Thursday, October 11, 2012

ထိုင်းနိုင်ငံသို့ အလည်တစ်ခေါက် - ကန်ချနာဘူရီ

တနင်္လာနေ့

၆း၃၀ အိပ်ရာက ထဖို့ နှိုးစက်ပေးထားပေမယ့် မနက်အိပ်ယာကနိုးတော့ ၇ နာရီဖြစ်နေပြီ။ အမြန်ထပြင်ဆင်ပြီး ဟိုတယ်အောက်ကို မနက်စာဆင်းစား။ စားနေတုန်းပဲရှိသေးတယ် ခရီးသွားကုမ္ပဏီက ကားကလာခေါ်နေပြီ။ လာခေါ်တာကတော့ ဆလွန်းကားနဲ့ ပြီးတော့ သူ နဲ့ ကျွန်တော်နှစ်ယောက်ထဲ။ မောင်းသွားတဲ့နေရာကတော့ သူတို့စုရပ်ရှိတဲ့နေရာ ခရီးသွားကုမ္ပဏီ ခြံဝန်းထဲကို။ ဟိုတယ်ပေါင်းစုံက သူတို့ ခရီးအစီအစဉ်ဝယ်ထားတဲ့လူတွေကိုလိုက်ခေါ်ပြီး သူတို့ကုမ္ပဏီမှာစု ပြီးမှ ဘတ်စ်ကားကြီးတွေနဲ့ ဆက်ပြီးခရီးထွက်မှာဖြစ်ပါတယ်။

အဲဒီမှာ လူစုံဖို့ မိနစ်နှစ်ဆယ်လောက်စောင့်ပြီးတော့ ကွေးမြစ်တံတားနဲ့ သေမင်းတမန်ရထားလမ်းကိုသွားမယ့်သူများ လို့ခေါ်တာနဲ့ လိုက်သွားပြီး ဘတ်စ်ကားကြီးတစ်စီးကိုညွှန်ပြပြီး တက်ခိုင်းတယ်။ အယောက်လေးဆယ်ဆန့် ကားကြီးပေါ်မှာ စုစုပေါင်း ၁၅ယောက်လောက်ပဲပါတယ်။ ကားစထွက်ကတည်းက ဧည့်လမ်းညွှန်အမျိုးသမီးကြီးက အာဇ္ဇ၀န်း ရွှင်ရွှင်နဲ့ မိတ်ဆက်စကားပြော၊ သွားမယ့် ခရီးက နှစ်နာရီခန့်ကြာမည်ဖြစ်ကြောင်း၊ သွားမယ့်နေရာက ကန်ချနာဘူရီ (Kanchanaburi) JEATH ဆိုတဲ့ ပြတိုက်၊ စစ်သင်္ချိုင်း ပြီးတော့ ကွေးမြစ်တံတားဖြစ်ကြောင်း၊ အဲဒီကမှ တစ်ဆင့် သေမင်းတမန်ရထားလမ်းတစ်လျှောက် ရထားစီးပြီး လေ့လာမှာဖြစ်ကြောင်း၊ ပထမသွားမယ့်နေရာမှာ မွန်ဘုန်းတော်ကြီးတစ်ပါး စတင်ထူထောင်ထားတဲ့ ပြတိုက်ကလေးဖြစ်ကြောင်း၊ ပြတိုက်က လာတဲ့လူတွေကို တံတားဆောက်တုန်းက လူတွေ ဘယ်လိုနေခဲ့ရတယ်ဆိုတာ ခံစားရနိုင်ဖို့ ၀ါးတဲကလေးဖြင့်သာဆောက်လုပ်ထားကြောင်း၊ ပြီးတော့ ထိုင်းနိုင်ငံအကြောင်း သိကောင်းစရာတွေပြောပါတယ်။

ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ကြောင်း၊ ဘုန်ကြီးပေါင်း ၄သိန်းခန့်၊ ဘိက္ခုဏီကတော့ အယောက်ခုနှစ်ဆယ်ခန့်သာရှိကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် တခြားယုံကြည်မှုတွေဖြစ်တဲ့ ဟိန္ဒူအယူအဆ၊ တရုတ်ဗုဒ္ဓဘာသာ အယူအဆများလည်းရှိကြောင်း ဆက်တိုက်ပြောတာပါတယ်။

တချို့အချက်အလက်တွေကတော့ ကျွန်တော်လည်း မကြားတချက်ကြားတချက်။

သေမင်းတမန်ရထားလမ်းနဲ့ ကွေးမြစ်တံတားကို ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းကို ရိက္ခာ၊ စစ်လက်နက်တွေ ပို့ဆောင်ဖို့ အတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ဖက်ကို ဘုရားသုံးဆူတောင်ကြားလမ်းကနေဖြတ်ပြီး သံဖြူဇရပ်အထိရောက်ပါတယ်။ ထိုင်းနိုင်ငံအတွင်းက ရထားလမ်းက အသုံးပြုလို့ရနေသေးပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ အဲဒီရထားလမ်းကို မသုံးတော့ဘူး ထင်တာပဲ။ ဖွံ့ဖြိုးလာရင် ထိုင်းတွေလိုပဲ ပြစားလုပ်စား လုပ်သင့်ပါတယ်။

ရထားလမ်းကို ဂျပန်စစ်တပ်က မဟာမိတ်တပ်က စစ်သုံ့ပန်းတွေရယ်၊ မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့ပါ။ ရာသီဥတုဒဏ်၊ နေထိုင်စားသောက်ရတဲ့ အခြေအနေ၊ လုပ်ကိုင်ရတဲ့ အလုပ်တွေ၊ ဂျပန်စစ်တပ်ရဲ့ နှိပ်စက်မှုတွေကြောင့် မဟာမိတ်တပ်သား ၁၆၀၀၀ ကျော် နဲ့ အလုပ်သမားပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ရပါတယ်။ The Bridge on the River Kwai ဆိုတဲ့ ရုပ်ရှင်ကြောင့်လည်း ဒီတံတားက လူသိများပြီး အခုတော့ ခရီးသွားလုပ်ငန်းအတွက် နေရာကောင်းတစ်ခုဖြစ်နေပါပြီ။ အဲဒီရုပ်ရှင်ကြောင့်လည်း ဒီတံတားကိုရောက်ချင်ခဲ့တာလည်း ပါပါတယ်။

ကားမောင်းလာတော့ လမ်းဘေးတစ်လျှောက်မှာ စင်္ကာပူမှာမမြင်ရမယ့် မြင်ကွင်းကျယ်တွေတွေ့ရမယ်လို့စိတ်ကူးမိပေမယ့် လက်တွေ့မှာ ကန်ချနာဘူရီ သာရောက်ရော ကားလမ်းတစ်လျှောက် အိမ်ခြေရာတွေ ပြတ်တယ်ရယ်လို့ကို မတွေ့ရပါဘူး။

လမ်းမှာ မိုးရွာထားလို့ လမ်းမပေါ်ရေကြီးနေတာလည်း တွေ့ခဲ့တယ်။


သစ်ပင်ကြီးလဲနေတာလည်း တွေ့ခဲ့တယ်။

လမ်းလယ်မှာ ဓာတ်တိုင်ကြီးတွေလည်းတွေ့ခဲ့တယ် (ဟမ်)

နှစ်နာရီလောက်မောင်းပြီးတော့ ကန်ချနာဘူရီမြို့ထဲကိုဝင်လာပါတယ်။ အဲဒီမှာ အင်မတန်နာမည်ကြီးတဲ့ မွန်ဘုန်းကြီးတစ်ပါးက မြို့ကိုတိုးတက်ရာတိုးတက်ကြောင်း အများကြီးလုပ်ခဲ့ကြောင်း။ ဘုရင်ကိုယ်တိုင် ကြည့်ညိုလွန်းလို့ နန်းတွင်းမှာထား ကိုးကွယ်ကြောင်း၊ အခုဆို သက်တော် ၉၆နှစ်ရှိနေပြီးဖြစ်ကြောင်းပြောပါတယ်။ (သူကပြောပါတယ် အဲဒါ ခေါင်းဆေးကျွန်းဆရာတော်ကြီး ဖြစ်နိုင်ကြောင်း)

အခုသွားတာကလည်း အဲဒီဘုန်းတော်ကြီး စတင်စုဆောင်းထားတာတွေကို ပြသထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြို့ထဲရောက်ပြီး ခဏနေတော့ လမ်းလေးတစ်ခုထဲကိုချို့ကွေ့ဝင်သွားပြီး ပြတိုက်ကလေးကိုရောက်သွားပါတယ်။ ပြတိုက်ကိုတော့ ၀ါးတွေနဲ့ဆောက်လုပ်ထားပြီး ခပ်သေးသေးခပ်နိမ့်နိမ့်ပါပဲ။ အ၀င်မှာ ဘုန်းတော်ကြီးရဲ့ ရုပ်ထုကိုပြသထားပါတယ်။

အထဲကိုဝင်တော့ ဓာတ်ပုံမရိုက်ရစာတန်းကြောင်း လေးစားလိုက်နာကာ အများကြီးမရိုက်ခဲ့ပါဘူး။ အမှတ်တရအနေနဲ့ နှစ်ပုံတော့ ရိုက်ခဲ့ပါတယ်။

ပြထိုက်ထဲမှာတော့ စုဆောင်းထားတဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ၊ ပန်းချီတွေ စစ်လက်နက်ပစ္စည်းတွေကို ပြသထားပါတယ်။ ပြတိုက်ရဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်ကို မုန်းတီးဖို့ မဟုတ်ပဲ စစ်ရဲ့ အနိဌာရုံကို သိရှိစေရန်သာဖြစ်ပါတယ်တဲ့။

အဲဒီကနေထွက်လာပြီးတော့ စစ်သင်္ချိုင်းကိုသွားပါတယ်။ စစ်သင်္ချိုင်းအလှကိုမပျက်စေဖို့ ထိန်းသိမ်းရေးအဖွဲ့က အဲဒီရှေ့က မြေကွက်လပ်ကိုတောင် ၀ယ်ပြီး ထိန်းသိမ်းထားတယ်လို့လဲပြောတယ်။

စစ်သင်္ချိုင်းရောက်တော့ မိုးရွာထားလို့ ရေတွေဝပ်နေတယ်၊ လူအများဝင်လို့ရှိရင် ပျက်စီးမျာစိုးလို့ဆိုပြီး ပိတ်ထားလေရဲ့။ အထဲကို မ၀င်ရပေမယ့် အပြင်ကနေလှမ်းကြည့် ဓာတ်ပုံရိုက်ခဲ့ရပါတယ်။

အဲဒီ စစ်သင်္ချိုင်းမှာ ရထားလမ်းတည်ဆောက်တုန်း ကျဆုံးခဲ့တဲ့ မဟာမိတ်စစ်သားပေါင်း ၆၉၇၂ ကို မြုပ်နှံထားတာဖြစ်ပြီး Commonwealth War Graves Commission က ထိန်းသိမ်းထားတာဖြစ်ပါတယ်။

တံတားတည်ဆောက်တုန်းက စုစုပေါင်းလူဘယ်နှစ်ယောက် သေဆုံးခဲ့တယ်ဆိုတာ မှတ်တမ်းအတိအကျမရှိတော့ ခန့်မှန်းချေကိုသာပြောကြကြောင်း၊ ဒါကြောင့် ရထားလမ်းမှာရှိတဲ့ ဇလီဖားတုန်းတစ်ခုမှာ လူတစ်ယောက်သေဆုံးခဲ့တယ်ဆိုတဲ့ အဆိုတော့ရှိတယ်လို့လည်း ရှင်းပြပါတယ်။

ခဏပဲကြည့်၊ ဓာတ်ပုံရိုက် ပြီးတာနဲ့ ကွေးမြစ်တံတားဆီကို ဆက်ပြီးသွားခဲ့ပါတယ်။ ကွေးမြစ်တံတားနားမှာ ကားကိုရပ်လိုက်ပြီး သယ်လာတဲ့ ပစ္စည်းတွေအားလုံးကိုလည်း ကိုယ်နဲ့ တစ်ပါတည်းယူခိုင်ပါတယ်။ တံတားပေါ်ဖြတ်ကြည့်ပြီးရင် ရထားနဲ့ဆက်ပြီး ခရီးဆက်မှာမို့လို့ပါ။

ဒီ နာမည်ကျော်တံတားကို ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တံတားအလယ်ပိုင်းက ကျိုးပျက်ခဲ့ပါတယ်။ အခုလက်ရှိတံတားက ဒုတိယကမ္ဘာစစ်ပြီးတော့မှ ဂျပန်ကုမ္ပဏီ ယိုကိုဂါဝါ တံတားတည်ဆောက်ရေးလုပ်ငန်းက ပြန်လည်တည်ဆောက်ပေးခဲ့တာပါ။ နောက်ဆောက်တဲ့ တံတားအပိုင်းရဲ့ သံဘောင်က လေးထောင့်ချိုးပုံစံဖြစ်ပြီးတော့ မူလတံတားရဲ့သံဘောင်ပုံစံက အ၀ိုင်းပုံစံဖြစ်ပါတယ်။

တံတားပေါ်ကိုလမ်းလျှောက်ပြီး လေ့လာကြည့်ရှု၊ ပြီးတော့ ဓာတ်ပုံတွေကိုရိုက်။ ကွေးမြစ်ကတော့ မိုးတွင်းမို့လို့ထင်ပါရဲ့ ရေရဲ့အလျင်က ညစ်နောက်နေတယ်။ သဘာဝပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုမြင်ရတော့ စိတ်ရွှင်လန်းမှု ရတာကတော့ အမှန်ပါပဲ။

တံတားတဖက်အဆုံးအထိတောင်မရောက်ဘဲ လမ်းလျှောက်ဓာတ်ပုံရိုက်ပြီးချိန်လောက်မှာ ရထားဘူတာကိုသွားဖို့ အချိန်ကိုရောက်သွားပါပြီ။ ရထားက ၁၁ နာရီမှာ ဘူတာကိုရောက်မှာဖြစ်လို့ တံတားကနေ ၁ ဖာလုံလောက်ဝေးတဲ့ ဘူတာကို လမ်းလျှောက်သွားကြတယ်။ နေကတော့ အင်မတန်ပူတော့ ရေလည်းအင်မတန်ငတ်ပါတယ်။ လမ်းဘေးဆိုင်လေးက ရေသန့်ကို ဘတ် ၂၀ပေးပြီးသောက်၊ ဘူတာကိုရောက်တော့ ရထားကိုစောင့်။ ဂိုက်အမျိုးသမီးကတော့ ပြောရှာလေတယ်၊ လော်ကယ်ရထား (local train) တွေက ဘယ်တော့မှ အချိန်မမှန်ဘူးတဲ့။ မြန်မာပြည်နဲ့ သူမသာကိုယ်မသာလောက်ပဲပေါ့။

အားလုံးမျှော်တဲ့ရထားက ၁၁း၁၅ လောက်မှ ဘူတာကိုဝင်လာလေရဲ့။

ရထားလည်းရပ်ရော ရထားပေါ်အပြေးတက်နေရာယူကြတယ်။ ရထားတွဲက တတိယတန်းဆိုတော့ သစ်သားထိုင်ခုံ နဲ့ ဘဘာဝလေအေး စနစ်နဲ့ ဖြစ်ပါတယ်။

ရထားပေါ်မှာ သတ်မှတ်ထားတဲ့ ခုံမှာထိုင်ရပေမယ့် တော်သေးတာက ရှေ့ကိုလှည့်တဲ့ခုံဖြစ်နေတာပါ။ သူက နောက်လှည့်တဲ့ ခုံဆို မထိုင်တတ်ပဲ မူးတတ်တယ်။ မျက်နှာချင်းဆိုင် ထိုင်ခုံ မှာကတော့ အနောက်တိုင်းသား လင်မယားနှစ်ယောက်၊ မိန်းမက ဗွီဒီယို ကင်မရာနဲ့ ဟိုရိုက်ဒီရိုက်နဲ့ပါလာတယ်။

ဘူတာကလည်းထွက်ပြီးတော့ ခုနက လမ်းလျှောက်ခဲ့တဲ့ တံတားပေါ်ကို ဖြတ်အသွား အားလုံး စိတ်လှုပ်ရှားစွာနဲ့ အပြင်ကိုထွက် ခေါင်းပြူထွက်ကြည့်ရှုကြတယ်။ တံတားဘောင်နဲ့ ရထားနဲ့ အရမ်းနီးနေတာ့ သတိထားပြီး သိပ်တော့ ခေါင်းမပြူရဲဘူး။

ရထားစထွက်ခါစမှာ အားလုံးက အထူးတဆန်းနဲ့ အပြင်ကိုကြည့်လိုက် ဓာတ်ပုံရိုက်လိုက် နဲ့ လုပ်လာပေမယ့် နည်းနည်းလည်းကြာလာရော ဂျုံးဂျုံးဂျက်ဂျက်နဲ့ ရထားလှုပ်သိပ်တဲ့ အရသာကို မနည်းတောင့်ခံကာ လိုက်ခဲ့ရတယ်။ တချို့တလေကတော့ အိပ်ငိုက်ကာ လိုက်ပါကြလေရဲ့…

လူလုပ်အားသက်သက်ဖြင့် ကျောက်တောင်ကြီးတွေကို ဖောက်ထားတာတွေကိုလည်း ဖြတ်ခဲ့ရတယ်။

ဖြတ်လာရာလမ်းတစ်လျှောက် ကြံခင်းတွေလည်းတွေ့ရဲ့၊ စပါးခင်းတွေလည်းတွေ့ရဲ့်။ မြန်မာပြည်နဲ့တူတာနောက်တခုက ကြက်ဆူပင်တွေကို အများအပြားစိုက်ထားတာပဲဖြစ်ပါတယ်။

အဝေးကတောင်တန်းကိုလည်းတွေ့တယ်။ စိတ်ကူးထဲမှာတော့ အဲဒီတောင်တွေကို ကျော်လိုက်ရင် မြန်မာပြည်ထဲ ရောက်သွားမလားဆိုပြီးတွေးနေမိသေးတယ်။

ဒီလိုဘူတာလေးတွေကိုလည်း ဖြတ်လာရတယ်။ တချို့ဘူတာတွေမှာတော့ ရပ်နားပေးတယ်။

ရထားပေါ်မှာ အအေးလာရောင်းတာလည်းရှိတယ်၊ မုန့်လာရောင်းတာလည်းရှိတယ်။ ပလောပီနံနဲ့လုပ်ထားတဲ့မုန့်ဆိုလို့ဝယ်စားကြည့်သေးတယ်။ စားလို့ကောင်းတယ် ဘတ် ၂၀။

ခရီးသွားကုမ္ပဏီကလူကလာပြီး ဓာတ်ပုံရိုက်မယ်ဆိုပြီး နှစ်ယောက်တွဲပုံရိုက်သွားလေရဲ့။ ခရီးစဉ်ပြီးခါနီးမှာ ရိုက်သွားတဲ့ပုံကို ရထားလက်မှတ်လေးနဲ့တွဲပြီး ပလတ်စတစ်လောင်းထားပြီး လိုက်ပြတယ် ယူမလားတဲ့။ အမှတ်တရ ဘတ် ၁၀၀။

တစ်နာရီလောက်လည်းမောင်းပြီးရော ဂိုက်အမျိုးသမီးက ရှေ့နားမှာ ဒီရထားလမ်းရဲ့က အဓိက ရှုခင်းဖြစ်တဲ့ တံတားကိုဖြတ်တော့မယ်ဆိုပြီးလာပြောပါလေရော။ တဖက်က မြစ်၊ တဖက်က တောင်ကမ်းပါးရံကြီးရှိတယ်။ ဓာတ်ပုံရိုက်ဖို့ပြင်ထားပါလို့လည်းပြောလိုက်ရော ရထားတစ်တွဲလုံ လှုပ်ရွလှုပ်ရွဖြစ်ကာ အပြင်ကို ခေါင်းပြူကြည့်ကြ၊ ကင်မရာကို အသင့်ပြင်ကြနဲ့ အလုပ်တွေရှုပ်ကုန်ကြတယ်။

ကျွန်တော်ခေါင်းထွက်ကြည့်တော့ ဘေးမှာ ကွေးမြစ်ကိုလှမ်မြင်နေရတယ်။ ရထားကတည်း တံတားနားမှာ အရှိန်လျော့ပြီး ဖြည်းဖြည်းချင်းသာသွားနေလေတယ်။ တံတားက သစ်သားနဲ့ လုပ်ထားတဲ့ တံတားဖြစ်တယ်။ ဒီတံတားနဲ့ ရထားနဲ့ ဓာတ်ပုံကို ကြော်ငြာတဲ့ ပိုစတာမှာ တွေ့မိတော့ ဓာတ်ပုံကောင်းကောင်းများရလေမလားဆိုပြီး ကြိုးစားပြီးရိုက်တယ်။ ဒါပေမယ့် တခြားလူတွေနဲ့ အလုအယက်ကြိုက်ရတော့ ဓာတ်ပုံတွေက ထင်သလောက်မကောင်း။ (ဒီလိုပဲ အပြစ်တင်စရာရှာရတာပေါ့)


တံတားဖြတ်အပြီးမှာ ကျွန်တော်တို့ရဲ့ ခရီးအဆုံးဘူတာကိုရောက်လို့ ရထားပေါ်ဆင်းပြီး ခုနက ဖြတ်လာတဲ့ တံတားပေါ်ဖက်ပြန်လျှောက်ပြီး ဓာတ်ပုံရိုက်ကြပါတယ်။ ရထားကြီးကတော့ ဆက်လက်ထွက်ခွါသွားလေရဲ့….

အနီးအနားမှာရှိတဲ့ ထုံးကျောက်ဂူထဲကိုဝင် ဘုရားလည်းဝင်ဖူး လိပ်ဥလည်းဝင်တူး အဲ - ဓာတ်ပုံလည်း ရိုက်။

ပြီးတော့မှပြန်ထွက်လာပြီး ရှုခင်း နဲ့ တံတားတွေကို ထပ် ဓာတ်ပုံရိုက်။ သိပ်အကြာကြီးမနေနိုင်ဘူး။ နေကပူ ဗိုက်ကလည်းဆာ ပြီးတော့ ကိုယ့်ကြောင့်သူများတွေ မစောင့်ရအောင် ခပ်သွက်သွက်ပဲ ဓာတ်ပုံရိုက်တာကို အပြီးသတ်၊ ကားရပ်ထားတဲ့ နေရာကို လမ်းလျှောက်သွား၊ ကားပေါ်ရောက်မှပဲ ရေသောက်အမောဖြေရတော့တယ်။

အဲဒီကနေပြီးတော့ ထမင်းကျွေးမယ့်နေရာကို မောင်းသွားပါတော့တယ်။ ထမင်းစားတဲ့နေရာမှာ ဘူဖေးကျွေးတယ်ဆိုတော့မယ် ထမင်း၊ ခရမ်းချဉ်သီးထမင်း ကြက်သား၊ အရွက်ကြော်၊ အီတလီခေါက်ဆွဲ၊ ဆာတေးပဲရှိတော့ ရွေးစရာသိပ်မရှိ ထမင်းနဲ့ ကြက်သား၊ နဲ့ ဆာတေးကိုစားပါတယ်။ အအေးသောက်ချင်တော့ ဘူးဖေးထဲမှာမပါပါ၊ ဘတ်၂၀ ပေးရပါပြန်ပါပြီ။

စားပြီးတော့ ငှက်ပျောသီးကြော်ကို ချက်ချင်းကြော်ပေးတာတွေ့တော့ သွားယူပြီးစားကြည့်တယ်။ စင်္ကာပူက ငှက်ပျောကြော်နဲ့မတူ မြန်မာပြည်က ငှက်ပျောကြော်တဲ့ ပိုတူပြီး စားလို့ကောင်းတယ်။ စားလို့ကောင်းလို့ နှစ်ခါတောင်ယူစားမိတယ်။

စားပြီးတော့ နေ့လည် ၂ နာရီလောက်ရှိနေပြီ။ ထမင်းစားတဲ့နေရာကနေပြီး ဘန်ကောက်ကို တောက်လျောက်ပြန်မောင်းပြီး ပြန်လာပါတယ်။ လမ်းမှာ ကျားတွေရှိတဲ့ဘုန်းကြီးကျောင်း နေရာကိုပြတယ်၊ အဲဒီကိုသွားချင်ရင် ဒီခရီးစဉ်နဲ့ မတူနဲ့ ခရီးစဉ်ကိုဝယ်ပြီးသွားရပါတယ်။ (River Kwai and Tiger Temple) ဆိုတဲ့ ခရီးစဉ်ကို သတ်သတ်ရောင်းပါတယ်။ ကျွန်တော်တို့သွားခဲ့တာကတော့ River Kwai and Death Railways ဆိုတော့ ခရီးစဉ်ဖြစ်လို့ ကျားဘုန်းကြီးကျောင်းကို မသွားပါဘူး။

လမ်းမှာတွေ့တဲ့ စိုက်ခင်းတွေ မွေးမြူရေးခြံတွေကို CP ကုမ္ပဏီကပိုင်တယ်၊ CP ကုမ္ပဏီ သူဌေးက ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ဆိုပြီး ဂိုက်အမျိုးသမီး ပြောပြပါတယ်။ ဒုတိယအချမ်းသာဆုံးက RedBull အားဖြည့်အချိုရည်ပိုင်ရှင်နဲ့လည်းပြောရဲ့ တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်နဲ့ဝေးကွာပြီး အနားယူမှေးစက်ကာ အိပ်ပျော် သွားပါတော့တယ်။

ပြန်နိုးလာတော့ ဘန်ကောက်မြို့ထဲကိုဝင်နေပြီ။ ကားက ခရီးသွားကုမ္ပဏီ ခြံဝန်းထဲကိုပဲပြန်မောင်းသွားပါတယ်။ အဲဒီကနေမှ တစ်ဆင့် ဟိုတယ်တစ်ခုချင်းစီကို ဆလွန်းကားတွေနဲ့ ပြန်လိုက်ပို့ပေးတယ်။ ဟိုတယ်ရောက်တော့ပဲ ညနေငါးနာရီခွဲနေပြီ။ ကားပေါ်က အိပ်လာတာကြောင့် သိပ်တော့မအိပ်ချင်တော့။ ဟိုတယ်ပြန်ရောက်ပြီး ခဏလှဲ၊ အနားယူ။ ပြီးတော့ ရေချိုးပြီး ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ CentralWorld ထဲကိုသွားဈေးပတ်၊ ၀ယ်စရာကတော့ဘာမှမရှိ၊ ရှိတဲ့ဆိုင်တွေ အကုန်လုံးနီးပါးက စင်္ကာပူမှာလည်းရှိတယ် ဈေးတွေကလည်းသိပ်မကွာ။

သွားရင်းနဲ့ လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ၀င်ကြည့်ရင်း ဓာတ်ပုံတွေကို သိမ်းဖို့ Galaxy Tab အတွက် SD Card adaptor ကိုမေးပြီးဝယ်လိုက်ပါတယ်။ ဘတ် ၆၉၀။ ပါသွားတဲ့ SD Card တွေမှာ ဓာတ်ပုံကပြည့်နေပြီဖြစ်လို့ နောက်နေ့မှာလည်း ရိုက်စရာတွေ ကျန်သေးတာရယ် နောက်လည်း သုံးရအောင်ရယ် တွေးပြီး ၀ယ်လိုက်တာ။

ညစာကိုလည်း သိပ်မရှာချင်တော့တာနဲ့ အဲဒီအနားမှာတွေ့တဲ့ Lee Family ဆိုတဲ့ဆိုင်မှာပဲဝင်စားလိုက်တော့တယ်။ မှာတာက ငပိထမင်းကြော်၊ ကြာဇံကြော်၊ တုန်ယမ်းဟင်းချို၊ ပြီးတော့ ထိုင်း အချိုတစ်ပွဲမှာစားတယ်။ မထင်မှတ်ဘဲ ဘတ် ၇၀၀ ကျော်ကျသွားတယ်။ ဈေးတွေရေးထားပေမယ့် tax တွေ service charges တွေကြောင့် ထင်တာထက်ပိုကုန်သွားတာလေ။

(Lee Family - Lee Family - စလုံးမှာ ရိတ်တာအားမရလို့ ထိုင်းမှာတောင် လိုက်ရိတ်သလား အောက်မေ့ရတယ်ကွာ။)

စားပြီးတော့ ဘယ်သွားမလဲဆိုပြီး စဉ်းစားကြည့်တယ် ဘိုင်ယောက်တာဝါ ( Baiyoke Tower) အပေါ်မှာရှိတဲ့ Observation Deck ကနေ မြို့ကို ကြည့်လို့ရတယ်ဆို ဖတ်ထားမိတော့ အဲဒီကိုသွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ တက္ကစီကိုငှားတော့ မီတာနဲ့သွားမှာဆိုပြီး တက်စီးလိုက်တယ်။ မောင်းနေရင်းနဲ့ လမ်းမအလယ်ရောက်မှ သွားရမှာ တစ်လမ်းမောင်း၊ ကားတွေကရှုပ်တယ်နဲ့ ကားသမားက ၀ူးဝါးဝူးဝါးထလုပ်ပါတယ်။ အဲတော့ ဘာဖြစ်ချင်သလဲဆိုတော့ မီတာမဖွင့်ပဲ ဘတ်၁၀၀ ပေးပါဆိုပြီးပြောလာတယ်။ ကိုယ့်စိတ်ထဲမှာ စနိုးစနောင့်ဖြစ်သွားပြီး မပေးချင်ဘူး၊ ဒါပေမယ့် ပြန်တွေးကြည့်လိုက်ပြန်တော့ ရောက်နေတာ သူများနိုင်ငံ ဘာလုပ်မယ်မှန်းမသိ၊ အသာတကြည့်ပဲ ဘယ်လောက်ဝေးလို့ ဘတ် ၁၀၀ တောင်းတာလဲဆိုတော့ တစ်လမ်းမောင်း၊ ကားတွေကရှုပ်တယ်နဲ့ ပဲပြန်ပြောတယ်။ ညကလည်း ၉နာရီလောက်ရှိနေပြီ သူ့ကားပေါ်မှာလည်းရောက်နေပြီ ဆိုတော့ကာ သဘောမတူချင်ပေမယ့် တူလိုက်ရပါတယ်။ မောင်းပြီး ၂ မိနစ်လောက်လည်းရှိတော့ လမ်းကြားတစ်ခုတည်းဝင်ပြီး ရောက်ပြီဆိုပြောရော၊ စိတ်က နည်းနည်းတိုသွားပြီး နီးနီးလေး ဘတ်၁၀၀ တောင်းရတယ်လို့လဲပြောရော တက္ကစီသမားရုပ်က အချဉ်တစ်ကောင်ရလိုက်တဲ့ အပြုံမျက်နှာနဲ့။ ဆက်စကားမများချင်တော့တာနဲ့ သဘောတူပြီးသား ဘတ် ၁၀၀ ကို အောက်သက်သက်နဲ့ပေးလိုက်ရတယ်။ ကားပေါ်ကနေပြီး အနားမှာရှိတဲ့ လုံခြံရေးကို ဒါ Baiyoke Tower လားလို့ မေးလိုက်ရသေးတယ်။ တော်ကြာ မဟုတ်တဲ့နေရာ ချထားခဲ့မှ မိအေးနှစ်ခါနာဖြစ်နေဦးမယ်။

Baiyoke Tower ကိုတက်ဖို့ လက်မှတ်ဝယ်တော့ တစ်ယောက်ကို ဘတ် ၄၀၀ တဲ့ ၊ နှစ်ယောက်ဆို ဘတ် ၈၀၀။ ပိုက်ဆံလက်ကျန်ကြည့်လိုက်တော့ မနက်ဖြန်အတွက်ပါတွက်ကြည့်လိုက်တော့ သိပ်မလောက်ချင်၊ အဲတော့ လိုရမယ်ရယူလာတဲ့ အစိမ်း ၁ ဒေါ်လာတန်တွေကို လက်မှတ် ကောင်တာမှာပဲ အကုန်လဲလိုက်တယ်၊ အားလုံးပေါင်း ၃၂ ဒေါ်လာ။ တစ်ဒေါ်လာကို ၂၈ဘတ်ကျော်ကျော်ပဲရတယ်။

ရတဲ့ ဘတ် ၉၀၀ ထဲက ဘတ် ၁၀၀ ကိုယူပြီး လက်မှတ်ဖိုး ဘတ် ၈၀၀ ပေးလိုက်တယ်။

Baiyoke Tower က ထိုင်းနိုင်ငံမှာကတော့ အမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ်။

ဓာတ်လှေကားနဲ့ ၇၇ ထပ်မှာရှိတဲ့ skywalk မှာလျှောက်ကြည့်ပါတယ်။ skywalk ကနေ ဘန်ကောက်မြို့ရဲ့ညရှုခင်းကို အပေါ်စီးကနေမြင်ရတယ် တော်တော်လေးလှပါတယ်။ အောက်မှာရှိတဲ့ အဆောက်အဦးတွေ၊ သွားလာနေတဲ့ ကားတွေ၊ အမြန်လမ်းမတွေ ကွန်ယက်ယှက်ဖြာနေတာတွေက မျက်စိပသာဒ ဖြစ်စေပါတယ်။

အဲဒီအပေါ်ကနေမှာ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်လိုလှမ်းကြည့်တာ သိပ်မဝေးလှပါဘူး။ ဘတ်၁၀၀ ပေးတာတွေပြီး ရင်နာလို့ မပြီးသေး။ အပြန်ကျရင်တော့ လမ်းလျှောက်ပြန်ရင်တောင်ရမယ်ဆိုတော့ သူကလည်း လမ်းလျှောက်ပဲပြန်ရအောင်တဲ့။ ကြည့်ရတာ ဘန်ကောက်တက္ကစီကိုနည်းနည်းကြောက်သွားပုံပဲ။

အဲဒီကနေမှာ အပေါ်ကိုလှေကားနဲ့တက်ပြီး လည်နေတဲ့ ကြည့်မျှော်စင် (revolving observation deck) တက်ကြည့်ပါတယ်။ အဲဒီမှာမှန်အလုံမဟုတ်ပဲ ကာထားတဲ့ မှန်ပဲရှိပါတယ်။ ပြီးတော့ အထပ်မြင့်တော့ လေတိုက်ပါတယ်။ လေတိုက်ပေမယ့် သိပ်မအေးပဲ ရာသီဥတုက နည်းနည်းနွေးနေပါသေးတယ်။ သူလှည့်တဲ့အတိုင်းလိုက်စီးပြီး ဘန်ကောက်မြို့ကို အပေါ်စီးကနေ နှစ်ပတ်လောက်ကြည့်ပြီး skywalk ကို ပြန်ဆင်းခဲ့ပါတယ်။


အဲဒီမှာရှိတဲ့ Bar မှာ လက်မှတ်ထဲမှာပါတဲ့ အလကားတိုက်တဲ့ ကော့တေးမှာသောက်၊ အေးအေးဆေးဆေးထိုင် စကားပြောလိုက်၊ Facebook တက်လိုက်နဲ့ နားနေပါတယ်။ ပြန်ဆင်းလာတော့ ည ၁၀ နာရီ ခွဲခါနီးနေပြီ။

Baiyoke Tower ကထွက် လမ်းထဲမှာရောင်းနေသေးတဲ့ ညဈေးကိုဖြတ် နှစ်ယောက်သား ဟိုတယ်ကိုပြန်လမ်းလျှောက်လာခဲ့တော့တယ်။ လမ်းလျှောက်တာတောင် ၁၅မိနစ်လောက်သာကြာတဲ့ ခရီး ဘတ်၁၀၀ ပေးရတာ သတိရနေတုန်း …

--------------------------------------------------------------------------

မှတ်ချက်။ ဘန်ကောက် တက္ကစီများ မီတာမဖွင့်ရင် မစီးပါနဲ့။ မီတာနဲ့ လို့ပြောပြီး မီတာကို ရအောင်ဖွင့်ခိုင်းပါ။

ခရီးသွားရင် လိုလိုမယ်မယ် အိမ်မှာရှိတဲ့ အမေရိကန်ဒေါ်လာအနည်းအကျဉ်းလည်းယူသွားပါ။ အသုံးဝင်ပါတယ်။ ဒေသသုံးပိုက်ဆံ အလုံအလောက် ပါတာ အကောင်းဆုံးပါပဲ။

အင်တာနက်သုံးလိုရင် dtac က happy internet sim card ကိုဝယ်သုံးရင် ၆၉ ဘတ်နဲ့ ဆို တစ်ရက် unlimited ရပါတယ်။ နောက်ရက်တွေမှာသုံးချင်ရင် top-up လုပ်လို့ရပါတယ်။
7-11 ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ လေဆိပ်မှာ ၀ယ်ရင်လည်း အလွယ်တကူဝယ်လို့ရပါတယ်။

5 comments:

naychi said...

ကျေးဇူးးးးးးးးးးး ကိုပီတိ
အဲ့ဒီ တာဝါ သွားဦးမယ်း)

Thandar Lwin said...

ွှအိမ်မှာ အမေရိကန်ဒေါ်လာ မရှိပါ (ကြုံတုန်းကြွားသွား)

mstint said...

ဒီပို့စ်ဖတ်ရတာ ဖတ်ရကျိုးနပ်တယ် ပီတိရေ စိတ်ရှည်ရှည်နဲ့ ပုံတွေနဲ့အတူ ရှင်းပြသွားတာ ဂိုက်တစ်ယောက်လိုပါပဲး) skywalk ကနေ ဘန်ကောက်မြို့ရဲ့ညရှုခင်းကိုကြည့်ခွင့် တစ်နေ့တော့ရချင်တယ်။ ကျေးဇူးပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

NSA said...

ီးခရီးသွားမှတ်တမ်း ပုံနဲ့ စရိတ်အစုံအလင်ပါတာ.. ကောင်းပါတယ်..။
တစ်နေ့နေ့ သွားဖြစ်ရင် လမ်းညွှန်ပေါ့လေ.. အလဲ့

khin oo may said...

အတော်ကုန်မယ်။ စိတ်ဖြင့်လိုက်ပေါင်းတာ မနိုင်ချေ.

Ratings