Tuesday, December 11, 2012

သို့ အမေ

သားတို့ တိုင်းပြည်ကြီးမှာ တပ်မတော်ကြီးကို အင်အားရှိအောင် ကူညီလိုက်တာ မြစ်တွေ ချောင်းတွေ တိမ်ကော၊ တောတွေက ကွင်းပြင်တွေဖြစ်၊ တောင်တွေက ချောက်ဖြစ်၊ လယ်တွေကို တော်ကောက်ပစ်လိုက်ပြီး၊ သောက်ရေကန်တွေက pH လျော့ချ ခံရလို့ မျိုးဆက်သစ်တွေ တိုးတက်ရစ်ဖို့ဆိုတာ အပြင်မှာ လုပ်ဖို့ မလိုအပ်တဲ့ စာအုပ်ထဲက စာကြောင်းတွေ ဖြစ်လို့နေပြီ။

ပြည်သူ့ရဲတွေက အဆင့်မြင့်အောင်လုပ်တာမှာ မီးခိုးကနေ မီးဖြစ်အောင် တီထွင်ထားတာ ဘုရားသားတော်တွေကိုတောင် စမ်းသပ်ကြည့်လိုက်သေးတယ်တဲ့။ မှားလို့မှားမှန်းမသိ ဘုန်းကြီးခေါင်းခေါက်ပြီးတော့မှ တောင်းပန်တဲ့ စကားကြားလိုက်ရတာ ခေါ်ဆဲတာကမှ နားခံသာဦးမယ်။

နောက်ပြီး ပြည်ကြီးသားတွေ လိုချင်သမျှကို ယူတာ အောက်ဈေးနဲ့ရောင်း၊ ပြီးတော့ အဟောင်းဆိုင်က ကုလားယူတာ အမှိုက်ရှုပ်တာသက်သာလို့ ကျေးဇူးတင်သလိုမျိုးနဲ့ ကျေးဇူးရှင်လို သဘောထား၊ ကျေးဇူးတောင် ဆပ်သင့်တဲ့ပုံ။ သူတို့ ဆပ်ချင်တယ်ဆိုလည်း မတားပါဘူး သားစဉ်မျိုးဆက်ကို ခေါ်သာသွားပြီး အလုပ်အကျွေးပြုပြီး ကိုယ့်ဘာသာ ဆပ်ပါတော့။

မြန်မာ့ဘောလုံးကို အဆင့်မြှင့်လိုက်တာ အားပေးတဲ့ ပရိတ်တွေလည်း သူဌေးဖြစ်မလား ကံစမ်းရင် အရက်သမားလုံးလုံး အဖြစ်ကိုရောက်တော့တာပဲ။ အဆင့်မြင့် အရက်တွေကိုသောက်ရင်းနဲ့ နောက်ဆုံးပေါ်ရောဂါတွေကို ဈေးပေါပေါနဲ့ဝယ်၊ ပြီးမှ ဈေးကြီးကြီးပေးပြီ ပျောက်အောင်လုပ်နေကြတုန်း ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးဘယ်လိုသွင်းရမယ်ဆိုတာကိုပဲ လေ့လာနိုင်ခဲ့တယ်တဲ့။ တချိန်က တရေးနိုး ထကန်ရင်တောင်နိုင်တဲ့ ဖ နိုင်ငံက ဂိုးဘယ်လိုသွင်းတယ်ဆိုတာ သင်တန်းတောင် ပေးလိုက်တယ်။

အဲဒီ လူတွေပဲပေါ့ ကိုယ့်နိုင်ငံမှာ ဘောလုံးများများကန်နိုင်အောင် တောတွေရှင်းတာ မျောက်တွေတောင် အသက်ရှင်ရပ်တည်ရေးအတွက် ဘောလုံးအကန်ကျင့်နေရတယ်ဆိုပဲ။

နောက်တစ်ခုက ကျောင်းတွေမှာ လက်တွေ့ သင်ကြားတာ နည်းခဲ့တော့ ဈေးထဲမှာပဲ လက်တွေကျင့်ကြတယ်တဲ့လေ။ အသီးတွေ မည်သို့မည်ပုံလုပ်လိုက်သည်မသိ ဆေးလေးဖြန်းတာ ချက်ချင်းမှည့်သွားတာပဲတဲ့။ ပုဇွန်တွေ စိမ်းနေအောင် ဆပ်ပြာရေစိမ်၊ ငပိတွေ ပန်းရောင်ထအောင် ချည်ဆိုးဆေးသုံး၊ အထားခံရအောင် ဖော်မလင်ရော၊ အရောင်ဖြူအောင် ဓာတုချွတ်ဆေးနဲ့ချွတ်၊ အသီးချိုအောင်ဆေးသကြားသုတ်၊ ငပိရည် တောင် အရိုးနူးမြန်အောင် ဓာတ်မြေသြဇာကိုရောသတဲ့။ မြန်မာတွေက တော်တော့ ကျောင်းတွေမှာ သင်မပေးလည်း ပညာတတ်ကြပါတယ်… အမေ။

သားလည်း ဒီမှ နေရတာကြာတော့ ကိုယ့်နိုင်ငံအတွက်လည်း လုပ်ပေးချင်လာတယ်။ အခုတလော Facebook ပေါ်မှာနေပြီး ခေတ်မှီ ဆန်းသစ်တဲ့ အတွေးအမြင်တွေကို ဖြန့်ဝေပေးတယ်၊ ဆွေးနွေးတယ်၊ တချို့လူတွေကိုလည်း ပညာပေးရတယ်လေ။ တိုင်းပြည်တိုးတက်ရေးအတွက် စဉ်းစားမိတာကတော့ နေ့ညမအားပဲ… အမေ။ တခါတလေ ကိုယ်ရောစိတ်ပါ ပင်ပန်းမိတယ်။ ဒါပေမယ့်လည်း တိုင်းပြည်အတွက်ဆိုတော့ လုပ်နိုင်ပါတယ်။

ပြန်လာဖို့ ကိုမေးတာကို ဘယ်လိုဖြေရမလဲ အမေ။ အမေလည်းသိသားပဲ၊ ဒီလို ဘောင်းဘီကနေသာ ပုဆိုးကိုပြောင်း၊ လူမပြောင်းတဲ့ အစိုးရ၊ ပျော့ညံ့တဲ့ အတိုက်အခံ၊ အသုံးမကျတဲ့ ပညာရေး၊ ညံ့ဖျင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာ၊ အို အစစအရာရာ သားအတွက် အဆင်မပြေပါဘူး။ ကုန်ကုန်ပြောမယ် အမေတို့လေးစားတဲ့ ပြည်သူ့ခေါင်းဆောင်တွေ လုပ်တာကိုင်တာတာင် သိပ်အလုပ်မဟုတ်တော့ဘူး။ အဲတော့ ပြန်လာဖို့တော့ မလွယ်သေးပါဘူး အမေရာ။

P.S: ရုံးမှာလည်း အလုပ်များ၊ အိမ်အသစ်ဝယ်ထားတာကိုလည်း နေဖို့ကောင်းအောင် ပြင်နေရသေးတယ်၊ ပြီးတော့ Gym ကိုလည်းနေ့စဉ်သွား နေလို့ အမေ့စာကို ပြန်တာနောက်ကျသွားတယ်။ ဆောရီးနော်။ ဒါနဲ့ ငပိလည်း လျော့စားပေါ။့ ဖြစ်နိုင်ရင် မစားဖြစ်အောင်နေကြည့်ပါလား၊ အဲဒါ အောက်တန်းစားတွေမှ စားတာတဲ့။

5 comments:

သက်ဝေ said...

Bravo... :D

ဆောင်းချမ်းမိုး said...

ပြီးကရောဗျာ :D

အမေ့သား said...

ကောင်းလိုက်တာ သားရယ်
့ငပိ လေးက

NSA said...

ငပိထိ ဓားသာကြည့်ထား... ဟင်းဟင်း

Ko Boyz said...

အောက်တန်းပဲစား စား အေ
ငါးပိတော့ လာမထိနဲ့

Ratings