွေဆို အိုအိအိုအိလို့ အသံထွက်မိမှာ သေချာပါသည်။

အမ နဲ့ ကျွန်တော်နဲ့က အသက်သိပ်မကွာတော့ သူငယ်ချင်းလိုပဲစကားပြော ကြပါသည်။
နောက်မှာတော့ အမေ နဲ့ အဖေက ခပ်ဖြည်းဖြည်းပဲလျှောက်လာတော့ တခါတလေ ရပ်စောင့်ရင်း လျှောက်နိုင်သေးလား… မလျှောက်နိုင်ရင် ခဏနားလိုက် နဲ့ ၁၅ မိနစ်လောက်လျှောက်ပြီးတော့မှ ဟိုတယ်ကိုရောက်ပါတော့တယ်။

ဂျပန်မှာ ရထားစီးပြီး တက္ကစီ ဘာလို့မစီးသလဲဆိုရင်လား… စီးဖို့ မတတ်နိုင်လို့လို့ပြောရမှာပါပါပဲ။ ဂျပန်မှာ တက္ကစီဈေးကတော်တော်ကြီးပါတယ်။ ကမ္ဘာမှာ ဈေးအကြီးဆုံး လို့တောင်ပြောကြပါတယ်။ စတက်လိုက်ကတည်းက ယန်း ၇၁၀ (~USD 8) ပေးရပါတယ်။ ၂ ကီလိုပြီးတာနဲ့ ၂၀၀ မီတာ ကို ယန်း ၉၀ ပေးရပါတယ်။ ယန်း ၁၀၀ ကို USD ၁.၁ လောက်ရှိတယ်ဆိုတော့ တွက်သာကြည့်တော့။ Narita လေဆိပ်ကနေ Ikebukuro ဆိုရင် ယန် ၁၈၀၀၀ ကနေ ၂၀၀၀၀ လောက်ကျမယ်လို့ပြောတော့ စင်ကာပူဒေါ်လာနဲ့ဆို ၃၀၀ လောက်ကျမယ့် သဘောပါပဲ။

ဟိုတယ်ကိုရောက်တော့ နေ့လည် ၁၂နာရီ နီးနေပါပြီ။ ဟိုတယ်ရဲ့ check-in အချိန်က ညနေ ၃ နာရီမှဆိုတော့ အခန်းထဲဝင်ရဖို့ ၃နာရီလောက်လိုနေပါသေးတယ်။

ဟိုတယ်မှာ check-in လုပ်တုန်း အမက ကောင်တာက အမျိုးသမီးကို နေ့လည် ၁နာရီမှာ ၀င်ဖို့ပြောထားတာ ရတယ်မဟုတ်လားမေးရင်းက... နောက်တော့အဲဒီအမျိုးသမီးက မေမေတို့ ပင်ပန်းနေပုံကိုကြည့်ပြီးတော့ “ရပါတယ်… အခုပဲဝင်လိုက်တော့…” ဆိုတာနဲ့ ချက်ချင်းအခန်းထဲဝင်လို့ရပြီး နားလိုက်ရပါတယ်။ ကြည့်ရှုပြီး တတ်နိုင်သလောက် တစ်ဖက်သားရဲ့ အခက်အခဲကို လွယ်ကူအောင် စီစဉ်ပေးတာ ကျေးဇူးတင်စရာပါပဲ။ လူကြီးတွေဆိုတော့ ခရီးပန်းလာပြီး လှဲချင်နေပြီ။ မဟုတ်ရင် တစ်နာရီလောက် အပြင်မှာစောင့်နေရဦးမှာလေ။

အခန်းထဲဝင်လိုက်တော့ ၀င်ဝင်ချင်းက ဖိနပ်ချွတ်ဖို့နေရာ၊ ပြီးတော့ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံတွေ၊ ဘေးနားမှာက အိမ်သာတစ်ခန်း ရေချိုးခန်းတစ်ခန်း၊ နောက်ပြီး အခန်းကြီးတစ်ခုမှာက မွေ့ရာလေးခု၊ ခါးလောက်မြင့်တဲ့ စင်တစ်ခု၊ စင်ပေါ်မှာ ကွန်ပျူတာတစ်လုံး နဲ့ စင်အောက်မှာ တီဗွီတစ်လုံး။ အဆင့်မြင့်ဟိုတယ်ကြီးမဟုတ်ပေမယ့် သူ့နေရာနဲ့သူ ပစ္စည်းတွေ အပြည့်အစုံပါပြီး ဈေးသက်သာတဲ့ ဟိုတယ်လေးပါပဲ။ ပစ္စည်းတွေနေရာချနေတုန်း မေမေကတော့ ညောင်းလို့လှဲနေပါပြီ။ ပြီးတော့ ဖေဖေနဲ့ ကျွန်တော်လည်း အိပ်ရာထဲလှဲကာ အနားယူဖို့ပြင်ပါတော့တယ်။ မမ ကတော့ ခဏနားပြီး သူ့ပစ္စည်တွေထားခဲ့တဲ့ သူငယ်ချင်းအိမ်ကိုပြန်သွားရမှာဖြစ်လို့ အဆင်ပြေတဲ့ အင်္ကျီတစ်ထည်လောက်ဝယ်ဖို့ပါ မှာလိုက်ပါသေးတယ်။ လိုရမယ်ရ တစ်စုံလောက် ကျောပိုးအိတ်ထဲထည့်ဖို့ သတိရပေမယ့် ပစ္စည်းတွေများလို့ မထည့်ခဲ့မိတာ အခုတော့ ၀တ်စရာမရှိဖြစ်နေတော့တာပါပဲ။ အ၀တ်တွေထည့်ထားတဲ့အိတ်က မနက်ဖြန်မှ ရောက်မှာလေ။

သားအမိ သားအဖ သုံးယောက် နေ့လည် ၁၂ နာရီကျော်က အိပ်လိုက်တာ ညနေ ၄နာရီကျော်မှ နိုးလာပါတော့သည်။ နိုးပြီးသိပ်မကြာခင် အမလည်းပြန်ရောက်လာပါတယ်။ ကျွန်တော့်အတွက်လည်း Uniqlo က အင်္ကျီနှစ်ထည်ပါလာပါတယ်။ အိတ်နောက်ကျတော့ အင်္ကျီအသစ်ရသွားတာပေါ့။

ကြိုတင်ဆွဲထားတဲ့ အစီအစဉ်အရဆို ရောက်တဲ့နေ့မှာ ခဏနား၊ ပြီးရင် တိုကျိုဘုရင့်နန်းတော် (Imperial Palace) နဲ့ Odaiba (အိုဒိုင်းဘ - တိုကျိုပင်လယ်အော်မှာရှိတဲ့ လူလုပ်ထားတဲ့ ကျွန်း) ကိုသွားဖို့ပါပဲ။ တကယ်တမ်းကျတော့ ရောက်ရောက်ချင်းမှာ ပင်ပန်းပြီး ဘယ်မှမသွားနိုင်ပဲ အိပ်ပျော်သွားကြတာလေ။ မိဘတွေလည်း အသက်တွေရလာပြီဆိုတာ သတိထားလိုက်မိသည်။ မမကိုတောင် ပြောလိုက်မိသေးသည်။ အကုန်လုံးရောက်တာ မရောက်တာထက် ရောက်သင့်တဲ့နေရာကိုသာ သွားနိုင်သလောက်ပဲ သွားရအောင်လို့… မဟုတ်ရင် အပန်းဖြေခရီးလိုမဖြစ်မှာစိုးရိမ်မိတာပါပဲ။

ညနေ ၆နာရီလောက်ရောက်တော့ မေမေ့ရဲ့ အသိတစ်ယောက်လာနှုတ်ဆက်ပါတယ်။ ပြီးတော့ ဒီည ဘာအစီအစဉ်ရှိလဲလို့မေးတော့ ညစာသာထွက်စားပြီး အနားယူမယ်လို့ပြောလိုက်ပါတယ်။ သူကတော့ ညစာစားရင်း ဟိုတယ်နားမှာရှိတဲ့ အထပ်၆၀ Sunshine City ကိုလိုက်ပို့ပေးမယ်ပြောပါတယ်။

ဟိုတယ်အပြင်ထွက်လိုက်သည်ဆိုရင်ပဲ စင်ကာပူမှာရဖို့ခက်ခဲ့တဲ့ အေးအေးမြမြလေးကို
ခံစားလိုက်သည်။ တောင်ကြီးနွေရာသီညမှာ လမ်းထွက်လျှောက်ရင် ရတဲ့လေးအေးအေးမျိုးပေါ့။

လမ်းမှာတော့ နီယွန်ဆိုင်းဘုတ်တွေနဲ့ ဆိုင်တွေလည်းရှိ၊ လမ်းဘေးက အခန်းကျဉ်းကျဉ်းထဲက စားသောက်ဆိုင်များကိုလည်းတွေ့ရ၊ လူတွေလမ်းကူးတာကို ဘယ်လောက်ကြာကြာ ဟွန်းမတီးပဲ စိတ်ရှည်လက်ရှည်စောင့်တတ်တဲ့ ကားမောင်းသမားတွေလည်း မြင်ရ၊ အလှပြင်ထားပြီး စကပ်တိုတိုနဲ့ စက်ဘီးစီးကာ သွားလာနေတဲ့ ဂျပန်မလေးတွေကိုလည်း ရင်ခုန်ရ … အဟိ :P…


ပြီးတော့ Bic Camera ဆိုတဲ့ Electronic ဆိုင်ကြီးမှာ ဟိုကြည့်ဒီကြည့်လုပ်၊ ပြီးတော့ Sunshine City အပေါ်မှာရှိတဲ့ ရှုခင်းကြည့်တဲ့အထပ်ကိုတက်ကြည့်ဖို့သွားကြပါတယ်။ အကို စင်ကာပူကိုလာရင် Suntec City ကို Sunshine City လို့အခေါ်အမြဲမှားလေ့ရှိတဲ့ နေရာမို့လို့လည်း ဒီနေရာနာမည်ကိုကြားဖူးနေပြီးသာပါ။

Sunshine City အထပ် ၆၀ကိုတက်တဲ့ ဓာတ်လှေကားက တစ်စက္ကန့်ကို မီတာ၆၀၀ နှုန်းနဲ့တက်ပါတယ်။ အထပ်၆၀ကိုတက်တာ မိနစ်ဝက်သာသာလေးပဲကြာလိုက်တယ်။ တော်တော်လေးမြန်ပေမယ့် နားအူတာတွေဘာတွေ သိပ်မခံစားလိုက်ရပါဘူး။ ပြီးတော့ ဓာတ်လှေကား စပြီးတက်တာနဲ့ မီးတွေက အရောင်တွေပြောင်း၊ တီးလုံးလေးတွေထွက်လာနဲ့ သာမန်ဓာတ်လှေကားတွေစီးရတာထွက် ထူးခြားတဲ့ခံစားမှုလေးရှိပါတယ်။



Youtube ကဗီဒီယိုကိုကြည့်ပြီး ခံစားနိုင်ပါတယ်။


Sunshine City ရှုခင်းကြည့်တဲ့အထပ်မှာ တပတ်ပတ်ပြီး တိုကျိုမြို့ညအလှကို ခံစားကြည့်ရှုလို့ရပါသည်။ လင်းထိန်နေတဲ့ မီးရောင်တွေနဲ့ လှပနေတဲ့ တိုကျိုမြို့ညနေခင်းလေးပါပဲ။ Ikebukuro ဘူတာ၊ Tobu Departmental Store တို့ကိုလည်း အပေါ်ကနေလှမ်းမြင်နေရပါတယ်။



ဓာတ်ပုံရိုက်ဖို့ကြိုးစားပေမယ့် မှန်မှာပေါ်တဲ့ပုံရိတ်တွေကြောင့် ပုံကောင်းကောင်းတော့ မရခဲ့ပါဘူး။
Sunshine City ကပြန်ဆင်းပြီး ညစာစားဖို့ဆိုင်ကိုရှာ၊ တိုကျိုမှာပထမဆုံးစားမယ့် ဂျပန်စာအတွက်တော့ ကျွန်တော် ရင်ခုန်မိသေးတာပေါ့။ စကပ်တိုတိုတွေကြောင့်မဟုတ်ပါဘူး၊ ဂျပန်စာကိုကြိုက်တတ်တဲ့ အတွက်ကြောင့်ပါနော်…
ဂျပန်မှာစားဖြစ်တဲ့ ပထမဆုံး ညစာ

ညစာစားပြီးတော့ အနားပတ်ဝန်းကျင်က ရပ်ကွက်တွေကို အသိမိတ်ဆွေက လိုက်ပြတော့ ဟိုကြည့်ဒီကြည့်လုပ်ပြီးတာနဲ့ ဟိုတယ်ကိုပြန်ပြီး အနားယူပါတော့တယ်။ လူကြီးတွေလည်း ပင်ပန်းနေပြီ။
လှလို့ရိုက်လိုက်တာ ဘာအဆောက်အဦးလဲဆိုတော့ မေ့သွားပြီ။

မနက်ဖြန်ဘယ်သွားမှာလဲလို့ အမကိုမေးလိုက်တော့…

Kamakura (ကမာကုရာ) မြို့ကိုသွားပြီး နာမည်ကြီး Kamakura ဘုရားဆင်းတုတော်၊ အနီးအနားက ဘုရားကျောင်းတွေ နဲ့ Yokohama မြို့ကိုသွားမယ်လို့ပြောပါတယ်။

နောက်နေ့မှပဲဆက်ရေးတော့မယ်နော်။ ကျေးဇူးတင်ပါတယ်။ Arigato Gozaimasu.

11 comments:

khin oo may said...

စုံနေတာဘဲ
အခုလိုသာမရေးထားရင်တော်ကြာနေမေ့သွားတော့မှာ။

pandora said...

လာဖတ်နေတယ် လာဖတ်နေတယ်
ကီမိုနို ၀ယ်တဲ့ အကြောင်းများ ပါမလား လို့

Myagreen said...

အကုန်လုံးရောက်တာ မရောက်တာထက် ရောက်သင့်တဲ့နေရာကိုသာ သွားနိုင်သလောက်ပဲ သွားရအောင်လို့… မဟုတ်ရင် အပန်းဖြေခရီးလိုမဖြစ်မှာစိုးရိမ်မိတာပါပဲ။ It's absolutely right. Thanks a lot for your sharing. Carry on :D

တန်ခူး said...

မိသားစုနဲ့ သွားရတာဆိုတော့ ပျော်စရာကြီးနော်… အထပ်၆၀… အမဆို ခြေထောက်တွေ ယားနေမှာပဲ… ကြောက်လို့ … ဓာတ်ပုံတွေက လှလိုက်တာ… စကတ်တိုတိုနဲ့  ဂျပန်မလေးတွေပုံလိုက်ရှာနေတာ… ဟုတ်တယ်… အပန်းဖြေခရီးသွားတာ စိတ်ပင်ပန်းနေရင် အလကားပဲ… ဟိုတလောက အမတို့  မလက္ကာသွားတာ ရောက်တုန်းမနှံ့ မှာ စိုးလို့  သားရော သူ့ အဖေရောကို တွန်းတာ ပြန်လာတော့ သားအတော်နေမကောင်းဖြစ်သွားတာ… နောင်တရသွားတယ်… နောက်ဆို နားနားနေနေပဲ လည်တော့မယ်လို့ … စောင့်ဖတ်နေမယ်ကိုပီတိရေ…

sonata-cantata said...

တို့များလည်း လိုက်လည်နေပါတယ်..

WWKM said...

ဖတ်သွားပါတယ် ကိုပီတိ ရေ.

Khin said...

I can't wait to read more. :-)))

သက်ဝေ said...

ကိုယ်ကတော့ ဘန်ကောက်ရောက်တဲ့ အထိ၊ မုန့်တွေအများကြီး ဝယ်တဲ့အထိ လိုက်လည်မှာနော်... ဒါပဲ.. :D

nu-san said...

ကိုပီတိ ဂျပန်ကို လာလည်တဲ့အကြောင်းရေးထားတာ စုံစုံလင်လင်မို့ ဖတ်လို့ကောင်းတယ်... မိသားစုနဲ့ဆိုတော့ ပျော်ဖို့ကောင်းမှာနော်... ကိုပီတိပြောသလိုပဲ ရောက်သင့်တဲ့နေရာကို အချိန်ယူပြီး အေးအေးဆေးဆေး လည်ပတ်နိုင်တာ အကောင်းဆုံးပါပဲ... လူကြီးတွေအတွက်လည်း အဆင်ပြေတာပေါ့.. နောက်ထပ် အပိုင်းတွေလည်း ဆက်ပါဦး.. :)

Steve Evergreen said...

ဂျပန်ရထားတွေရဲ့ထိုင်ခုံတွေက စင်ကာပူကလို ပလတ်စတစ်ထိုင်ခုံတွေမဟုတ်ပဲ ဆိုဖာထိုင်ခုံတွေဆိုတာ သတိထားမိလိုက်ပါတယ်။

That is because of weather I think. In London, these are sofa seats. On the other hand, in Barcelona with Mediterranean weather, it is like in Singapore :)

Thanks for sharing

Moe Cho Thinn said...

မိစုံ ဖစုံ နဲ့ မိသားစု ခရီးသွားတာကို ပျော်ပျော်သွက်သွက်လေး ရေးပြတော့ ကြည်နူးတဲ့စိတ်နဲ့ အားကျ မျက်ရည်ဝဲမိတယ် မောင်လေးရေ..

Ratings