Monday, October 19, 2009

အားလပ်ရက် ၀၉ (၄)

စက်တင်ဘာ ၁၁ ရက်နေ့ မနက်…

လေးယောက်စလုံး အိပ်ရာကနေ စောစောထပြီး ရေချိုး၊ အ၀တ်လဲပြီး ဟိုတယ်မှာပဲ မနက်စာစားလိုက်ပါတယ်။ မနက်စာကတော့ အထူးတလယ်မဟုတ်တဲ့ ကော်ဖီနဲ့ ပေါင်မုန့်ပါပဲ။ သွားရင်း ဗိုက်ဆာရင်စားဖို့ မုန့် နဲ့ ရေဗူးတွေကိုလည်းရင်း ကင်မရာက ဓာတ်ခဲကိုစစ်ကြည့်တော့ အားအပြည့်နီးပါးရှိနေပါသေးတယ်။ မနေ့ညက ဓာတ်ခဲအားသွင်းဖို့လုပ်ပေမယ့် ဂျပန်က ပလတ်ပေါက်တွေက minus နှစ်ပင်ဖြစ်နေတော့ charger နဲ့က မကိုက်ဘူး။ မသွားခင်ကတည်းကသိပေမယ့် ၀ယ်ချိန်မရှိတော့တာနဲ့ အသွားမှာ လေဆိပ်မှာရှာမယ်လို့ စိတ်ကူးသွားခဲ့တာပါ။ လေယာဉ်ကသိကအောက်ဖြစ်ပြီးတော့ ဘာမှလုပ်ချိန်မရှိတော့ပဲ မ၀ယ်နိုင်ခဲ့တာပါ။ ဒီနေ့အတွက်တော့ ဓာတ်ခဲခံလောက်ပါရဲ့…

ဟော်တယ်ကအထွက်မှာ ရှေ့ကောင်တာမှာရှိတဲ့ အမျိုးသမီးကို လေဆိပ်ကနေ အိတ်လာပို့မယ်အကြောင်းကို သွားပြောပါတယ်။ ကျွန်တော် နာမည်နဲ့ အိတ်လာပို့မယ် အိတ်ကအမည်းရောင်လေး ဘာနဲ့ပြောနေတုန်း၊ သူက ဒီဟာလားလို့ပြောလိုက်တော့ … အိတ်က ဟိုတယ်ကိုရောက်တောင်နေပါပြီ။ ဒီနေ့မနက်လာပို့မယ်ဆိုတော့ ဒီလောက်စောစောရောက်မယ်လို့ မထင်မိတာအမှန်ပါ။ အဲဒါနဲ့ အိတ်ကိုအခန်းထဲပြန်ထားပြီး Kamakura ကိုသွားဖို့ Ikebukuro ဘူတာကို ထွက်လာခဲ့ပါတယ်။

လက်မှတ်ရောင်းတဲ့စက်
Ikebukuro ဘူတာရောက်တော့ ရိုးရိုးလက်မှတ်မ၀ယ်ပဲ ပိုဈေးသက်သာအောင် Kamakura One day pass ကိုဝယ်ဖို့ကြိုးစားတာ JR က ၀န်ထမ်းလည်း သူ့ရဲ့ လက်ရောင်းတဲ့စက်မှာ ကြိုးစားပြီး ရှာပေးပေမယ့်လည်း မရဘူးဖြစ်နေတော့ သာမန်လက်မှတ်ပဲဝယ်လိုက်ရပါတယ်။ လက်မှတ်ရောင်းတဲ့စက်မှာ မရှာပဲ ၀န်ထမ်းကိုသွားမေးမိလိုက်လို့ပါ။ တကယ်က လက်မှတ်ရောင်းတဲ့စက်မှာ ရှိပါတယ်။ ၀န်ထမ်းက ဘယ်လိုနားလည်ပြီးရှာလို့ မတွေ့တာလဲတော့ မသိပါဘူး။ အဲလိုအဖြစ်မျိုးတွေလည်း ရှိတတ်ပါသေးတယ်။


Kamakura ကိုသွားဖို့ Shonan Shunjuku ရထားလိုင်းကိုစီးပြီး တိုက်ရိုက်စီးသွားလို့ရပါတယ်။ လက်မှတ်ကတော့ တစ်ကြောင်းကို ယန်း ၈၉၀ ပေးရတယ်။ Ikebukuro ကနေ ရထားတစ်နာရီကျော်စီးပြီး Kamakura ဘူတာကိုရောက်ပါတယ်။
Kamakura ဘူတာကနေပြီး Kamakura Daibutsu - ကမာကူရ ဗုဒ္ဓဆင်းတုတော်ကြီး ဆီကို တိုက်ရိုက်သွားတဲ့ ရှေးဟောင်းပုံ အနီရောင် ဘတ်စ်ကားကြီးရှိလို့ စောင့်နေပေမယ့် မလာပါဘူး။
Photo Credit: http://www.flickr.com/photos/14507105@N00/276181648/

“အဲဒီ အနီရောင်ကားပြီး တစ်စီးပဲရောက်တာလား… ” လို့ အမကိုမေးလိုက်တော့…
“မဟုတ်ဘူး… တခြားဘတ်စ်ကားတွေလည်းရောက်တယ်။ ဒါပေမယ့် အဲဒီကားက Kamakura ဘုရားမှ ဂိတ်ဆုံးတော့ ဘယ်မှာဆင်းရမလဲတာ သိစရာမလိုဘူးပေါ့…” ပြန်ဖြေလေရဲ့…

ကားကိုစောင့်တာ မလာနိုင်တာနဲ့ Tourist Information Counter မှာ ဘယ်ဘတ်စ်ကားတွေရောက်လဲလို့ အမကသွားမေးပါတယ်။ နောက်တော့ အနီရောင်ဘတ်စ်ကားက နာရီဝက်မှတခါထွက်လို့ စောင့်မနေတော့ပဲ Tourist Information Counter က ညွှန်လိုက်တဲ့အတိုင်း ဘတ်စ်ကားဂိတ်က ကားကိုပဲတက်စီးလိုက်ပါတယ်။

Kamakura ဘုရားကိုသွားဖို့ရာ ဆင်းရမယ်နေရာက သိသာထင်ရှားပါတယ်။ နောက်ပြီး ဘတ်စ်ကားမောင်းတဲ့လူကို မေးရင်လည်းရပါတယ်။ ကားမောင်းတဲ့လူက အင်္ဂလိပ်လို သေချာမပြောနိုင်ပေမယ့် Kamakura Daibutsu e ikimasu ka လောက် ဂျပန်လိုပြောတတ်ရင် ဖြစ်ဖြစ် Kamakura Dai-bu-tsu ဆိုပြီး မြေပုံလက်ထောက်ပြီး နိုင်ငံတကာသုံး စကားကို ပြောရင်ဖြစ်ဖြစ် ရပါတယ်။

ဂျပန်က ဘတ်စ်ကားမောင်းတဲ့လူတွေက မောင်းရင်းနဲ့ နောက်ရပ်မယ့် မှတ်တိုင်နာမည်၊ ရပ်ရင်လည်း ရပ်တဲ့မှတ်တိုင်နာမည် ပြီးတော့ ကားကွေ့ရင်လည်း သတိထားပါ နဲ့ တတွတ်တွတ် ပြောနေပါတယ်။ ကားမောင်းတာကလည်း တော်တော်လေးညင်သာပါတယ်။ ကျွန်တော်တို့စီးသွားတဲ့ ကားပေါ်မှာ အဖိုးကြီးတစ်ယောက် ပစ္စည်းတွေနဲ့ပါလာပါတယ်။ အဲဒီ အဖိုးကြီးဆင်းတဲ့နေရာရောက်တော့ ကားသမားက ကားကိုစက်ရပ်ပြီးကို အဲဒီအဖိုးကြီးရဲ့ ပစ္စည်းတွေကို ကူညီပြီး ချပေးနေတာကိုတွေ့ရတော့ စိတ်ချမ်းသာဖို့ တော်တော်ကောင်းတယ်။ သူတို့နဲ့ယှဉ်ရင် စင်ကာပူက ဘတ်စ်ကားသမားတွေ ကားမောင်းတာ ကြမ်းပါတယ်။ မြန်မာပြည်က ဘတ်စ် ကားမောင်းသမားတွေကတော့လား… မပြောချင်တော့ပါဘူး။

၁၅ မိနစ်လောက် ဘတ်စ်ကားစီးပြီးတော့ ကမာကူရ ဗုဒ္ဓဆင်းတုတော်ကြီးရှိရာနေရာကို ရောက်ပါပြီ… အနားမှာ tour ဘတ်စ်ကားတွေ အများကြီးရပ်ထားပြီး လူတွေနဲ့လည်း တော်တော်လေးစည်ကားနေပါတယ်။ အ၀င်မှာရှိတဲ့ ဂိတ်ကြီး ကို ဖြတ်ပြီးတာနဲ့ ၀င်ဖို့အတွက် လက်မှတ်ဝယ်ရပါတယ်။ ၀င်ကြေးကတော့ တစ်ယောက်ကို ယန်းနှစ်ရာပါ။

ကမာကူရ ဘုရား အ၀င်ဂိတ်ပေါက်
ကမာကူရ ဘုရား ကိုဓာတ်ပုံထဲမှာမြင်ဘူးတော့ သိပ်တော့ မစိမ်းလှပါဘူး။ ဒါပေမယ့် အပြင်မှာမြင်လိုက်ရတာက ပိုပြီး ကြည်နူးဖို့ကောင်းပါတယ်။ နောက်ကသစ်တွေအုပ်ရဲ့ရှေ့မှာ ဘုရားဆင်းတုတော်ကြီးကို ရှင်းရှင်းလင်းလင်းတွေ့လိုက်လို့လည်းဖြစ်ပါတယ်။


ဘုရားဆင်းတုတော်ကြီးကိုလာပြီးလေ့လာကြတဲ့ လူတွေအများကြီးပါပဲ။ ချစ်စရာ မူလတန်းအရွယ် ကျောင်းသူကျောင်းသားကလေးတွေလည်း တွေ့ရပါတယ်။ ကြည့်ရတာ ကျောင်းတွေရဲ့ အစီအစဉ်နဲ့ လေ့လာရေးခရီးလာကြတာနဲ့တူပါတယ်။

ကမာကူရ ဘုရားဆင်းတုတော်ကြီးက ကြေးရဲ့သွန်းလုပ်ထားတာဖြစ်ပြီးတော့ ဂျပန်မှာရှိတဲ့ ကြေးသွန်းဘုရားတွေထဲမှာ ဒုတိယအကြီးဆုံးပါပဲ။ အလေးချိန်က ၁၂၁ တန်လောက်လေးပြီးတော့ အမြင့်က ၁၃.၃၅ မီတာ (၄၄ ပေ) မြင့်ပါတယ်။


ဘုရားဆင်းတုတော်ကြီးရဲ့ သမိုင်းအကျဉ်းချုပ်ကိုဖတ်ရသလောက် ဒီဆင်းတုတော်ကြီးကို ၁၂၅၂ ခုနှစ်မှာသွန်းလုပ်ခဲ့ပြီး အစကတော့ ဘုရားကျောင်းထဲမှရှိခဲ့တာပါ၊ အရင်ကျောင်းတော်ကြီးက ၁၅ ရာစုအကုန် ၁၄၉၈ ခုနှစ်မှာ ဆူနာမီရေလှိုင်းကြောင့် ပျက်စီးသွားလို့ ဆင်းတုတော်ကြီးပဲကျန်ခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ အကြီးအကျယ် ငလျင်လှုပ်ခဲ့တုန်းက အောက်ခံကျောက်သား တွေပျက်စီးခဲ့ပေမယ့် ဆင်းတုတော်ကြီးကတော့ဘာမှ မဖြစ်ခဲ့ပါဘူး။

နောက်ဆုံးပြင်ဆင်ခဲ့ချိန်ကတော့ ၁၉၆၀-၆၁ ခုနှစ်မှာပါ။ လေးလံတဲ့ ဦးခေါင်းတော်ကို ထောက်ပံ့ထားတဲ့ လည်ပင်းနေရာကို အားဖြည့်ခဲ့ပါတယ်။ ပြီးတော့ ငလျင်ဒဏ်ခံနိုင်အောင်လို့ ဆင်းတုတော်ကြီးကို အောက်ခံကျောက်သားပေါ်မှာ လှုပ်ရှားလို့ရအောင် ပြင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ပထမဆုံးလုပ်တာကတော့ ဆင်းတုတော်ကြီးကို ဓာတ်ပုံအားရအောင် ဓာတ်ပုံရိုက်… ပြီးတော့မှ ဘုရားဝပ်ပြုဆုတောင်းကြပါတယ်။ ဆုတောင်းပြီး အဆာပြေမုန့်စား…
ပြီးတော့လား… ဓာတ်ပုံပဲဆက်ရိုက်တာပေါ့။ အဲဒီမှာ အမေရိကန်ရေတပ်က ရာထူးပေးအပ်တဲ့ အခမ်းအနားအသေးစားလေး လုပ်နေတာတောင် တွေ့ခဲ့ရပါသေးတယ်။


ဓာတ်ပုံရိုက် ပြီးတော့မှ ၀င်ကြေး ယန်းနှစ်ဆယ်ပေးပြီး ဘုရားဆင်းတုတော်ရဲ့ အထဲကို ၀င်ကြည့်ကြပါတယ်။ ဆင်းတုတော်ကြီးအ၀င်မှာ ၁၂ ပေလောက်အမြင့်ကို လှေကားနဲ့တက်ပြီး အထဲရောက်တော့ လူဆယ်လေးငါးယောက် မတ်တပ်ရပ်ဖို့နေရာရှိပါတယ်။ အထဲမှာတော့ ဘုရားကြီးကိုတည်ဆောက်ထားတဲ့ နည်းပညာအကြောင်းရှင်းပြထားတဲ့ ပုံနဲ့စာရှိပါတယ်။ အင်ဂျင်နီယာမဟုတ်တဲ့ ကျွန်တော်ကတော့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ပဲ ကြည့်ခဲ့တယ်။

ဘုရားကြီးကိုတည်ဆောက်ထားတဲ့ နည်းပညာ

ဘုရားကြီးထဲကထွက်လာပြီးတော့ အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင်မှာ မိဘတွေက ဘုရားဆင်းတုတော်တွေကို မိတ်ဆွေအတွက် ပူဇော်ဖို့ဆိုပြီး ၀ယ်ခဲ့ပါတယ်။ နောက်ပြီး ဘုရားကြီးရဲ့ဘေးမှာရှိတဲ့ အဆောက်အဦးထဲမှာတော့ မြက်ဖိနပ်အကြီးကြီး တစ်ရံကိုချိတ်ထားလည်းရှိပါတယ်။ အဲဒီ ဖိနပ်ကြီးက ဘုရားကြီးစီးဖို့လှူထားတာလို့ ပြောကြပါတယ်။

ဘုရားကြီးရဲ့နောက်မှာတော့ သစ်ပင်တွေနဲ့ အုပ်နေတဲ့ နားတဲ့နေရာလေးဆီကိုသွား၊ ထိုင်ဖို့ချထားပေးတဲ့ ကျောက်ထိုင်ခုံလေးမှာထိုင် ရေသောက်ပြီး ခဏ အနားယူပြန်ပါတယ်။ ထိုင်နေရင်းနဲ့ ကြည့်လိုက်တာ ဘုရားကျောင်းဆောင် ခပ်ဟောင်းဟောင်း တစ်ဆောင်တွေ့လိုက်ရပါတယ်။ အထဲကိုလှမ်းကြည့်တာ သဲသဲကွဲကွဲမမြင်ရတာနဲ့ ရှေ့မှာရှိတဲ့ စာကိုပဲဖတ်လိုက်တော့ ကွမ်ရင်မယ်တော်ရဲ့ ကျောင်းဆောင်ဖြစ်တယ်လို့ သိရပါတယ်။

“ဒါပြီး ဘယ်သွားမှာလဲ… ” လို့ အမကိုမေးလိုက်ပါတယ်။
“ဒါပြီးရင် Hasedera (ဟစဲဒဲရ) ဘုရားကျောင်းကိုသွားမယ်လေ… အဲဒီကနေဆို ပင်လယ်ဖက်ကိုလည်း ရှုခင်းတွေကြည့်လို့ရတယ်လို့ ပြောတယ်။ ငါလည်း မရောက်ဖူးသေးဘူး… ”
“ဘယ်လိုသွားရမှာရောသိလား…”
“သေချာတော့မသိဘူး… ဒီလိုပဲ မေးသွားတာပေါ့ကွာ…”

နားပြီးတော့ နောက်တစ်နေရာကို ဆက်သွားဖို့ ကမာကူရ ဘုရားကျောင်းဝိုင်းထဲကနေ အပြင်ထွက်လာကြပါတယ်။ အပြင်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ Hasedera (ဟစဲဒဲရ - ဟစဲ ဘုရားကျောင်း) နေရာကိုမေးတော့ ရှေ့ကိုဆက်သွား မီးပွိုင့်ရောက်ရင် ညာဖက် ချိုးလို့ညွှန်လိုက်ပါတယ်။

ဂျပန်မှာ ခရီးသွားရင်း သတိထားမိတာက လမ်းမသိလို့တစ်ယောက်ယောက်ကို မေးလိုက်ရင် အင်္ဂလိပ် သေချာမပြောတတ်ပေမယ့် စိတ်ပါလက်ပါ သေချာရှင်းပြတာပါပဲ။


၁၅ မိနစ်လောက်လမ်းလျှောက်ပြီးတော့ Hasedera ကျောင်းအ၀င်ပေါက်ကို ရောက်ပါတော့တယ်။ ဂိတ်ပေါက်မှာ မီးပုံအကြီးကြီး ချိတ်ထားတာကိုတွေ့ရတယ်။ ဂျပန်ကိုရောက်ပြီးတော့ အဲလို ပုံစံမျိုး ပထမဆုံးအကြိမ်တွေ့တော့ ဓာတ်ပုံတွေ ရိုက်မိပါရော… ဒါပေမယ့် အဲဒီဂိတ်က ပိတ်ထားတော့ ၀င်လို့ရပါဘူး။ ၀င်ဖို့ လက်မှတ် ၀ယ်ပြီးဝင်တော့ ဘေးပေါက်ကနေ၀င်ရပါတယ်။ ၀င်ကြေးက တစ်ယောက် ယန်းငါးရာ…


ဝင်ပြီးပြီးချင်းတွေ့မိတာ လက်ဆေးတဲ့နေရာလေးပါ။ ၀ါးတုတ်တံရှည်တွေနဲ့ လုပ်ထားတဲ့ ခွက်ကလေးတွေပါရှိပါတယ်။ အရင်က မြန်မာပြည်မှာသုံးလေ့ရှိတဲ့ အုန်းမှုတ်ခွက်ကိုတောင် သတိရမိသေးတယ်။ ဂျပန်တွေ ဘုရားကျောင်းတွေမှာ ဘုရားမရှိခိုးခင် လက်ဆေး၊ မျက်နှာသစ် ကိုယ်သက်သန့်စင်ပြီးမှ ၀င်လေ့ရှိလို့ အဲလိုရေကန်လေးတွေရှိနေတာ နေမှာပါ။


အဲဒီနေရာကနေ လှေကားထစ်တွေနဲ့အပေါ်ကိုတက်တဲ့ လမ်းတစ်ဝက်မှာလည်း ကျောင်းဆောင်လေးတစ်ခုကိုတွေ့ရပြီး ဘေးမှာလည်း ရုပ်တုလေးတွေ အများကြီးတွေ့ရပါတယ်။ စိတ်ဝင်စားလို့ မေးကြည့်တော့ ဂျိဇို လို့ခေါ်တဲ့ ကလေးတွေကိုစောင့်ရှောက်တဲ့သူရဲ့ ရုပ်တုလို့ သိရပါတယ်။ အရင်ကတော့ ကိုယ့်ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘုရားကျောင်းတွေမှာ လာပြီးလှူလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ကလေးလေးတစ်ယောက် ကွယ်လွန်သွားတယ်ဆို အဲဒီကွယ်လွန်သွားတဲ့ကလေးကို စောင့်ရှောက်ဖို့ လှူလေ့ရှိတယ်လို့ဆိုပါတယ်။

ဂျိဇို လို့ခေါ်တဲ့ ကလေးတွေကိုစောင့်ရှောက်တဲ့သူ
ဆက်ပြီးတက်လိုက်တော့ ဘေးမှာ ကျောင်းဆောင်တွေနဲ့ အလယ်မှာတော့ ဘုရားကျောင်းဆောင်ကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ အထဲကိုဝင်ကြည့်တော့ ကန်နွန် (Kannon)၊ မြန်မာလို ကွမ်ရင်မယ်တော်ရုပ်တုကြီးရှိပါတယ်။ အဲဒီရုပ်ထုကြီးက သစ်သားနဲ့ထုလုပ်ထားပြီး ဂျပန်မှာအကြီးသစ်သားရုပ်တုလို့လည်းဆိုပါတယ်။ အဲဒီကွမ်ရင်မယ်တော်ရုပ်တုရဲ့ ထူးခြားချက်ကတော့ ခေါင်းတော်ရဲ့ အပေါ်မှာ ခေါင်း ၁၁ လုံးရှိနေခြင်းပါပဲ။ တစ်ခုနဲ့ တစ်ခုရဲ့ မျက်နှာအနေအထားတွေကလည်း ကွဲပြားနေပါတယ်။ ဦးခေါင်း အများကြီးရှိရတဲ့ အကြောင်းကတော့ ကွမ်ရင်မယ်တော်က အမျိုးမျိုးသောလူတွေရဲ့ ဆုတောင်းခြင်းကို နားထောင်နေတယ်ဆိုတာ ဖော်ပြခြင်းပါလို့ ဆိုပါတယ်။ အထဲမှာ ဓာတ်ပုံမရိုက်ရလို့ အဲဒီကွမ်ရင်မယ်တော်ရဲ့ ရုပ်တုကြီးကို ကြည့်ရုံသာပဲကြည့်ခဲ့ရပါတယ်။

Hasedera ဘုရားကျောင်း
အဲဒီကျောင်းဆောင်ကနေထွက်ပြီး ဆက်လျှောက်လိုက်တော့ ပန်းပင်လေးတွေ နဲ့ ရေကန်လေးကိုတွေ့ရတယ်။ ဆက်လျှောက်လိုက်တော့ ဘယ်ဖက်မှာ စားသောက်ဆိုင်လေး… ညာဖက်မှတော့ ပိဋိကတ်တိုက်လို့ခေါ်လို့ရမယ့် အဆောက်အဦးရှိပါတယ်။ အဲဒီ ပိဋိကတ်တိုက် အထဲမှာ စိတ်ဝင်စားစရာကတော့ လှည့်လို့ရတဲ့ စာအုပ်စင်ကြီး ရှိနေတာပါပဲ။ အဲဒီ အဆောက်အဦးချည်းပဲ ဓာတ်ပုံမရိုက်ခဲ့မိတော့ သူများဓာတ်ပုံကိုယူသုံးပြီးပြလိုက်ပါတယ်။


Photo Credit: http://www.flickr.com/photos/toranosuke/3005008349

အဲဒီနားမှာ ၀ါးရုံတော နဲ့ ထီးအနီကြီးအောက်မှာ မေမေ ထိုင်ပြီး ဖုန်းပြော၊ ကျွန်တော်ကတော့ ဓာတ်ပုံရိုက်။


စားသောက်ဆိုင်လေးမှာတော့ ပြထားတဲ့ မုန့်တစ်ခုက စားချင်စရာ… မုန့်လုံးရေပေါ်ကို တုတ်နဲ့ထိုးထားတဲ့ ပုံစံလေး…
“မုန့်လေးက စားချင်စရာလေးနော်… ” လို့ပြောလိုက်မိတယ်။
“စားချင်လို့လား… ၀ယ်လိုက်မယ်လေ… ” အမကပြောမေးသည်။
“နေပါစေ.. မစားတော့ပါဘူး” လို့ပဲ ပြန်ဖြေလိုက်မိသည်။

အဲဒီကနေ ပင်လယ်ဖက်ကို ရှုခင်းကြည့်တဲ့ နေရာလေးကို သွားပါတယ်။ အဲဒီနေရာမှာ သစ်သားနဲ့ လုပ်ထားတဲ့ထိုင်ခုံတွေရှိတော့ ကျောပိုးအိတ်ကိုအသာချ ဓာတ်ပုံရိုက်တဲ့ သုံးချောင်းထောက်ကိုထုပ်ကာ ရှုခင်းတွေဓာတ်ပုံရိုက်… ပြီးတော့ ကင်မရာကိုအသာချ ထိုင်ခုံပေါ်နားလိုက်ရင်း…


“တစ်ခုခုစားရရင်ကောင်းမယ်နော်…” လို့ စကားခေါ်လိုက်တော့
အမက “ခုနက ဆိုင်မှာတွေ့တဲ့ မုန့်စားမလား.. ငါသွားဝယ်လိုက်မယ်… ” လို့လည်းမေးရော
“အေး.. ကောင်းသားပဲ… ” လို့ ပြုံးပြီးဖြေလိုက်ပါသည်။

အမက မုန့်ကိုသွားဝယ်ပြီးပြန်လာတော့ စားလိုက်ကြတာ ဓာတ်ပုံရိုက်ဖို့ကို မနည်းလုပြီး ရိုက်လိုက်ရပါတယ်။ စားခဲ့တာ ဘာမုန့်လဲဆိုတာ ရှာကြည့်တော့ Mitarashi Dango လို့ခေါ်တဲ့ဂျပန်မုန့်ပါ။ မုန့်လုံးရေပေါ်လို ဆန်မှုန့်နဲ့လုပ်ထားတဲ့မုန့်ကို တုတ်နဲ့ထိုးထားပြီး အချိုရည်အပြင်ကနေသုတ်ထားတာပါ။
Mitarashi Dango မုန့်လုံးရေပေါ်တုတ်ထိုး
မေမေကတော့ “ငါတို့ မြန်မာမုန့်လုံးရေပေါ်နဲ့ အတူတူပဲ… ထန်းလျက်ရည်ကို ဂျပန်က အပြင်မှာသုတ်ထားတာ၊ ငါတို့က အထဲမှာထည့်ထားတာ… ဒါပဲကွာတယ် ” တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်
“ငါတို့ မုန့်လုံးရေပေါ်က ပိုစားလို့ကောင်းတယ် ” တဲ့…

စားပြီးတော့ ရေသောက် ခဏနားပြီးတာနဲ့ ဘုရားကျောင်းကနေ အောက်ကိုပြန်ဆင်းပြီး နောက်တနေရာကို ဆက်လက်ချီတက်ကြပါတော့တယ်။ နောက်တစ်နေရာကိုသွားဖို့ရာ ကမာကူရ ဘူတာကို ဘတ်စ်ကား ပြန်စီးရမှာပါ။

ဘတ်စ်ကားလာတော့ ကားပေါ်တက်လိုက်ချင်းဆိုရင်ပဲ နောက်မှာထိုင်နေတဲ့ ယောင်္ကျားလေး နှစ်ယောက်ထဲက တစ်ယောက်က ပြုံးပြပါတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တယ်။ ဂျပန်တွေမှ မဟုတ်ဘူး မြန်မာတွေလည်း ခင်တတ်ပါတယ်ပေါ့။ ပြီးတော့ သူ့လက်ကိုကမ်းပြီး လက်ဆွဲနှုတ်ဆက်ပါလေရော။ ပထမတော့ အူကြောင်ကြောင်နဲ့ သူ့ကိုလက်ဆွဲပြီး ပြန်နှုတ်ဆက်လိုက်ပြန်ရော… ခဏနေတော့ နောက်တစ်ခါလာပြီး လက်ဆွဲနှုတ်ဆက်ပြန်ပါတယ်။ အဲလိုနဲ့ တစ်ခါမ နှစ်ခါမက လာလာပြီး လက်ဆွဲနှုတ်ဆက်နေတော့မှ အဲဒီဂျပန်နည်းနည်းတော့ ဂေါက်နေတယ်ဆိုတာ ရိပ်မိ လိုက်ရပါတယ်။ အဲဒီတုန်းမှာ ဘတ်စ်ကားမောင်းတဲ့သူက ဂျပန်လိုလှမ်းပြောလိုက်တော့မှ ထိုင်နေရာကနေထသွားပြီး ကားမောင်းတဲ့သူနား ရပ်နေပါတော့တယ်။ နောက်မှတ်တိုင်မှာတော့ အဲဒီ ငဂေါက်ဆင်းသွားပါတယ်။ သူမဆင်းရင် တလမ်းလုံး လက်ပဲ လိုက်ဆွဲနှုတ်ဆက်နေမယ့်ပုံပဲ။ တော်ပါသေးရဲ့…

တော်ပါသေးရဲ့လို့တွေးပြီး ကင်မရာကိုကိုင် နောက်တစ်ပုံရိုက်မယ်ပြင်လိုက်တော့ ကုန်ပါပြီ…. ဓာတ်ခဲအားကုန်နေပါပြီ…. နောက်သွားမယ့်နေရာတွေမှာရိုက်ဖို့ အတွက်ဘယ်လိုမှ ရိုက်လို့မရတော့ဘူး။ စိတ်ပျက်မိပေမယ့် ရသလောက်ရိုက်တာပေါ့လို့ စိတ်ဖြေတွေးရင်း အမဆီက ချိန်ရိုက်ကင်မရာကိုပဲ ယူထားလိုက်တော့တယ်။

ဘူတာကိုပြန်ရောက်ပြီး အဆာပြေစားဖို့ ဆိုင်တွေကိုလိုက်ကြည့်ပါသေးတယ်။ စားချင်စရာကောင်းတဲ့ဆိုင် မတွေ့တာနဲ့ မုန့်ဆိုင်တစ်ဆိုင်က ဂျပန်မုန့်လေးတွေဝယ်ပြီး နောက်ဘုရားကျောင်းတစ်ခုကို ချီတက်ကြပြန်ပါသည်။

လမ်းမှာ တွေ့တဲ့ ငါးရောင်းတဲ့ဆိုင်ကိုမြင်တော့ မြန်မာပြည်မှာတုန်းက ကြည့်ခဲ့ဖူးတဲ့ အိုရှင်း ဇာတ်လမ်းကို သတိရလိုက်မိသေးသည်။

လမ်းမကိုရောက်တော့ အမက အဲဒါ ချယ်ရီပင်တွေရှိတဲ့လမ်းကိုပြပါတယ်။ ကားလမ်းအလယ်မှာ ချယ်ရီပင်တွေ တဖက်တစ်ချက်စိုက်ထားတဲ့ မြေသား လူသွားလမ်းမကြီးပါ။ ရောက်တဲ့အချိန်မှာတော့ ချယ်ရီပင်တွေက အရွက်တွေပဲရှိတော့ မလှဘူးဖြစ်နေပါတယ်။
လှတဲ့သူများဓာတ်ပုံကိုပဲယူပြလိုက်ဦးမယ်နော်…
Photo Credit: http://www.flickr.com/photos/skolem/3450348976/

ကျောင်းဆင်းချိန်နဲ့တိုက်ဆိုင်တော့ ကလေးတွေ ကျောပိုးအိတ်ကိုယ်စီနဲ့ ပြေးလွှားဆော့ကစားရင်း အိမ်ပြန်နေကြပါတယ်။
“ကလေးတွေကတော့ အတူတူပဲနော်… သားတို့ ငယ်ငယ်ကလည်း ကျောင်းကအပြန် အိမ်ကို အဲဒီလိုပဲ ဆော့ပြီးပြန်ကြတာပဲ… ” လို့တောင် မေမေကပြောပါသေးတယ်။
“အဲဒီလောက်ဆော့လို့လား… ” လို့အတွန့်တက်မိတော့…
“အဲဒီထက်ပဲ ပိုဆော့တာပဲရှိမယ်… ” တဲ့…

လမ်းဆုံးမှာတော့ အနီရောင်ဂိတ်ကြီးတစ်ခုကိုလှမ်းမြင်လိုက်ရပြီး အဲဒီနောက်မှာတော့ တံခါးအခုံးတစ်ခု နဲ့ ဟိုးအမြင့်မှာ တော်တော်လေးကြီးတဲ့ ဘုရားရှိခိုးကျောင်းကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ အဲဒါကတော့ Hachimangu (ဟချီမန်ဂု) ဘုရားရှိခိုးကျောင်းကြီးပါ။

Hachimangu ဘုရားရှိခိုးကျောင်း အ၀င်ဂိတ်
အဲဒီဘုရားကျောင်းက ကမာကူရမြို့မှာ အထင်ရှားဆုံးဘုရားကျောင်းဖြစ်ပါတယ်။ ပွဲတော် တော်တော်များများကိုလည်း အဲဒီဘုရားကျောင်းမျာပဲကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။ တံတားကိုကျော်ပြီးတော့ ဘုရားရှိခိုးကျောင်းကိုသွားတဲ့ သွားလမ်းနဲ့ ဘုရားရှိခိုးကျောင်းကိုသေချာမြင်ရပါတော့မယ်။


အပေါ်တက်မယ့် လှေကားမရောက်ခင်မှာ အလယ်မှာ အဆောက်အဦးတစ်ခုရှိပါတယ်။ အဲဒီအဆောက်အဦးရဲ့ဘယ်ဖက်မှာတော့ ဘုန်းကြီးတွေကိုလှူထားတဲ့ ဆာကေးအရက်စည်ကြီးတွေ စီထားတာရှိပါတယ်။ ဗုဒ္ဓဘာသာဖြစ်ပေမယ့် အယူဝါဒတွေကွဲတော့ ဘုရားကျောင်းမှာ အရက်စည်တွေလှူထားတာတွေ့ရတော့ စိတ်ထဲမှာတော့ တစ်မျိုးကြီးပါပဲ။

ဆာကေးအရက်စည်ကြီးတွေ
အဲဒီကနေ ဘုရားကျောင်းပေါ်တက်ပါတယ်။ ဒီဘုရားကျောင်းကတော့ ၀င်ကြေးပေးစရာမလို အလကားဝင်လို့ရပါတယ်။ ဘုရားကျောင်းက အထဲမှာ ပြင်နေတော့ ဘာမှ သေချာ မမြင်ရပါဘူး။ ပြတိုက်တော့ရှိပေမယ့်လည်း လူကြီးတွေပင်ပန်းနေတာတကြောင်း ကျွန်တော်တို့လည်း စိတ်မ၀င်စားတာကတကြောင်း ဘုရားကျောင်းအပြင်ကိုထွက် နားစရာနေရာရှာပြီး အဆာပြေမုန့်စား၊ ရေသောက်ရင်း အမောဖြေလိုက်ကြပါတော့တယ်။ အဲဒီအချိန်အထိ နေ့လည်စာမစားဖြစ်သေးပေမယ့် မုန့်စားလိုက်ရေသောက်လိုက်ဆိုတော့ အဆာခံနေပါသေးတယ်။ အချိန်က ညနေစောင်းနေလေပြီ…

ဘုရားရှိခိုးကျောင်းပေါ်ကနေဆင်း၊ အပြင်လမ်းကိုရောက်အောင် လမ်းပြန်လျှောက်ရပါတယ်။ အပြင်ရောက်တော့ မေမေက အတက်အဆင်းများများလုပ်ရင် ဒူးနားလာတတ်တော့ ဒူးကိုညှာတဲ့အနေနဲ့ လမ်းမလျှောက်ပဲ ကားစီးဖို့ပြောပါတော့တယ်။ ဘူတာကိုရောက်ပြီးတော့ အဲဒီနားမှာ စားစရာကောင်းကောင်းရှာမတွေ့တာနဲ့ ဆာတာ အသာအောင့်လို့ နောက်တစ်နေရာကိုပဲ ဆက်ထွက်ခဲ့ပါတယ်။

နောက်တစ်နေရာကတော့ ရင်းနှီးပြီးသား Yokohama (ယိုကိုဟားမား) ပါပဲ။ ကားတာယာတံဆိပ်တစ်ခုအနေနဲ့ ရင်းနှီးနေတာပါ။ Yokohama ရောက်တော့ တော်တော်လေးမှောင်နေပါပြီ။ အနားမှာရှိတဲ့ဆိုင်တွေမှာ ကင်မရာဓာတ်ခဲကိုအားသွင်းဖို့ adaptor ကိုရှာပါသေးတယ်။ မတွေ့တော့တာနဲ့ လက်လျော့ပြီး Yokohama World Porters Mall ကိုပဲ ညစာစားဖို့သွားလိုက်ပါတယ်။ လမ်းမှာ Yokohama မြို့သက် နှစ်တစ်ရာ့ငါးဆယ်ပြည့်တဲ့ အတွက် ကျင်းပဖို့ banner တွေကိုတော့တော့ Yokohama ဆိုတာ ငါတို့ မန္တလေးနဲ့ သက်တမ်းအတူတူပဲလို့ ပြောမိကြသေးတယ်။

Yokohama Bay မှာရှိတဲ့ အဆောက်အဦးတွေ၊ ရေပြင်ပေါ်မှာထင်ဟပ်နေတဲ့ မီးရောင်တွေနဲ့ Cosmo World က Ferris wheel နဲ့ roller-coaster တွေနဲ့ ရှုခင်းက တော်တော်လေးလှပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ် ကင်မရာဘက်ထရီအပိုပါမလာပေမယ့် adaptor ရှိရင် အားသွင်းလို့ရမှာဆိုတော့ ဘက်ထရီကုန်တာကို မဆီမဆိုင် နောက်ကျတဲ့ ထိုင်းလေကြာင်းလိုင်းကို စိတ်တိုမိသေးတယ်။

“ရှုခင်းတွေကလှလိုက်တာ… ငါ့ ကင်မရာနဲ့ရိုက်လို့ရရင်ကောင်းမှာပဲ… ” လို့ပြောလိုက်မိတယ်။
အမကတော့ အားပေးပါတယ်။
“ဟိုမှာ ညစာစားရင်းနဲ့ရှာတာပေါ့။ လျှပ်စစ်ပစ္စည်းဆိုင်တော့ရှိမှာပါ….”

ချိန်ရိုက် ကင်မရာနဲ့တော့ ရသလောက်ရိုက်သေးသည်။ ဒါပေမယ့် အဲလိုကင်မရာတွေက ညရဲ့အလှကို ဘယ်လိုမှ ပီပြင်အောင် ပုံဖမ်းနိုင်စွမ်းမရှိလေတော့ လက်လျှော့ကာ ညစာစားဖို့သာ ဆိုင်ကိုရှာပါတော့တယ်။ လူကြီးတွေလည်း ဗိုက်ဆာ၊ ခြေထောက်ညောင်း၊ ပင်ပန်းနေပြီလေ။

Yokohama Bay ရဲ့ ညအလှ
ညစာကိုတော့ Yokohama World Porters ရဲ့ မြေညီထပ်မှာရှိတဲ့ Food Court မှာပဲဝယ်စားလိုက်သည်။ အဲဒီ Food Court ကတော့ ကြိုက်တဲ့နေရာမှာထိုင် ကိုယ်တိုင်မှာယူတဲ့စနစ်ပါ။ စင်ကာပူက Food Court လိုမျိုးပေါ့။ ထိုင်ဖို့နေရာယူပြီးတော့ ဆိုင်တွေမှာ လိုက်ကြည့်၊ ကြိုက်တဲ့ဆိုင်ရောက်ရင် နိုင်ငံတကာသုံး အစားအသောက်မှာတဲ့ နည်းအတိုင်းမှာ၊ ပိုက်ဆံရှင်းပြီးတော့ တစ်လက်မခွဲပတ်လည်လောက်ရှိတဲ့ စက်ကလေးတစ်ခု ကိုယ့်ကိုပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ သူတို့အစားအသောက်ပြင်ဆင်နေတုန်း ကိုယ့်စားပွဲကိုယ်ထိုင်နေနိုင်ပြီး အစားအသောက်အဆင်သင့်ဖြစ်တော့မှ ပေးလိုက်တဲ့ စက်ကလေးကို ကြိုးမဲ့စနစ်နဲ့ အချက်ပေးမှာဖြစ်ပါတယ်။ စက်ကအသံမြည်တော့မှ ဆိုင်ကိုသွားပြီး အစားအသောက် သွားယူရုံပါပဲ။ စင်ကာပူမှာလိုတော့ လူကိုယ်တိုင်လာမပို့ပေးဘူးနော်…

စားဖြစ်တာတွေကာတော့ ဂျပန်ခေါက်ဆွဲ၊ ကိုရီးယားခေါက်ဆွဲ၊ ပြီးတော့ ဂျပန်အကြော်စုံ… ခေါက်ဆွဲတစ်ပွဲတစ်ပွဲဆို အတော်လေးများတော့ အနည်းကုန်အောင်စားရတယ်။ တစ်ပွဲကို ပျမ်းမျှအားဖြင့် ယန်း ရှစ်ရာလောက်ပေးရပါတယ်။ သောက်ရေကိုတော့ အလကားပေးပါတယ်။ သောက်ရေခပ်တဲ့နေရာမှာ ခွက်ကလေးတွေယူပြီး သောက်ရုံပါပဲ။ ဗိုက်ကလည်းဆာ လူကလည်း ပင်ပန်းနေတော့ အစားအသောက်ကို ဓာတ်ပုံတောင် မရိုက်ဖြစ်တော့ပါဘူး။

စားပြီးတော့ Mall ထဲမှာ ပတ်ကြည့်ရင်း adaptor ရှာကြည့်ပေမယ့် မတွေ့တော့တာနဲ့ လက်လျော့ကာ mall ပြန်ထွက်ပြီး ဘူတာကိုပြန်လာပါတယ်။ ဟိုတယ်ကိုပြန် နားဖို့အချိန်တန်ပြီလေ….

Ikebukuro ဘူတာကိုပြန်ရောက်၊ ဟိုတယ်နားရောက်တော့မှ အသိအမကြီးတစ်ယောက်နဲ့တွေ့ပြီး သူက adaptor ၀ယ်ထားပေးတော့မှ နောက်နေ့အတွက် ဓာတ်ခဲအားသွင်းဖို့ အဆင်ပြေသွားပါတော့တယ်။

နောက်နေ့မှ နောက်ခရီးတွေဆက်ရေးမယ်လေ… ပျော်ပျော်ပါးပါးပေါ့… :P

13 comments:

သက်ဝေ said...

Great..!!
အတူတူ လိုက်လည်သွားတယ်...
မုန့်လုံးရေပေါ် ပြောင်းပြန် လဲ စိတ်ကူးနဲ့ စားကြည့်သွားတယ်...
နောက်နေ့တွေလဲ တူတူ လိုက်လည်ပါအုံးမယ်...

sumyat said...

I love to see ur Mum with traditional dress.

Let me call her MayMay.

LOL, juz kidding u

Awaiting ur new posts

pandora said...

မိုက်သကွယ်...
ကီမိုနိုတော့ မ၀ယ်ရသေးဘူး
ဆက်စောင့်ဖတ်နေမယ်

Kay said...

ဂျပန် ဘတ်စ်ကား လိုက်စီးတာ.. တော်သေးတယ်..ဂေါက်နေတဲ့..ဂျပန်မလေး ဆို.. ဘယ်လိုနေမလဲ မသိဘူး။ ဆင်းကာနီး..စပယ်ယာက.. မြန်မြန်ဆင်း.. ပြုတ်ကျ သေအုံးမယ် ဆိုတဲ့.. အသံမျိုးလေး တောင် ကြားလိုက်ရတယ်..း)
ထီးအနီ နဲ့ပုံ မိုက်တယ်...

nu-san said...

ကိုပီတိရေးထားတာ အတော်စုံတယ်.. အမ လည်း ကမာကူရကို တစ်ခေါက်ပဲ ရောက်ဖူးတာ.. ဒါပေမယ့် တခြားဘုရားကျောင်းတွေတော့ မရောက်ဖြစ်ခဲ့ဘူး.. နောက်တခါ သွားလည်ဖြစ်ရင် ကိုပီတိရဲ့ ပို့စ်ကို ပြန်ဖတ်ပြီး အနားဝန်းကျင်က ဘုရားကျောင်းတွေပါ လျှောက်လည်ရမယ်.. :)

momiji said...

ရေးထားတာ အတော်စုံတာပဲ။
ကောင်းတယ်။ အမတောင်အဲလောက် မရေးဘူးဘူး။
ခဏခဏရောက်ပေမဲ့ ယိုကိုဟားမားရဲ့ ညဖက်ရှူခင်းကို မကြည့်ဖြစ်သေးဘူး။

အမဖတ်ခဲ့တဲ့ မူကွဲက ဘုရားရဲ့ ကျောင်းဆောင်ခေါင်မိုးက မီးလောင်ပျက်ဆီသွားတာတဲ့။ ဘယ်ကအမှန်လဲတော့ မသိဘူးပေါ့။

ဘုရားအောက်မှာ စာရေးထားတာ အမ သတိမထားမိဘူး။ စိတ်ထဲမှာ ဘုရားအောက်ကို ဝင်ရတာ..တမျိုးပဲ ခံစားရလို့ပါ။
အဲ့ပုံလေးမသွားတယ်။ စိတ်ဝင်စားလို့။

ဆက်ရေးပါ။ အရမ်းကောင်းတဲ့ ခရီးသွားမှတ်တမ်းလေးပါ။

phyoaung said...

နောက်နေ့မှ နောက်ခရီးတွေဆက်ရေးမယ်
်လေ… ပျော်ပျော်ပါးပါးပေါ့…
ဟီး.. နောက်ဆုံးစာကြောင်းကို
ပိုကြိုက်တယ်..
ကိုပေါလေသံကို မှီလို့းးD

တန်ခူး said...

အသေးစိတ်ရေးထားတာမို့  ဂျပန်သွားလည်မယ့်သူတွေ ကိုပီတိပို့ စ်လေးတွေ ဖတ်ဖို့ ညွှန်းလိုက်ဦးမယ်… ယဉ်ကျေးမှုကို ဦးစားပေးတဲ့နိုင်ငံဆိုတော့ စိတ်ချမ်းသာရတယ်နော်… ကားဆရာက အဖိုးကြီးကို တွဲကူချပေးတာ ကြားရတော့ ကြည်နူးလိုက်တာ…

Moe Cho Thinn said...

ဂျပန်မလေး ခဏခဏ လက်ဆွဲနှုတ်ဆက်ရင်တော့ ပြုံးပြုံးကြီး လုပ်နေမှာ မဟုတ်လား။
အံတီ့ကို ထမိန်လေးနဲ့ တွေ့လိုက်တယ်။ ချစ်စရာ၊ ခင်စရာ..

ဟိုတွေးဒီတွေး စာစုများ said...

တော်တော်ကောင်းတဲ့ ခရီးသွား မှတ်တမ်းပါ။ ဆက်ရေးပါဦးဗျို့။

ဒူကဘာ said...

ကိုယ်တိုင် ခရီးသွားတာ ဝါသနာပါသူမို့ သူများ သွားတာလဲ ကိုယ်သွားသလို ခံစားပြီး လာဖတ် သွားပါတယ်ဗျ။

ဟိုတွေးဒီတွေး စာစုများ said...

ဖတ်လို့ ကောင်းပါ့ဗျာ။

လသာည said...

ဂျပန်နိုင်ငံက အတွေ့အကြုံလေး ရေးထားတာ တွေ့လို့ သဘောကျတာမို့ ကျွန်မဆီမှာ လင့်ခ်လေး ဖော်ပြထားပါတယ်။ ခွင့်ပြုပါနော်။ (မလင့်ခ် ခင် ခွင့်မတောင်းမိလို့ အဲဒါအတွက်လည်း တောင်းပန်ပါတယ်လို့)

Ratings