Thursday, October 15, 2009

၁၀ တန်း မဖြေခင် ၁၀ရက်

ဆယ်တန်း စာမေးပွဲမဖြေခင်မှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ရေးမယ်လို့ ပြောထားတာ ခရီးသွားမှတ်တမ်း မပြီးသေးလို့ အရင် ရေးလိုက်ပါတယ်။

အိမ်မှာက အိမ်မွေးတိရိစ္ဆာန်တွေကို တယုတယ မွေးချင်တဲ့လူမရှိလို့ ကြွက်ခုတ်ဖို့ကြောင်ကလွဲလို့ ဘာမှ မမွေးပါဘူး။ ပြီးတော့ မွေးထားတဲ့ကြောင်တွေကိုလည်း အမချိုသင်းတို့လို နာမည်မပေးခဲ့ပါ။ အဲဒီအချိန်တုန်းက အိမ်မှာမွေးထားတဲ့ကြောင်တွေထဲက တစ်ကောင်က တကိုယ်လုံးအမည်းရောင်ဖြစ်ပြီး တခြားကြောင်တွေနဲ့ ကွဲနေလို့ မဲမဲလို့ ခေါ်ဖြစ်သွားပါတယ်။ အဲဒီကြောင်က လူတွေနဲ့ အင်မတန် ပွတ်သီးပွတ်သပ် နီးနီးကပ်ကပ် နေချင်ပါတယ်။ ထိုင်ခုံမှာထိုင်နေလို့ ခြေထောက်ကျနေရင် အဲဒီခြေထောက်ကိုလာပွတ်နေရော… ထမင်းစားရင်လည်း သူနဲ့ဆို ကောင်းကောင်းစားလို့မရပါဘူး၊ ခြေထောက်ကို သူ့ကိုယ်လုံးနဲ့လာပွတ်နေလို့လေ။ ကျွန်တော်တို့အိမ်ကလည်း ကြောင်ကိုဘယ်လောက်ချစ်လည်းဆို လာပွတ်ရင် အသာတကြည့် ခြေထောက်နဲ့ဖယ်လို့ရရင်ရ မရရင်တော့ ကန်လိုက်တာပဲ… မဲမဲကလည်း တစ်ယောက်ကကန်လိုက်ရင် နောက်တစ်ယောက်ခြေထောက်ကိုသွားပွတ်တာပဲ။
(အမချိုသင်းတော့ ဖတ်ရင်းနဲ့ အော်နေလောက်ပြီ။ :P)

အဲဒါလည်း အဲဒီကောင် အမှတ်လည်းမရှိပါဘူး ပြန်ပြန်လာတာပါပဲ။ ထမင်းကို ဖြောင့်ဖြောင့်စားချင်လို့ သူ့ကို စားဦးစားဖျားကျွေးထားလည်း စားပြီးရင် ထမင်းစား စားပွဲကိုလာ လူတိုင်းရဲ့ ခြေထောက်တွေကို သူ့ကိုယ်လုံးနဲ့လိုက်ပွတ်တော့တာပါပဲ။

ဘယ်လောက်အထိလူတွေနဲ့ နီးနီးကပ်ကပ်နေချင်လဲဆို၊ လမ်းသွားနေတဲ့ ခြေထောက်ကိုပါ လိုက်လိုက်ပွတ်တတ်လို့ သူ့ကိုရှောင်ရင်း တိုက်လှဲမလိုပါဖြစ်တတ်ပါသေးတယ်။ သူ့ကို အော်လိုက် ငေါက်လိုက်ရင်လည်း နားလည်သလိုမျက်နှာနဲ့ မျက်နှာညှိုးတတ်ပါသေးတယ်။

တခါတလေ ကျွန်တော်ပျင်းလို့ဆော့ချင်ရင်တော့ မဲမဲနဲ့ ပြေးတမ်းလိုက်တမ်းကစားပါတယ်။ တခြားလူတွေကို လူကရှေ့ကပြေး ကြောင်ကနောက်ကလိုက်မဟုတ်ပါဘူး။ ကျွန်တော်က ကြောင်ကို ဟေးးး လို့ခြောက်ပြီးတော့ သူ့နောက်ကလိုက်… ကြောင်က အကွေ့တွေမှာ သံမံတလင်းမြေဆိုတော့ ချော်ပြီး အရှိန်ထိန်းမရ ယက်ကန်ယက်ကန် slip ဖြစ်ပြီးပြေးနေတာကို ကြည့်ပြီး ရယ်… နောက်ဆုံးကြောင်က အိမ်ရှေ့က တမာပင်ပင်ပေါ်တက်ပြေးမှပဲ နောက်ကအလိုက်ခံရတဲ့ဒဏ်ကနေ လွတ်ပါတော့တယ်။

ဘာလို့ မဲမဲဆိုတဲ့ ကြောင်အကြောင်းရေးတာလည်းဆိုတော့ ဖြစ်တဲ့အဖြစ်က သူတို့ပတ်သက်နေလို့ပါ…


အဲဒီတုန်းက ကျွန်တော်က ဆယ်တန်းစာမေးပွဲနီးလို့ ကျောင်းမတက်တော့ပဲ အိမ်မှာပဲစာကြည့်နေချိန်ဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲနီးတာမှ ၁၀ရက်သာလိုတော့ပေမယ့် ဒီစာမေးပွဲငါဖြေရမှာပါလားဆိုတဲ့ စိတ်သေချာမရှိသလို ခံစားရပါတယ်။ ဖြေရမှာ စိတ်လည်းလေးနေတယ်လို့ ခံစားရတယ်။ ဘာကိုစိုးရိမ်နေမှန်းတော့မသိ…

အဲဒါမတိုင်ခင်တုန်းကလည်း အဲလိုပဲ ခံစားရပြီး အဖြစ်အပျက်တစ်ခုရှိပါသေးတယ်။
ကျွန်တော်တို့ ဆယ်တန်းမတိုင်ရင် အရင်နှစ်တွေက ဆယ်တန်းစာမေးပွဲမှာ ကိုးတန်းစာတွေပြန်မေးလေ့ရှိတော့ ဆယ်တန်းရောက်ပေမယ့် ကိုးတန်းစာကိုလည်း လွှတ်လို့မရခဲ့ပါဘူး။ ဘာဖြစ်လို့လည်းမသိ ကျွန်တော် ကိုးတန်းစာကို ပြန်ကြည့်ချင်စိတ်မရှိလို့ ကိုင်ကိုမကြည့်ခဲ့ဘူး။ စာမေးပွဲဖြေဖို့ သုံးလေးလလောက်အလိုမှာ ပညာရေးဝန်ကြီးဌာနက ဆယ်တန်းမှာ ကိုးတန်းစာတွေ မမေးတော့ဘူးလို့ ထုတ်ပြန်လိုက်တုန်းက သူငယ်ချင်းတွေထက် ကျွန်တော်ပိုပြီး ပျော်နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက အကိုက ရန်ကုန်မှာ အလုပ်လုပ်နေပြီး၊ ဖေဖေကလည်း အမ ကျောင်းတက်ဖို့ ရန်ကုန်ကို လိုက်ပို့နေတော့ အိမ်မှာ မေမေရယ် ကျွန်တော်ရယ် နှစ်ယောက်ပဲရှိပါတယ်။ အိမ်မှာကလူနည်းတော့ အိမ်တံခါး ၀ိုင်းတံခါး (ခြံတံခါးမဟုတ်ပါ :P) အမြဲတန်းသော့ခတ်ထားလေ့ရှိတယ်။ ကျွန်တော်ကသာ ကျောင်းမတက်တော့တာ အမေတို့ ဆရာ၊ ဆရာမတွေကတော့ ကျောင်းသွားနေရတုန်းပါပဲ။

အဲဒီနေ့က မေမေထမင်းစားပြန်လာခါနီးလို့ အိမ်တံခါး ၀ိုင်းတံခါး ဖွင့်ထားလိုက်မယ်ဆိုပြီး သော့ယူပြီး အိမ်တံခါးကို လမ်းလျှောက် မဲမဲက ထုံးစံအတိုင်း ခြေထောက်ကိုလာပြီး ပွတ်သတ်ပါတော့တယ်။ သူလာတာမမြင်လိုက်တော့ လူက သူ့ကိုတက်နင်းမိမှာကိုရှောင်ရင်း လဲတော့မလို ဖြစ်သွားလို့ ချက်ချင်း ဒေါသထွက်သွားတယ်။

အာ… ဒီကြောင် ဆိုပြီး…. ကြောင်ကို စီးထားတဲ့ ဖိနပ်နဲ့ စီးထားလျှက်နဲ့ လှမ်းပြီး ပစ်ကန်ကန်လိုက်ပါတယ်။ ဖြစ်ချင်တော့ ဖိနပ်က ရှေ့ကိုအတည့်ထွက်မသွားပဲ ခြေထောက်နဲ့ညိပြီး အပေါ်ကိုတက်သွားပါတယ်။
အဲဒီမှာ ဖိနပ်က မျက်နှာကြက်က မီးချောင်းကိုကာထားတဲ့မှန်ကိုထိ.. မှန်ကကွဲပြီးတော့ ခေါင်းပေါ်ကိုပြုတ်ကျ... ခေါင်းပေါ်ကျတဲ့မှန်ကထပ်ကွဲပြီး လက်ပေါ်ကိုကျပါတယ်။

တော်သေးတာ ခေါင်းပေါ်ကို မှန်က အပြားလိုက်ကျလို့ပေါ့… မဟုတ်ရင်တော့ အခုလို စာရေးနေနိုင်မှ မဟုတ်လောက်ဘူး။

ဖြစ်ပြီးစ ဘာဖြစ်သွားမှန်းတောင်မသိလိုက်ပဲကို ဖြစ်သွားတယ်။ လက်ပေါ်ကျတဲ့ မှန်က လက်ဖ၀ါးကိုပေါ်ဒေါင်လိုက်ကျသွားတယ်ထင်ပါတယ်။ အားလုံးပြီးတော့ လက်ဖ၀ါးကွဲသွားပြီး သွေးတွေဖျာကနဲထွက်လာကိုတွေ့လိုက်ရတော့ တော်တော်လှန့်သွားပါတယ်။ အဲဒီတုန်းမှာ မေမေကကျောင်းကပြန်လာပါတယ်။ မေမေ့ကို သော့ပြေးဖွင့်ရင်း အဖြစ်အပျက်ကိုပြောတုန်း လက်ကသွေးတွေကလည်း တတောက်တောက်ကျနေတုန်း… မေမေကချက်ချင်းပဲ အိမ်ထဲဝင် မျက်နှာသုတ်ပ၀ါအသစ်တစ်ခုကိုယူ လက်ကိုအုပ်ပြီး ဖိခိုင်းထား… အိမ်တံခါးကိုပိတ်…အိမ်ရှေ့က ဆိုက်ကားတစ်စီးကိုခေါ်ကာ ဆေးခန်းကို အမြန်သွားကြပါတယ်။

ဆေးခန်းအသွားမှာ မေမေက
“သား… ဒါဖြစ်လိုက်တာ အရင်က စိတ်လေးနေတာတွေ မရှိတော့ဘူး… အမေ့စိတ်ထဲမှာပေါ့သွားတာပဲ… ဘာမှမဖြစ်တော့ဘူးနော်.. အကုန်လုံးကောင်းသွားမှာ… စိတ်ကိုအေးအေးသာထား… ” နဲ့ပြောနေပါတယ်။

ဆေးခန်းရောက်တော့ လက်ကဒဏ်ရာကိုကြည့်ပြီး ဆရာဝန်က ဒဏ်ရာကကြီးလို့ ချုပ်မှရမှာဆိုပြီး ချုပ်ပါတယ်။ ပြီးတော့ ဆေးထိုးပါတယ်။ အဲဒီတုန်း စာမေးပွဲဖြေရမှာကို စိတ်ပူပြီးတော့ မျက်ရည်တောင် ကျမိပါသေးတယ်။ ဆရာဝန်ကတော့ ဘာမှမပူနဲ့ သေချာပေါက်ပျောက်တယ်၊ စာမေးပွဲက ၁၀ ရက်တောင်လိုသေးတာ ဆိုပြီး ဆေးတွေပေးလိုက်ပါတယ်။

တကယ်လည်း အဲဒါလည်း ဖြစ်ပြီးတော့ စိတ်ထဲမှာလေးနေတာတွေအားလုံးပေါ့သွားပါတယ်။ ဒဏ်ရာအနာပျောက်ဖို့သာစိတ်ထဲမှာ စိုးရိမ်နေမိတော့တယ်။

နောက်ရက်ကျတော့ ဖေဖေ ရန်ကုန်က ပြန်ရောက်လာတော့ ကျွန်တော့်အတွက် ဗေဒင်မေးလာတဲ့ စာရွက်ကိုဖတ်ကြတဲ့အခါ…
“စာမေးပွဲ သေချာပေါက်အောင်မည်။ ဂုဏ်ထူး ၁ ခုပါမည်။ အကယ်၍ လက်မှာထိခိုက်ရှနာမိပါက ဂုဏ်ထူး ၃ ခုပါမည်…” တဲ့…

အဲဒီမှာပဲ သားအမိသားအဖ ၃ ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိတော့သည်…

[အမချိုသင်းတစ်ယောက် ဒီပို့စ်ကိုဖတ်ပြီး ကျွန်တော့်အား မောင်လေး အဖြစ်မှ မစွန့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။]

7 comments:

ရွှေဂျမ်း said...

တို့၁ ကွ...း)... လက်ဒဏ်ရာက ဂုဏ်ထူးတွေထွက်ဖို့ ယတြာချေသလိုဖြစ်သွားတယ်ထင်တယ်။ တကယ်က မဲမဲကို ကျေးဇူးတင်ရမှာနော်။ (ဟုတ်တယ်မလား အမချိုသင်းရေ..။ မမွန်က ကျတော့ ညောင်ညောင်ဆီပြန်ချက်မယ်တဲ့။ ဒီတစ်ယောက်ကလည်း ကြောင်ကို ကန်တယ်၊ ဒီ၂ယောက်ကို အမအိမ်လာလည်ဖို့ ဖိတ်ရဲပါ့မလားပဲ.. ဟိ)

Kay said...

သြော်..ဆြာကြီး ဒေ၀စကြာ ရဲ့ ဖောက်သည်တွေပဲ..
မဲမဲသာ မကယ်လို့ကတော့..ကပီတိ..ဂုဏ်ထူးတခုပဲ ထွက်မလား..သူ့ဖေကြီးပြန်လာတော့ပါလာတဲ့..ဟောစတမ်းကြည့်ပြီး..သူ့လက်ကြီးပဲ..ပြေး ဓါးနဲ့ခုတ်ရမလား..ဖြစ်နေမှာ.. :D

Moe Cho Thinn said...

မဲမဲလေး သနားပါတယ်။
သူ့ရှူးသူပတ် ဖြစ်သွားတဲ့ ပီတိလေးကိုလည်း နည်းနည်း သနားပါတယ်။ လက်ကို ချုပ်လိုက်ရတယ် ဆိုလို့.. :)
ကြောင်ဆီပြန်ချက်မယ်လို့ ကြိမ်းဝါးနေတဲ့ မွန်တယောက်လဲ ဒါကို သင်ခန်းစာ ယူစေ။ :)

phyoaung said...

ကျွန်တော်ကတော့ ကြောင်ကြောက်တဲ့နေရာမှာ
ကန်ဖို့ ကျောက်ဖို့မပြောနဲ့ စိတ်နဲ့တောင် မပြစ်မှားရဲဘူး။ နောက်တာမဟုတ်ဘူး၊ တကယ်ပြောတာ၊ ဘယ်ဘ၀က အထုံရေစက်လဲ တော့မသိဘူးဗျ။ ကိုယ့်ကိုကြောင်တကောင်က သေသေချာချာ စိုက်ကြည့်လိုက်ရင်ကို နေရာစရာ နေရာမရှိတော့ဘူး..ဟီး မသိမသာမျက်လုံးလေးလွှဲပြီး
ဝေးရာကိုပြေးတော့တာပဲ။ စိတ်ရောဂါတမျိုးလို့များ ဆိုနိုင်မလားမသိဘူးနော်..
ကျွန်တော့်အဖြစ်က..းP

nu-san said...

စာမေးပွဲနားနီးမှ ဖြစ်ရတာလို့..ဒါဆို ဗေဒင်လည်း မှန်တာပေါ့နော်.. လက်အနာနဲ့ စာမေးပွဲဖြေတာ ဂုဏ်ထူး ၃ ခုတောင် ရတာဆိုတော့ တော်သေးတာပေါ့.. :)

SDL said...

ဂန်ဒူး (၃) ခုနဲ့ အောင်ခဲ့တယ်ပေါ့။

တို့ထက်ငယ်တာသေချာသွားပြီ၊ တို့တုံးက ၉ တန်းစာတွေပါ ဖြေရသေးတယ်။

ကြောင်ကို မောင်းထုတ်မရရင် ကန်လွှတ်တာချင်းတူတယ်၊ သူက ကိုယ့်ကို တစ်ခါ ကုတ်ထားဖူးတာကိုး၊

pandora said...

သွေးထွက်အောင်မှန်တဲ့ ဗေဒင်ပါလား

Ratings