Thursday, December 3, 2009

မလိုင်လုံး နဲ့ အိတ်ချလိုက်၊ ပြီးတော့ ရေချိုးလာပါ

မလိုင်လုံး...

ရန်ကုန်ကအလည်လာတဲ့ သူငယ်ချင်းက ရှမ်းပါ။ သူလာလည်တုန်း သူငယ်ချင်းတွေအတူ ညစာစားဖြစ်တုန်း အကြောင်းဆက်စပ်ကာ သူတို့အိမ်ကို အလည်လာတဲ့ ရိုးသားတဲ့ ရှမ်းအမျိုးသားကြီး တစ်ယောက်အကြောင်းကို ပြောပြပါတယ်။

အဲဒီရှမ်းအမျိုးသားက အင်မတန်ခေါင်တဲ့ရှမ်းရွာကဖြစ်ပြီးတော့ မြန်မာစကားလည်း မတတ်ဘူး။ ရန်ကုန်ကို တစ်ယောက်ထဲ ရထားစီးပြီးသွားမယ် ဆိုတော့ လမ်းမှာ ထမင်းစားမယ်ဆို ဘယ်လိုမှာစား ရမလဲဆိုပြီး မြန်မာလို့ ပြောတတ်တဲ့လူတွေကိုမေးပါတယ်။ အမေးခံရတဲ့လူတွေကလည်း သူမှတ်နေရတာတွေများပြီး မေ့သွားမှာစိုးတာနဲ့ ထမင်းဆိုတာနဲ့ သက်သတ်လွတ်လို့သာပြောလိုက် သင်ပေးလိုက်တယ်။ သူကလည်း သက်သတ်လွတ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာမသိပဲ မှတ်ထားလိုက်ရော…

ဒီလိုနဲ့ ရထားနဲ့ ခရီးထွက်လာပြီး ဘူတာတစ်ခုရပ်တော့ ရထားပေါ်ကနေ သက်သတ်လွတ် ဆိုမှာလိုက်ပါတယ်။ ဈေးသည်က ထမင်းနဲ့ အသီးအရွက်ဟင်းတွေလာပေးတာနဲ့ စားလိုက်ရပါတယ်။ နောက်ဘူတာမှာ အဲလိုပဲ သက်သတ်လွတ်လို့မှာလိုက်ပြန်ရော… ထမင်းနဲ့ အသီးအရွက်ဟင်းတွေ လာပေးတာနဲ့ စားလိုက်ရပြန်ပါတယ်။ အဲတော့ သူ့စိတ်ထဲမှာ သူမှာလိုက်တိုင်း အသားလည်းမပါဘူး၊ စားလို့လည်း မကောင်းဘူး။ အသားဟင်းကိုလည်းစားချင် သူလည်းဘယ်လိုမှာရမှန်းမသိဘူး ဖြစ်နေတော့ နောက်ရပ်တဲ့ဘူတာမှာ ရထားအောက်ကို ဆင်းပြီး မှာစားလို့ စိတ်ကူးပြီး ပြီးလာပါတယ်။

နောက်ဘူတာရောက်လို့ ရထားလည်းရပ်ရော ရထားပေါ်ကနေဆင်းဖို့အလုပ် အောက်ကနေပြီး ဈေးသည်က “မလိုင်လုံး… မလိုင်လုံး” နဲ့ အော်တာကြောင့် ရထားပေါ်ကနေ မဆင်းရဲတော့ဘဲ ထမင်းကို သတ်သတ်လွတ်လို့ပဲမှာပြီး အောင့်အီးပြီးစားလိုက်ရပါတယ်။

နောက်ဘူတာရောက်လို့ အောက်ဆင်းမယ်ကြံလိုက်တော့လည်း အောက်ကဈေးသည်က “မလိုင်လုံး… မလိုင်လုံး” လို့အော်ပြန်ရော… အဲဒါနဲ့ သတ်သတ်လွတ်နဲ့ပဲ နှစ်ပါးသွားရပြန်ပါရော…

ရန်ကုန်လည်းရောက်ရော သူငယ်ချင်းရဲ့အမေကို ရှမ်းလို ပြောပြပါတယ်…
“လမ်းမှာ ထမင်းစားတာ အသားဟင်းလည်းမပါဘူးဗျာ…”
“ဘယ်လို ထမင်းကိုမှာစားလို့လဲ…”
“ထမင်းကို သက်သတ်လွတ်လို့မှာရတယ်လို့ သင်ပေးလိုက်လို့ သက်သတ်လွတ်လို့ပဲ မှာတာပေါ့…”
“… ”
“နောက်ပြီး အောက်ဆင်းပြီးစားမယ်လုပ်တော့လည်း အောက်ကလူတွေက မလိုင်လုံး (မဆင်းနဲ့) ၊ မလိုင်လုံး (မဆင်းနဲ့) လို့ပြောပြောနေတော့ အောက်ကို ဆင်းလို့ မရခဲ့ပါဘူးဗျာ… ” တဲ့…

မလိုင်လုံး ဆိုတာ ရှမ်းလို မဆင်းနဲ့ ဆိုပြီး အဓိပ္ပါယ်ရတယ်တဲ့လေ…။

-----------------------------------

အိတ်ချလိုက်…

နောက်သူငယ်ချင်းတစ်ယောက်ကလည်း သူ့အဒေါ်တစ်ယောက် ကြုံတွေ့ခဲ့ဖူးတာကို ပြောပြပါတယ်။
ကျွန်တော်တို့မြန်မာတွေ တိုင်းပြည်တွင်းမှ အခွင့်အလမ်းတွေနည်းပါးလာကြတော့ သူများတိုင်းပြည်မှာ စွန့်စားပြီး အလုပ်ထွက်လုပ်ကြရပါတယ်။ အစတုန်းကတော့ မြို့ကြီးပြကြီးကလူတွေသာ ထွက်ကြတာများပြီး နောက်ပိုင်းမှာတော့ နယ်မြို့လေးတွေကလူတွေ၊ အခုတော့ တောရွာမှာနေတဲ့လူတွေပါ ထွက်လုပ်နေပါပြီ။ အဲဒီတော့ တချို့တလေကျတော့လည်း လေယာဉ်ခရီးသွားအတွေ့အကြုံက မရှိကျတော့ နိုင်ငံခြားကိုသွားရမယ် စိတ်ပူပန်မှုနဲ့ ရောထွေးပြီး စိတ်ထဲထင်ရာလုပ်လိုက်မိတောလေးတွေရှိပါတယ်။ ရယ်စရာအဖြစ်အနေနဲ့သာ ပြောမိကြတာပါ စိတ်ထဲမှာလည်း သနားမိပါသေးတယ်။

တခါက ကျေးလက်က ကောင်လေးတစ်ယောက် နိုင်ငံခြားကိုထွက်ဖို့ ရန်ကုန်လေဆိပ်ကိုရောက်လာပါတယ်။ လေဆိပ်အထွက်မှာ လ.၀.က (immigration) ကောင်တာကိုဖြတ်၊ ပြီးတော့ အကောက်ခွန် ကောင်တာကို ဖြတ်ရပါတယ်။ အဲဒါပြီးတော့ ပစ္စည်းတွေကို x-ray ကို စစ်တဲ့နေရာကို ရောက်လာပါတယ်။

ကောင်လေးက ခရီးသွားအတွေ့အကြုံ သိပ်ရှိဟန်မတူပါဘူး။ အိတ်တွေကို x-ray နဲ့စစ်ရတယ်ဆိုတာ မသိတော့ ဒီအတိုင်းပဲ အိတ်ကိုမပြီး လမ်းဆက်လျှောက်လာပါတယ်။ x-ray ဖြတ်ဖို့ အိတ်တွေတင်ရတဲ့ conveyer နေရာအနားလည်းရောက်ရော လေဆိပ် ၀န်ထမ်းက conveyer ကို လက်ညှိုးထိုးပြီး

“ဟဲ့ကောင်လေး … အိတ်ချလိုက် အိတ်ချလိုက်… ” လို့လှမ်းအော်လိုက်တော့
ခရီးသွားကောင်လေးက ဘာမပြောညာမပြော conveyer ပေါ် လှဲအိပ်ချလိုက်ပါရော…. တဲ့။

ဟုတ်တယ်လေ… စကားပြောတာ သတ်ပုံမှ မမြင်ရတာ။ အဲတော့ အိတ်ချလိုက်လို့ပြော အိပ်လိုက်တာ သူ့အပြစ်မှမဟုတ်တာပဲနော်…

-----------------------------------

ရေချိုးလာပါ…


အဲလိုပြောကြတော့ ကျွန်တော်ကလည်း သူငယ်ချင်း မိန်းကလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကို သတိရလို့ပြောပြမိတယ်။ သူတို့ပြောတဲ့အဖြစ်တွေက ဘာသာစကားတစ်ခုကို မတတ်လို့ အဆင်မပြေတာ နဲ့ စကားကို တတ်ရဲ့သားနဲ့ နားလည်မှုလွဲလို့ ဒုက္ခရောက်တာတွေပေါ့။ ကျွန်တော့် သူငယ်ချင်း အဖြစ်ကတော့ မြန်မာစကားကို နားလည်လို့ ကြုံရတဲ့အဖြစ်ပါ။

သက္ကရာဇ်၂၀၀၀ ကျော် အစပိုင်းမှာ စင်ကာပူမှာ မြန်မာတွေ အခုလောက်မများသေးပါဘူး။ အဲဒီတော့ နေရာတိုင်းမှာ အခုလို မြန်မာအချင်းချင်း ခလုပ်တိုက်မိလောက်အောင် မဆုံမိကြဘူးပေါ့။
တစ်ရက် သူငယ်ချင်းနဲ့ သူ့အဖော်၊ နှစ်ယောက်သား City Hall ဖက်ကို ရထားစီးလာကြပါတယ်။ လမ်းမှာထိုင်စရာနေရာရလာပြီး အေးအေးဆေးဆေး သူငယ်ချင်းနှစ်ယောက် မိန်းကလေးတို့ ထုံးစံ စကားဖောင်ဖွဲ့ပြီး ပြောလာကြပါတယ်။ ဘူတာတစ်ခုရောက်တော့ သူတို့ဘေးက လူတစ်ယောက် ထသွားတော့ မတ်တပ်ရပ်နေတဲ့ အိန္ဒိယနွယ်ဖွားတစ်ယောက်က ၀င်ပြီးထိုင်လိုက်ပါတယ်။ အိန္ဒိယနွယ်ဖွားလည်း ထိုင်ပြီးရော သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားပြောလိုက်ပါတယ်။

“ဒီကုလားကြီးကလည်း နံလိုက်တာအေ…”
“အေးလေ ဟယ်… နံလိုက်တာ အိမ်ကနေ ရေချိုးမလာဘူးလား မသိပါဘူး… ဟင်း…”

သူတို့လည်းပြောပြီးရော အိန္ဒိယနွယ်ဖွားက သူတို့ဖက်လှည့်ပြီးတော့...
“ဟာ… ကျွန်တော်ရေချိုးလာပါတယ်ဗျာ…” လို့လည်းထပြောလိုက်တော့ နှစ်ယောက်သား မျက်လုံးပြူးသွားပြီး…
“သြော် မြန်မာမှန်းမသိလို့ ပြောလိုက်မိတာ… ဆောရီး…” လို့ပြီး မျက်နှာပူတာနဲ့ City Hall မရောက်သေးပဲ နောက်ဘူတာမှာ ဆင်းနေခဲ့ရတယ်တဲ့…

အခုတော့လား စင်ကာပူမှာနေရင် ကိုယ့်ဘေးမှာရှိတဲ့ လူတွေက အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွား၊ မလေးနွယ်ဖွား မကလို့ ဘာနွယ်ဖွားရုပ် ပေါက်နေ ပေါက်နေ မြန်မာလို ပေါက်ကရ မပြောလေနဲ့ ကိုယ့်ဘေးမှာ မြန်မာတစ်ယောက်မဟုတ် တစ်ယောက် ရှိနေသည်ကို သတိချပ်မိကြပါနော်…

9 comments:

ချစ်ကြည်အေး said...

လာဖတ်ပြီး ရီသွားတယ် ပီတိရေ....၁ ၂ ၃ ၄ ....

သက်ဝေ said...

အိတ်ချလိုက် ကို အကြိုက်ဆုံးပဲ...
ရေချိုးလာပါ ဆိုတာကတော့ မြန်မာတွေ သတိထားသင့်တဲ့ အချက်ပါ... အရပ်ရှစ်မျက်နှာ... ဘယ်ဖက်မှာမှ ရှောင်လို့ မလွတ်အောင် နေရာတိုင်းမှာ မြန်မာတွေရှိနေကြတာမို့ စလုံးကို မြန်မာတွေ သိမ်းထားတယ် လို့တောင် ပြောလို့ရတယ်..။

ပုံရိပ် / Pon Yate said...

မလိုင်လုံး ဆိုတာ အဲဒီလိုကိုး။

မေ့သမီး said...

မလိုင်လုံးနဲ့ အိတ်ချလိုက်ပြီးတော့ ရေချိုးလာပါဆိုတော့ အကိုအိမ်ပြန်သွားတဲ့အတွေ့အကြုံကိုရေးတယ် ထင်နေတာ။ အတွေးအခေါ်ကောင်းတယ်နော်။

Nge Naing said...

ရင်းနှီးတဲ့ ရှမ်းမိတ်ဆွေတွေ ရှိခဲ့ပေမဲ့ တခါမှ မသင်ဖြစ်ဘူး။ ရှမ်းလိုအခုမှ တခွန်းကြားဖူးတယ်။ ရီရတယ် ကျေးဇူးပဲနော့်။

khin oo may said...

တယ်ဆိုးပါလား။

Moe Cho Thinn said...

ပီတိရေ
သက်သက်လွတ် တပွဲ ပေးပါ။
မလိုင်လုံးနဲ့ စားမယ်။ :)

တောင်ပေါ်သား said...

မလိုင်လုံး ပုံပြင်လေးက တခုကျန်ခဲ့သေးတယ်

ဈေးသည်က မလိုင်လုံး မလိုင်လုံး တစ်လုံး တစ်မတ်လို့အော်ရောင်းတာ။ တစ်မတ်ဆိုတာကလည်ုးကည့်ရတာ လွန်ခဲ့တဲ့ ၁၅ နှစ်ကလောက်နဲ့တူတယ်။

မလိုင်လုံး ဆိုတာထက် တစ်လုံးတစ်မတ် ဆိုတတာကိုကားတော့ ရှမ်းကြီးက ပိုလို့တောင် မဆင်းရဲဘူးပေါ့။

တစ်လုံးတစ်မတ် ဆိုတာက ရှမ်းလို တေလုံးတေမတ် ဆိုတဲ့ အသံထွက်နဲ့ ခပ်ဆင်ဆင်ပါ။ အဓိပါယ်က ဆင်းတာနဲု့ကိုးနဲ့ တုတ်မယ်တဲ့ဗျ။ ဟားဟား

khin oo may said...

ဖဘ မှာကြော်ငြာထိုးလို့လိုက်လာတာ ဖတ်ပြီးသားကြီး :(

Ratings