Thursday, May 2, 2013

MTP ဆွေးနွေးဖလှယ်ပွဲ

မေလ ၁ ရက်နေ့ ၂၀၁၃ မှာလုပ်ခဲ့တဲ့ MTP ဆွေးနွေးဖလှယ်ပွဲကို အကျဉ်းပြောရရင် ၅၀% လောက်သာ ကျေနပ်မှုရပါတယ်။



ဝန်ကြီးဦးအောင်မင်း ပြောသွားတဲ့အထဲမှာ အကောင်းမြင်မယ်ဆို အရင်စနစ်အမှားကြောင့်လက်ရှိလုပ်နေတဲ့သူတွေထဲမှာ လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေ နည်းပါးနေပြီးအရည်အချင်းရှိသူတွေ အများကြီးလိုအပ်နေကြောင်း ဝန်ခံသွားပါတယ်။ အဲဒီအတွက်ကြောင့်ပြည်ပမှာရှိနေတဲ့ သူတို့ရဲ့အားကို လုပ်ချင်လို့လာတာဖြစ်တဲ့အကြောင်း၊ပြန်လာမယ်ဆိုရင်လည်း အပြီးပြန်လာနိုင်သူ၊ အလုပ်ပဲလာလုပ်မယ့်သူ၊ခဏပဲပြန်လာနိုင်တဲ့သူတွေ အဆင်ပြေအောင် စီစဉ်ထားပေးမယ်လို့ပြောပါတယ်။ အဲဒီအတွက်အမြဲတန်းနေထိုင်ခွင့်ဥပဒေကို ရေးဆွဲနေပြီး ဒီနှစ်လည်လောက်မှာ အတည်ပြုပေးမယ်လို့ပြောပါတယ်။သူတို့ရဲ့ တနေရာတည်းမှာအကုန်လုပ်ပေးနိုင်မယ့် ဌာနတွေကိုလည်းဖွင့်ထားကြောင်းပြောဆိုပါတယ်။

အဲဒီနောက် ပထမပိုင်းအစီအစဉ်အနေနဲ့ တစ်ယောက်ချင်းစီက တင်ပြဆွေးနွေးကြတယ်။အဲဒီ ဆွေးနွေးတာတွေအများစုကို စိတ်ကျေနပ်မှုမရလိုက်ပါဘူး။ သူတို့ရဲ့ကြိုးစားလုပ်ဆောင်မှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ပြောသွားတဲ့အကြောင်းအရာတွေကိုခြုံကြည့်မယ်ဆို တစ်ခုပဲသွားတွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နေရာတိုင်းနေရာတိုင်းမှာ စနစ်မရှိတဲ့အတွက်စနစ်ကိုတည်ဆောက်ပြီး အဲဒီတည်ဆောက်ထားတဲစနစ်ကိုထိန်းသိမ်းတဲ့ စည်းမျဉ်းစည်းကမ်း နဲ့အာဏာပိုင်အဖွဲ့အစည်းတွေ ရှိသင့်တယ်ဆိုတာပါပဲ။ ပြောတဲ့အထဲမှာ အစားအသောက် အန္တရာယ်ကင်းရှင်းရေး၊ ဘူမိဗေဒနဲ့မြေတိုင်းလုပ်ငန်းအကြောင်း၊ အဆောက်အဦး အန္တရာယ်ကင်းရှင်းရေး၊ ရှေးဦးသူနာပြုအတတ်ပညာအရေးကြီးမှု၊ အဂတိလိုက်လားမှုကင်းရှင်းရေး စတဲ့အကြောင်းတွေကို ပြောပါတယ်။ပြီးတော့ သူတို့ ဘယ်လိုကူညီနိုင်ပါတယ်၊ ဘယ်လိုကူညီနေပါတယ်ဆိုတာပြောတယ်။

တကယ်ဆို အဲလိုပြောသွားတဲ့အကြောင်းအရာတွေကို တစ်ယောက်၊ နှစ်ယောက်ကတစ်နာရီလောက်ဲ ပြောရင် လုံလောက်ပါတယ်။ အခုတော့ အချိန်အကြာကြီးကုန်ပြီး အကြောင်းအရာမစုံလင်ဘူးလို့ထင်မိတယ်။ MTP ရဲ့ စားပွဲဝိုင်းဆွေးနွေးပွဲအတွက် ပရိတ်သတ်ထဲကနေ ဆွေးနွေးမယ်သူတွေကိုအကြံပေးထားတာကတော့ ဘာသာရပ်တစ်ခု အကြောင်းအရာတစ်ခုကို အသေးစိတ် မဆွေးနွေးဖို့မှာထားပေမယ့် စားပွဲဝိုင်းဆွေးနွေးပွဲရဲ့ ရှေ့ပိုင်းမှာ တင်ပြဆွေးနွေးသွားတာတွေကတော့ဘာသာရပ်တစ်ခုအကြောင်းကိုသာ ဆွေးနွေးသွားပြီး ပေးချင်တဲ့ အကြောင်းအရာကတော့တစ်ခုတည်းပါပဲ။

ကျွန်တော် မျှော်လင့်တာပဲ ပိုသွားလို့လားတော့ မသိဘူး။

ဒုတိယပိုင်းမှာ စားပွဲဝိုင်းဆွေးနွေးပွဲစတော့ ဒေါက်တာတင်လှိုင်ကဦးနှောက်ယိုစီးမှု (brain drain) ကနေ ဦးနှောက်ကိုအမြတ်ရတယ်(brain gain) လို့မပြောချင်ပဲ ဦးနှောက်တွေပြန်ရတယ်(brain reclaim) လို့ပဲယူဆချင်ကြောင်းစပြီးပြောပါတယ်။ ဒေါက်တာတင်လှိုင် အဓိကပေးတဲ့စကားက အစိုးရရဲ့ဝန်ထမ်းရွေးချယ်ခန့်ထားတဲ့စနစ်က အစပြောင်းလဲသင့်ပြီး ပြည်ပက ပြန်လာပြီးလုပ်မယ်သူတွေသင့်တော်တဲ့နေရာမှာ လုပ်နိုင်မယ့်အလုပ်ကို နေရာပေးခန့်ထားတဲ့ စနစ်မျိုးတောင်ရှိဖို့လိုပါတယ်။ သူတို့ သုံးသွားတာကတော့ meritocracy စနစ်မျိုးဖြစ်သင့်ပါတယ်တဲ့။ ပြည်တွင်းမှာရှိနေတဲ့တချို့ကလည်း ကိုယ့်နေရာလေးများပျောက်သွားမလား စိုးရိမ်နေတာလေးတွေရှိတဲ့အကြောင်းကို ပြောပါတယ်။

သမ္မတအကြံပေးအဖွဲ့က ဦးလှမောင်ရွှေက နိုင်ငံတော်အနေနဲ့နိုင်ငံတော်တည်ဆောက်ရေး၊ အမျိုးသားစည်းလုံးရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးစတာတွေကို တချိန်တည်းမှာလုပ်နေတာဖြစ်လို့ အခက်အခဲပေါင်းများစွာကိုထင်တာထက်ပိုပြီး၊ မထင်မှတ်တဲ့ အခက်အခဲတွေလည်း ကြုံတွေ့ရတယ်လို့ ပြောသွားပါတယ်။ အဲဒီအခက်အခဲတွေကြောင့်လုပ်တာကိုင်တာတွေ ကြံကြာနှောင့်နှေးတာတွေလည်း ရှိတယ်လို့ပြောပါတယ်။ လက်ရှိအစိုးရဟာအဆဲအဆို အများဆုံးခံရမှာဖြစ်ပြီး နောက်ပိုင်းအစိုးရတွေက အခုအစိုးရလောက်အခက်အခဲမဖြစ်မှာမဟုတ်ဘူးလို့ပြောပါသေးတယ်။ မှန်သင့်သလောကနည်းနည်းပဲမှန်ပါတယ်လို့ယူဆပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးပြောသွားတာကတော့ဘယ်နိုင်ငံခေါင်းဆောင်ကမှတော့ ကိုယ့်နိုင်ငံကို အမွဲဆုံးစာရင်းဝင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ ယုံကြည်ကြောင်း၊ ဒါပေမယ့် ပညာရှင်တွေကိုပညာရှင်နေရာမသုံးခဲ့ဘဲ လုံခြုံရေးကိုအဓိကထားပြီး စဉ်းစားတဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ခဲ့ရကြောင်း၊ စစ်တပ်ကို အုပ်ချုပ်တာနဲ့ ပြည်သူလူထုကို အုပ်ချုပ်တာ ဘယ်လိုမှမတူနိုင်ကြောင်း အဂတိလိုက်စားတာကိုဖြေရှင်းရာမှာလည်းပွင့်လင်းမြင်သာပိုရှိသင့်ပြီး အရေးယူရင်ယူတဲ့အကြောင်း သတင်းစာတွေမှာထည့်ခွင့်ပေးသင့်ကြောင်း၊ ပညာတတ်တွေ လူမှန်နေရာမှန်ရဖို့အရေးကြီးတယ်ဆိုတာတွေကိုဆွေးနွေးပါတယ်။

စားပွဲဝိုင်းဆွေးနွေးပွဲကို ညှိနှိုင်းဆောင်ရွက်ပေးသူလုပ်သွားတဲ့သူကပြင်ဆင်ထားလို့ အဆိုးကြီးမဟုတ်ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ဘာမှ သေချာဝင်ပြီးဆွေးနွေးတာ၊ အောက်မှ မေးခွန်းတွေကို စီစစ်တည်းဖြတ်ပေးတာလေးတွေလုပ်သင့်ပါတယ်။

နောက်ဆုံး ပရိတ်သတ်ထဲမှာ ဆွေးနွေးသွားသူတွေကို မေးခွန်းမေးကြပါတယ်။မေးခွန်းအများစုက လက်ရှိ အစိုးရရဲ့ ဆောင်ရွက်နေမှုတွေကို ဝေဖန်ပြီးဘာတွေဆောင်ရွက်နေလဲဆိုတဲ့ မေးခွန်းတွေပါ။ ကျွန်တော့်အမြင်မှာ မေးတဲ့မေးခွန်းအများစုဟာ မေးတဲ့နေရာမှားတယ် ထင်ပါတယ်။ အခုဆွေးနွေးပွဲက ပြည်ပကမြန်မာတွေမြန်မာပြည်ကို ဘယ်လို ပြန်ပြီး လုပ်မလဲ၊ လုပ်ပေးနိုင်မလဲ၊ လုပ်ပေးဖို့ရာအတွက်ဘာတွေလိုနေသလဲဆိုတာ ဆွေးနွေးဖို့အဓိဖြစ်ပါတယ်။

ကျွန်တော် ပြောချင်ပေမယ့် နောက်ကျသွားလို့ ပြောခွင့်မရတော့ပါဘူး။

အခုလောလောဆယ် ဆွေးနွေးတင်ပြသွားသူတွေ ပြောသလောက်ဆို ကိုယ်တတ်နိုင်သလောက်ဟိုဖက်က အသင်းတွေနဲ့ ချိတ်ဆက်ပြီး ဆွေးနွေးပွဲတွေလုပ်တယ်၊သင်တန်းတွေပို့ချတယ်လို့သိရပါတယ်။ တစ်ယောက်ချင်း တစ်ဖွဲ့ချင်းလုပ်နေရတာဖြစ်မြောက်မှုနည်းနေပါတယ်။

ဘာနဲ့တူနေသလဲဆိုတော့ သစ်ပင်တွေစိုက်ထားတာကို ရှင်သန်ကြီးထွားဖို့ ရေလောင်းတဲ့အခါ၊သုံးလေးရက် ရေသွားလောင်းလိုက်၊ လေးငါးလပစ်ထားလိုက်၊ ပြီးတော့မှ နောက်တစ်ခေါက်သုံးလေးရက်ရေလောင်းလိုက်၊ ပစ်ထားလိုက် လိုဖြစ်နေပါတယ်။ အဲတော့သစ်ပင်ကသေချင်လည်းသေသွားမယ်၊ မသေတောင် ပိန်လှီလှီဖြစ်နေမယ်။ အဲဒီအစား သုံးလေးရက်ရေလောင်းမယ့်သူတွေကိုစုလိုက်ပြီးအလှည့်ကျစနစ်နဲ့ ရေလောင်းသွားမယ်ဆို ပိုမကောင်းဘူးလား။ အဲဒီထက် ရေကန်လေးတစ်ခုရှိမယ်ဆိုပိုမကောင်းဘူးလား၊ ရေဖြည့်နိုင်သူတွေသွားဖြည့် အဲဒီရေကန်ထဲကရေကို လိုအပ်တဲ့အပင်တွေကိုလောင်းပေမယ့်သူတွေရှိရင် ပိုမကောင်းဘူးလား။

ပြောချင်တာက ဒီကလူတွေ ဟိုမှာသွားပြီး သင်တန်းပေးမယ်ဆို ထိရောက်မှုရှိအောင် နိုင်ငံတော်အစိုးရကနိုင်ငံအဆင့်အရည်အချင်းသတ်မှတ်ပေးတဲ့စနစ်ကို တည်ဆောက်ရပါမယ်(အဲဒါရေကန်နဲ့တူပါတယ်)။ ဥပမာ - ရှေးဦးသူနာပြုစုနည်း အခြေခံအဆင့်မှာ ဘာတွေတတ်သင့်တယ်၊ အဆင့်ဖြင်မှာဆို ဘာတွေတတ်သင့်တယ် ဆိုတာတွေကို ပြဌာန်းထားရပါတယ်။ အဲဒါကိုသင်ပေးနိုင်တဲ့ သင်တန်းတွေကို သူနာပြုအသင်းလိုအသင်းတွေနဲ့ပူပေါင်းပြီးဖွင့်၊အဲဒါကို ပြည်ပမှာရှိတဲ့ သူနာပြုတွေကပြန်နိုင်တဲ့အချိန်မှာ ပြန်ပြီးသင်တန်းပို့ချလို့ရပါတယ် (အဲဒါရေသွားသွားဖြည့်တာမျိုးပါ)။သင်တန်းတက်တဲ့သူတွေမှာလည်း သင်တန်းတွေလည်းပြီး အရည်အချင်းမှီလက်မှတ်ရတယ်ဆိုအလုပ်လုပ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီလက်မှတ်ဟာအစိုးရအသိအမှတ်ပြုလက်မှတ်ဖြစ်လို့ ဘယ်သင်တန်းကျောင်းမှာတက်တက်ဒီလက်မှတ်ပဲရမှာဖြစ်ပါတယ်။ ရှေးဦးသူနာပြုစုနည်းဆိုတာ ဥပမာပေးတာပါ။ အဲဒီလိုပဲအစားအသောက် ဘေးအန္တရယ်ကင်းရှင်းအောင် ပြင်ဆင်မှုလက်မှတ် ဆိုစားသောက်ဆိုင်ဝန်ထမ်းတွေအတွက် အသုံးဝင်မှာဖြစ်သလို၊အဆောက်အဦးဘေးအန္တရယ်ကင်းရှင်းဆောင်ရွက်နိုင်တဲ့လက်မှတ်ဆို၊ ကျောင်းဆင်းစမြို့ပြအင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ။

အချုပ်အားဖြင့်ပြောရမယ်ဆို ဒီဆွေးနွေးပွဲဟာ ရည်ရွယ်ချက်အင်မတန်ကောင်းပေမယ့်အကောင်အထည်ဖော်ရာမှာ လိုအပ်ချက်ကလေးတွေ အများကြီးရှိနေသေးပါတယ်။ ဒီလိုပွဲတွေစီစဉ်သူတွေနဲ့ အနီးကပ်ရှိဖူးလို့ အခက်အခဲပေါင်းများစွာ ရှိတာကိုလည်းနားလည်ပါတယ်။နောက်ထပ်မှာ ဒီထက်ပိုပြီး ကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါစေလို့ အကြုံပြုပါရစေ။

နောက်ဆက်တွဲပြောချင်တာက ဆွေးနွေးပွဲမှာ အင်္ဂလိပ်လို ညှပ်ပြောသွားတာတွေအင်မတန်များပါတယ်။ စင်္ကာပညာရှင်များရော မြန်မာပြည်က ပညာရှင်တွေရောပါပဲ။မြန်မာဝေါဟာရ နည်းနေလို့လား၊ မြန်မာလိုပဲ မတတ်တော့လို့လား ဆိုတာကတော့စဉ်းစားစရာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားပြီး မြန်မာလိုကိုပိုပြီး လေ့ကျင့်ပြောဆိုစေလိုပါတယ်။



အပြုသဘောနဲ့ဆွေးနွေးတယ်လို့ ယူဆစေလိုပါတယ်။

Read More...

Ratings