Saturday, March 13, 2010

အမှတ်တရ ၂၀ + အမှတ်တရ ၁၀ = ၂၀၁၀

ကျွန်တော်စာမရေးဖြစ်ပါဘူး။ ဘလော့တွေကိုတော့ တခါတရံဖတ်ဖြစ်ပါတယ်။ အခုတလော အလုပ်ရှုပ်တာထက် စာရေးဖို့ စိတ်မပါတော့တာပါ။ စာမရေးတာကြာလို့ ဆားချက်ဖို့ ချက်စရာတွေရှိပေမယ့်လည်း မလုပ်ဖြစ်ခဲ့ပါဘူး။

မနေ့က Broken Thoughts ဆိုပြီး စီးရီးအလိုက် ရေးကာ အရင်ကလုပ်ဖော်ကိုင်ဖက်တွေ စုစည်းထားတဲ့နေရာမှာ မျှဝေလေ့ရှိတဲ့ အမက အရေးကောင်းကောင်းတဲ့ သူရဲ့အတွေးလေးတွေကိုပို့လိုက်ပါတယ်။

ဖတ်လို့လည်းကောင်း အတွေးတွေလည်းများလို့ကောင်းလို့ ထပ်ပြီး မျှဝေလိုက်ပါတယ်။

ကိုကိုကြီး နဲ့ မမျိုး တို့ ၁၀ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှ သက်ဆုံးတိုင် နားလည်မှုများစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။



အမှတ်တရ ၂၀ + အမှတ်တရ ၁၀ = ၂၀၁၀

နိဒါန်း
ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ သူငယ်ချင်းများစွာ နဲ့ အတူ သူငယ် ချင်းလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။ အဲဒီမှာ သူနဲ့ အလုပ်နေရာလေးတစ်ခုကို အောင် မြင်အောင် အတူတူ ရုန်းကန် လုပ်ခဲ့ဖူးတယ်။

ရှေးစကားအတိုင်း ၁၀နှစ် ၁၀မိုး အချိန် အတွင်း အပြန်အလှန် နားလည်မှုတွေယူ အပြီးမှာတော့ ဘဝ နေရာလေးတစ်ခုကို၏ အတူတူ စခဲ့ကြတယ်။


စာကိုယ်
ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ နေ့အချိန်တိုင်း အတူရှိနေခဲ့ဘူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ နေ့အချိန်တိုင်း သီးခြားဖြစ်နေခဲ့ကြတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ “ညဖက် အလုပ်ကနေ အိမ်ပြန်ချိန်” ဆိုတာ လူကြမ်း ဖြစ်နေခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ “ညဖက် အလုပ်ကနေ အိမ်ပြန်ချိန်” ဆိုတာ မင်းသား ဖြစ်နေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ စကား လက်ဆုံ ပြောမကုန် တာဟာ အိမ်ခြံ တံခါးဝ ရောက်သည်ထိ ဖြစ်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ စကား ပြောဖို့ရာကို အိမ်ခြံတံခါးဝရောက်သည်ထိ စောင့်ခဲ့ရတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ စိတ်အခန့်မသင့်တော့ရင် ငယ်စာရင်းကို အလွယ် ဖျက်နိုင်မဲ့ အပြုံးမပျက် စိတ် နဲ့ လွတ်လပ်စွာ ရှိ နေခဲ့ ဘူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝနေရာလေးတစ်ခု မှာ စိတ်အခန့်မသင့်တော့ရင် ငယ်စာရင်းကို အလွယ်ဖျက်ဖို့ မပြောနဲ့ မှိန်မသွား အောင် ကိုဘဲ ခပ်မဲ့မဲ့ စိတ် နဲ့ သတိထား ထိန်းချုပ်တွေ ရှိနေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ အငြင်းအခုံ စကားများစွာ ရဲ့ အရင်းခံဟာ အလုပ် ကြောင့် ဖြစ်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ အငြင်းအခုံ စကားများစွာ ရဲ့ အရင်းခံဟာ သမီးလေး အတွက် ဖြစ်နေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ ပညာ အတွက် မာန ပြိုင်ခဲ့ဘူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ သမီးလေးအတွက် မာနချခဲ့ကြတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ သူ့ရည်မှန်းချက်၊ ကိုယ့်ရည်မှန်းချက် သီးခြားဖြစ်လဲ ဂရုစိုက်စရာမလိုခဲ့ဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ သူ့ရည်မှန်းချက်၊ ကိုယ့်ရည်မှန်းချက် သီးခြား မဖြစ်အောင် ဂရုစိုက်နေခဲ့ရတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ သူ နဲ့ ကိုယ် ရဲ့ အောင်မြင်မှုဖြစ်စေ၊ ဆုံးရှုံးမှုဖြစ်စေ မဆိုင်သလို နေနိုင်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ သူ နဲ့ ကိုယ် ရဲ့ အောင်မြင်မှုဖြစ်စေ၊ဆုံးရှုံးမှုဖြစ်စေ လိုလားစွာ ဝေမျှခံစား ပေးခဲ့ ကြတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ Romantic ဖြစ်အောင် တမင် လုပ်ယူထားရတဲ့ ဟန်ပြ ကြင်နာမှု တေကွ ရှေ့တန်းမှာ ရောက်နေခဲ့တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ Romantic မဖြစ်တော့ပေမဲ့ ရိုးသားတဲ့ ပင်ကို ကြင်နာမှု တွေက သာ ရှေ့တန်းမှာ ရောက်နေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ ပူလောင်တဲ့ ၁၅၀၀ ကိလေသာမီးတွေနဲ့ တောက်လောင် ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ အေးချမ်းတဲ့ ၅၂၈ မေတ္တာက ပိုမိုလာခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ ရှိနေထုန်းက အိုမင်းနေတဲ့ အဖိုး၊အဖွားတွေရဲ့ အရေတွန့်နေတဲ့ လက်လေး နှစ်စုံ အပြန်အလှန် ဖေးမပြီး တွဲထားခြင်း အဓိပ္ပါယ်ကို သတိမပြုခဲ့မိဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ တော့ အိုမင်းနေတဲ့ အဖိုး၊အဖွားတွေရဲ့ အရေတွန့်နေတဲ့ လက်လေး နှစ်စုံ အပြန်အလှန် ဖေးမပြီး တွဲထားခြင်း အဓိပ္ပါယ် ကို နက်နဲစွာ သဘောပေါက် လာခဲ့တယ်။

Image From - www.shutterstock.com/pic-20699932.html

နိဂုံး
အချင်းချင်း သည်းခံနိုင်စွမ်း (သို့) နားလည်နိုင်စွမ်း ဆု အဖြစ် တစ်နှစ် ပြည့်တိုင်း တစ်မှတ် ရမယ် ဆိုပြီး ရိုးရှင်းတဲ့ သချာင်္တစ်ပုဒ် ရဲ့ မေးခွန်းဖြစ်ခဲ့ရင် ………

အဖြေက - ကျွန်မ တို့ နှစ်ယောက်ဟာ အမှတ် နှစ်ဆယ် တောင်စုမိနေပြီ ပေါ့။

ဒီလိုမဟုတ်ဘဲ အချင်းချင်း သည်းခံနိုင်စွမ်း (သို့) နားလည်နိုင်စွမ်း ဆု အဖြစ် တစ်နှစ် ပြည့်တိုင်း တစ်မှတ် ရမယ်။ ဒါပေမဲ့ ၁၀နှစ် နောက်ပိုင်း Turning Point တစ်ခုကစလို့ အချင်းချင်း မကြေလည်တာများရှိခဲ့ရင် တစ်နှစ် ကို တစ်မှတ် ပြန်နှုတ်မယ် ဆိုရင်တော့ ……… အဖြေကို သက်ဆိုင်သူ သိပါလိမ့်မယ်။

ဘာဘဲဖြစ်ဖြစ် ၁၀ - ၁၀ ဘဲ ဖြစ်ဦး။ ခုချိန်အထိ အနှုတ် တော့မပြသေးပါဘူး။ ကျွန်မတို့ မဆိုးလှပါဘူး မဟုတ်လား။ :-)

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မတ်လ ၁၂ ရက် ရဲ့ ၁၀ နှစ် အမှတ်တရ ...

4 comments:

မေ့သမီး said...

Romantic မဖြစ်ရင်တောင် ရိုးသားတဲ့ကြင်နာမှုလေး တွေနဲ့ဘ၀တလျှောက် လက်တွဲသွားနိုင်ရင် အားလုံး ကို ကျော်ဖြတ်နိုင်မှာသေချာပါတယ်။

Ma Myo said...

ဒီ Post လေးကို အချိန်ပေးပြီး တင်ပေးလို့ အရမ်းကို ကျေးဇူးတင်ပါတယ်။
ပီိတိ လဲ မိန်းခလေး နဲ့ လေ့လာ နေချိန် တွေ တော်တော် လေး ယူထားပြီ မို့ ရွေးချယ်ရန် သင့်တော်သော အချိန်ရောက် ပြီလို့ မထင်သေးဘူးလား။
ဒီလိုဘဲ နေသွားတော့ မှာလား။ :-)

ပုံရိပ် / Pon Yate said...

ဖတ်ရတာ ကြည်နူးစရာပါ။ ကိုပီတိလည်း စာတွေရေးပါဦး။

P.Ti said...

မေ့သမီး နဲ့ ပုံရိပ်ရေ လာလည်ပြီး မှတ်ချက်ရေးတာ ကျေးဇူးတင်ပါတယ်။ စာလည်း ရေးဖို့ကြိုးစားတာ မအောင်မြင်ဘူးဖြစ်နေပါတယ်။

မမျိုးရေ... အချိန်တန်တော့လည်း ဖြစ်လာမယ်ထင်ပါတယ်။ အခုလို အတွေ့အကြုံနဲ့ အတွေးတွေ မျှဝေပေးတာကို ကျေးဇူးတင်ရမှာပါ။ ကြိုတင်ပြင်ဆင်လို့ရတာပေါ့... ဟုတ်ဘူးလား :D

Ratings