Tuesday, December 22, 2009

စာပေဟောပြောပွဲ နောက်ဆက်တွဲ

မနေ့က စာအုပ်တွေလိုချင်သေးတော့ Peninsula Plaza မှာ သွားဝယ်တော့ ၂၀၀၉ စာပေဟောပြောပွဲစီစဉ်တဲ့ သူတွေနဲ့ ဖြစ်တဲ့ ဆရာကောင်းမြတ်နွယ်တို့နဲ့ စကားပြောခဲ့ရပါတယ်။ သူတို့လည်း နားထောင်တဲ့သူတွေလို ပျော်ရွှင်ပီတိဖြစ်ရလို့ အလုပ်တောင်မလုပ်နိုင်ပဲ မနေ့က တနေ့လုံး အဲဒီအကြောင်းကိုပဲ ပြောနေဖြစ်တယ်တဲ့။ ဟုတ်မှာပါပဲ စာပေ၀ါသနာပါတဲ့လူတွေဆိုတော့ စင်ကာပူမှာ ပထမဆုံးအကြိမ် ဒီလိုပွဲမျိုးစီစဉ်လိုက်တာ အောင်မြင်သွားတယ်ဆိုတော့ အင်မတန်ဝမ်းသာနေမယ်ဆိုတာ။ ကျွန်တော်တို့လည်း အခုလို အောင်မြင်သွားတာ ၀မ်းသာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်နှစ်တွေမှာ လုပ်ဖြစ်ဖို့အတွက် လမ်းစပွင့်သွားလို့ပါပဲ။

ပွဲစီစဉ်တဲ့ သူတွေက ကျွန်တော့်ကို ဘယ်လိုခံစားရသလဲလို့မေးတော့ စိတ်မှာ လိုအပ်နေတာတစ်ခု ကျေကျေနပ်နပ် ပြည့်ဝသွားတယ်လို့ ခံစားမိတယ် ပြန်ဖြေလိုက်တယ်။ နောက်ပြီးတော့ ပေးရတဲ့ပိုက်ဆံထက် အဆပေါင်းများစွာတန်ဖိုးရှိတဲ့ အသိပညာ ဗဟုသုတတွေကို ရလိုက်ရတယ်။ ဂီတပွဲတစ်ခုကို $60 လောက်ပေးပြီးကြည့်လိုက်ရတာဟာ ခဏတာ စိတ်ထွက်ပေါက်ကိုသာရပြီး ဒီလိုပွဲမျိုးကို $15 ပေးပြီးကြည့်ရတာ ခဏခဏစိတ်ပျော်ရွှင်မှုရပါတယ်။ နောက်ပြီး အမြတ်အစွန်းတွေကို လိုအပ်နေတဲ့ စာရေးဆရာတွေကို ထောက်ပံ့ပေးမယ်ဆိုတော့ လက်မှတ်တန်ဖိုးက ဒီအထက်ပိုပြီး ပေးရမယ်ဆိုလည်း ပေးပြီးကြည့်ဖြစ်မယ်လို့ ကျွန်တော့်ခံစားချက်ကိုပြောလိုက်မိတယ်။ ဖြစ်နိုင်ရင်တော့ နောက်နှစ်မှာ လူများများ နားထောင်လို့ရအောင် နေရာကျယ်ကျယ်မှာ အခုလိုဈေးမျိုးနဲ့ လုပ်နိုင်ရင် သိပ်ကောင်းမှာလို့လည်း ပြောလိုက်မိသေးတယ်။

နောက်နှစ်ကို ဘယ်လိုစာရေးဆရာတွေကို ဖိတ်စေချင်လဲလို့မေးတော့ အတွေ့အကြုံများပြီး စာရေးကောင်းတဲ့ ဆရာတွေကို ဖိတ်စေချင်ပါတယ်လို့လည်း ဖြေလိုက်မိတယ်။ ဥပမာ အကြံပြုလွှာထဲမှာပါတဲ့ သုမောင်၊ လယ်တွင်းသားစောချစ် တို့လိုဆရာတွေပေါ့။ အသက်အရွယ်ငယ်သေးတဲ့ စာရေးဆရာပြောတာကိုတော့ သိပ်စိတ်မ၀င်စားဘူးလို့ဖြေမိတယ်။ အကြောင်းပြချက်ကတော့ ကိုယ့်အသက်ပတ်ဝန်းကျင်အရွယ် စာရေးဆရာလေးတွေဆီကထက် အသက်အရွယ်ကြီးပြီး အတွေ့အကြုံများတဲ့ဆရာတွေဆီက ရစရာယူစရာတွေ အများကြီးရှိတယ်လို့ ထင်မိလို့ပါပဲ။

အခု ဟောပြောပွဲမှာတောင်ကြည့်ပါ ဆရာချစ်ဦးညိုက အကောင်းဆုံးပြောနိုင်တဲ့သူဖြစ်ပါတယ်။ နောက်တော့ ဆရာနေ၀င်းမြင့်၊ ပြီးတော့မှ ဆရာမဂျူးပါ။ အသက်ကြောင့်တခုတည်းရယ်မဟုတ်ပါဘူး များသောအားဖြင့် အမျိုးသားစာရေးဆရာတွေက အမျိုးသမီးစာရေးဆရာတွေထက် အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ပိုပြီးစကားပြောကောင်းလေ့ရှိပါတယ်။ အဲလိုပြောရင် ဆရာမဂျူးတစ်ယောက် ယောင်္ကျားမိန်းမ ခွဲခြားတယ်များ ပြောနေမလားမသိဘူးနော်…

စာရေးဆရာတွေ လက်မှတ်တွေက ရခဲတာမို့ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ စာအုပ်တွေထပ်ဝယ်တာ၊ ဆရာနေ၀င်းမြင့်ရဲ့ ဆယ့်နှစ်ကြိုး၊ အိမ်လေးဆယ့်ခြောက်လုံး နဲ့ ဆရာမဂျူးရဲ့ သူမင်းကိုဘယ်တော့မှ စာအုပ်တွေက ကုန်သွားလို့ ၀ယ်လို့မရတော့ပါဘူး။ နောက်ပြီး ဆရာမဂျူးကတော့ မနေ့ကပဲပြန်သွားလို့ ဆရာချစ်ဦးညိုနဲ့ ဆရာနေ၀င်းမြင့်တို့နှစ်ယောက်ဆီကပဲ လက်မှတ်ရခဲ့ပါတယ်။

ဆရာတို့ကို အခုလို စင်ကာပူကို တကူးတကလာပြီး ဗဟုသုတ၊ ရသ အစုံအလင်နဲ့ ဟောပြောပေးတာကို ကျေးဇူးတင်ပါတယ်။ နားထောင်ရတာ ကောင်းလွန်းလို့ ပြီးသွားမှာတောင် စိုးရိမ်နေမိသေးတယ် လို့ ဂါရ၀ါပြုပြောလိုက်တော့ ဆရာနှစ်ယောက်စလုံးက “ကျွန်တော်တို့ကလည်း ဒီထက်ကို ဆက်ပြောချင်သေးတာဗျာ။ အချိန်ကလည်း ကန့်သတ်ထားလို့… တစ်ယောက်ကို နာရီဝက်စာလောက်ဆီ ပြောဖို့ကျန်ခဲ့သေးတယ်။” လို့ပြန်ပြောပါတယ်။

နောက်ပြီး ဆရာချစ်ဦးညိုက “ကျွန်တော် ဘိတ်သိတ်အကြောင်း ပြောဖို့ကျန်သွားတယ်၊ အဲဒါကို သိပ်ပြောချင်တာဗျာ.. အချိန်ကလည်း ၁နာရီခွဲလောက်ပဲပေးထားတော့ ဖြတ်လိုက်ရတယ်…” လို့ဆက်ပြောသေးတယ်။

စီစဉ်တဲ့လူတွေကို နောက်နှစ်တွေမှာ ဆရာတစ်ယောက်ကို ၂ နာရီစီလောက်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ နယ်တွေမှာ ဒီလို စာပေဟောပြောပွဲတွေဆို ဟောကောင်းကောင်းနဲ့ဟောတာ ည ၂နာရီ ၃နာရီအထိအောင် ရှည်သွားတတ်ပါတယ်။ ဒီမှာတော့ နေရာအခက်အခဲ အချိန်အခက်အခဲတွေရှိတာကို နားလည်ပါတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒကိုပြောတာပါ။

နောက်ပြီးတော့ ဆရာတို့ သီချင်းဆိုသွားတာကလည်း အဆိုတော်တွေထက်တောင် ပိုကောင်းတယ်တယ် ပြောလိုက်တော့ ဆရာချစ်ဦးညိုက “ကျွန်တော်တို့က ၀ါသနာပါလို့ ဆိုချင်လို့ကိုဆိုတာ ဆိုတော့ လွတ်လွတ်လပ်လပ် ဆိုရလို့ဖြစ်မှာပါ… အဆိုတော်တွေကျတော့ ကန့်သတ်ချက်တွေရှိနေမှာပေါ့…” လို့ပြန်ပြောပါတယ်။ ဆရာတို့ တသက်လုံးစုခဲ့ရတဲ့ ဗဟုသုတ အတွေ့အကြုံတွေကို ၁နာရီခွဲအတွင်းမှာ တော်တော်များများ ရလိုက်တာ ကျေးဇူးလည်းတင် ၀မ်းသာကျေနပ်မိပါတယ် ပြောလိုက်မိပါတယ်။ ဆရာချစ်ဦးညိုကပဲ “ကျွန်တော်တို့လည်း အခုလိုလာဟောရတာကို ၀မ်းသာမိတယ်… ” လို့ပြန်ပြောပါတယ်။

အချုပ်ပြောရမယ်ဆိုရင် ဒီစာပေဟောပြောပွဲဟာ ထင်တာထက် အများကြီးပိုကောင်းတဲ့၊ စီစဉ်သူတွေရော နားထောင်သူတွေပါ အတူတကွ ပီတိဖြစ်ကျန်ခဲ့တဲ့၊ စိတ်အဟာရကိုကောင်းကောင်းဖြည့်ပေးခဲ့တဲ့ ပွဲပါပဲ။




ဆရာနေ၀င်းမြင့်



ဆရာမဂျူး



ဆရာချစ်ဦးညို

စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး သတင်းတွေ ဆောင်းပါးတွေရေးပြီးကြလို့ မနေ့က စာအုပ်ဝယ်ရင်း ရခဲ့တဲ့ အတွေ့အကြုံကိုပဲရေးပြီးတင်လိုက်ပါတယ်။



13 comments:

ရွှေဂျမ်း said...

သုံးယောက်လုံး ဂျမ်းကြိုက်တဲ့ ဆရာဆရာမတွေမို့ နားထောင်ချင်လိုက်တာ။ အသံသွင်းထားတာလေးတွေ ဘလော့ပေါ်မှာ ပေါ်လာကြရင် ကောင်းမှာပဲ။ ခုလို ပြန်လည် မျှဝေတာ ကျေးဇူးပါ။

Myagreen said...

Thanks a lot for that post. အချုပ်ပြောရမယ်ဆိုရင် ဒီစာပေဟောပြောပွဲဟာ ထင်တာထက် အများကြီးပိုကောင်းတဲ့၊ စီစဉ်သူတွေရော နားထောင်သူတွေပါ အတူတကွ ပီတိဖြစ်ကျန်ခဲ့တဲ့၊ စိတ်အဟာရကိုကောင်းကောင်းဖြည့်ပေးခဲ့တဲ့ ပွဲပါပဲ။ Absolutely right!

တန်ခူး said...

ကိုပီတိရေ… လာတယ်ဆိုတာတော့ ကြားလိုက်တယ်… မဆုံဖြစ်လိုက်ဖူးနော်… ဟုတ်တယ်… ကျွန်မလဲ ဟောပြောပွဲကအပြန် $15ထက် ပိုယူသင့်တယ်လို့  ထင်မိတယ်… တန်ဖိုးရှိလွန်းလို့  15$ပေးရတာတောင် အားနာနေမိတယ်… အဲဒီလို အားရပါးရ နားမထောင်ရတာ ကြာတော့ ကိုပီတိပြောသလို လိုအပ်ချက်လေး ဆန္ဒလေး အာသာလေး တော်တော်ကို ပြေသွားတာ… feedback formထဲ တခုထည့်ဖို့ မေ့သွားတာကတော့ စာရေးဆရာတွေ ပြောဖို့ အချိန်ပိုရစေဖို့  တခြားအချိန်တွေကို လျှော့စေချင်တာပါ… ကိုယ်ပဲ လောဘကြီးနေလို့ လားမသိဘူးနော်… ကျွန်မကတော့ အကြောင်းအရာရွေးချယ်မှုမှာ ဆရာနေ၀င်းမြင့်ကို အကြိုက်ဆုံးဖြစ်ပြီး အဟောအပြောမှာတော့ ဆရာချစ်ဦးညိုကို အကြိုက်ဆုံးပါ… ဆရာမဂျူးကတော့ “လက်ထပ်ခြင်းက ကြိုးတချောင်းဖြစ်ခဲ့ရသ် မိန်းမသားကိုသာချည်နှောင်တဲ့ ကြိုးတချောင်းပါ” ဆိုတာလေး နားနဲ့ ကြားလိုက်ရတာနဲ့ တင် ကျေနပ်သွားတယ်… အမှန်ပဲ… ကျွန်မလဲ စာရေးဆရာအငယ်တွေ ဟောတာ နားမထောင်ချင်ဘူး…

သက်ဝေ said...

တန်ခူးပြောသလိုပါပဲ...
၁၅ ကျပ်ပေးရတာ တကယ်ကို စိတ်ထဲ အားနာနေမိတယ်... ၃ ယောက်ဆိုတော့ တယောက်ကိုမှ ၅ ကျပ်ထဲရယ်လို့ ပေါက်ပေါက်ရှာရှာ တွက်ပြီး ပိုတောင် အားနာနေမိသေး..။

တကယ်ဆို ဆရာ သုံးယောက်စလုံးကို ဒီ့ထက် အချိန်အကြာကြီး ဟောစေချင်သေးတာ...
ဆရာတွေကိုယ်တိုင်ကလဲ နာရီတကြည့်ကြည့်နဲ့ ချိန်ပြီး ဟောနေတာတွေ့တော့ ပိုတောင် အားမလို အားမရ ဖြစ်သွားသေး...။

ဘာပဲပြောပြော ကိုယ်ကတော့ ဂျူးကို အကြိုက်ဆုံးပဲ...
(လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်...)

ချစ်ကြည်အေး said...

ပီတိရေ...တူတူပဲ အမလဲထပ်သွားဝယ်သေးတာ၊ ဧရာဝတီမှာ ပီတိ ပုံတွေပါတယ်ဆိုလို့....ဟင်...ဘယ်မလဲပေါ့...၊ခေါင်းမြီးခြုံ နဲ့ ရှော့ပန် ဝတ်ပြီး အရှောင်အတိမ်းကောင်းသူဂျီးပုံကို ရှာလိုက်ရတာ...မတွေ့ပါလား..၊ နောက်မှ ဓါတ်ပုံထောင့်မှာ ပီတိ ဆိုတာတွေ့မှ...ဪ...လွဲပဟဲ့လို့ သိရ...။ ဆရာနေဝင်းမြင့်-၁၊ ဆရာချစ်ဦးညို-၂၊ ဂျူး-၃ ။ အမလဲ ဆရာ၂ယောက်နဲ့ရော ကိုကောင်းနဲ့ပါ စကားတွေအကြာကြီးပြောခဲ့။ နောက်နှစ် လယ်တွင်းသားစောချစ်၊ အဏ္ဏဝါစိုးမိုး၊ ခင်ခင်ထူး သို့ နုနုရည် နားထောင်ချင်ကြောင်းပြောခဲ့...မောထှာ..:(

ချစ်ကြည်အေး said...

အဲဒီ Word Verification ကြီး မုန်းထှာဟယ် ၊ ဘယ်သူမဆို ဒါလောက်တော့ မှန်အောင် ရိုက် နိုင် ကြ တာ ပဲဟာပဲ...။

Maydarwii said...

နားထောင်ချင်လိုက်တာ။ စာပေဟောပြောပွဲတွေနဲ့ ဝေးနေရတာကြာပြီ။ စင်ကာပူ ၁၅ ဒေါ်လာကတော့ နည်းလွန်းပါတယ်။ စတိတ်ရှိုးဆိုရင်တောင် ဒီထက်မကပေးရတာ မဟုတ်လား။ အချိန်ဒီထက်ပိုပေးနိုင်ရင် ကောင်းမယ်နော်။ အချိန်ကန့်သတ်ထားတော့ ဟောပြောရတာ ဘယ်သိပ်အားရမလဲ၊ နားထောင်သူတွေအတွက်လည်း အားရမှာ မဟုတ်ဘူး။

ဒါနဲ့ ဓာတ်ပုံလေးတွေက နည်းနည်းဝေးနေတယ်နော်။ ပုံကြီးကြီး ကြည့်ချင်လို့။ အသံဖိုင် ဗီဒီယိုဖိုင်တွေရှိရင်လဲ ရှယ်ပါအုံး။
ကျေးဇူးတင်ပါတယ်။

P.Ti said...

ဟုတ်တယ် ကျွန်တော်လည်း သုံးယောက်စလုံးကိုကြိုက်တယ်။ သတင်းကြားကြားချင်း နေ့ချင်းမဆိုင်း လက်မှတ်ဝယ်ထားခဲ့တာလေ။ ရွှေဂျမ်းရေ ဧရာဝတီဆောင်းပါးရဲ့အောက်က ကွန်မန့်တွေမှာ လင့်တွေရှိတယ်။ ကျွန်တော့်ဖိုင်တွေက တစ်ခုစီဖြစ်နေလို့ ပြန်ပေါင်းရဦးမှာ..

ကျေးဇူးပါ Myagreen.

အမတန်းခူး... လာမယ်ဆိုတာကိုတော့ သိတယ်။ မဆုံဖြစ်လိုက်ဘူး။
ဟုတ်တယ်.. အကြောင်းအရာကတော့ ဆရာနေ၀င်းမြင့်ကကောင်းပါတယ်။ ဆရာချစ်ဦးညိုဟောတာ စိတ်ထဲအထိအောင်ရောက်သွားလို့ ပိုကြိုက်မိတာ။

အမသက်ဝေပြောသလို $15 ပေးပြီး၊ လုပ်တဲ့နေရာကိုကြည့်ပြီး ဒီထက်ပိုတောင်းလည်း ပေးမှာပဲလို့ပြောခဲ့မိတာလေ... ဂျူးပြောတာကောင်းပေမယ့် ကျွန်တော်ကတော့ အကြိုက်ဆုံးမဟုတ်ပါ။ လွတ်လပ်စွာကွဲလွဲတာလေ...

အမချစ်ကြည်အေးကတော့လုပ်ပြီ... သေချာကြည့် ကျွန်တော့်ပုံပါတယ်။ ဒါမှမဟုတ်လည်း ထမင်းအိုးဖင်သာကြည်ပါအမရယ်။ အဟိ.. မှတ်ချက်။ အခုခေတ်ထမင်းအိုးတွေက အရင်လို ရုပ်မဆိုးတော့ပါ။ :P
Word Verification က လူဟုတ်မဟုတ်စစ်တာလေ။ အမက လူဆိုတော့ မှန်အောင်ရိုက်တတ်ပေါ့။ :P

ဟုတ်တယ်အမ မေဓာဝီ.. စတိတ်ရှိုးဆို ၄၀ဆိုတာ အနည်းဆုံးပဲ။ ဓာတ်ပုံကို ပြန်ရှာပြီး တင်လိုက်ပါ့မယ်...

မေ့သမီး said...

သီရိလင်္ကာရောက်နေတဲ့ရက်မို့အဲဒီပွဲလွတ်သွားရတာကို တကယ်စိတ်မကောင်းဘူး။ :(

သန့်ဇော်မြင့် said...

http://moemaka.com/index.php?option=com_content&task=view&id=5499&Itemid=1

သန့်ဇော်မြင့် said...
This comment has been removed by the author.
Space said...

ကိုပီတိပြောတာမှန်တယ်....
ဆရာချစ်ဦးညိုပြောသွားတာအကောင်းဆုံးလို့ ခံစားမိတယ်....
$15 နဲ့ က နဲတယ်......
နောက်နှစ်ပောာပြောပွဲကို စောင့်မျှော်လျှက်.... :)

သီဟသစ် said...

ကိုပီတိကို အဲဒီစာပေဟောပြောပွဲနေ့က တွေ့သဗျ
ကိုယ့်လည်း သိမယ်မထင်ပါဘူးလေ ဆိုပြီး နှုတ်မဆက်ဖြစ်တာဗျ

ခင်မင်စွာဖြင့်
သီဟသစ်

Ratings