Tuesday, November 2, 2010

ပုံရိပ်ဟောင်းများ

ရန်ကုန်တက္ကသိုလ် ပင်းယဆောင်မှာနေတုန်းကပေါ့…

ကျွန်တော်နဲ့ အဆောင်မှာ အတူတူတွဲဖြစ်တဲ့ သူငယ်ချင်းတစုရှိပါတယ်။
ကျွန်တော်က အဆောင်ကို ဒုတိယနှစ်မှ ရောက်တော့ သူငယ်ချင်းတွေနဲ့ နေရတဲ့ အထပ်မတူပါဘူး။
နောက်နှစ်တွေကျောင်းပြန်ဖွင့်တော့ အဆောင်ကို စောစောရောက်အောင်လာပြီး အခန်းတွေကို နီးအောင်ဦးထားကြတော့ တွဲတဲ့ သူငယ်ချင်းတွေအားလုံးက အခန်းတွေကို တထပ်တည်း၊ ကပ်လျက်၊ ပြီးတော့ ရှေ့တန်းကိုရအောင် ယူထားပါတယ်။ အခန်းနီးတော့ အခန်းလည်ရတာလည်း အင်မတန်လွယ်ကူပါတယ်။ ပစ္စည်းတွေငှားမယ်၊ ယူသုံးမယ်ဆိုတော့လည်း နီးတာပေါ့။

အဆောင်မှာ နေတာက သူငယ်ချင်းတွေ တယောက်နဲ့တယောက် အင်မတန် ရင်းနှီးကြတယ်။ ကိုယ်မရှိ သူ့ဟာယူသုံး၊ သူ့မရှိတာ ကိုယ့်ဟာယူသုံး။ ပိုက်ဆံရှိတဲ့ အချိန် ဘော်ဒီစပရေး တစ်ဗူးလောက် ၀ယ်ထားလိုက် အလွန်ဆုံးခံ တပတ်ပေါ့၊ ခေါင်းလိမ်းဆီဝယ်ထားလည်း နှစ်ပတ်လောက်ဆို ကုန်ပြီ။ ဆေးလိပ်ကို အစည်းလိုက်၊ ဗူးလိုက် ၀ယ်ထားလို့ကတော့ ၀င်ကတစ်လိပ်၊ ထွက်တစ်လိပ် ယူသောက်လိုက်တာ နောက်တရက် ကူးတဲ့အထိခံရင် ကံကောင်းပဲ။ အဲလို နေကြပေမယ့် ဘယ်သူကမှ ငြိုငြင်တယ်လို့မရှိကြပါဘူး။ အိမ်က ပို့လိုက်တဲ့ ဟင်းတွေဆိုလည်း မျှပြီးစားကြတာပဲ။ ပိုက်ဆံလည်း မရှိအတူ ရှိအတူလို့လည်း ပြောလို့တယ်။

အခြား သူငယ်ချင်းတွေ ရင်းနှီးတယ်ဆိုတာက ဟန်ဆောင်မှုရှိချင်ရှိမယ်၊ အဆောင်က သူငယ်ချင်းအရင်းတွေက ဟန်ဆောင်မှုဆိုတာ လုံးဝမရှိပဲ ရင်းနှီးကြတယ်။

အဲလို ခင်ကြတဲ့ အပေါင်းအသင်းထဲမှာ ကျော်သက် ဆိုတဲ့ ကျွန်တော်တို့နဲ့ ကိုးကွယ်မှု ဘာသာမတူတဲ့ တစ်ယောက်ရှိတယ်။ ကျော်သက်က ပထမပိုင်းမှာ အင်မတန်မှ ဘာသာရေး ကိုင်းရှိုင်းတဲ့ပုံစံပါ။ နောက်ပိုင်းတော့ သူ့အကြောင်းသိလာတော့ အဲလောက်လည်း မဟုတ်ဘူးဆိုတာ သိလာတယ်လေ။ ဒါပေမယ့် အပြင်ပန်းမှာတော့ ဘာသာရေးကိုင်းရှိုင်းဟန်တော့ လုပ်ပြနေတုန်းပါပဲ။ ကျွန်တော်တို့ကလည်း အဲဒါကို စချင်နောက်ချင်ဖြစ်နေတာပါပဲ။ အဲဒီအထဲမှာ မုတ်ဆိတ်တွေထား ပြီး တသသလုပ်နေတာကို ကြည့်မရဆုံးပါပဲ။

မုတ်ဆိတ် ရိတ်ဖို့ နည်းအမျိုးမျိုးနဲ့ ပြောတာမရဘူး…
မုတ်ဆိတ်နဲ့ ဆို ညှင်းသိုးသိုးနဲ့ ကြည့်မကောင်းဘူး ဆိုလည်း မရိတ်ဘူး။
မင်းကို ကောင်မလေးတွေ မကြည်တာ အဲဒီ မုတ်ဆိတ်ကြီးကြောင့်ပေါ့ဆိုလည်း မရိတ်ဘူး။

အဲဒီလိုနဲ့ တညနေမှာ ကျွန်တော်တို့အဖွဲ့ အဆောင်ကနေအထွက်မှာ နောက်ကနေ ကျော်သက်က ဘယ်သွားမလို့လဲ လို့လှမ်းမေးပါတယ်။ တယောက်ကဖောက်ပြီး စော်ဘွားကြီးကုန်း သွားမလို့ဆိုပြီးဖြေလိုက်တယ်။ အဲဒီခေတ်က အဆောင်မှာ စော်ဘွားကြီးကုန်းသွားတယ်ဆိုတာတဲ့ စကားလုံး လူတိုင်းနားလည်တယ်လေ။ ဘာလဲတော့မမေးနဲ့ စော်ဘွားကြီးကုန်း သွားတယ်ဆိုတာ သွားတယ်ပေါ့…

အဲတော့ ကျော်သက်ကသူလည်းလိုက်မယ်ဆိုပြီး ပြေးလာပါတယ်။ မုတ်ဆိတ်မရိတ်ရင် မလိုက်ရဘူးပြောလည်း လိုက်မှာပဲ အတင်းလုပ်နေပါတယ်။ နောက်ဆုံး တဖွဲ့လုံးက အတည်ပေါက်နဲ့ မရိတ်ရင် မလိုက်ရဘူး၊ မုတ်ဆိတ်နဲ့ဆို စော်ဘွားကြီးကုန်းက လက်ခံမှာမဟုတ်ဘူး လို့ပြောတော့မှ အခန်းကိုပြန်ပြေး မုတ်ဆိတ်သွားရိတ်တယ်…

အဲဒါနဲ့ အဆောင်က ထွက်လာပြီး လှည်းတန်းရောက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ကြရော… ကျော်သက်က စော်ဘွားကြီးကုန်းဘယ်တော့ သွားမှာလဲမေးတိုင်း အားလုံးက စောပါသေးတယ် စောပါသေးတယ် ပြောရင်း အဆောင်သာပြန်လာရော ကျော်သက် စော်ဘွားကြီးကုန်း မရောက်လိုက်ရပါဘူး။ မုတ်ဆိတ်ဆုံးပြီး စော်ဘွားကြီးကုန် မသွားလိုက်ရပေမယ့် အဲနေ့ကစပြီး ကျော်သက်နာမည်ပျောက်ပြီး စော်ဘွားကြီးကုန်းဆိုတဲ့ နာမည်ကိုပဲရခဲ့တယ်…



အဆောင်ကသူငယ်ချင်းတွေနဲ့လည်း တွေ့ရတာလည်း ၁၉၉၆ နှစ်ကုန်ပိုင်း ကျောင်းတွေပိတ်ပြီးကတည်းကပါပဲ… ၂၀၀၀ ခုနှစ်ကျောင်းပြန်ဖွင့်တော့ တချို့တလေလည်း ကျောင်းပြန်တက်တာ မတွေ့ရတော့ဘူး။ အလုပ်တွေမအားကြတော့လို့လား… မတတ်နိုင်ကြတော့လို့လား… မလွတ်မလပ်ဖြစ်နေကြသလား မသိခဲ့ရဘူး။ စော်ဘွားကြီးကုန်းက လှည်းတန်းမှာတုန်းက အင်မတန်တက်ကြွခဲ့တာလေ။

ကျွန်တော်လည်း ၇ ရက်နေ့မှာ အိမ်ပြင် မထွက်လို့ အချိန်မှီတင်လိုက်ပါတယ်။ ရေးတက်စတန်းလန်းတွေကတော့ ဘာမှမရေးဖြစ်လို့ စက်ထဲမှာ တန်းလန်းဖြစ်နေတဲ့ တစ်ပုဒ်ကိုပြီးအောင်ရေးပြီးတင်လိုက်တယ်။

အခုတော့ အဆောင်တွေလည်း ကျောင်းသားမနေရတော့လို့ ခြောက်ခန်းပျက်စီးလို့နေပြီ မကေ။

Read More...

Ratings