Sunday, July 1, 2012

စာဖတ်အတွေ့အကြုံ နဲ့ စာကြည့်တိုက်များ

မူလတန်းကျောင်းသားဘ၀မှာ တက်ခဲ့ရတဲ့ကျောင်းက ဘုန်းကြီးကျောင်းမှာဆိုတော့ စာကြည့်တိုက်ဆိုတာ ဘယ်လိုပုံစံမှန်းတောင်မသိခဲ့ပါဘူး။

စာဖတ်ဝါသနာပါပြီး စာအုပ်တွေ ၀ယ်ယူစုဆောင်းတတ်တဲ့ မိဘတွေကြောင့်သာ ကိုယ့်ရဲ့အိမ်က ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ စာကြည့်တိုက်လို့ ပြောရင်လည်း မမှားပါဘူး။ ငယ်စဉ်ကလည်းက အပတ်စဉ်၊လစဉ် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စတဲ့ ကလေးစာအုပ်တွေ ၀ယ်ယူသိမ်းဆည်းထားတာရှိတော့ ကျောင်းပိတ်တဲ့အချိန် အဟောင်းတွေပြန်ဖွပြီးဖတ်ရတာကိုက အရသာတစ်မျိုးပါပဲ။

လေးတန်းစာမေးပွဲကြီးပြီးတော့ ရုပ်ပုံတွေပါတဲ့ စာအုပ်တွေဖတ်ရတာ နည်းနည်းပျင်းလာပြီး စာနဲ့သရုပ်ဖော်တဲ့ ၀တ္တုအတိုလေးဖတ်ကြည့်လိုက်ရာမိရာက စာတွေကိုဖတ်ပြီး စိတ်မျက်စိထဲမှာ ပုံဖော်ပြီးမြင်ကြည့်ရတဲ့ အရသာကို တော်တော်လေးကြိုက်သွားခဲ့ပါတယ်။ အဲဒီကစပြီးတော့ သရုပ်ပြစာစောင်တွေသာမကတော့ပဲ စာစောင်တွေထဲမှာပါတဲ့ ၀တ္တုတို၊ ၀တ္တုရှည်တွေပါ ဆက်ဖတ်ဖြစ်ခဲ့ပါတော့တယ်။

ဖတ်ခဲ့ဖူးတဲ့အထဲမှာ စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့တာကတော့ အိမ်ကစာအုပ်စင်တွေမှာ အဆင်သင့်ရှိနေတဲ့ လူထုဦးလှရဲ့ တိုင်းရင်းသား ပုံပြင်များ စာအုပ်အတွဲလိုက်တွေပါပဲ။ ကျောင်းကပြန်လာပြီး လွယ်အိပ်ချပြီးတာနဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဆွဲချပြီးဖတ်ပါတော့တယ်။ အဲဒီအချိန်မှာတုန်းကတော့ ကျွန်တော်သံလွင်ဖောင်စီး၊ ကျွန်တော် ဗြူရိုကရက်၊ ကျွန်တော်ဆားချက်သမား စတဲ့စာအုပ်တွေကို မြင်နေပေမယ့် သိပ်ပြီး စိတ်မ၀င်စားမိသေးပါဘူး။

ကျွန်တော် ငါးတန်းကို စတက်တော့ မူလတန်းကျောင်းကနေပြီး အထက်တန်းကျောင်းကို ပြောင်းပြီး ကျောင်းတက်ရပါတယ်။ ကျွန်တော်တို့ ညောင်ဦးမြို့ရဲ့ တစ်ကျောင်းထဲသော အထက်တန်းကျောင်းမှာ စာကြည့်တိုက်ဆိုတာ အမည်သာရှိပေမယ့် ပန်းမျိုးတစ်ရာလို့ခေါ်တဲ့ ခန်းမကြီးထဲမှာပဲ စာအုပ်ဗီရိုတွေကို စီကပ်ထားပါတယ်။ ပြီးတော့ အဲဒီဗီရိုတွေကို သော့ခလောက်တွေနဲ့ အမြဲခတ်ထားလေ့ရှိတာပါပဲ။ ဘယ်ကျောင်းသားမှ စာအုပ်ကို ငှားခွင့်မရှိသလို၊ ဘယ်လိုငှားရမယ်ဆိုတာလည်း မသိခဲ့ဘူး။ နောက်ဆုံး စာကြည့်တိုက်မှူးက ဘယ်ဆရာလည်းဆိုတာတောင် မကြားမိခဲ့ဖူးပါဘူး။

အဲဒီအချိန်မှာ ကျွန်တော် စိတ်ဝင်စားပြီး ဖတ်နိုင်တဲ့ စာအုပ်တွေကလည်း အိမ်မှာ တော်တော်လေးကုန်သလောက် ဖြစ်နေပြီ။ ခြောက်တန်းတက်နေတုန်း သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက ပြန်ကြားရေးစာကြည့်တိုက်မှူး။နောက် အဲဒီသူငယ်ချင်းဆီကနေ အသင်းဝင်ပြီး စာအုပ်ငှားလို့ရတယ်ဆိုတဲ့အကြောင်း သိပြီး အဲဒီစာကြည့်တိုက်မှာ အသင်းဝင်လိုက်ပါတယ်။ ဘ၀မှာ ပထမဆုံးအကြိမ် စာကြည့်တိုက်ကို အသုံးပြုဖူးတာပါပဲ။

ပြန်ကြားရေးစာကြည့်တိုက်မှာ ပြန်ကြားရေးကထုတ်တဲ့ မဂ္ဂဇင်းတွေ နဲ့ စာပေဗိမာန်စာမူဆုရတဲ့ စာအုပ်ပဲရှိတာများပါတယ်။ စာကြည့်တိုက်ဆိုပေမယ့် အခန်းအကျယ်က အလျား ပေနှစ်ဆယ်၊ အနံ ဆယ်ပေလောက်ပဲ ရှိတဲ့ အခန်းထဲမှာ စာအုပ်စင် လေးစင်လောက်ပဲရှိပါတယ်။ နောက်ပြီး စာအုပ် ကတ်တလောက်ရယ်လို့ရှိပေမယ့် မသုံးဖြစ်ခဲ့ပါဘူး။ အဲဒီကတ်တလောက်မှာ စာရင်းရှိပေမယ့် စာအုပ်မရှိတာတွေလည်းရှိတာများနေတော့ လိုချင်တဲ့ စာအုပ်ကို စာအုပ်စင်မှာပဲ ရှာပြီးပဲငှားလိုက်တာပါပဲ။

အဲဒီကတည်းက ပိုင်မှဆိုင်မှ ရတယ်ဆိုတဲ့ စနစ်က ထွန်းကားနေပါပြီ။ ပြန်ကြားရေးစာကြည့်တိုက်မှာ ဘယ်တော့မှ စာအုပ်အသစ်၊ မဂ္ဂဇင်းအသစ်ဆို ငှားလို့မရပါဘူး။ သူတို့နဲ့ သိတဲ့လူတွေက လက်ဆင့်ကမ်းဖတ်နေကြပြီး တော်တော်လေးဟောင်းမှသာ သာမန်အသင်းသားတွေငှားလို့ရတဲ့ စင်ပေါ်ကိုရောက်ပါ့တယ်။ အဲတော့ အဟောင်းထဲက အကောင်းလေးတွေပဲ ရှာရှာပြီးပဲ ဖတ်ရပါတယ်။ အဲဒီစာကြည့်တိုက်ကနေပြီး ဖိုးကျော့၊ လယ်တွင်းသားစောချစ်၊ ကြူရတနာ မောင်မြကြိုင် စတဲ့ စာရေးဆရာတွေတဲ့ စာတွေကို ရင်းနှီးခဲ့ပါတယ်။ အရင်က စာပေဗိမာန် စာပေဆုကလည်း သေချာစီစစ်ပြီးမှပေးတော့ ဆုရစာအုပ်တွေကလည်း အင်မတန်ဖတ်လို့ကောင်းခဲ့တယ်။ အဲဒီကနေပြီး ကိုယ်မသိသေးတဲ့ စာရေးဆရာအသစ်တွေကို စပြီးသိလာရတာပါပဲ။

ခုနှစ်တန်း ကျောင်းတက်နေရင်း ၈၈ အရေးအခင်းတွေဖြစ်တော့ သိုင်းဝတ္ထုတွေကို စတင်မြည်စမ်းနေတဲ့ အချိန်ဖြစ်နေပါပြီ။ ဘုန်းကြွယ်၊ မောင်နှင်းဆွေ၊ နေလင်းအောင် စတဲ့ နာမည်တွေနဲ့ အကျွမ်းတ၀င်ဖြစ်လာပြီး ဘယ်စာရေးဆရာရဲ့ သိုင်းဝတ္ထုကကောင်းတယ်ဆိုတာလည်း ရွေးတတ်လာပါတယ်။ နောက်ပိုင်းမှာ သိုင်းဝတ္ထုဖတ်တာကိုတော့ အမေက မကြိုက်လို့ စာအုပ်ငှားလာပြီးရင် အမေမသိအောင် ဖွက်ပြီးဖတ်ခဲ့ရတယ်။ သိုင်းဝတ္ထုဆိုတာကလည်း ဇာတ်လမ်းရှည်လေဖတ်လို့ကောင်းလေ၊ ဖတ်လို့ကောင်းလေ လက်ကမချနိုင်လေ၊ အဲလိုလက်ကမချနိုင်ဖြစ်တော့ အမေက ကျောင်းပိတ်ရက် အိမ်အလုပ်ကလေး ခိုင်းချင်တာတောင် ခိုင်းမရတော့ပဲဖြစ်တော့လည်း မကြိုက်ခဲ့တာ မထူးဆန်းပါဘူး။ အရေးအခင်းဖြစ်နေတဲ့ အချိန်အတွင်းမှာတော့ ညညဆို တစ်ယောက်တစ်လှည့် ကင်းစောင့်တယ်ဆိုပြီး သိုင်းဝတ္ထုကို ညလုံးပေါက် တရားဝင်ဖတ်ခွင့်ရခဲ့ စိတ်ကြိုက်ဖတ်ခဲ့ရတယ်။ စိတ်ကူးထဲမှာကတော့ အတွင်းအားတွေ ကိုယ့်ဖော့ပညာတွေသုံး၊ သူခိုး လူဆိုးလာရင် မည်သို့မည်ပုံလုပ်လိုက်သည်မသိဆိုပြီး ချမယ်ပေါ့လေ….

၈၈ အရေးအခင်းဖြစ်ပြီးကာစ ကျောင်းတွေပိတ်ထားတော့ သိုင်းဝတ္ထုတွေဖတ်ထားတာကြောင့် စာဖတ်နှုန်းကပိုမြန်လာပြီး ပြန်ကြားရေး စာကြည့်တိုက်မှာကလည်း ဖတ်စရာစအုပ်တွေက ကုန်သလောက်ဖြစ်နေပါပြီး၊ အဲဒီတော့ကျမှ အရင်က မဖတ်ဖြစ်ခဲ့တဲ့ အိမ်က စာအုပ်တွေက ကိုပြန်ပြီး ခြေဦးလှည့်ပါတော့တယ်။

ဟိုအရင်က ဦးနုဆိုတာ ၀န်ကြီးချုပ်ဟောင်းဆိုတာပဲ သိခဲ့ပြီး ရက်စက်ပါ့ပေကွယ် ဆိုတဲ့ စာအုပ်မှာ စာရေးသူနာမည်ကို ဦးနု လို့တွေ့တော့မှ စာလည်းရေးတယ်ဆိုတာသိခဲ့ရတယ်။ စာရေးတဲ့လူတွေက နိုင်ငံရေးလုပ်တာလား၊ နိုင်ငံရေးလုပ်တဲ့လူတွေက စာရေးတာလား မသိဘူး။ နိုင်ငံရေးသမားတွေရေးစာတွေကတော့ လက်က မချနိုင်အောင် ကောင်းပါတယ်။ ဦးနုရဲ့ငရဲဆိုတာချိုနဲ့လား ဆိုတဲ့ စာအုပ်ကိုဆို ဖတ်လို့ကောင်းလို့ ၃ခေါက်လောက်ဖတ်ခဲ့ပါတယ်။ နောက်ပြီး သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်း ထွက်သည့်ပမာ၊ လူထုဦးလှရဲ့ ကျွန်တော်သံလွင်ဖောင်စီး၊ ကျွန်တော် ဗြူရိုကရက်၊ ကျွန်တော်ဆားချက်သမား၊ စစ် အချစ် နှင့် ထောင် စတဲ့ စာအုပ်စင်ပေါ်မှာအလွယ်တကူရှိနေတဲ့ စာအုပ်တွေကို ဆက်ဖတ်ခဲ့တယ်။ အဲဒီစာတွေဖတ်တော့ ကိုယ်မမှီခဲ့တဲ့ ခေတ်စနစ်နဲ့ လူနေမှုအကျင့်စရိုက်တွေကို သိခဲ့ရတာပေါ့။

အရေးအခင်းပြီး ပြန်ဖွင့်တော့ မေမေကို အထက်တန်းကျောင်းရဲ့ စာကြည့်တိုက်မှူး အဖြစ် တာဝန်ပေးလိုက်ပါတယ်။ တခြားဆရာမတွေက စာကြည့်တိုက်မှူး တာဝန်ကိုမယူချင်ကြပါဘူး၊ စာသင်ရတဲ့အပြင် အလုပ်တစ်ခုပိုလာလို့ပါပဲ။ မေမေကတော့ စာကြည့်တိုက်မှူးဖြစ်သွားတာဟာ ကျောင်းသွားတွေကို စာကြည့်တိုက်နဲ့ ထိတွေ့ပေးဖို့ အခွင့်အရေးလို့ ယူဆပြီ ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းရဲ့ ပန်းမျိုးတစ်ရာခန်းကြီးရဲ့ ချောင်မှာကပ်နေတဲ့ စာအုပ်တွေကို သေချာထားဖို့ အခန်းသီးသန့်တောင်းယူပြီး စာကြည့်တိုက်ကို သေချာပြင်ဆင်ပါတယ်။ ၀ါသနာပါတဲ့ ဆရာ၊ဆရာမများ နဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အကူအညီယူပြီးတော့ စာကြည့်တိုက်တခုပီပြင်စေခဲ့ပါတယ်။

စာကြည့်တိုက်မှူးဖြစ်လာတော့ မေမေက ကျောင်းကို အရင်ကထက် စောစောသွားပြီး ကျောင်းသားတွေ ကျောင်းမတက်ခင် စာဖတ်နိုင်ဖို့ စာကြည့်တိုက်ကိုဖွင့်ပေးခဲ့ပါတယ်။ ကျောင်းကိုဘယ်လောက် စောစောသွားသွား စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ ကျောင်းသားလေးတွေက မနက်ဆို မေမေကို ကြိုစောင့်လို့နေပါတော့တယ်။ အဲလိုကျောင်းသားတွေက စိတ်အားထက်သန်လေ မေမေက ကျောင်းကို ပိုပြီး စောစောရောက်အောင်သွား ကြိုးစားသွားလေပါပဲ။ စာအုပ်ငတ်နေတဲ့ ကျောင်းသားလေးတွေ အငမ်းမရစာဖတ်တာကိုတွေ့ရတာ မေမေ ၀မ်းသာကြည်နူးပီတိဖြစ်ရပါတယ်လို့ ပြောပါတယ်။

ကျောင်းစာကြည့်တိုက်မှာ ဆရာရော ကျောင်းသားပါ အခွင့်အရေးအတူတူပဲ စာအုပ်ငှားခွင့်ရှိပါတယ်။ တချို့ဆရာတွေက အခွင့်အရေးပိုလိုချင်ပေမယ့် စည်းကမ်းကိုတင်းကြပ်ထားတော့ အခွင့်အရေးပိုလိုချင်တဲ့ တချို့ဆရာ ဆရာမတွေနဲ့ ငြိုငြင်မှုကို မေမေ ခံခဲ့ရပါတယ်။ အရင်တုန်းကဆို စာကြည့်တိုက်က စာအုပ်ကို ကျောင်းသားတွေသာငှားခွင့်မရှိတာ တချို့ဆရာ၊ဆရာမတွေက ငှားငှားပြီး ပြန်မပေးတာတွေလည်းရှိတာကို သိခဲ့ရသေးတယ်။ စာကြည့်တိုက်က စာအုပ်ကိုငှားပြီး အပ်ရက်ကျော်နေတာ မအပ်ပဲနေရင် ကျောင်းသားဖြစ်ဖြစ် ဆရာဖြစ်ဖြစ် အတန်းထဲအထိလိုက်ပြီး အပ်ခိုင်းတတ်လို့ နောက်ပိုင်းမှာ စာအုပ်မအပ်ပဲ မနေရဲတော့ဘူး။

ဆယ်တန်းအောင်ပြီး အထက်တန်းကျောင်းကထွက်လာ၊ ရန်ကုန်ရောက်လာတော့ အစ်ကိုဖြစ်တဲ့သူရဲ့ လမ်ညွှန်မှုနဲ့ အမေရိကန်သံရုံးရဲ့ ပြန်ကြားရေးလုပ်ငန်းက တော်ဝင်လမ်းမှာရှိတဲ့ စာကြည့်တိုက်မှာ အသင်းဝင်ခဲ့ပါတယ်။ အသင်းဝင်ကြေးတော့ မပေးခဲ့ရပါဘူး။ အမြဲတမ်းမဟုတ်ပေမယ့် ရံဖန်ရံခါတော့ သွားပြီး စာအုပ်ငှားစာဖတ်တော့ လုပ်ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာတော့ British Council ကဖွင့်တဲ့ စာကြည့်တိုက်မှာ 7 FEC ပေးပြီးတော့ အသင်းဝင် စာအုပ်တွေငှားခဲ့ပါတယ်။ British Council က ခပ်လွယ်လွယ်ဖတ်လို့ရတဲ့ အင်္ဂလိပ်စာအုပ်ငယ်လေးတွေကို ဖတ်ရတာ သဘောကျမိတယ်။ ကိုယ့်အင်္ဂလိပ်စာကလည်း ခပ်ကောင်းကောင်းဆိုတော့ အ၀ါရောင်၊ အစိမ်းရောင် လေဘယ်ပါတဲ့ စာအုပ်လောက်တွေကို အဖတ်များခဲ့ပါတယ်။ အဲဒီထက်မြင့်ရင် Dictionary ကြည့်ရလွန်းလို့ မဖတ်ဖြစ်ခဲ့ဘူး။

မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက်က ခြောက်ထပ်ရုံးမှာ ရှိခဲ့တယ်လို့ ကြားဖူးခဲ့ပါတယ်။ ဆရာမကြီး ယုဝတီခင်စိန်လှိုင်ရဲ့စကားနဲ့ဆို "အဖိုးတန်စာအုပ်တွေကို ဟင်းရွက်ကန်စွန်းရွက်ထားသလို တောင်းတွေထဲမှာ စုပုံထည့်ထားတာ တွေ့ရတာ အင်မတန်ဝမ်းနည်းဖို့ကောင်းတယ်..." တဲ့ ကိုယ်တိုင်လည်း သေချာမရောက်ဖူးခဲ့တော့ ဘယ်လိုရှိတယ်ဆိုတာ မသိခဲ့ပါဘူး။ အခုလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက် ဘယ်မှာရှိတယ်ဆိုတာ တိတိကျကျရှိသေးးပုံမရပါဘူး။ ၀မ်းနည်းစရာကောင်းပါတယ်။

အဲဒီလိုနဲ့ တက္ကသိုလ်ရောက်လာတော့ စာကြည့်တိုက်ကို စိတ်ဝင်တစား သွားကြည့်ခဲ့မိပါတယ်။ ကျောင်းတက်ခဲ့ရတဲ့ လှိုင်နယ်မြေမှာတော့ စာကြည့်တိုက်က တက္ကသိုလ်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ဘယ်လိုမှ မလိုက်ပါဘူး။ တစ်ထပ်ဆောင်မှာ စာအုပ်ကောင်းကောင်းမရှိတဲ့ ချွတ်တီးချွတ်ခြောက် စကြည့်တိုက်ပါပဲ။ အသင်းဝင်ချင်လို့မေးတာတောင် ကောင်းကောင်းပြန်ဖြေမယ့်သူမရှိခဲ့ဘူး။ မေးခွန်းဟောင်းတွေကိုပဲ တစ်ခါပဲ ငှားဖူးခဲ့တယ်။

ပညာရေးကို တကယ်ပဲအားပေးသလားဆိုတာ စာကြည့်တိုက်တွေရဲ့ အဆင့်အတန်းကို ကြည့်ရုံနဲ့ သိသာနိုင်ပါတယ်။

၁၉၉၆ ခုနှစ်ကစပြီး ပိတ်လိုက်တဲ့ တက္ကသိုလ် ကျောင်းတော်ကြီး၊ ဘယ်တော့များမှ ပြန်ဖွင့်မယ်ဆိုတာ ဘယ်သူမှမသိနိုင်တဲ့အချိန်မှာ တခုခုလုပ်မှဖြစ်မယ်ဆိုပြီး စင်ကာပူကိုထွက်လာပြီး ကျောင်းတက်ခဲ့တယ်။ ဒီမှာ ကျောင်းတက်ရတော့ ဒီပလိုမာအဆင့် ကျောင်းကိုတက်ရတာဆိုတော့ ပထမပိုင်းမှာ နည်းနည်းတော့ ကို့လို့ကန့်လန့်တော့ ခံစားရတယ်။ ကိုယ်တက်ခဲ့တာက တက္ကသိုလ်ဆိုတဲ့ စိတ်လည်းပါတာပေါ့။

ကျောင်းအပ်ပြီးနောက်နေ့မှာပဲ ကျောင်းရဲ့ စာကြည့်တိုက်ကိုသွားခဲ့တယ်။ စာကြည့်တိုက်ကိုရောက်တော့ တော်တော်လေး ကျေနပ်သွားမိတယ်။ ထင်တာထက် အများကြီး ကြီးနေတဲ့ စာကြည့်တိုက်ကြီးဖြစ်နေတာကိုး။ စာကြည့်တိုက်က နှစ်ထပ်၊ ပြီးတော့ အလယ်ဆောင်ံ၊ တောင်ဖက်အဆောင်၊ မြောက်ဖက်အဆောင်ံ လို့ဆိုပြီး နေရာသုံးနေရာတောင် ခွဲခြားထားတာ။

စာအုပ်တွေကလည်း စုံတဲ့အပြင်၊ အပြင်အဆင် အထားအသို၊ သုံးတဲ့ ပစ္စည်းကိရိယာ အားလုံးက အဆင့်တန်းမြင့်မြင့်ပါပဲ။ စာကြည့်တိုက်မှာ ကျောင်းစာနဲ့ပတ်သက်တဲ့ စာအုပ်တွေ အပြင်၊ ၀တ္ထုစာအုပ်တွေ၊ တခြားလေ့လာဖို့ စာအုပ်တွေကလည်း စုံပါတယ်။ နောက်ပြီး စာဖတ်ဖို့ နေရာတွေသပ်သပ်ရှိတယ်၊ဆွေးနွေးဖို့ အခန်းတွေရှိတယ်၊ CD တွေ DVD တွေ နားထောင်လို့၊ ကြည့်လို့ရတဲ့ နေရာတွေရှိတယ်၊ အပြင်ကို ငှားခွင့်မပေးတဲ့ ရည်ညွှန်းချက် စာအုပ်တွေကို ကော်ပီကူးချင်ရင်လုပ်ပေးထားတဲ့နေရာရှိတယ်၊ အင်တာနက်သုံးလို့ရတဲ့ ကွန်ပျူတာ နေရာတွေရှိတယ်။ ဒီမှာ ရှိတဲ့ ဒီပလိုမာသာပေးတဲ့ ကျောင်းတစ်ကျောင်းရဲ့ စာကြည့်တိုက်က ရန်ကုန်မှာ ကိုယ်သုံးခဲ့တဲ့ စာကြည့်တိုက်တွေထက် အများကြီးပြည့်စုံနေတာ တွေ့ရတော့ ကို့ကန့်လန့် ခံစားရတာ နည်းနည်းတော့သက်သာသွားပါတယ်။

ရောက်တဲ့ နေ့မှာပဲ ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကိုဆွဲပြီး ငှားဖို့လုပ်ပါတယ်။ စာအုပ်ကိုယူပြီး ရှေ့ကကောင်တာမှာ ငှားမယ်လို့ သွားပြောတော့ Self-Check Machine မှာ ကိုယ်တိုင်ငှားပါလို့ပြန်ပြောတယ်။ ပထမတော့ သူတို့ပြောတာ နားမလည်ပဲ အူကြောင်ကြောင်ဖြစ်နေပါတယ်။ တောသားမြို့ရောက် ဘ၀ဖြစ်နေတာမျိုးလေ။ နောက်တော့မှ သူများလုပ်တာကို လုပ်ကြည့်ပြီး ကျောင်းသားကတ်ကို စက်မှာပြ၊ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကိုနှိပ်၊ ပြီးတော့မှ ငှားချင်တဲ့စာအုပ်ကို စက်ပေါ်တင်ကာ ပထမဆုံးစာအုပ်ကို အောင်မြင်စွာ ငှားနိုင်ခဲ့ပါတော့တယ်။

ပထမဆုံးငှားခဲ့တဲ့ စာအုပ်ကတော့ ကျောင်းစာကလွဲအကုန်ဖတ်သည်ဆိုသည့် ကိုယ်ပိုင် မူအတိုင်း American Star ဆိုတဲ့ ၀တ္ထုစာအုပ်ပါပဲ။ စကားမစပ် အင်္ဂလိပ်ဝတ္ထု ဖတ်တဲ့အကျင့်က ရန်ကုန်မှာကတည်းက အစ်ကို့ ရတာပါ။ အစ်ကိုက သိင်္ဂီရွှေရည်ဆိုတဲ့ စာအုပ်အငှားဆိုင်က အင်္ဂလိပ်ဝတ္ထုတွေငှားလာတတ်ပါတယ်။ ရန်ကုန်အိမ်မှာက ဖတ်စရာရှားတော့ တွေ့ရာ အင်္ဂလိပ်ဝတ္ထုကို ကောက်ကိုင်ဖတ်လိုက်ရာက နားမလည်တာတွေ အဘိဓာန်ကြည့်ပြီးတောင် ကြိုးစားဖတ်တော့တာပါပဲ။ ဒီစာအုပ်နာမည်ကိုတော့ စိတ်ထဲမှာ စွဲနေတော့ တွေ့တာနဲ့ ငှားမိလိုက်တာပေါ့။ ဘာကြောင့် ဖတ်လို့ကောင်းတာလဲဆိုတာကတော့ ဖတ်လို့ကောင်းတဲ့ အခန်းတွေပါလို့ပဲပေါ့။

ကျောင်းတက်စမှာ အချိန်ပိုင်းအလုပ်လည်း မလုပ်သေး၊ သင်တဲ့စာတွေကလည်း ကိုယ့်အတွက် လွယ်နေတော့ အားတဲ့အချိန်ဆို စာကြည့်တိုက်ထဲရောက်နေမိတယ်။ သင်တဲ့စာတွေကလွယ်ဆို ကျွန်တော်က ကျောင်းအတူတူတက်တဲ့ အတန်းဖော်တွေထက် အသက်ကြီးတာကတစ်ကြောင်း၊ သင်တဲ့စာတွေကို ရန်ကုန်မှာ အလုပ်အဖြစ်လုပ်လာခဲ့တာက တစ်ကြောင်းဆိုတော့ ဒီက ကလေးတွေကို အနိုင်ကျင့်သလိုဖြစ်နေတယ်လေ။

စာကြည့်တိုက်မှာက အင်တာနက်ကိုလည်းသုံးလို့ရတော့ သွားနေတာလည်းပါတယ်။ အဲဒီတုန်းက အင်တာနက်ဆိုတာ အိမ်တွေမှာလည်း ရှားပါးသေးတယ်။ စာကြည့်တိုက်မှာတောင် သုံးချင်ရင် ကြိုတင်စာရင်းပေးပြီးမှ သုံးခွင့်ရခဲ့တာပါ။ SCV ဆိုတာတော် Singapore Cable Vision ဆိုတဲ့နာမည်နဲ့ရှိတုန်းဖြစ်ပြီး StarHub ဆိုတာ ပေါ်ကာစ ကာလဖြစ်နေတုန်းကာလအချိန်။ နောက်ပိုင်းမှာ အချိန်ပိုင်းအလုပ်လုပ်လာတော့ စာကြည့်တိုက်ကို အရောက်အပေါက် နည်းနည်း လာပါတယ်။

ကျောင်းတက်နေတုန်း အချိန်မှာတော့ ကျောင်းစာကြည့်တိုက်ကိုပဲရောက်ဖြစ်တယ်။ အပြင်က စာကြည့်တိုက်တွေကို သွားချိန်မရှိတာနဲ့ အလည်အဖြစ် တစ်ခါပဲရောက်ဖူးခဲ့တယ်။

အလုပ်စလုပ်တဲ့အချိန်ရောက်မှပဲ National Library မှာ အသင်းဝင်အဖြစ် ၀င်ရောက်ပြီး ဒီက အများပြည်သူ စာကြည့်တိုက်တွေကို ပုံမှန်သွားဖြစ်ပါတော့မယ်။ အသင်းဝင်ကြေးပေးစရာမလိုပဲ ကဒ်ဖိုး S$5 တစ်ခါသာပေးတာနဲ့ အသင်းဝင်ဖြစ်သွားတာမို့ ရန်ကုန်က BC မှာထက်စာရင်တောင် သက်သာနေပါတယ်။

စာကြည့်တိုက်တွေက စပြီးငှားဖြစ်တာကတော့ အလုပ်နဲ့ပတ်သက်တဲ့ နည်းပညာဆိုင်ရာ စာအုပ်တွေ၊ ဘ၀တိုးတက်ရာ ညွှန်းပြတဲ့စာအုပ်တွေကို ပိုအလေးထားငှားဖြစ်လာပါတယ်။ တစ်ခါငှားရင် စာအုပ်လေးအုပ်ငှားခွင့်ရှိပါတယ်။ ငှားခွင့်ကာက သုံးပတ်ပါ။ အဲဒီအချိန်တုန်းက နေတာက Woodlandsမှာ အလုပ်က Jurong ဖက်မှာဆိုတော့ Woodlands Regional Library နဲ့ Jurong Regional Library ကို အသုံးများပြီး စာအုပ်ငှားခဲ့ပါတယ်။

နောက်ပိုင်းမှာ အလုပ်က မြို့ထဲဖက်ပြောင်းသွားတော့ Bugis မှာရှိတဲ့ Central Public Library မှာပဲငှားတာများခဲ့တယ်။ အလုပ်လုပ်တာကြာလာတော့ ကိုယ်စိတ်ဝင်စားရာ စာအုပ်တွေကိုပဲငှားဖတ်ဖြစ်လာတယ်။ အလုပ်ကလည်း နည်းပညာပိုင်းထက်စာရင် marketing, management အဲဒီဖက်ကိုပိုသိချင်လာတော့ အဲဒီနဲ့ဆိုင်တဲ့ စာအုပ်တွေ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ငှားဖတ်လာသလို၊ ဓာတ်ပုံရိုက်ချင်ခဲ့တုန်းကလည်း ဓာတ်ပုံနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ဖြစ်ခဲ့တယ်။ တခါတလေ စိတ်အပန်းဖြေချင်တဲ့အခါ ဇာတ်လမ်း ၀တ္ထု ကိုငှားဖတ်တာပေါ့။ ၂၀၀၈လောက်ကတုန်းက စာကြည့်တိုက်က အလကားပေးတာကို မကျေနပ်နိုင်ပဲ Premium Membership ကို နှစ်နှစ် S$39 ပေးပြီးလုပ်ခဲ့သေးတယ်။ Premium Member ဖြစ်တော့ ရုပ်ရှင် ဒီဗွီဒီအခွေတွေကို ငှားခွင့်ရလာတာပေါ့။ အဲဒီတုန်းက သာမန်အသင်းဝင်တွေက ဒီဗွီဒီအခွေတွေကိုငှားခွင့်မရှိသေးပါဘူး။ အခုတော့ သာမန်အသင်းဝင်လည်း ဒီဗွီဒီအခွေတွေကို အကန့်အသတ်နဲ့ ငှားလို့ရလာပါပြီ။ ရုံပိတ်ရက်မှာသွားလေ့ရှိခဲ့တဲ့ စာကြည့်တိုက်ကတော့ library @ esplanade ပါပဲ။ အခုကျတော့ အလုပ်ကရှုပ်သလို နားချိန်ကနည်းတော့ စာကြည့်တိုက်ကို မရောက်တာတောင် အတော်ကြာနေခဲ့ပြီ။

ဖတ်လာခဲ့တဲ့ စာအုပ်တွေအကြောင်းနဲ့ ကြုံတွေ့ဖူးတဲ့ စာကြည့်လိုက်တွေအကြောင်းကို လွန်ခဲ့တဲ့ သုံးနှစ်၊ ၂၀၀၉ ဇွန် ဂျူလိုင်က ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒီလိုပဲတို့လို့တန်းလန်းဖြစ်နေခဲ့တာ၊ ဆက်ပြီး စာကို အဆုံးသတ်မယ်လိုပြီး မရေးဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။

ဒီလိုနဲ့ ၂၀၁၁ မှာ စာရေးဆရာအောင်သင်း စင်္ကာပူလာတုန်းက သူတည်းတဲ့ အိမ်ကိုသွားပြီး စကားပြောဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆရာပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိနေပါသေးတယ်။ ဆရာပြောတာက

စာဖတ်တဲ့ အလေ့အကျင့်ဆိုတာ ချက်ချင်းဖြစ်တာမဟုတ်ဘူး။ ရော့အင့် ဒီစာအုပ်ကောင်းတယ် ဖတ်ဆိုခိုင်းကြည့် အလေ့အကျင့်မရှိ မဖတ်ချင်ဘူး။ စာဖတ်တဲ့ အကျင့်ဆိုတာ ငယ်ငယ်လေးကတည်းက လေ့ကျင့်လာရတာ။ အသက် နှစ်နှစ် သုံးနှစ်ကလေး စာမဖတ်တတ်ပေမယ့် အရုပ်ကြည့်တတ်တယ်။ သူတို့ကို အရုပ်ပါတဲ့ စာအုပ်ကလေးတွေပေးထားကြည့် အရုပ်ကလေးတွေကြည့်ပြီးဖတ်နေတာ။ တခါတလေများ အရုပ်ကိုကြည့်ပြီး ငြိမ်ပြီး စိတ်ကူးအတွေးတွေ သူတို့စိတ်ထဲမှာဖြစ်နေတာ။ တခါတလေ အရုပ်ကြည့်ပြီး စကားပြောနေတာ… အဲလိုလေးတွေက စပြီးကျင့်လာရတာ။

နောက်ပိုင်း ဒါထက်ကြီးလာတော့ အရုပ်ပါပြီး သရုပ်ဖော်တဲ့စာပါတဲ့ စာအုပ်ကလေးတွေဖတ်လာမယ်၊ နည်းနည်းကြီးလာတော့ စုန်းကဝေ စတဲ့စာအုပ်တွေစိတ်ဝင်စားလာတယ်၊ နောက်စွန့်စားခန်းပါတဲ့ သိုင်းဝတ္ထုလိုစာအုပ်တွေ၊ အဲဒီကမှတစ်ဆင့် အချစ်ဝတ္ထုတွေဖတ်လာမယ်။ အချစ်ဝတ္ထုတောင်မှ အချစ်သက်သက်ဇာတ်လမ်းကိုပဲ အဲဒီအချိန်မှာ စိတ်ဝင်စားမယ်။ နောက်တစ်ဆင့်မှ အချစ်နဲ့ဘ၀အကြောင်းပါတဲ့ စာအုပ်တွေရွေးဖတ်လာမယ်။ နောက်တော့မှ ဘ၀အတွက်တိုးတက်ရာတိုးတက်ကြောင်း စာအုပ်တွေဖတ်လာမယ်။ အဲဒီလိုပဲ စာဖတ်တဲ့ အလေ့အကျင့်ဆိုတာ ဖြစ်လာတာ….

ငယ်ငယ်က စာဖတ်လာတဲ့ အကျင့်မရှိတဲ့သူကို ရော့ဒီ ဘ၀တိုးတက်ရေးအတွက် ဒီစာအုပ်ဖတ်ကောင်းတယ်လို့ သွားပေးလည်း ဖတ်မယ်မထင်နဲ့ လုံးဝမမဖတ်ဘူး။ အဲဒါကြောင့် ကလေးတွေကို စာဖတ်စေချင်ရင် ငယ်ငယ်ကလေးကတည်း လေ့ကျင့်ပေးရမယ်….


ဆရာပြောတာကြားလိုက်ရတော့ မှန်လိုက်တာဆရာ၊ စာအုပ်ဖတ်တယ်ဆိုတာ ဖတ်တာနဲ့အမျှ အသိပညာတွေရ၊ အတွေးအခေါ်တွေရင့်ကျက်၊ အဲဒါဆို မနာလိုဝန်တိုစိတ်တွေနည်းပြီး လူအများစိတ်ချမ်းသာကြရမှာပေါ့။ အဲဒီအတွေးရတာနဲ့တင် စာဖတ်တတ်ဖို့က အင်မတန်အရေးကြီးတယ်ဆို နားလည်လိုက်မိပါတယ်။ စာအုပ်ကြီးတွေချထားပေးလည်း စာမဖတ်တတ်ရင် ဘာမှ အသုံးဝင်မှာမဟုတ်ပါဘူး။

တိုင်းပြည်တိုးတက်ဖို့ဆို အင်မတန်ကောင်းတဲ့ စာကြည့်တိုက်စံနစ်တွေရှိဖို့လိုအပ်နေပါပြီ။ အဲဒါမှလည်း ပြည်သူတွေ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်ကောင်းတွေပေးနိုင်ဖို့ရာလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတော့တယ်။

===============================================================

စကားကြွင်း ။ ။ ကုသိုလ်အဖွဲ့ရဲ့ မြစ်ဝကျွန်းပေါ်က မိဘမဲ့ကလေးတွေအတွက် ပညာသင်ထောက်ပံ့ကြေးအစီအစဉ်မှာ ကူညီလုပ်နေတုန်း၊ တခါတလေမှာ စိတ်ထဲမှ ဖြစ်မိတဲ့အတွေးက ကလေးတွေ ဒီနှစ်မှာကျောင်းတက်ပြီး နောက်နှစ်တွေမှာ မတက်ဖြစ်ခဲ့ရင် ငါတို့ ကူညီတာတွေထိရောက်ပါ့မလားဆိုတာပါပဲ။ အခုနောက်ပိုင်းမှာ ဖြစ်တဲ့အတွေးက ငါတို့ကူညီလိုက်လို့ ကလေးတစ်ယောက်စာဖတ်တတ်သွားခဲ့ရင် အဲဒီကလေးဘ၀အတွက် အထောက်အပံ့ဖြစ်သွားပြီ။ သတင်းတွေဖတ်ဖြစ်မယ်ဆို အသိပညာတိုးပွားလာမယ်၊ ဆုံးမစာလေးဖတ်မိမယ်ဆို လူကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းပိုများသွားမယ်။ ငါတို့ပေးလိုက်တာဟာ ငါတို့အတွက် မုန့်ဖိုးလောက်ဖြစ်ပေမယ့် သူတို့အတွက် ဘ၀တစ်ခုကောင်းကျိုးဖြစ်သွားမယ်ဆိုတဲ့ စိတ်ထားနိုင်လိုက်ပြီး စိတ်ချမ်းသာမှုပိုရခဲ့ပါတယ်။

ကုသိုလ်အဖွဲ့ရဲ့ အလှူခရီးမှတ်တမ်းတချို့ကို http://kutho-org.blogspot.sg/ နဲ့ http://kutho.org/ မှာ လေ့လာကြည့်ရှုလို့ရပါတယ်။

4 comments:

NSA said...

စာမရေးတာကြာလွန်းနေတဲ့သူကြီး အသစ်တက်တာ လာဖတ်သွားပါတယ်.. ဖတ်ရကျိုးလည်း နပ်ပါတယ်.. ဒီပို့စ်ကို ရွာက ဂရုစာမျက်နှာမှာ သွားရှဲ လိုက်ဦးမယ်...
ဆရာဦးအောင်သင်းပြောခဲ့တဲ့စကားလေးတွေ ပြန်ရေးပြတာ ကျေးဇူးတင်တယ်.. သမီးလေးက အသက် ၁၀ လလောက်က စပြီး ခု ၁ နှစ် ၄ လလောက်ထိ.. အရုပ်စာအုပ်ကို ငြိမ်ပြီး ကြည့်နေတတ်တယ်။ သူ့စိတ်ထဲ ဇာတ်လမ်းတွေ ဆင်နေတတ်ပြီလား ဒီတိုင်းကြည့်နေလားတော့မသိ... အတည့်မကြည့်တတ်သေးဘူး..ဘာပဲ ဖြစ်ဖြစ် စာဖတ်ဝါသနာ ပါလာနိုင်တယ်ဆိုတော့ ဝမ်းသာရတယ်.. မြန်မာစာ ကောင်းကောင်းဖတ်တတ်၊ ခံစားတတ်ရင် ပိုဝမ်းသာရမယ်..အဲဒါအတွက်ေ ခါင်းခဲနေတာ..။

စာအရှည်ကြီး ဖတ်ရကျိုးနပ်တယ် ကိုပီတိ .. :))


pifpif

Thomas said...
This comment has been removed by the author.
P.Ti said...

ကျေးဇူးတင်ပါတယ်။ NSA ဆိုတော့ လန့်သွားတာပဲ National Security Agency ကလားလို့ ပြီးတော့မှ ဆင်ဆင်ဖြစ်နေတာကိုး...

စာရေးချင်ပေမယ့် မရေးတာကြာတော့လည်း ရေးရမှာပျင်းနေတယ်။ :D

hling hling said...

ကျေးဇူးပါ။ပြန် share ပါရစေ။အခြားသူတွေ အတုယူနိုင်အောင်ပေါ့။နောင်လည်း သိတာလေးတွေ ဝေမျှပေးစေချင်ပါတယ်။

Ratings