Monday, October 8, 2012

ထိုင်းနိုင်ငံသို့ အလည်တစ်ခေါက် - အယုဒ္ဓယ

စက်တင်ဘာလကုန် ဘန်ကောက်ကို အပန်းဖြေခရီးစီစဉ်ပေးမယ်လို့ ရုံးကနေ အကြောင်းကြားလာပါတယ်။ အစီအစဉ်က စနေညနေကို စင်္ကာပူမှထွက် ဘန်ကောက်ကို ည ၈ နာရီလောက်မှရောက်မယ်။ ပြီးတော့ ညစာစီစဉ်ထားတာကို မတက်မဖြစ်တက်ရတယ်၊ ညစာပြီးတော့ စည်းလုံးမှုအတွက် စီစဉ်ထားတာတွေ ကစားမယ်။ ပြီးမှ ဟိုတယ်ကိုသွားမယ်။ တနင်္ဂနွေတစ်ရက်လုံးကတော့ ကိုယ်အစီအစဉ်ကိုယ်လည်လို့ရမယ်၊ တနင်္လာနေ့ ညနေမှာ ဘန်ကောက်ကနေ စင်္ကာပူပြန်လာမယ် ဆိုတာ သိလိုက်တော့ ကိုယ့်အတွက်လည်ချိန်သိပ်မရတဲ့ အစီအစဉ်ဖြစ်နေတယ်။

လေယာဉ်လက်မှတ်၊ ဟိုတယ် နဲ့ ညစာအတွက်ကို ၀န်ထမ်းအတွက်သာ ကုမ္ပဏီကပေးမှာပါ။ အပိုခေါ်လာတဲ့လူအတွက် တစ်ယော်ကို ၄၅၀ ဒေါ်လာပေးရမယ်တဲ့။

သူကလည်း ဘန်ကောက်ကိုမရောက်ဖူးတော့ ပိုက်ဆံလည်းသိပ်မကုန် ကိုယ့်အတွက်လည်းလည်ချိန်ရအောင် ကိုယ့်ဘာသာကိုယ် လေယာဉ်လက်မှတ်ဝယ်သွားလို့ရမလား၊ တစ်ရက်လောက် ပိုနေလို့ရလား ဆိုမေးတော့၊ ရုံးက ရပါတယ်။

ကျွန်တော့်အတွက် လေယာဉ်လက်မှတ်ဖိုးပြန်ပေးမယ်၊ ဟိုတယ်အတွက် ပိုနေမယ့်အတွက် တစ်ရက်စာ၊ ညစာအတွက် တစ်ယောက်စာ ကိုသာပိုပေးတဲ့။

လေယာဉ်လက်မှတ်ကိုတော့ အချိန်ကိုကြည့်ပြီးဝယ်တော့ ကျားလေကြောင်းလိုင်း (Tiger Airways) က ကီလို ၂၀ အိတ်ကြေးအပါ ၅၃၀ဒေါ်လာ နဲ့ဝယ်လိုက်တယ်။ ထွက်မယ် အချိန်ကတော့ မနက်အစော ၀၆း၃၀။ ဘန်ကောက်ရောက်မယ့် အချိန်က ၀၈း၃၀။ အဲတော့ စနေတစ်ရက်လုံးကိုယ့်အတွက် ရသွားတာပေါ့။ အပြန်ကိုတော့ အင်္ဂါနေ့ညနေပိုင်းလေယာဉ်ကိုရွေးလိုက်ပါတယ်။

အဲတော့ စနေနေ့၊ တနင်္ဂနွေ၊ တနင်္လာ သုံးရက်အပြည့်ကိုယ့်အတွက်ရပြီး အင်္ဂါကတော့ နေ့တစ်ဝက်ကျော် အချိန်ရပါတယ်။

ရောက်မယ့်နေ့မှာ ရောက်တဲ့အချိန်က အရမ်းစောနေတော့ ဟိုတယ်က အခန်းကို ၀င်လို့ရနိုင်မယ် မဟုတ်သေးဘူး။ အချိန်မကုန်အောင် လေဆိပ်ကနေ တခါတည်း အယုဒ္ဓယကိုသွားရအောင် စီစဉ်ရင်ကောင်းမယ်လို့တွေးမိပြီး သူနဲ့တိုင်ပင်လိုက်ပါတယ်။ ဆက်တိုက်သွားမယ်ဆိုတော့ ခရီးနည်းနည်းပန်းမယ် ဆိုတာကိုပါ ပြောရပါတယ်။ အဲဒီတော့မှ လူရောစိတ်ပါ ကြိုတင်ပြင်ဆင်ရအောင်လို့ပါ။

အဲဒါနဲ့ ၂၀၀၉ တုန်းက မိဘတွေနဲ့သွားတုန်းက သိခဲ့တဲ့ ကားအငှားလိုက်တဲ့လူကို လှမ်းဆက်ကြည့်တော့ သူ့ကားတွေက မအားဘူးဖြစ်နေတယ်။ ခရီးသွားကုမ္ပဏီမှာလုပ်နေတဲ့ သူငယ်ချင်းကိုလှမ်းမေးကြည့်တော့ ကားတစ်စီးလုံးကိုငှားမယ်ဆို ဘတ်၃၅၀၀ ကျမယ်တဲ့။ တွက်ကြည့်တော့ ဒေါ်လာ ၁၄၀ လောက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါကိုမှ မစီစဉ်ရင် ရောက်ဖြစ်မှာမဟုတ်ဘူးဆိုပြီး အဲဒီကားကိုသာငှားလိုက်ပါတယ်။

မသွားခင် ကသီလင်တ မဖြစ်အောင် ကြာသပတေးညကတည်းက အ၀တ်တွေကို ထည့်ထားပါတယ်။ ဒါတောင် ကျန်တဲ့ပစ္စည်းတွေကို စီစဉ်ထည့်တာ သောကြာညက ၁၂ လောက်မှ အိပ်ရာဝင်နိုင်ခဲ့တယ်။

စနေနေ့
တက္ကစီကို မနက်၎ နာရီမှာထားတော့ မနက်ကျတော့ ၃း၃၀လောက်ပြန်ထရပါတယ်။ ကြိုတင်ခေါ်အပိုကြေးနဲ့ ညဥ့်နက်အပိုကြေး အားလုံးပေါင်းလိုက်တော့ ၃၀လောက်တောင်ပေးလိုက်ပါသေးတယ်။ ကြိုတင်ခေါ်ထားတာက တစ်ခါက မနက်အစောကြီးသွားမယ်အချိန် မိုးတွေသည်းကြီးမည်းကြီးရွာတာ ဘယ်တက္ကစီမှ ငှားမရခဲ့ဘူးတဲ့ အတွေ့အကြုံကြောင့်သည်ပါ။

ချိန်ဂီလေဆိပ်ရောက်တော့ စတားဘတ်မှာထိုင် ချွေတာတဲ့အနေနဲ့ ကော်ဖီတစ်ခွက်သာမှာ နှစ်ယောက်မျှသောက်။ ချောင်မှာထိုင်ပြီး ညက bread talk က၀ယ်လာတဲ့ ပေါင်မုန့်သေးသေးတစ်လုံးကို မျှစား။ စားပြီးတော့ Cheers က ရေသန့်ဘူးအသေးတစ်လုံး နှစ်ယောက်မျှပြီး အကုန်သောက် - တကယ်က ရေဘူးအခွံ့အိမ်က ယူလာဖို့မေ့လာတာ။ မဟုတ်ရင် ၁.၅၀ ဒေါ်လာ သက်သာမယ်။

လေဆိပ်တက်ခါနီးအဆင်သင့်ဖြစ်တော့မှ ရေဗူးကို ရေပြန်ဖြည့်မလို့လေ။ မဟုတ်ရင် ရေတောင်မတိုက်နဲ့ ကျားလေယာဉ်ပေါ်မှာ ရေသန့်တစ်လုံး ၄ ဒေါ်လာလောက်ပေးဝယ် သောက်နေရမယ်။

ကျားလေကြောင်းက နောက်ကျတတ်လို့ စိတ်ပူမိပေမယ့် ဒီတစ်ခါတော့ ပုံမှန်အချိန်မှာထွက်နိုင်ပါတယ်။ ဘန်ကောက်ကိုရောက်တော့ မနက် ၈း၃၀။ ကိုယ်လက်သန့်စင်ပြီးမှ အပြင်ထွက်တော့ ဘန်ကောက် လ၀က က လုပ်တာကိုင်တာ နှေးတာနဲ့ အပြင်ရောက်တော့ ၉နာရီလောက် ဖြစ်နေပြီ။

အပြင်ရောက်တော့ ကိုယ့်ကိုစောင့်နေတဲ့ ဧည့်ကြိုနဲ့တွေ့ သွားချင်တဲ့နေရာတွေကို မေး၊ ကိုယ်လည်း မှတ်မိသလောက်ပြောပြတော့ သူက ထိုင်းဘာသာနဲ့ ရေးပြီးမှတ်ထားလိုက်ပါတယ်။ ကားဆီရောက်တော့ ကားက ဆယ်ယောက်စီး ဗင်ကားကြီးဖြစ်နေတယ်။ ကားအကြီးကြီးမှာ နှစ်ယောက်ထဲ။ နေရာအပိုတွေကို နှမျောလိုက်တာ။


အဲဒီလိုနဲ့ ဘန်ကောက်မြို့ကြီးကနေ အယုဒ္ဓယကိုရောက် - မနက် ၁၁ နာရီနီးပါးလောက် ရှိနေပြီ။

ပထမဆုံးရောက်တာကတော့ ထိုင်းနိုင်ငံမှာ အကြီးဆုံး ဆင်းတုတော်တစ်ခုဖြစ်တဲ့ ၀ပ်ဖနန်ချောင် (Wat Panan Choeng)။ အဲဒီမှာ ဆင်းတုတော်ကြီးကို သင်္ကန်းကပ်နေကြတာကိုလည်း တွေ့ခဲ့တယ်။

ငါးတွေ အစာကျွေးနေတာလည်း တွေ့ခဲ့တယ်။

ငါးတွေ အစာစားနေတာလည်း တွေ့ခဲ့တယ်။

ခေါင်းလောင်းတွေတီးနေတာလည်း တွေ့ခဲ့တယ်။

ငှက်ပျောသီးတွေ အုန်းသီးတွေ ကပ်လှူဖို့ရာ ပြင်နေတာကိုလည်း တွေ့ခဲ့တယ်။

အဲဒီကနေရောက်တစ်နေရာရောက်သွားတာက ၀မ်မဟာသက် (Wat Maha That) ။

ဝင်ကြေးက တစ်ယောက်ကို ဘတ် ၅၀။ အယုဒ္ဓယခေတ်ကောင်းစဉ်က တော်ဝင်ဘုန်းကြီးကျောင်းဖြစ်ခဲ့သလို့ တန်ခိုးအကြီးဆုံးနေရာလည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၇၆၇ မှာ ဖြစ်ခဲ့တဲ့ နောက်ဆုံး ထိုင်းမြန်မာစစ်ပွဲအတွင်းမှာ ဖျက်ဆီး မီးရှို့ခံခဲ့ရတယ်လို့ပြောပါတယ်။ အဲဒါနဲ့ အယုဒ္ဓယ မှာ မြန်မာလို့ မပြောရဲတော့ဘူး။ ဘယ်ကလာလည်းမေးရင် စင်္ကာပူကလို့ပဲပြောတယ်။ တော်ကြာ နင်မလုပ်ပေမယ့် နင့်အဘိုးလုပ်တာဆိုပြီး ပြဿနာရှာနေမှာစိုးလို့လေ။
လှည့်ပတ်ကြည့်တော့ ပျက်စီးနေတဲ့ စေတီတွေ။ ဆင်းတုတော်တွေ၊ အုတ်နံရံတွေ တွေ့ခဲ့ရတယ်။

တချို့နေရာတွေ ရေတွေပြည့်နေလို့ အုတ်တံတိုင်းပေါ်က လျှောက်ခဲ့ရတယ်။

ဘုရားဆင်းတုတော်တွေ ကိုယ်လက်အင်္ဂါမစုံပဲ ဖူးတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။

လူအများစိတ်ဝင်စားတဲ့ ဘုရားဦးခေါင်းတော် ညောင်ပင်ကြီးကြားထဲမှာ ရောက်နေတာလည်း တွေ့ခဲ့ရတယ်။

ပြီးတော့ ဈေးဆိုင်တန်းတွေလည်း တွေ့ခဲ့ရတယ်။

ကြည့်ရှုလည်းပြီးရော အချိန်က ၁၂ နာရီခွဲကျော်နေပြီဆိုတော့ ဗိုက်ဆာနေပြီ။ နောက်တစ်နေရာမသွားခင် နေ့လည်စာစားချင်တယ်လို့ ကားသမားကိုပြောတော့ မြစ်ဘေးကဆိုင်တစ်ဆိုင်ကိုခေါ်သွားပါတယ်။ ဈေးကြီးမယ်ဆိုတာသိပေမယ့် ဗိုက်ဆာနေတုန်းမှာ ပိုက်ဆံကုန်မှာကို သိပ်မစဉ်းလိုက်နိုင်ပါတယ်။

ငါးကြော်၊ ကြာဆံသုပ်၊ သင်္ဘောသီးထောင်း၊ တုမ်ယမ်းဟင်းချိုကိုမှာလိုက်ပါတယ်။ အစားအသောက်တွေက ထိုင်းအရသာထက် နိုင်ငံခြားသားအကြိုက်ဖြစ်အောင် နည်းနည်းပြင်ထားတယ်လို့ ခံစားရတယ်။ ပိုက်ဆံရှင်းတော့ ဘတ် ၉၀၀။ ဈေးများတယ်၊ စားရတာ မဆိုးဘူး၊ ဒါပေမယ့် ဗိုက်တော့ အတော်ပြည့်သွားတယ်။

စားသောက်ပြီး လေညှင်းခံ စကားပြောရင် အိပ်ငိုက်လာတယ်။ ဒါနဲ့ မဖြစ်သေးဘူးဆိုပြီး အမြန်ထ နောက်တစ်နေရာ သွားရတယ်။

နောက်တစ်နေရာက ၀ပ်သာမိကရတ် (Wat Thammikarat)။ အင်မတန်ရှေးကျတဲ့ စေတီဘုရားလို့ အဆိုရှိတယ်။ စေတီကို ခြင်္သေ့ခံနဲ့တည်ဆောက်ထားတာကတော့ တခြားစေတီတွေနဲ့ မတူ ထူးထူးခြားခြားရှိနေပါတယ်။

နောက်ပြီး ကြေးနဲ့သွန်းထားတဲ့ ဘုရားခေါင်းတွေကြီးရှိတယ်။ အခုရှိနေတာကတော့ နောက်မှ ပုံစံတူပြုလုပ်ထားတာဖြစ်ပြီး အစစ်ကတော့ ပြတိုက်မှာရှိတယ်။

တွေ့ခဲ့တာတွေကတော့ ကျောင်းဆောင် အပျက်ကြီး၊

နောက် နရစွမ်ဘုရင်ရုပ်ထုနဲ့ တိုက်ကြဖတွေရုပ်တုတွေကိုတွေ့ခဲ့တယ်။

အဲဒီကနေသွားတာကတော့ ဘုရားမွန်ခွန် ဘိုဖြစ် (Phra Mongkhon Bophit) ။ အဲဒီမှာက အကြီးဆုံး ကြေးဆင်းတုတော်ကြီးနဲ့ စေတီအပျက်များရှိလို့ပါပဲ။ အ၀င်မှာ ဈေးဆိုင်တန်းများစွာကိုတွေ့ရဲ့။ ဘုရားဝင်းအပြင်ဖက်မှာရှိတဲ့ ဆိုင်တွေများ ခရီးသွားတွေ နေ့လည်စာစားနေတာကိုတွေ့မိတယ်။ ဒီနေရာအရင်တွေ့မိရင် ဒီလိုနေရာမှာပဲ စားမိမှာ။ ကိုယ်စားချင်တာ တကယ့် ထိုင်းအရသာစစ်ကိုလေ။ မေးကြည့်တော့လည်း ကားသမားက အင်္ဂလိပ်လို သေချာမတတ်တော့ ဘုရားပွဲဈေးလို့သာကိုယ့်ဘာသာ နားလည်လိုက်ပါတယ်။



ဒီနေရာကလည်း နာမည်ကြီးနေရာဖြစ်ပြီး စေတီတွေ ဘုန်းကြီးကျောင်းအဟောင်းတွေ အများကြီးပါ။ ဒီမှာရှိထဲအထဲက ဘုရားသုံးဆူက နာမည်ကြီးပါ။ Bon jovi သီချင်းရိုက်တာတောင် ဒီဘုရားတွေ နောက်ခံနဲ့ ရိုက်တာ တွေ့ဖူးပါတယ်။ အယုဒ္ဓယကိုရောက်ရင် ဒီကိုမလာမဖြစ်လာသင့်ပါတယ်။ ၀င်ကြေးတော့ပေးရတယ် တစ်ယောက်ကို ဘတ် ၅၀။


ဆက်သွားဖြစ်တဲ့နေရာက လျောင်းတော်မူ ၀ပ်လိုကယဆုသာရမ် (Wat Lokayasutharam)။ အဲဒီနေရာမှက နေကလည်းပူ လူကလည်းပန်းနေတော့ သာမန်ပဲ ဆင်းပြီး ဓာတ်ပုံရိုက် ကားပေါ်ပြန်တက်ခဲ့တယ်။


တခြားခရီးသွားတွေ သိပ်စိတ်မ၀င်စားပေမယ့် ကိုယ်တိုင်စိတ်ဝင်စားလို့သွားခဲ့တဲ့နေရာကိုဆက်သွားခဲ့တယ်။ အဲဒါက နရစွမ် ဘုရင် ရုပ်ထုရှိတဲ့လမ်းနဲ့ ၀ပ်ဖူးခေါင်သုန် စေတီတော်တို့ပါပဲ။ ဟံသာဝတီဘုရင် ဘုရင့်နောင် အယုဒ္ဓယကိုအောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ်တည်ထားတာပါပဲ။ ဘုရားအပေါ်ကိုတက် ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ကြည့်လို့ရပါတယ်။





ဘုရားပေါ်ကဆင်းပြီးတော့ နှစ်ယောက်သား အတော်ပင်ပန်းနေပြီ၊ ဒါပေမယ့် ရောက်တုန်း ပြတိုက်ကိုသွားသင့်တယ်ဆိုပြီး ပြတိုက်ကိုမောင်းခိုင်းလိုက်ပါတယ်။ ပြတိုက်ရောက်တော့ ပြတိုက်က ပိတ်နေတာနဲ့ ကြုံနေခဲ့တယ်။ အဲဒါနဲ့ စိတ်လျော့လိုက်ပြီး ဘန်ကောက်က တည်းမယ့်ဟိုတယ်ကိုပဲ မောင်းခိုင်းလိုက်ပါတယ်။

တလမ်းလုံး ဘယ်လိုက ဘယ်လို ဘန်ကောက်ကိုရောက်လာမှန်းမသိအောင် နှစ်ယောက်သား အိပ်ပျော်ပြီး လိုက်လာခဲ့ပါတော့တယ်။

ဟိုတယ်ရောက်တော့ ညနေ ၅နာရီကျော်နေပြီ။ ရေမိုးချိုးပြီးတော့ ခဏအနားယူ။ ပြီးရင် ကုမ္ပဏီကစီစဉ်ထားတဲ့ ညစာကို ၉ နာရီမှာမှ သွားရမှာဆိုတော့ အချိန်တော့ရသေးတယ်လေ။

ရနာရီကျော်မှဟိုတယ်ကနေ လမ်းဟိုဖက်မှာရှိတဲ့ CentralWorld ဖက်ကို ထွက်ပြီးလျှောက်ကြည့်တယ်။ လမ်းဘေးဆိုင်တွေကြည့်ပြီး တီရှပ်တစ်ထည်ကို ဘတ် ၁၅၀နဲ့ဝယ်လိုက်တယ်။ တွက်ကြည့်ရင် စင်း ၆ ဒေါ်လာဆိုတော့ မဆိုးဘူးလေ ဆိုပြီး…

လမ်းဘေးကဆိုင်တွေကြည့်တော့ အကင်တွေကစားချင်စရာ။ တစ်ခုကိုဘယ်လောက်လဲမေးတော့ ဘတ်၂၀၊ ၀က်သားလုံး၊ ၀က်အူ၊ ၀က်အူချောင်းလိုဟာမျိုး ၀ယ်စားကြည့်ဖြစ်တယ်။ (စားတာမြန်တော့ ဓာတ်ပုံမရိုက်နိုင်ဘူး) စားလို့ကတော့ ကောင်းတယ်။ အဲဒါနဲ့ fanta အအေးတစ်ပုလင်းဝယ် ဘတ်၂၀။ ပြီးတော့ လေးမျက်နှာဘုရား (လို့ထင်ခဲ့တာ) နဲ့ မဟာပိန္နဲရုပ်ထုရှေ့နားက ထိုင်ခုံပေါ်ထိုင်စားခဲ့တယ်။

တကယ်တော့ လမ်းဘေးဆိုင်တွေက စနစ်တကျထားတတ်ရင် ခရီးသွားတွေအတွက် စွဲဆောင်မှုတစ်ခုတော့ဖြစ်တာပဲလေ။

စားနေရင်းကြည့်တော့ ဘုရားကိုလာဖူးကြတာ များသောအားဖြင့် လူငယ်တွေဖြစ်ပြီးတော့ ပန်း၊ အမွေးတိုင်တွေပူဇော်ကြတယ်။ ပြီးတော့ သူတို့မှာ ရွတ်ဖတ်ဖို့ စာရွက်ကလေးတွေယူလာပြီး ရွတ်ဖတ်ပူဇော်ကြတယ်။ ကြည့်ရတာ ကြည်ညိုလို့ ယုံကြည်လို့ထက် ဆုတောင်းပြည့်တယ်ဆိုပြီး လာဆုတောင်းကြတယ်လို့ပဲထင်ရတယ်။


အနားကိုလှည့်ပတ်ကြည့်တော့ သူက တဘက်လေးတွေ ဘတ်၁၀၀ နဲ့ရောင်းနေတော့ တန်တယ်ဆိုပြီး လေးခုဝယ်ခဲ့လေတယ်။ ညစာစားမယ်နေရာကို တက္ကစီငှားတော့ သိပ်အဆင်မပြေ။ မီတာနဲ့သွားမယ်ပြောလိုက်တိုင်း အဲဒီနေရာက ဝေးတယ်၊ ကားကြပ်မယ်နဲ့ပြောကြတော့၊ BTS (Bangkok Mass Transit System) နဲ့ MRT နှစ်ခုစီးရင်ရောက်တယ်ဆိုတာသိထားတော့၊ အနီးနားမှာရှိတဲ့ ချစ်လွန်း Chit Lom BTS ကိုသွားပြီး ဘယ်လိုစီးရမယ်ဆိုတာ စုံးစမ်းမေးမြန်းပြီး လက်မှတ်ဝယ်ခဲ့လိုက်တယ်။ Chit Lom ကနေ အာဆော့ Asok ကို တစ်ယောက်ကို ဘတ်၂၀ပေးရတယ်၊ ပြီးတော့ MRT လိုင်းကိုပြောင်းပြီးလက်မှတ်ထပ်ဝယ်ရပါတယ်။ ဟွေကွမ်း Huai Khwang ကို တစ်ယောက်ကို ၂၅ ဘတ်ပေးပြီး စီးပြီးမှ ညစာစားမယ့်နေရာကိုရောက်တော့တယ်။

ညစာကတော့ စားရတယ်မဆိုးပေမယ့် စားခဲ့တဲ့ အစားအစာကြောင့် သိပ်ပြီးတောင် မစားနိုင်တော့ဘူး။ ဂိမ်းကစားပြီးတော့ပဲ ည ၁၁ နာရီထိုးခါနီးနေပြီး။ ဟိုတယ်ပြန်တော့ ပဲ ၁၁နာရီခွဲနေပြီး တစ်နေ့တာအတွက် နားစက်အိပ်လိုက်တော့သည်။

--------------------------------------------------------
ငွေလဲနှုန်း - စင်္ကာပူ ၁ဒေါ်လာ = ထိုင်း ၂၅.၀၇ ဘတ်။ The Arcade ( @ Raffles Place) မှာလဲသည်။ သွားချင်ပြီးမရောက်ခဲ့သောနေရာ
Bang Pa-In Summer Palace
Wat Traimit - ရွှေသားအတိဆင်းတုတော်

7 comments:

Kay said...

အောက်ခြေမှတ်စု မှာ- (သူ ) ဆိုတာ ကို လည်း ထဲ့အုံးလေ။ ဘယ်သူ ကို ပြောတာလဲ မသိဘူး..

P.Ti said...

သူ လို့နာမ်စားအဖြစ်သုံးတာ - တကယ်က သူမ (ဟမ်)

mstint said...

ဒီလိုဘလော့ကောင်းကောင်းတွေ ရှိတာ အသိနောက်ကျသွားတယ် ပီတိရေ။
အယုဒ္ဓယမြို့တော်ကို ကိုယ်တိုင် အလည်ရောက်သွားသလိုပါပဲ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

P.Ti said...

တီတင့် ကျေးဇူးတင်ပါတယ်။ ဘလော့ကိုမရေးတာ နှစ်ချီနေပြီ။ အခုမှ စိတ်ကူးပေါက်ပြီးထရေးလိုက်တာပါ။

မေဇင် said...

ခုမှ မန့် ချင်စိတ်ပေါက်သွားလို့။

ဒါမျိုးစာဖတ်ပြီးရင် ခရီးအရမ်းသွားချင်တယ်။


ရှေ့နှစ်တော့ ရောက်အောင် သွားဦးမယ်း)

NSA said...

ဘုရင့်နောင်ရုပ်ထု အောက်ပါ လယ်ကွင်းရှုခင်းပုံက မြန်မာပြည်အတိုင်းပဲ

P.Ti said...

နောင့် အခွင့်အရေးရတုန်း များများသာသွား။

ဟုတ်တယ် ဆင်ဆင်။ မြန်မာပြည်နဲ့ တော်တော်လေးတူတယ်။ မြန်မာပြည်လောက်တော့ မလှဘူးပေါ့။

Ratings