Thursday, October 11, 2012

ထိုင်းနိုင်ငံသို့ အလည်တစ်ခေါက် - ကန်ချနာဘူရီ

တနင်္လာနေ့

၆း၃၀ အိပ်ရာက ထဖို့ နှိုးစက်ပေးထားပေမယ့် မနက်အိပ်ယာကနိုးတော့ ၇ နာရီဖြစ်နေပြီ။ အမြန်ထပြင်ဆင်ပြီး ဟိုတယ်အောက်ကို မနက်စာဆင်းစား။ စားနေတုန်းပဲရှိသေးတယ် ခရီးသွားကုမ္ပဏီက ကားကလာခေါ်နေပြီ။ လာခေါ်တာကတော့ ဆလွန်းကားနဲ့ ပြီးတော့ သူ နဲ့ ကျွန်တော်နှစ်ယောက်ထဲ။ မောင်းသွားတဲ့နေရာကတော့ သူတို့စုရပ်ရှိတဲ့နေရာ ခရီးသွားကုမ္ပဏီ ခြံဝန်းထဲကို။ ဟိုတယ်ပေါင်းစုံက သူတို့ ခရီးအစီအစဉ်ဝယ်ထားတဲ့လူတွေကိုလိုက်ခေါ်ပြီး သူတို့ကုမ္ပဏီမှာစု ပြီးမှ ဘတ်စ်ကားကြီးတွေနဲ့ ဆက်ပြီးခရီးထွက်မှာဖြစ်ပါတယ်။

အဲဒီမှာ လူစုံဖို့ မိနစ်နှစ်ဆယ်လောက်စောင့်ပြီးတော့ ကွေးမြစ်တံတားနဲ့ သေမင်းတမန်ရထားလမ်းကိုသွားမယ့်သူများ လို့ခေါ်တာနဲ့ လိုက်သွားပြီး ဘတ်စ်ကားကြီးတစ်စီးကိုညွှန်ပြပြီး တက်ခိုင်းတယ်။ အယောက်လေးဆယ်ဆန့် ကားကြီးပေါ်မှာ စုစုပေါင်း ၁၅ယောက်လောက်ပဲပါတယ်။ ကားစထွက်ကတည်းက ဧည့်လမ်းညွှန်အမျိုးသမီးကြီးက အာဇ္ဇ၀န်း ရွှင်ရွှင်နဲ့ မိတ်ဆက်စကားပြော၊ သွားမယ့် ခရီးက နှစ်နာရီခန့်ကြာမည်ဖြစ်ကြောင်း၊ သွားမယ့်နေရာက ကန်ချနာဘူရီ (Kanchanaburi) JEATH ဆိုတဲ့ ပြတိုက်၊ စစ်သင်္ချိုင်း ပြီးတော့ ကွေးမြစ်တံတားဖြစ်ကြောင်း၊ အဲဒီကမှ တစ်ဆင့် သေမင်းတမန်ရထားလမ်းတစ်လျှောက် ရထားစီးပြီး လေ့လာမှာဖြစ်ကြောင်း၊ ပထမသွားမယ့်နေရာမှာ မွန်ဘုန်းတော်ကြီးတစ်ပါး စတင်ထူထောင်ထားတဲ့ ပြတိုက်ကလေးဖြစ်ကြောင်း၊ ပြတိုက်က လာတဲ့လူတွေကို တံတားဆောက်တုန်းက လူတွေ ဘယ်လိုနေခဲ့ရတယ်ဆိုတာ ခံစားရနိုင်ဖို့ ၀ါးတဲကလေးဖြင့်သာဆောက်လုပ်ထားကြောင်း၊ ပြီးတော့ ထိုင်းနိုင်ငံအကြောင်း သိကောင်းစရာတွေပြောပါတယ်။

ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ကြောင်း၊ ဘုန်ကြီးပေါင်း ၄သိန်းခန့်၊ ဘိက္ခုဏီကတော့ အယောက်ခုနှစ်ဆယ်ခန့်သာရှိကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် တခြားယုံကြည်မှုတွေဖြစ်တဲ့ ဟိန္ဒူအယူအဆ၊ တရုတ်ဗုဒ္ဓဘာသာ အယူအဆများလည်းရှိကြောင်း ဆက်တိုက်ပြောတာပါတယ်။

တချို့အချက်အလက်တွေကတော့ ကျွန်တော်လည်း မကြားတချက်ကြားတချက်။

သေမင်းတမန်ရထားလမ်းနဲ့ ကွေးမြစ်တံတားကို ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းကို ရိက္ခာ၊ စစ်လက်နက်တွေ ပို့ဆောင်ဖို့ အတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ဖက်ကို ဘုရားသုံးဆူတောင်ကြားလမ်းကနေဖြတ်ပြီး သံဖြူဇရပ်အထိရောက်ပါတယ်။ ထိုင်းနိုင်ငံအတွင်းက ရထားလမ်းက အသုံးပြုလို့ရနေသေးပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ အဲဒီရထားလမ်းကို မသုံးတော့ဘူး ထင်တာပဲ။ ဖွံ့ဖြိုးလာရင် ထိုင်းတွေလိုပဲ ပြစားလုပ်စား လုပ်သင့်ပါတယ်။

ရထားလမ်းကို ဂျပန်စစ်တပ်က မဟာမိတ်တပ်က စစ်သုံ့ပန်းတွေရယ်၊ မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့ပါ။ ရာသီဥတုဒဏ်၊ နေထိုင်စားသောက်ရတဲ့ အခြေအနေ၊ လုပ်ကိုင်ရတဲ့ အလုပ်တွေ၊ ဂျပန်စစ်တပ်ရဲ့ နှိပ်စက်မှုတွေကြောင့် မဟာမိတ်တပ်သား ၁၆၀၀၀ ကျော် နဲ့ အလုပ်သမားပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ရပါတယ်။ The Bridge on the River Kwai ဆိုတဲ့ ရုပ်ရှင်ကြောင့်လည်း ဒီတံတားက လူသိများပြီး အခုတော့ ခရီးသွားလုပ်ငန်းအတွက် နေရာကောင်းတစ်ခုဖြစ်နေပါပြီ။ အဲဒီရုပ်ရှင်ကြောင့်လည်း ဒီတံတားကိုရောက်ချင်ခဲ့တာလည်း ပါပါတယ်။

ကားမောင်းလာတော့ လမ်းဘေးတစ်လျှောက်မှာ စင်္ကာပူမှာမမြင်ရမယ့် မြင်ကွင်းကျယ်တွေတွေ့ရမယ်လို့စိတ်ကူးမိပေမယ့် လက်တွေ့မှာ ကန်ချနာဘူရီ သာရောက်ရော ကားလမ်းတစ်လျှောက် အိမ်ခြေရာတွေ ပြတ်တယ်ရယ်လို့ကို မတွေ့ရပါဘူး။

လမ်းမှာ မိုးရွာထားလို့ လမ်းမပေါ်ရေကြီးနေတာလည်း တွေ့ခဲ့တယ်။


သစ်ပင်ကြီးလဲနေတာလည်း တွေ့ခဲ့တယ်။

လမ်းလယ်မှာ ဓာတ်တိုင်ကြီးတွေလည်းတွေ့ခဲ့တယ် (ဟမ်)

နှစ်နာရီလောက်မောင်းပြီးတော့ ကန်ချနာဘူရီမြို့ထဲကိုဝင်လာပါတယ်။ အဲဒီမှာ အင်မတန်နာမည်ကြီးတဲ့ မွန်ဘုန်းကြီးတစ်ပါးက မြို့ကိုတိုးတက်ရာတိုးတက်ကြောင်း အများကြီးလုပ်ခဲ့ကြောင်း။ ဘုရင်ကိုယ်တိုင် ကြည့်ညိုလွန်းလို့ နန်းတွင်းမှာထား ကိုးကွယ်ကြောင်း၊ အခုဆို သက်တော် ၉၆နှစ်ရှိနေပြီးဖြစ်ကြောင်းပြောပါတယ်။ (သူကပြောပါတယ် အဲဒါ ခေါင်းဆေးကျွန်းဆရာတော်ကြီး ဖြစ်နိုင်ကြောင်း)

အခုသွားတာကလည်း အဲဒီဘုန်းတော်ကြီး စတင်စုဆောင်းထားတာတွေကို ပြသထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြို့ထဲရောက်ပြီး ခဏနေတော့ လမ်းလေးတစ်ခုထဲကိုချို့ကွေ့ဝင်သွားပြီး ပြတိုက်ကလေးကိုရောက်သွားပါတယ်။ ပြတိုက်ကိုတော့ ၀ါးတွေနဲ့ဆောက်လုပ်ထားပြီး ခပ်သေးသေးခပ်နိမ့်နိမ့်ပါပဲ။ အ၀င်မှာ ဘုန်းတော်ကြီးရဲ့ ရုပ်ထုကိုပြသထားပါတယ်။

အထဲကိုဝင်တော့ ဓာတ်ပုံမရိုက်ရစာတန်းကြောင်း လေးစားလိုက်နာကာ အများကြီးမရိုက်ခဲ့ပါဘူး။ အမှတ်တရအနေနဲ့ နှစ်ပုံတော့ ရိုက်ခဲ့ပါတယ်။

ပြထိုက်ထဲမှာတော့ စုဆောင်းထားတဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ၊ ပန်းချီတွေ စစ်လက်နက်ပစ္စည်းတွေကို ပြသထားပါတယ်။ ပြတိုက်ရဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်ကို မုန်းတီးဖို့ မဟုတ်ပဲ စစ်ရဲ့ အနိဌာရုံကို သိရှိစေရန်သာဖြစ်ပါတယ်တဲ့။

အဲဒီကနေထွက်လာပြီးတော့ စစ်သင်္ချိုင်းကိုသွားပါတယ်။ စစ်သင်္ချိုင်းအလှကိုမပျက်စေဖို့ ထိန်းသိမ်းရေးအဖွဲ့က အဲဒီရှေ့က မြေကွက်လပ်ကိုတောင် ၀ယ်ပြီး ထိန်းသိမ်းထားတယ်လို့လဲပြောတယ်။

စစ်သင်္ချိုင်းရောက်တော့ မိုးရွာထားလို့ ရေတွေဝပ်နေတယ်၊ လူအများဝင်လို့ရှိရင် ပျက်စီးမျာစိုးလို့ဆိုပြီး ပိတ်ထားလေရဲ့။ အထဲကို မ၀င်ရပေမယ့် အပြင်ကနေလှမ်းကြည့် ဓာတ်ပုံရိုက်ခဲ့ရပါတယ်။

အဲဒီ စစ်သင်္ချိုင်းမှာ ရထားလမ်းတည်ဆောက်တုန်း ကျဆုံးခဲ့တဲ့ မဟာမိတ်စစ်သားပေါင်း ၆၉၇၂ ကို မြုပ်နှံထားတာဖြစ်ပြီး Commonwealth War Graves Commission က ထိန်းသိမ်းထားတာဖြစ်ပါတယ်။

တံတားတည်ဆောက်တုန်းက စုစုပေါင်းလူဘယ်နှစ်ယောက် သေဆုံးခဲ့တယ်ဆိုတာ မှတ်တမ်းအတိအကျမရှိတော့ ခန့်မှန်းချေကိုသာပြောကြကြောင်း၊ ဒါကြောင့် ရထားလမ်းမှာရှိတဲ့ ဇလီဖားတုန်းတစ်ခုမှာ လူတစ်ယောက်သေဆုံးခဲ့တယ်ဆိုတဲ့ အဆိုတော့ရှိတယ်လို့လည်း ရှင်းပြပါတယ်။

ခဏပဲကြည့်၊ ဓာတ်ပုံရိုက် ပြီးတာနဲ့ ကွေးမြစ်တံတားဆီကို ဆက်ပြီးသွားခဲ့ပါတယ်။ ကွေးမြစ်တံတားနားမှာ ကားကိုရပ်လိုက်ပြီး သယ်လာတဲ့ ပစ္စည်းတွေအားလုံးကိုလည်း ကိုယ်နဲ့ တစ်ပါတည်းယူခိုင်ပါတယ်။ တံတားပေါ်ဖြတ်ကြည့်ပြီးရင် ရထားနဲ့ဆက်ပြီး ခရီးဆက်မှာမို့လို့ပါ။

ဒီ နာမည်ကျော်တံတားကို ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တံတားအလယ်ပိုင်းက ကျိုးပျက်ခဲ့ပါတယ်။ အခုလက်ရှိတံတားက ဒုတိယကမ္ဘာစစ်ပြီးတော့မှ ဂျပန်ကုမ္ပဏီ ယိုကိုဂါဝါ တံတားတည်ဆောက်ရေးလုပ်ငန်းက ပြန်လည်တည်ဆောက်ပေးခဲ့တာပါ။ နောက်ဆောက်တဲ့ တံတားအပိုင်းရဲ့ သံဘောင်က လေးထောင့်ချိုးပုံစံဖြစ်ပြီးတော့ မူလတံတားရဲ့သံဘောင်ပုံစံက အ၀ိုင်းပုံစံဖြစ်ပါတယ်။

တံတားပေါ်ကိုလမ်းလျှောက်ပြီး လေ့လာကြည့်ရှု၊ ပြီးတော့ ဓာတ်ပုံတွေကိုရိုက်။ ကွေးမြစ်ကတော့ မိုးတွင်းမို့လို့ထင်ပါရဲ့ ရေရဲ့အလျင်က ညစ်နောက်နေတယ်။ သဘာဝပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုမြင်ရတော့ စိတ်ရွှင်လန်းမှု ရတာကတော့ အမှန်ပါပဲ။

တံတားတဖက်အဆုံးအထိတောင်မရောက်ဘဲ လမ်းလျှောက်ဓာတ်ပုံရိုက်ပြီးချိန်လောက်မှာ ရထားဘူတာကိုသွားဖို့ အချိန်ကိုရောက်သွားပါပြီ။ ရထားက ၁၁ နာရီမှာ ဘူတာကိုရောက်မှာဖြစ်လို့ တံတားကနေ ၁ ဖာလုံလောက်ဝေးတဲ့ ဘူတာကို လမ်းလျှောက်သွားကြတယ်။ နေကတော့ အင်မတန်ပူတော့ ရေလည်းအင်မတန်ငတ်ပါတယ်။ လမ်းဘေးဆိုင်လေးက ရေသန့်ကို ဘတ် ၂၀ပေးပြီးသောက်၊ ဘူတာကိုရောက်တော့ ရထားကိုစောင့်။ ဂိုက်အမျိုးသမီးကတော့ ပြောရှာလေတယ်၊ လော်ကယ်ရထား (local train) တွေက ဘယ်တော့မှ အချိန်မမှန်ဘူးတဲ့။ မြန်မာပြည်နဲ့ သူမသာကိုယ်မသာလောက်ပဲပေါ့။

အားလုံးမျှော်တဲ့ရထားက ၁၁း၁၅ လောက်မှ ဘူတာကိုဝင်လာလေရဲ့။

ရထားလည်းရပ်ရော ရထားပေါ်အပြေးတက်နေရာယူကြတယ်။ ရထားတွဲက တတိယတန်းဆိုတော့ သစ်သားထိုင်ခုံ နဲ့ ဘဘာဝလေအေး စနစ်နဲ့ ဖြစ်ပါတယ်။

ရထားပေါ်မှာ သတ်မှတ်ထားတဲ့ ခုံမှာထိုင်ရပေမယ့် တော်သေးတာက ရှေ့ကိုလှည့်တဲ့ခုံဖြစ်နေတာပါ။ သူက နောက်လှည့်တဲ့ ခုံဆို မထိုင်တတ်ပဲ မူးတတ်တယ်။ မျက်နှာချင်းဆိုင် ထိုင်ခုံ မှာကတော့ အနောက်တိုင်းသား လင်မယားနှစ်ယောက်၊ မိန်းမက ဗွီဒီယို ကင်မရာနဲ့ ဟိုရိုက်ဒီရိုက်နဲ့ပါလာတယ်။

ဘူတာကလည်းထွက်ပြီးတော့ ခုနက လမ်းလျှောက်ခဲ့တဲ့ တံတားပေါ်ကို ဖြတ်အသွား အားလုံး စိတ်လှုပ်ရှားစွာနဲ့ အပြင်ကိုထွက် ခေါင်းပြူထွက်ကြည့်ရှုကြတယ်။ တံတားဘောင်နဲ့ ရထားနဲ့ အရမ်းနီးနေတာ့ သတိထားပြီး သိပ်တော့ ခေါင်းမပြူရဲဘူး။

ရထားစထွက်ခါစမှာ အားလုံးက အထူးတဆန်းနဲ့ အပြင်ကိုကြည့်လိုက် ဓာတ်ပုံရိုက်လိုက် နဲ့ လုပ်လာပေမယ့် နည်းနည်းလည်းကြာလာရော ဂျုံးဂျုံးဂျက်ဂျက်နဲ့ ရထားလှုပ်သိပ်တဲ့ အရသာကို မနည်းတောင့်ခံကာ လိုက်ခဲ့ရတယ်။ တချို့တလေကတော့ အိပ်ငိုက်ကာ လိုက်ပါကြလေရဲ့…

လူလုပ်အားသက်သက်ဖြင့် ကျောက်တောင်ကြီးတွေကို ဖောက်ထားတာတွေကိုလည်း ဖြတ်ခဲ့ရတယ်။

ဖြတ်လာရာလမ်းတစ်လျှောက် ကြံခင်းတွေလည်းတွေ့ရဲ့၊ စပါးခင်းတွေလည်းတွေ့ရဲ့်။ မြန်မာပြည်နဲ့တူတာနောက်တခုက ကြက်ဆူပင်တွေကို အများအပြားစိုက်ထားတာပဲဖြစ်ပါတယ်။

အဝေးကတောင်တန်းကိုလည်းတွေ့တယ်။ စိတ်ကူးထဲမှာတော့ အဲဒီတောင်တွေကို ကျော်လိုက်ရင် မြန်မာပြည်ထဲ ရောက်သွားမလားဆိုပြီးတွေးနေမိသေးတယ်။

ဒီလိုဘူတာလေးတွေကိုလည်း ဖြတ်လာရတယ်။ တချို့ဘူတာတွေမှာတော့ ရပ်နားပေးတယ်။

ရထားပေါ်မှာ အအေးလာရောင်းတာလည်းရှိတယ်၊ မုန့်လာရောင်းတာလည်းရှိတယ်။ ပလောပီနံနဲ့လုပ်ထားတဲ့မုန့်ဆိုလို့ဝယ်စားကြည့်သေးတယ်။ စားလို့ကောင်းတယ် ဘတ် ၂၀။

ခရီးသွားကုမ္ပဏီကလူကလာပြီး ဓာတ်ပုံရိုက်မယ်ဆိုပြီး နှစ်ယောက်တွဲပုံရိုက်သွားလေရဲ့။ ခရီးစဉ်ပြီးခါနီးမှာ ရိုက်သွားတဲ့ပုံကို ရထားလက်မှတ်လေးနဲ့တွဲပြီး ပလတ်စတစ်လောင်းထားပြီး လိုက်ပြတယ် ယူမလားတဲ့။ အမှတ်တရ ဘတ် ၁၀၀။

တစ်နာရီလောက်လည်းမောင်းပြီးရော ဂိုက်အမျိုးသမီးက ရှေ့နားမှာ ဒီရထားလမ်းရဲ့က အဓိက ရှုခင်းဖြစ်တဲ့ တံတားကိုဖြတ်တော့မယ်ဆိုပြီးလာပြောပါလေရော။ တဖက်က မြစ်၊ တဖက်က တောင်ကမ်းပါးရံကြီးရှိတယ်။ ဓာတ်ပုံရိုက်ဖို့ပြင်ထားပါလို့လည်းပြောလိုက်ရော ရထားတစ်တွဲလုံ လှုပ်ရွလှုပ်ရွဖြစ်ကာ အပြင်ကို ခေါင်းပြူကြည့်ကြ၊ ကင်မရာကို အသင့်ပြင်ကြနဲ့ အလုပ်တွေရှုပ်ကုန်ကြတယ်။

ကျွန်တော်ခေါင်းထွက်ကြည့်တော့ ဘေးမှာ ကွေးမြစ်ကိုလှမ်မြင်နေရတယ်။ ရထားကတည်း တံတားနားမှာ အရှိန်လျော့ပြီး ဖြည်းဖြည်းချင်းသာသွားနေလေတယ်။ တံတားက သစ်သားနဲ့ လုပ်ထားတဲ့ တံတားဖြစ်တယ်။ ဒီတံတားနဲ့ ရထားနဲ့ ဓာတ်ပုံကို ကြော်ငြာတဲ့ ပိုစတာမှာ တွေ့မိတော့ ဓာတ်ပုံကောင်းကောင်းများရလေမလားဆိုပြီး ကြိုးစားပြီးရိုက်တယ်။ ဒါပေမယ့် တခြားလူတွေနဲ့ အလုအယက်ကြိုက်ရတော့ ဓာတ်ပုံတွေက ထင်သလောက်မကောင်း။ (ဒီလိုပဲ အပြစ်တင်စရာရှာရတာပေါ့)


တံတားဖြတ်အပြီးမှာ ကျွန်တော်တို့ရဲ့ ခရီးအဆုံးဘူတာကိုရောက်လို့ ရထားပေါ်ဆင်းပြီး ခုနက ဖြတ်လာတဲ့ တံတားပေါ်ဖက်ပြန်လျှောက်ပြီး ဓာတ်ပုံရိုက်ကြပါတယ်။ ရထားကြီးကတော့ ဆက်လက်ထွက်ခွါသွားလေရဲ့….

အနီးအနားမှာရှိတဲ့ ထုံးကျောက်ဂူထဲကိုဝင် ဘုရားလည်းဝင်ဖူး လိပ်ဥလည်းဝင်တူး အဲ - ဓာတ်ပုံလည်း ရိုက်။

ပြီးတော့မှပြန်ထွက်လာပြီး ရှုခင်း နဲ့ တံတားတွေကို ထပ် ဓာတ်ပုံရိုက်။ သိပ်အကြာကြီးမနေနိုင်ဘူး။ နေကပူ ဗိုက်ကလည်းဆာ ပြီးတော့ ကိုယ့်ကြောင့်သူများတွေ မစောင့်ရအောင် ခပ်သွက်သွက်ပဲ ဓာတ်ပုံရိုက်တာကို အပြီးသတ်၊ ကားရပ်ထားတဲ့ နေရာကို လမ်းလျှောက်သွား၊ ကားပေါ်ရောက်မှပဲ ရေသောက်အမောဖြေရတော့တယ်။

အဲဒီကနေပြီးတော့ ထမင်းကျွေးမယ့်နေရာကို မောင်းသွားပါတော့တယ်။ ထမင်းစားတဲ့နေရာမှာ ဘူဖေးကျွေးတယ်ဆိုတော့မယ် ထမင်း၊ ခရမ်းချဉ်သီးထမင်း ကြက်သား၊ အရွက်ကြော်၊ အီတလီခေါက်ဆွဲ၊ ဆာတေးပဲရှိတော့ ရွေးစရာသိပ်မရှိ ထမင်းနဲ့ ကြက်သား၊ နဲ့ ဆာတေးကိုစားပါတယ်။ အအေးသောက်ချင်တော့ ဘူးဖေးထဲမှာမပါပါ၊ ဘတ်၂၀ ပေးရပါပြန်ပါပြီ။

စားပြီးတော့ ငှက်ပျောသီးကြော်ကို ချက်ချင်းကြော်ပေးတာတွေ့တော့ သွားယူပြီးစားကြည့်တယ်။ စင်္ကာပူက ငှက်ပျောကြော်နဲ့မတူ မြန်မာပြည်က ငှက်ပျောကြော်တဲ့ ပိုတူပြီး စားလို့ကောင်းတယ်။ စားလို့ကောင်းလို့ နှစ်ခါတောင်ယူစားမိတယ်။

စားပြီးတော့ နေ့လည် ၂ နာရီလောက်ရှိနေပြီ။ ထမင်းစားတဲ့နေရာကနေပြီး ဘန်ကောက်ကို တောက်လျောက်ပြန်မောင်းပြီး ပြန်လာပါတယ်။ လမ်းမှာ ကျားတွေရှိတဲ့ဘုန်းကြီးကျောင်း နေရာကိုပြတယ်၊ အဲဒီကိုသွားချင်ရင် ဒီခရီးစဉ်နဲ့ မတူနဲ့ ခရီးစဉ်ကိုဝယ်ပြီးသွားရပါတယ်။ (River Kwai and Tiger Temple) ဆိုတဲ့ ခရီးစဉ်ကို သတ်သတ်ရောင်းပါတယ်။ ကျွန်တော်တို့သွားခဲ့တာကတော့ River Kwai and Death Railways ဆိုတော့ ခရီးစဉ်ဖြစ်လို့ ကျားဘုန်းကြီးကျောင်းကို မသွားပါဘူး။

လမ်းမှာတွေ့တဲ့ စိုက်ခင်းတွေ မွေးမြူရေးခြံတွေကို CP ကုမ္ပဏီကပိုင်တယ်၊ CP ကုမ္ပဏီ သူဌေးက ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ဆိုပြီး ဂိုက်အမျိုးသမီး ပြောပြပါတယ်။ ဒုတိယအချမ်းသာဆုံးက RedBull အားဖြည့်အချိုရည်ပိုင်ရှင်နဲ့လည်းပြောရဲ့ တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်နဲ့ဝေးကွာပြီး အနားယူမှေးစက်ကာ အိပ်ပျော် သွားပါတော့တယ်။

ပြန်နိုးလာတော့ ဘန်ကောက်မြို့ထဲကိုဝင်နေပြီ။ ကားက ခရီးသွားကုမ္ပဏီ ခြံဝန်းထဲကိုပဲပြန်မောင်းသွားပါတယ်။ အဲဒီကနေမှ တစ်ဆင့် ဟိုတယ်တစ်ခုချင်းစီကို ဆလွန်းကားတွေနဲ့ ပြန်လိုက်ပို့ပေးတယ်။ ဟိုတယ်ရောက်တော့ပဲ ညနေငါးနာရီခွဲနေပြီ။ ကားပေါ်က အိပ်လာတာကြောင့် သိပ်တော့မအိပ်ချင်တော့။ ဟိုတယ်ပြန်ရောက်ပြီး ခဏလှဲ၊ အနားယူ။ ပြီးတော့ ရေချိုးပြီး ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ CentralWorld ထဲကိုသွားဈေးပတ်၊ ၀ယ်စရာကတော့ဘာမှမရှိ၊ ရှိတဲ့ဆိုင်တွေ အကုန်လုံးနီးပါးက စင်္ကာပူမှာလည်းရှိတယ် ဈေးတွေကလည်းသိပ်မကွာ။

သွားရင်းနဲ့ လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ၀င်ကြည့်ရင်း ဓာတ်ပုံတွေကို သိမ်းဖို့ Galaxy Tab အတွက် SD Card adaptor ကိုမေးပြီးဝယ်လိုက်ပါတယ်။ ဘတ် ၆၉၀။ ပါသွားတဲ့ SD Card တွေမှာ ဓာတ်ပုံကပြည့်နေပြီဖြစ်လို့ နောက်နေ့မှာလည်း ရိုက်စရာတွေ ကျန်သေးတာရယ် နောက်လည်း သုံးရအောင်ရယ် တွေးပြီး ၀ယ်လိုက်တာ။

ညစာကိုလည်း သိပ်မရှာချင်တော့တာနဲ့ အဲဒီအနားမှာတွေ့တဲ့ Lee Family ဆိုတဲ့ဆိုင်မှာပဲဝင်စားလိုက်တော့တယ်။ မှာတာက ငပိထမင်းကြော်၊ ကြာဇံကြော်၊ တုန်ယမ်းဟင်းချို၊ ပြီးတော့ ထိုင်း အချိုတစ်ပွဲမှာစားတယ်။ မထင်မှတ်ဘဲ ဘတ် ၇၀၀ ကျော်ကျသွားတယ်။ ဈေးတွေရေးထားပေမယ့် tax တွေ service charges တွေကြောင့် ထင်တာထက်ပိုကုန်သွားတာလေ။

(Lee Family - Lee Family - စလုံးမှာ ရိတ်တာအားမရလို့ ထိုင်းမှာတောင် လိုက်ရိတ်သလား အောက်မေ့ရတယ်ကွာ။)

စားပြီးတော့ ဘယ်သွားမလဲဆိုပြီး စဉ်းစားကြည့်တယ် ဘိုင်ယောက်တာဝါ ( Baiyoke Tower) အပေါ်မှာရှိတဲ့ Observation Deck ကနေ မြို့ကို ကြည့်လို့ရတယ်ဆို ဖတ်ထားမိတော့ အဲဒီကိုသွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ တက္ကစီကိုငှားတော့ မီတာနဲ့သွားမှာဆိုပြီး တက်စီးလိုက်တယ်။ မောင်းနေရင်းနဲ့ လမ်းမအလယ်ရောက်မှ သွားရမှာ တစ်လမ်းမောင်း၊ ကားတွေကရှုပ်တယ်နဲ့ ကားသမားက ၀ူးဝါးဝူးဝါးထလုပ်ပါတယ်။ အဲတော့ ဘာဖြစ်ချင်သလဲဆိုတော့ မီတာမဖွင့်ပဲ ဘတ်၁၀၀ ပေးပါဆိုပြီးပြောလာတယ်။ ကိုယ့်စိတ်ထဲမှာ စနိုးစနောင့်ဖြစ်သွားပြီး မပေးချင်ဘူး၊ ဒါပေမယ့် ပြန်တွေးကြည့်လိုက်ပြန်တော့ ရောက်နေတာ သူများနိုင်ငံ ဘာလုပ်မယ်မှန်းမသိ၊ အသာတကြည့်ပဲ ဘယ်လောက်ဝေးလို့ ဘတ် ၁၀၀ တောင်းတာလဲဆိုတော့ တစ်လမ်းမောင်း၊ ကားတွေကရှုပ်တယ်နဲ့ ပဲပြန်ပြောတယ်။ ညကလည်း ၉နာရီလောက်ရှိနေပြီ သူ့ကားပေါ်မှာလည်းရောက်နေပြီ ဆိုတော့ကာ သဘောမတူချင်ပေမယ့် တူလိုက်ရပါတယ်။ မောင်းပြီး ၂ မိနစ်လောက်လည်းရှိတော့ လမ်းကြားတစ်ခုတည်းဝင်ပြီး ရောက်ပြီဆိုပြောရော၊ စိတ်က နည်းနည်းတိုသွားပြီး နီးနီးလေး ဘတ်၁၀၀ တောင်းရတယ်လို့လဲပြောရော တက္ကစီသမားရုပ်က အချဉ်တစ်ကောင်ရလိုက်တဲ့ အပြုံမျက်နှာနဲ့။ ဆက်စကားမများချင်တော့တာနဲ့ သဘောတူပြီးသား ဘတ် ၁၀၀ ကို အောက်သက်သက်နဲ့ပေးလိုက်ရတယ်။ ကားပေါ်ကနေပြီး အနားမှာရှိတဲ့ လုံခြံရေးကို ဒါ Baiyoke Tower လားလို့ မေးလိုက်ရသေးတယ်။ တော်ကြာ မဟုတ်တဲ့နေရာ ချထားခဲ့မှ မိအေးနှစ်ခါနာဖြစ်နေဦးမယ်။

Baiyoke Tower ကိုတက်ဖို့ လက်မှတ်ဝယ်တော့ တစ်ယောက်ကို ဘတ် ၄၀၀ တဲ့ ၊ နှစ်ယောက်ဆို ဘတ် ၈၀၀။ ပိုက်ဆံလက်ကျန်ကြည့်လိုက်တော့ မနက်ဖြန်အတွက်ပါတွက်ကြည့်လိုက်တော့ သိပ်မလောက်ချင်၊ အဲတော့ လိုရမယ်ရယူလာတဲ့ အစိမ်း ၁ ဒေါ်လာတန်တွေကို လက်မှတ် ကောင်တာမှာပဲ အကုန်လဲလိုက်တယ်၊ အားလုံးပေါင်း ၃၂ ဒေါ်လာ။ တစ်ဒေါ်လာကို ၂၈ဘတ်ကျော်ကျော်ပဲရတယ်။

ရတဲ့ ဘတ် ၉၀၀ ထဲက ဘတ် ၁၀၀ ကိုယူပြီး လက်မှတ်ဖိုး ဘတ် ၈၀၀ ပေးလိုက်တယ်။

Baiyoke Tower က ထိုင်းနိုင်ငံမှာကတော့ အမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ်။

ဓာတ်လှေကားနဲ့ ၇၇ ထပ်မှာရှိတဲ့ skywalk မှာလျှောက်ကြည့်ပါတယ်။ skywalk ကနေ ဘန်ကောက်မြို့ရဲ့ညရှုခင်းကို အပေါ်စီးကနေမြင်ရတယ် တော်တော်လေးလှပါတယ်။ အောက်မှာရှိတဲ့ အဆောက်အဦးတွေ၊ သွားလာနေတဲ့ ကားတွေ၊ အမြန်လမ်းမတွေ ကွန်ယက်ယှက်ဖြာနေတာတွေက မျက်စိပသာဒ ဖြစ်စေပါတယ်။

အဲဒီအပေါ်ကနေမှာ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်လိုလှမ်းကြည့်တာ သိပ်မဝေးလှပါဘူး။ ဘတ်၁၀၀ ပေးတာတွေပြီး ရင်နာလို့ မပြီးသေး။ အပြန်ကျရင်တော့ လမ်းလျှောက်ပြန်ရင်တောင်ရမယ်ဆိုတော့ သူကလည်း လမ်းလျှောက်ပဲပြန်ရအောင်တဲ့။ ကြည့်ရတာ ဘန်ကောက်တက္ကစီကိုနည်းနည်းကြောက်သွားပုံပဲ။

အဲဒီကနေမှာ အပေါ်ကိုလှေကားနဲ့တက်ပြီး လည်နေတဲ့ ကြည့်မျှော်စင် (revolving observation deck) တက်ကြည့်ပါတယ်။ အဲဒီမှာမှန်အလုံမဟုတ်ပဲ ကာထားတဲ့ မှန်ပဲရှိပါတယ်။ ပြီးတော့ အထပ်မြင့်တော့ လေတိုက်ပါတယ်။ လေတိုက်ပေမယ့် သိပ်မအေးပဲ ရာသီဥတုက နည်းနည်းနွေးနေပါသေးတယ်။ သူလှည့်တဲ့အတိုင်းလိုက်စီးပြီး ဘန်ကောက်မြို့ကို အပေါ်စီးကနေ နှစ်ပတ်လောက်ကြည့်ပြီး skywalk ကို ပြန်ဆင်းခဲ့ပါတယ်။


အဲဒီမှာရှိတဲ့ Bar မှာ လက်မှတ်ထဲမှာပါတဲ့ အလကားတိုက်တဲ့ ကော့တေးမှာသောက်၊ အေးအေးဆေးဆေးထိုင် စကားပြောလိုက်၊ Facebook တက်လိုက်နဲ့ နားနေပါတယ်။ ပြန်ဆင်းလာတော့ ည ၁၀ နာရီ ခွဲခါနီးနေပြီ။

Baiyoke Tower ကထွက် လမ်းထဲမှာရောင်းနေသေးတဲ့ ညဈေးကိုဖြတ် နှစ်ယောက်သား ဟိုတယ်ကိုပြန်လမ်းလျှောက်လာခဲ့တော့တယ်။ လမ်းလျှောက်တာတောင် ၁၅မိနစ်လောက်သာကြာတဲ့ ခရီး ဘတ်၁၀၀ ပေးရတာ သတိရနေတုန်း …

--------------------------------------------------------------------------

မှတ်ချက်။ ဘန်ကောက် တက္ကစီများ မီတာမဖွင့်ရင် မစီးပါနဲ့။ မီတာနဲ့ လို့ပြောပြီး မီတာကို ရအောင်ဖွင့်ခိုင်းပါ။

ခရီးသွားရင် လိုလိုမယ်မယ် အိမ်မှာရှိတဲ့ အမေရိကန်ဒေါ်လာအနည်းအကျဉ်းလည်းယူသွားပါ။ အသုံးဝင်ပါတယ်။ ဒေသသုံးပိုက်ဆံ အလုံအလောက် ပါတာ အကောင်းဆုံးပါပဲ။

အင်တာနက်သုံးလိုရင် dtac က happy internet sim card ကိုဝယ်သုံးရင် ၆၉ ဘတ်နဲ့ ဆို တစ်ရက် unlimited ရပါတယ်။ နောက်ရက်တွေမှာသုံးချင်ရင် top-up လုပ်လို့ရပါတယ်။
7-11 ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ လေဆိပ်မှာ ၀ယ်ရင်လည်း အလွယ်တကူဝယ်လို့ရပါတယ်။

Read More...

Tuesday, October 9, 2012

ထိုင်းနိုင်ငံသို့ အလည်တစ်ခေါက် - ဘန်ကောက် မှာ ဈေးဝယ်

တနင်္ဂနွေနေ့

မနက် နိုးတော့ ၈ နာရီဖြစ်နေပြီ။ ဟိုတယ်က မနက်စာစားဖို့ သွားတော့ ထမင်းစားခန်းနားမှာ ခရီးသွားကုမ္ပဏီက အရောင်းကောင်တာတစ်ခုကိုတွေ့လိုက်မိတယ်။ အဲဒါနဲ့ ကွေးမြစ်တံတားခရီးစဉ်ကို စုံးစမ်းကြည့်လိုက်ပါတယ်။ တစ်ယောက်ကို ဘတ် ၁၉၀၀ ၊ ခရီးစရိတ်အပြင် နေ့လည်စာပါကျွေးမယ် အပြီးအစီးဆိုတော့ စိတ်ဝင်စားမိတယ်။ သွားဖို့ကိုတော့ တနင်္လာနေ့ကို ရွေးလိုက်တယ်။ ဒီနေ့ကိုတော့ စနေ-တနင်္ဂနွေမှာပဲ ဖွင့်တဲ့ Chatuchak Weekend Market ကိုသွားဖို့ ရွေးချယ်ထားပြီးဖြစ်နေလို့လေ။

မနက်စာစားပြီးတော့ ရုံးကလူ တချို့နဲ့ တက္ကစီငှားပြီး ချတုချတ်ဈေးကိုချီတက်သွားကြသည်။ တက္ကစီနှစ်စီးကားသွားပေမယ့် ဟိုရောက်တော့ အရင်သွားတဲ့ အဖွဲ့တွေကိုရှာမတွေ့။ ကိစ္စတော့မရှိ - ကိုယ့်အစီအစဉ်နဲ့ကိုယ်သွား ဘယ်သူ့ကိုမှ မစောင့် ပြီးရင် ကိုယ့်အစီအစဉ်သာပြန်ဖို့ ပြောထားပြီးသား … တက္ကစီခက ဘတ် ၈၀ ကျတယ်။

ချတုချတ်ဈေး က ဈေးဆို တဲ့နေရာမှာ နာမည်ကြီးပြီးသား - ဈေးဆစ်ရင် တစ်ဝက်မက ဆစ်ဖို့ ပြောထားကြတဲ့နေရာ။
ဈေးရောက်တော့ သြော် ရန်ကုန်က လေဟာပြင်လိုဈေးကြီးကိုး…


ဈေးဝင်ကတည်းက တွေ့ရတာ အ၀တ်အထည်တန်းတွေ… ဈေးတွေမေး - ပြောသလိုဈေးဆစ်ကြည့်တော့ ဘယ်လိုမှမရ။ ၁၀ဘတ် ၊ ဘတ်၂၀ လောက်တောင် မနည်းဆစ်ယူရတယ်။ မယူဘူး ဆိုပြီး မူပြီး ထွက်သွားတော့လည်း ပြန်မခေါ်ဘူး။ အဲတော့ ဈေးအမှန်ပဲပြောနေတာလား စိတ်ထဲမှာဖြစ်လာတယ်။

တီရှပ်တစ်ထည်မှာ ရေးထားတဲ့ စာသားကိုကြိုက်လို့မေးကြည့်တော့ ကျွန်တော်နဲ့ကိုက်တဲ့ဆိုက်ဆို ဘတ် ၁၈၀ တဲ့… မနည်းဆစ်တော့မှ ၁၅၀ နဲ့ရလာသည်။

ထိုင်းပိုး ပ၀ါလေးတွေလှလို့မေးတော့ ဘတ် ၂၀၀ က မဆင်း။ ဟိုကြည့်ဒီကြည့်သာကြည့်တယ် ဘာမှသိပ်မ၀ယ်ဖြစ်။ နောက်ထပ် ထိုင်း စတိုင် ချည်သားအင်္ကျီလေးလှလို့ ဈေးဆစ်ဝယ်တော့ ဘတ် ၂၅၀ နဲ့ရလာတယ်။

သူက ပ၀ါတွေကိုဈေးမေးတယ်။ ဒါပေမယ့် ဈေးကကြီးနေတာနဲ့ မ၀ယ်ဖြစ်။ တစ်ဆိုင်ကတော့ နှစ်ထည်ကို ဘတ်၂၅၀နဲ့ပေးတယ်။ တစ်ထည်ကို ဘတ် ၁၀၀ နဲ့ဈေးဆစ်တာ မအောင်မြင်တာနဲ့ ထားခဲ့ပြီးထွက်လာခဲ့တယ်။

ဈေးကတော်တော်ကြီးကြီးပြီး ဆိုင်တွေကလည်း စုံလှသည် - လက်မှုအထည်တွေ၊ ပရိဘောဂ၊ ပန်းအလှပြင်၊ အမွေးအကြိုင်၊ အစားအသောက်၊ အ၀တ်အထည်၊ အကုန်အစုံရှိတယ်။




ချောင်ကျတဲ့ဆိုင်တစ်ဆိုင်မှာ သားရေအိတ်ကလေးတွေလှလို့မေးကြည့်တော့ ဘတ် ၃၅၀၀ (ဒေါ်လာ ၁၄၀ ခန့် ) တဲ့၊ သူက စိတ်ဝင်စားပြီး ၀ယ်ချင်ပေမယ့် လက်ရာက အရမ်းကြီးမသေသပ်ဘူးဆိုပြီး အပြစ်ရှာပြောကာ သူ့ကို ဆွဲခေါ်လာခဲ့တယ်။

ရောက်တဲ့နေရာတိုင်းမှာ သံလိုက်နဲ့ကပ်လို့ရတဲ့ အမှတ်တရပစ္စည်းတွေ ၀ယ်တတ်တာမို့ ဆိုင်တစ်ဆိုင်မှာ သုံးခုကို ဘတ် ၁၀၀ နဲ့ ရအောင်ဆစ်ပြီးဝယ်လာခဲ့မိသေးတယ်။

ဈေးပတ်ပြီး မောလာတော့ ထိုင်းရေခဲလက်ဖက်ရည်သောက်ပြီးအမောဖြေ။ နောက်တစ်နေရာရောက်တော့ ကြွေဘုရားပန်းအိုးကို တစ်အိုးကို ဘတ် ၇၀ နဲ့ ဈေးဆစ်ဝယ်လာခဲ့တယ်။

ကွမ်းရွက်ကို ကြက်သွန် သံပုရာသီး နဲ့ အချိုရည်တွေထည့်ပြီး ကွမ်းယာလိုယာနေတာကိုလည်းတွေ့ခဲ့တယ်။ ဘာမှန်းမသိလို့ ၀ယ်မစားခဲ့တော့ဘူး။


ပြီးတော့ ဟိုကြည့်ဒီကြည့်ရင်း ထိုင်းပိုး ပ၀ါဆိုင်တစ်ခုကိုရောက်တော့ ဈေးဝင်မေးရင်ကြည့်တော့ ဈေးကမဆိုး တစ်ထည်ကို ဘတ် ၁၀၀ တဲ့။ ၈၀ နဲ့ရမလားဆိုတော့ ၅ထည်တော့ အနည်းဆုံးဝယ်ပါ ဆိုတာနဲ့ ရွေးနေရင်းကနေ ရောင်းတဲ့ကောင်လေးကတည်း ဗမာပဲ ဖြစ်နေတာသိလိုက်ရတယ်။

ဆိုင်မှာအရင်ရောက်နေတဲ့ အနောက်တိုင်းသူ အဖွားကြီးနဲ့ အပြိုင်ရွေးလိုက်ကြတာ၊ ပ၀ါအရောင်တစ်ခုကြည့်လိုက် ကြိုက်လိုက် ယူလိုက်နဲ့ ၊ အဖွားကြီး ၁၇ ထည်၊ သူက ၁၂ ထည်။ အဖွားကြီးကို တထည်ကို ဘတ် ၈၀၊ သူ့ကို တထည် ဘတ် ၇၀ နဲ့ ရလာခဲ့တယ်။ ပ၀ါတွေ အများကြီး ဘာလုပ်ဖို့လဲမေးတော့ မြန်မာပြည်ပြန်ရင် လက်ဆောင်ပေးဖို့တဲ့ ဘတ် ၇၀ မှ ၃ဒေါ်လာ နီးပါးပဲရှိတာ၊ ၀န်လည်းကျဉ်းတယ်၊ ပေးရတာလဲလှတယ်၊ ဈေးလည်းသက်သာတယ်လေ ဆိုတော့ … အင်းဟုတ်တာပဲလေ ဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်ရတယ်။

ပြီးတော့ ထိုင်းက မုန့်ဟင်းခါးကိုတွေ့တော့ အစပ်တစ်ပွဲ သိပ်မစပ်တဲ့ တစ်ပွဲမှာစားကြတယ်။ တစ်ပွဲကို ၃၅ဘတ်၊ အဲဒါကတော့ တော်တော်တန်တယ်။ သိပ်မစပ်လည်း တော်တော်စပ်တာပဲ။ အဲဒါနဲ့ ကိုကာကိုလာ တစ်ပုလင်းကို ဘတ် ၂၀ ပေးသောက်လိုက်ရတယ်။ နေ့လည်စာကို ဘတ်၁၀၀အောက်ပဲသုံးပြီး ဖြေရှင်းလိုက်တာပေါ့…



ဈေးဝယ်လို့ ပြီးပြီလို့ ထင်ရင် မှားပါလိမ့်မယ်။ သူက တစ်ထည်ကို ဘတ် ၁၀၀ တန် မိန်းကလေးဝတ် တီရှပ်တွေ ၄-၅ထည်ဝယ်၊ ပြီးတော့ ဘတ် ၂၅၀တန် ဂါဝန်ကိုဝယ် ခဲ့သေးတယ်။ ဟိုပတ်ဒီပတ်နဲ့ ပင်ပန်းလာတာနဲ့ ပြန်ရအောင်ဆိုပြီး တက္ကစီငှားပြီး နှစ်ယောက်သား ဟိုတယ်ကိုပြန်လာခဲ့တယ်။

လမ်းတစ်လျှောက်အဆင်ပြေလာတာ ဟိုတယ်နားနီးမှ လမ်းတွေကကျပ် အချိန်တွေကြာ တက္ကစီမီတာတက်။ ဟိုတယ်နားနီးနေပြီး လမ်းဆင်းလျှောက်မယ်ဆိုတော့ တက္ကစီသမားက သိပ်မကြိုက်၊ ရောက်တော့မယ် ဆိုတဲ့ ပုံစံပြော၊ ကိုယ်ကလည်း လမ်းဆင်းလျှောက်မယ်လုပ်၊ နောက်တော့ ကျတဲ့ ၉၇ဘတ်ကို ၁၀၀ ပေးပြီး ပြန်မအမ်းတော့နဲဆိုပြီးထားခဲ့တယ်။

ဟိုတယ်ရောက်တော့ မြန်မာအဖွဲ့တွေက Platinum Mall နဲ့ အနားက ပရာတူနံ (Pratunam) ဖက်မှာဈေးဝယ်သွားမှာ လိုက်ခဲ့ပါလားမေးတော့ မလိုက်နိုင်တော့ပါဘူး။

ဟိုတယ်ရောက် ခဏနားနေတုန်း မြန်မာပြည်တုန်းက အလုပ်အတူလုပ်ဖူးခဲ့တဲ့ မစုကိုခေါ်ကြည့်တော့ ခေါ်လို့မရ… ရေချိုးပြီး အနားယူပြီး ပြန်ခေါ်တော့ကျတော့ ခေါ်လို့ရတယ်။ မစုက ထွက်လာမယ် ညစာစားမယ်၊ တစ်နာရီလောက်ကြာမယ်တဲ့။ အဲဒါနဲ့ ဟိုတယ်အောက်ကိုဆင်းပြီး ခရီးသွားကုမ္ပဏီကောင်တာကို ကွေးမြစ်ခရီးစဉ်ကိုဝယ်ဖို့ မေးတော့ ပိတ်တော့မယ်။ အဲဒါနဲ့ ပိုက်ဆံကြည့်တော့ မလောက်တာနဲ့ ဘေးမှာရှိတဲ့ Big C Supercentre မှာသွားပြီး ငွေလဲ။ ပြီးတော့ ခရီးစဉ်အတွက် ဘတ် ၃၈၀၀ ပေးလိုက်တယ်။

ပြီးတော့ အပြင်ထွက် လေးမျက်နှာဘုရားဖက်ထွက်ပြီး ဘုရားဖူးကြတယ်။ လေးမျက်နှာဘုရားက နာမည်ကြီးဆိုတော့ လူစည်တယ်လေ။ ပြီးတော့ အဲဒီမှာ အလှူငွေထည့်ရင် အကနဲ့ ထိုင်းရှေးအ၀တ်အစားနဲ့ ဘုရားဝတ်ရွတ်ပေးတဲ့ အဖွဲ့လည်း တွေ့ရတယ်။ မြန်မာသင်္ဘောသားတွေကတော့ ဒီလေးမျက်နှာဘုရားကိုလာဖူး လေ့မရှိဘူးတဲ့။ လေးမျက်နှာဘုရားကိုဖူးရင် ဘန်ကောက်ကိုပြန်လာရတတ်လို့တဲ့…

မစုရောက်လာတော့ ရက်နမ်းလမ်းမှာ ညစာစားဖို့ ခေါ်သွားပြီးစားကြတယ်။ ငါးဆားငံသီးဟင်းရည်က တော်တော်သောက်လို့ကောင်းခဲ့တယ်။

စားပြီးတော့ လမ်းဘေးမှာ ရောင်းနေတဲ့ ပြောင်းဖူးပြုတ်သည်တွေ့တော့ သူကမနေနိုင် တစ်ဖူးဝယ်ပြီးစားလိုက်သေးတယ်။ ကျွန်တော်ကတော့ အချိုတည်းဖို့ဆို မုန့်လုံးရေပေါ်လေးတွေဝယ်လာခဲ့တယ်။ တစ်မျိုးကို ဘတ်၂၀။ လမ်းဘေးမှာ ရောင်းတဲ့အစားအစာတော်တော်များများက တစ်ခုကို ဘတ်၂၀နဲ့ရောင်းတာ ပုံမှန်ဈေးဖြစ်မယ်ထင်တယ်။

အဲဒီကနေ လမ်းလျှောက်ပြီး Victory Monument ဖက်လမ်းလျှောက်သွားကြတယ်။ အဲဒီကနေမှာ မစုက ပြန်သွားပြီး ကျွန်တော်တို့ကတော့ MBK ဖက် ရထားစီးပြီးသွားခဲ့တယ်။ လက်မှတ်ဝယ်တော့ တစ်ယောက်ကို ၂၅ ဘတ်။



ရထားလက်မှဝယ်ရတဲ့စက်က အကြွေပဲလက်ခံတော့ ကောင်တာမှာ အကြွေလဲလို့ရတယ်။ ပြီးတော့ လက်မှတ်ရောင်းတဲ့စက်မှာ ဘယ်ကိုသွားမလဲအရင်ကြည့်ရင် ဘယ်လောက်ကျမလဲဆိုတာသိရတယ်။ အဲတော့မှာ စက်မှာ လက်မှာတန်ဖိုးကိုနှိပ် (ဘတ်၂၀၊ ၂၅ ဘတ်၊ ဘတ် ၃၀) နဲ့ရေးထားတယ်။ ပြီးတော့မှ အကြွေစေ့ကိုထည့်ရင် လက်မှတ်ထွက်လာတယ်။ လက်မှတ်က အရင် စင်္ကာပူမှာသုံးခဲ့တဲ့ သံလိုက်နဲ့လုပ်ထားတဲ့ ပလတ်စတတ်ကတ်ပါးလေးတွေပါပဲ။

MBK ရောက်တော့ ဟိုကြည့်ဒီကြည့် တီရှပ်ဆိုင်တွေ့ တစ်ထည်ဘယ်လောက်လဲဆိုတော့ ၉၉ဘတ်။ ချတူချန်ဈေးမှာ ဘတ်၁၅၀အောက်မဆင်းတဲ့ တီရှပ်တွေလေ။ ဈေးဆစ်စရာမလို ဒီဇိုင်းတွေကလည်း အလှစားလေးတွေချည်းပဲ။ နောက်တော့ စားဖို့ မုန့်အခြောက်တွေဝယ်။

ဘာဝယ်ဦးမလဲဆိုတော့ ၀ယ်စရာမရှိတော့ဘူး ပြန်ထွက်ပြီးမှ သူက စင်္ကာပူက မိတ်ကပ်ယူလာဖို့ မေ့လာလို့ မိတ်ကပ်ဝယ်ချင်တယ်လို့ ဆိုလာတယ်။ မိတ်ကပ်မပါရင် ဓာတ်ပုံရိုက်ရင် မလှဘူးဖြစ်နေမှာလို့လည်း ထပ်ပြောလေရဲ့….။ အဲဒါနဲ့ပဲ MBK ထဲကိုပြန်ဝင် ရွေးလိုက်တာ Shiseido၊ မနက်ဖြန်ကျ ခရီးသွားဦးမှာဆိုတော့ ပိုက်ဆံ မပေးချင်တာ ကဒ်နဲ့ပဲပေးမယ်ဆုံးဖြတ်လိုက်တယ်။ ပေးတော့လည်း သတိထားပြီး ပိုက်ဆံသိပ်မရှိတဲ့အကောင့်နဲ့ ဆက်ထားတဲ့ debit card နဲ့ပဲပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် တခြားတိုင်းပြည်မှာ credit card သုံးရင် သတိထားတဲ့ အနေအထားကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ငွေသားပဲသုံးတာအကောင်းဆုံးပါ၊ ဈေးလည်းသက်သာတယ်၊ တခြားအန္တရာယ်လည်းကင်းတယ်လေ။

ဝယ်ပြီးတော့ BTS နဲ့ပဲ ဟိုတယ်ပြန်လာခဲ့တယ်။ ဟိုတယ်ရောက်တော့ပဲ ည ၁၀နာရီခွဲ ၁၁ နာရီလောက်ဖြစ်နေပြီ။ ကိုယ်လက်သန့်စင်ပြီး ဖုန်း၊ ကင်မရာ ဘက်ထရီတွေကို ဖြည့်ပြီးတော့ အနားယူလိုက်တော့တယ်။

နောက်နေ့လည်း ခရီးဆက်ရဦးမယ် - ကွေးမြစ်ပေါ်ကတံတားကို ။

---------------------------------------------------------------------------------------------------------------------

မှတ်ချက်။ ။ Chatuchak ဈေးက ဈေးလည်လို့ကောင်းပါတယ်။ ဒါပေမယ့် ဈေးဝယ်လို့မကောင်းပါ။ အလွန့်အလွန် ကြိုက်ပြီး ဈေးအင်မတန်တော်နေရင်တော့လည်း ၀ယ်လို့ရပါတယ်။

Platinum Mall၊ မျက်နှာချင်းဆိုင်က Pratunam ဈေး၊ MBK တို့မှာ ၀ယ်ရင်တောင် သက်သာတတ်ပါသေးတယ်။

Read More...

Monday, October 8, 2012

ထိုင်းနိုင်ငံသို့ အလည်တစ်ခေါက် - အယုဒ္ဓယ

စက်တင်ဘာလကုန် ဘန်ကောက်ကို အပန်းဖြေခရီးစီစဉ်ပေးမယ်လို့ ရုံးကနေ အကြောင်းကြားလာပါတယ်။ အစီအစဉ်က စနေညနေကို စင်္ကာပူမှထွက် ဘန်ကောက်ကို ည ၈ နာရီလောက်မှရောက်မယ်။ ပြီးတော့ ညစာစီစဉ်ထားတာကို မတက်မဖြစ်တက်ရတယ်၊ ညစာပြီးတော့ စည်းလုံးမှုအတွက် စီစဉ်ထားတာတွေ ကစားမယ်။ ပြီးမှ ဟိုတယ်ကိုသွားမယ်။ တနင်္ဂနွေတစ်ရက်လုံးကတော့ ကိုယ်အစီအစဉ်ကိုယ်လည်လို့ရမယ်၊ တနင်္လာနေ့ ညနေမှာ ဘန်ကောက်ကနေ စင်္ကာပူပြန်လာမယ် ဆိုတာ သိလိုက်တော့ ကိုယ့်အတွက်လည်ချိန်သိပ်မရတဲ့ အစီအစဉ်ဖြစ်နေတယ်။

လေယာဉ်လက်မှတ်၊ ဟိုတယ် နဲ့ ညစာအတွက်ကို ၀န်ထမ်းအတွက်သာ ကုမ္ပဏီကပေးမှာပါ။ အပိုခေါ်လာတဲ့လူအတွက် တစ်ယော်ကို ၄၅၀ ဒေါ်လာပေးရမယ်တဲ့။

သူကလည်း ဘန်ကောက်ကိုမရောက်ဖူးတော့ ပိုက်ဆံလည်းသိပ်မကုန် ကိုယ့်အတွက်လည်းလည်ချိန်ရအောင် ကိုယ့်ဘာသာကိုယ် လေယာဉ်လက်မှတ်ဝယ်သွားလို့ရမလား၊ တစ်ရက်လောက် ပိုနေလို့ရလား ဆိုမေးတော့၊ ရုံးက ရပါတယ်။

ကျွန်တော့်အတွက် လေယာဉ်လက်မှတ်ဖိုးပြန်ပေးမယ်၊ ဟိုတယ်အတွက် ပိုနေမယ့်အတွက် တစ်ရက်စာ၊ ညစာအတွက် တစ်ယောက်စာ ကိုသာပိုပေးတဲ့။

လေယာဉ်လက်မှတ်ကိုတော့ အချိန်ကိုကြည့်ပြီးဝယ်တော့ ကျားလေကြောင်းလိုင်း (Tiger Airways) က ကီလို ၂၀ အိတ်ကြေးအပါ ၅၃၀ဒေါ်လာ နဲ့ဝယ်လိုက်တယ်။ ထွက်မယ် အချိန်ကတော့ မနက်အစော ၀၆း၃၀။ ဘန်ကောက်ရောက်မယ့် အချိန်က ၀၈း၃၀။ အဲတော့ စနေတစ်ရက်လုံးကိုယ့်အတွက် ရသွားတာပေါ့။ အပြန်ကိုတော့ အင်္ဂါနေ့ညနေပိုင်းလေယာဉ်ကိုရွေးလိုက်ပါတယ်။

အဲတော့ စနေနေ့၊ တနင်္ဂနွေ၊ တနင်္လာ သုံးရက်အပြည့်ကိုယ့်အတွက်ရပြီး အင်္ဂါကတော့ နေ့တစ်ဝက်ကျော် အချိန်ရပါတယ်။

ရောက်မယ့်နေ့မှာ ရောက်တဲ့အချိန်က အရမ်းစောနေတော့ ဟိုတယ်က အခန်းကို ၀င်လို့ရနိုင်မယ် မဟုတ်သေးဘူး။ အချိန်မကုန်အောင် လေဆိပ်ကနေ တခါတည်း အယုဒ္ဓယကိုသွားရအောင် စီစဉ်ရင်ကောင်းမယ်လို့တွေးမိပြီး သူနဲ့တိုင်ပင်လိုက်ပါတယ်။ ဆက်တိုက်သွားမယ်ဆိုတော့ ခရီးနည်းနည်းပန်းမယ် ဆိုတာကိုပါ ပြောရပါတယ်။ အဲဒီတော့မှ လူရောစိတ်ပါ ကြိုတင်ပြင်ဆင်ရအောင်လို့ပါ။

အဲဒါနဲ့ ၂၀၀၉ တုန်းက မိဘတွေနဲ့သွားတုန်းက သိခဲ့တဲ့ ကားအငှားလိုက်တဲ့လူကို လှမ်းဆက်ကြည့်တော့ သူ့ကားတွေက မအားဘူးဖြစ်နေတယ်။ ခရီးသွားကုမ္ပဏီမှာလုပ်နေတဲ့ သူငယ်ချင်းကိုလှမ်းမေးကြည့်တော့ ကားတစ်စီးလုံးကိုငှားမယ်ဆို ဘတ်၃၅၀၀ ကျမယ်တဲ့။ တွက်ကြည့်တော့ ဒေါ်လာ ၁၄၀ လောက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကိုမှ မစီစဉ်ရင် ရောက်ဖြစ်မှာမဟုတ်ဘူးဆိုပြီး အဲဒီကားကိုသာငှားလိုက်ပါတယ်။

မသွားခင် ကသီလင်တ မဖြစ်အောင် ကြာသပတေးညကတည်းက အ၀တ်တွေကို ထည့်ထားပါတယ်။ ဒါတောင် ကျန်တဲ့ပစ္စည်းတွေကို စီစဉ်ထည့်တာ သောကြာညက ၁၂ လောက်မှ အိပ်ရာဝင်နိုင်ခဲ့တယ်။

စနေနေ့
တက္ကစီကို မနက်၎ နာရီမှာထားတော့ မနက်ကျတော့ ၃း၃၀လောက်ပြန်ထရပါတယ်။ ကြိုတင်ခေါ်အပိုကြေးနဲ့ ညဥ့်နက်အပိုကြေး အားလုံးပေါင်းလိုက်တော့ ၃၀လောက်တောင်ပေးလိုက်ပါသေးတယ်။ ကြိုတင်ခေါ်ထားတာက တစ်ခါက မနက်အစောကြီးသွားမယ်အချိန် မိုးတွေသည်းကြီးမည်းကြီးရွာတာ ဘယ်တက္ကစီမှ ငှားမရခဲ့ဘူးတဲ့ အတွေ့အကြုံကြောင့်သည်ပါ။

ချိန်ဂီလေဆိပ်ရောက်တော့ စတားဘတ်မှာထိုင် ချွေတာတဲ့အနေနဲ့ ကော်ဖီတစ်ခွက်သာမှာ နှစ်ယောက်မျှသောက်။ ချောင်မှာထိုင်ပြီး ညက bread talk က၀ယ်လာတဲ့ ပေါင်မုန့်သေးသေးတစ်လုံးကို မျှစား။ စားပြီးတော့ Cheers က ရေသန့်ဘူးအသေးတစ်လုံး နှစ်ယောက်မျှပြီး အကုန်သောက် - တကယ်က ရေဘူးအခွံ့အိမ်က ယူလာဖို့မေ့လာတာ။ မဟုတ်ရင် ၁.၅၀ ဒေါ်လာ သက်သာမယ်။

လေဆိပ်တက်ခါနီးအဆင်သင့်ဖြစ်တော့မှ ရေဗူးကို ရေပြန်ဖြည့်မလို့လေ။ မဟုတ်ရင် ရေတောင်မတိုက်နဲ့ ကျားလေယာဉ်ပေါ်မှာ ရေသန့်တစ်လုံး ၄ ဒေါ်လာလောက်ပေးဝယ် သောက်နေရမယ်။

ကျားလေကြောင်းက နောက်ကျတတ်လို့ စိတ်ပူမိပေမယ့် ဒီတစ်ခါတော့ ပုံမှန်အချိန်မှာထွက်နိုင်ပါတယ်။ ဘန်ကောက်ကိုရောက်တော့ မနက် ၈း၃၀။ ကိုယ်လက်သန့်စင်ပြီးမှ အပြင်ထွက်တော့ ဘန်ကောက် လ၀က က လုပ်တာကိုင်တာ နှေးတာနဲ့ အပြင်ရောက်တော့ ၉နာရီလောက် ဖြစ်နေပြီ။

အပြင်ရောက်တော့ ကိုယ့်ကိုစောင့်နေတဲ့ ဧည့်ကြိုနဲ့တွေ့ သွားချင်တဲ့နေရာတွေကို မေး၊ ကိုယ်လည်း မှတ်မိသလောက်ပြောပြတော့ သူက ထိုင်းဘာသာနဲ့ ရေးပြီးမှတ်ထားလိုက်ပါတယ်။ ကားဆီရောက်တော့ ကားက ဆယ်ယောက်စီး ဗင်ကားကြီးဖြစ်နေတယ်။ ကားအကြီးကြီးမှာ နှစ်ယောက်ထဲ။ နေရာအပိုတွေကို နှမျောလိုက်တာ။


အဲဒီလိုနဲ့ ဘန်ကောက်မြို့ကြီးကနေ အယုဒ္ဓယကိုရောက် - မနက် ၁၁ နာရီနီးပါးလောက် ရှိနေပြီ။

ပထမဆုံးရောက်တာကတော့ ထိုင်းနိုင်ငံမှာ အကြီးဆုံး ဆင်းတုတော်တစ်ခုဖြစ်တဲ့ ၀ပ်ဖနန်ချောင် (Wat Panan Choeng)။ အဲဒီမှာ ဆင်းတုတော်ကြီးကို သင်္ကန်းကပ်နေကြတာကိုလည်း တွေ့ခဲ့တယ်။

ငါးတွေ အစာကျွေးနေတာလည်း တွေ့ခဲ့တယ်။

ငါးတွေ အစာစားနေတာလည်း တွေ့ခဲ့တယ်။

ခေါင်းလောင်းတွေတီးနေတာလည်း တွေ့ခဲ့တယ်။

ငှက်ပျောသီးတွေ အုန်းသီးတွေ ကပ်လှူဖို့ရာ ပြင်နေတာကိုလည်း တွေ့ခဲ့တယ်။

အဲဒီကနေရောက်တစ်နေရာရောက်သွားတာက ၀မ်မဟာသက် (Wat Maha That) ။

ဝင်ကြေးက တစ်ယောက်ကို ဘတ် ၅၀။ အယုဒ္ဓယခေတ်ကောင်းစဉ်က တော်ဝင်ဘုန်းကြီးကျောင်းဖြစ်ခဲ့သလို့ တန်ခိုးအကြီးဆုံးနေရာလည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၇၆၇ မှာ ဖြစ်ခဲ့တဲ့ နောက်ဆုံး ထိုင်းမြန်မာစစ်ပွဲအတွင်းမှာ ဖျက်ဆီး မီးရှို့ခံခဲ့ရတယ်လို့ပြောပါတယ်။ အဲဒါနဲ့ အယုဒ္ဓယ မှာ မြန်မာလို့ မပြောရဲတော့ဘူး။ ဘယ်ကလာလည်းမေးရင် စင်္ကာပူကလို့ပဲပြောတယ်။ တော်ကြာ နင်မလုပ်ပေမယ့် နင့်အဘိုးလုပ်တာဆိုပြီး ပြဿနာရှာနေမှာစိုးလို့လေ။
လှည့်ပတ်ကြည့်တော့ ပျက်စီးနေတဲ့ စေတီတွေ။ ဆင်းတုတော်တွေ၊ အုတ်နံရံတွေ တွေ့ခဲ့ရတယ်။

တချို့နေရာတွေ ရေတွေပြည့်နေလို့ အုတ်တံတိုင်းပေါ်က လျှောက်ခဲ့ရတယ်။

ဘုရားဆင်းတုတော်တွေ ကိုယ်လက်အင်္ဂါမစုံပဲ ဖူးတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။

လူအများစိတ်ဝင်စားတဲ့ ဘုရားဦးခေါင်းတော် ညောင်ပင်ကြီးကြားထဲမှာ ရောက်နေတာလည်း တွေ့ခဲ့ရတယ်။

ပြီးတော့ ဈေးဆိုင်တန်းတွေလည်း တွေ့ခဲ့ရတယ်။

ကြည့်ရှုလည်းပြီးရော အချိန်က ၁၂ နာရီခွဲကျော်နေပြီဆိုတော့ ဗိုက်ဆာနေပြီ။ နောက်တစ်နေရာမသွားခင် နေ့လည်စာစားချင်တယ်လို့ ကားသမားကိုပြောတော့ မြစ်ဘေးကဆိုင်တစ်ဆိုင်ကိုခေါ်သွားပါတယ်။ ဈေးကြီးမယ်ဆိုတာသိပေမယ့် ဗိုက်ဆာနေတုန်းမှာ ပိုက်ဆံကုန်မှာကို သိပ်မစဉ်းလိုက်နိုင်ပါတယ်။

ငါးကြော်၊ ကြာဆံသုပ်၊ သင်္ဘောသီးထောင်း၊ တုမ်ယမ်းဟင်းချိုကိုမှာလိုက်ပါတယ်။ အစားအသောက်တွေက ထိုင်းအရသာထက် နိုင်ငံခြားသားအကြိုက်ဖြစ်အောင် နည်းနည်းပြင်ထားတယ်လို့ ခံစားရတယ်။ ပိုက်ဆံရှင်းတော့ ဘတ် ၉၀၀။ ဈေးများတယ်၊ စားရတာ မဆိုးဘူး၊ ဒါပေမယ့် ဗိုက်တော့ အတော်ပြည့်သွားတယ်။

စားသောက်ပြီး လေညှင်းခံ စကားပြောရင် အိပ်ငိုက်လာတယ်။ ဒါနဲ့ မဖြစ်သေးဘူးဆိုပြီး အမြန်ထ နောက်တစ်နေရာ သွားရတယ်။

နောက်တစ်နေရာက ၀ပ်သာမိကရတ် (Wat Thammikarat)။ အင်မတန်ရှေးကျတဲ့ စေတီဘုရားလို့ အဆိုရှိတယ်။ စေတီကို ခြင်္သေ့ခံနဲ့တည်ဆောက်ထားတာကတော့ တခြားစေတီတွေနဲ့ မတူ ထူးထူးခြားခြားရှိနေပါတယ်။

နောက်ပြီး ကြေးနဲ့သွန်းထားတဲ့ ဘုရားခေါင်းတွေကြီးရှိတယ်။ အခုရှိနေတာကတော့ နောက်မှ ပုံစံတူပြုလုပ်ထားတာဖြစ်ပြီး အစစ်ကတော့ ပြတိုက်မှာရှိတယ်။

တွေ့ခဲ့တာတွေကတော့ ကျောင်းဆောင် အပျက်ကြီး၊

နောက် နရစွမ်ဘုရင်ရုပ်ထုနဲ့ တိုက်ကြဖတွေရုပ်တုတွေကိုတွေ့ခဲ့တယ်။

အဲဒီကနေသွားတာကတော့ ဘုရားမွန်ခွန် ဘိုဖြစ် (Phra Mongkhon Bophit) ။ အဲဒီမှာက အကြီးဆုံး ကြေးဆင်းတုတော်ကြီးနဲ့ စေတီအပျက်များရှိလို့ပါပဲ။ အ၀င်မှာ ဈေးဆိုင်တန်းများစွာကိုတွေ့ရဲ့။ ဘုရားဝင်းအပြင်ဖက်မှာရှိတဲ့ ဆိုင်တွေများ ခရီးသွားတွေ နေ့လည်စာစားနေတာကိုတွေ့မိတယ်။ ဒီနေရာအရင်တွေ့မိရင် ဒီလိုနေရာမှာပဲ စားမိမှာ။ ကိုယ်စားချင်တာ တကယ့် ထိုင်းအရသာစစ်ကိုလေ။ မေးကြည့်တော့လည်း ကားသမားက အင်္ဂလိပ်လို သေချာမတတ်တော့ ဘုရားပွဲဈေးလို့သာကိုယ့်ဘာသာ နားလည်လိုက်ပါတယ်။



ဒီနေရာကလည်း နာမည်ကြီးနေရာဖြစ်ပြီး စေတီတွေ ဘုန်းကြီးကျောင်းအဟောင်းတွေ အများကြီးပါ။ ဒီမှာရှိထဲအထဲက ဘုရားသုံးဆူက နာမည်ကြီးပါ။ Bon jovi သီချင်းရိုက်တာတောင် ဒီဘုရားတွေ နောက်ခံနဲ့ ရိုက်တာ တွေ့ဖူးပါတယ်။ အယုဒ္ဓယကိုရောက်ရင် ဒီကိုမလာမဖြစ်လာသင့်ပါတယ်။ ၀င်ကြေးတော့ပေးရတယ် တစ်ယောက်ကို ဘတ် ၅၀။


ဆက်သွားဖြစ်တဲ့နေရာက လျောင်းတော်မူ ၀ပ်လိုကယဆုသာရမ် (Wat Lokayasutharam)။ အဲဒီနေရာမှက နေကလည်းပူ လူကလည်းပန်းနေတော့ သာမန်ပဲ ဆင်းပြီး ဓာတ်ပုံရိုက် ကားပေါ်ပြန်တက်ခဲ့တယ်။


တခြားခရီးသွားတွေ သိပ်စိတ်မ၀င်စားပေမယ့် ကိုယ်တိုင်စိတ်ဝင်စားလို့သွားခဲ့တဲ့နေရာကိုဆက်သွားခဲ့တယ်။ အဲဒါက နရစွမ် ဘုရင် ရုပ်ထုရှိတဲ့လမ်းနဲ့ ၀ပ်ဖူးခေါင်သုန် စေတီတော်တို့ပါပဲ။ ဟံသာဝတီဘုရင် ဘုရင့်နောင် အယုဒ္ဓယကိုအောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ်တည်ထားတာပါပဲ။ ဘုရားအပေါ်ကိုတက် ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ကြည့်လို့ရပါတယ်။





ဘုရားပေါ်ကဆင်းပြီးတော့ နှစ်ယောက်သား အတော်ပင်ပန်းနေပြီ၊ ဒါပေမယ့် ရောက်တုန်း ပြတိုက်ကိုသွားသင့်တယ်ဆိုပြီး ပြတိုက်ကိုမောင်းခိုင်းလိုက်ပါတယ်။ ပြတိုက်ရောက်တော့ ပြတိုက်က ပိတ်နေတာနဲ့ ကြုံနေခဲ့တယ်။ အဲဒါနဲ့ စိတ်လျော့လိုက်ပြီး ဘန်ကောက်က တည်းမယ့်ဟိုတယ်ကိုပဲ မောင်းခိုင်းလိုက်ပါတယ်။

တလမ်းလုံး ဘယ်လိုက ဘယ်လို ဘန်ကောက်ကိုရောက်လာမှန်းမသိအောင် နှစ်ယောက်သား အိပ်ပျော်ပြီး လိုက်လာခဲ့ပါတော့တယ်။

ဟိုတယ်ရောက်တော့ ညနေ ၅နာရီကျော်နေပြီ။ ရေမိုးချိုးပြီးတော့ ခဏအနားယူ။ ပြီးရင် ကုမ္ပဏီကစီစဉ်ထားတဲ့ ညစာကို ၉ နာရီမှာမှ သွားရမှာဆိုတော့ အချိန်တော့ရသေးတယ်လေ။

ရနာရီကျော်မှဟိုတယ်ကနေ လမ်းဟိုဖက်မှာရှိတဲ့ CentralWorld ဖက်ကို ထွက်ပြီးလျှောက်ကြည့်တယ်။ လမ်းဘေးဆိုင်တွေကြည့်ပြီး တီရှပ်တစ်ထည်ကို ဘတ် ၁၅၀နဲ့ဝယ်လိုက်တယ်။ တွက်ကြည့်ရင် စင်း ၆ ဒေါ်လာဆိုတော့ မဆိုးဘူးလေ ဆိုပြီး…

လမ်းဘေးကဆိုင်တွေကြည့်တော့ အကင်တွေကစားချင်စရာ။ တစ်ခုကိုဘယ်လောက်လဲမေးတော့ ဘတ်၂၀၊ ၀က်သားလုံး၊ ၀က်အူ၊ ၀က်အူချောင်းလိုဟာမျိုး ၀ယ်စားကြည့်ဖြစ်တယ်။ (စားတာမြန်တော့ ဓာတ်ပုံမရိုက်နိုင်ဘူး) စားလို့ကတော့ ကောင်းတယ်။ အဲဒါနဲ့ fanta အအေးတစ်ပုလင်းဝယ် ဘတ်၂၀။ ပြီးတော့ လေးမျက်နှာဘုရား (လို့ထင်ခဲ့တာ) နဲ့ မဟာပိန္နဲရုပ်ထုရှေ့နားက ထိုင်ခုံပေါ်ထိုင်စားခဲ့တယ်။

တကယ်တော့ လမ်းဘေးဆိုင်တွေက စနစ်တကျထားတတ်ရင် ခရီးသွားတွေအတွက် စွဲဆောင်မှုတစ်ခုတော့ဖြစ်တာပဲလေ။

စားနေရင်းကြည့်တော့ ဘုရားကိုလာဖူးကြတာ များသောအားဖြင့် လူငယ်တွေဖြစ်ပြီးတော့ ပန်း၊ အမွေးတိုင်တွေပူဇော်ကြတယ်။ ပြီးတော့ သူတို့မှာ ရွတ်ဖတ်ဖို့ စာရွက်ကလေးတွေယူလာပြီး ရွတ်ဖတ်ပူဇော်ကြတယ်။ ကြည့်ရတာ ကြည်ညိုလို့ ယုံကြည်လို့ထက် ဆုတောင်းပြည့်တယ်ဆိုပြီး လာဆုတောင်းကြတယ်လို့ပဲထင်ရတယ်။


အနားကိုလှည့်ပတ်ကြည့်တော့ သူက တဘက်လေးတွေ ဘတ်၁၀၀ နဲ့ရောင်းနေတော့ တန်တယ်ဆိုပြီး လေးခုဝယ်ခဲ့လေတယ်။ ညစာစားမယ်နေရာကို တက္ကစီငှားတော့ သိပ်အဆင်မပြေ။ မီတာနဲ့သွားမယ်ပြောလိုက်တိုင်း အဲဒီနေရာက ဝေးတယ်၊ ကားကြပ်မယ်နဲ့ပြောကြတော့၊ BTS (Bangkok Mass Transit System) နဲ့ MRT နှစ်ခုစီးရင်ရောက်တယ်ဆိုတာသိထားတော့၊ အနီးနားမှာရှိတဲ့ ချစ်လွန်း Chit Lom BTS ကိုသွားပြီး ဘယ်လိုစီးရမယ်ဆိုတာ စုံးစမ်းမေးမြန်းပြီး လက်မှတ်ဝယ်ခဲ့လိုက်တယ်။ Chit Lom ကနေ အာဆော့ Asok ကို တစ်ယောက်ကို ဘတ်၂၀ပေးရတယ်၊ ပြီးတော့ MRT လိုင်းကိုပြောင်းပြီးလက်မှတ်ထပ်ဝယ်ရပါတယ်။ ဟွေကွမ်း Huai Khwang ကို တစ်ယောက်ကို ၂၅ ဘတ်ပေးပြီး စီးပြီးမှ ညစာစားမယ့်နေရာကိုရောက်တော့တယ်။

ညစာကတော့ စားရတယ်မဆိုးပေမယ့် စားခဲ့တဲ့ အစားအစာကြောင့် သိပ်ပြီးတောင် မစားနိုင်တော့ဘူး။ ဂိမ်းကစားပြီးတော့ပဲ ည ၁၁ နာရီထိုးခါနီးနေပြီး။ ဟိုတယ်ပြန်တော့ ပဲ ၁၁နာရီခွဲနေပြီး တစ်နေ့တာအတွက် နားစက်အိပ်လိုက်တော့သည်။

--------------------------------------------------------
ငွေလဲနှုန်း - စင်္ကာပူ ၁ဒေါ်လာ = ထိုင်း ၂၅.၀၇ ဘတ်။ The Arcade ( @ Raffles Place) မှာလဲသည်။ သွားချင်ပြီးမရောက်ခဲ့သောနေရာ
Bang Pa-In Summer Palace
Wat Traimit - ရွှေသားအတိဆင်းတုတော်

Read More...

Ratings